Part 166
ကျန်းယဲ့၏မျက်လုံးများလင်းလက်သွားပြီး သူသည်အရှေ့သို့တိုးလာတော့မယောင်ဖြစ်နေခဲ့သည်။
သူစကားပြောချိန်၌တုံ့ပြန်မလာသော ဝမ်ယွီမှာမူ ထရပ်ပြီးဖြစ်ကာ ချီကျန်းကျန်း၏မျက်နှာအနီးသို့မှီချလာခဲ့သည်။ ဝမ်ယွီ၏အသံမှာ အက်ရှကာ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေခဲ့ပြီး " ကျန်းကျန်း နိုးပြီလား…ဘယ်နားကမသက်မသာဖြစ်နေသေးလဲ.. ကိုယ်ဆရာဝန်ခေါ်ပြီးလာကြည့်ခိုင်းလိုက်မယ်လေ…"
ချီကျန်းကျန်း သူမ၏ခေါင်းအားငြင်သာစွာခါယမ်းကာ အရှေ့ဆိုအနည်းငယ်တိုးလာခဲ့သည်။ သိသိသာသာပင် သူမ၏ပုံမှာလှုပ်ရှားရာ၌အလွန်ခက်ခဲနေသေးသည့်ပုံပေါ်နေ၏။
သူမ ဝမ်ယွီ့ကိုသာဆက်၍ကြည့်နေခဲ့သည်။
သူမမည်မျှကြာအောင်မေ့လဲသွားသည်ကို သိနေခဲ့ပြီး စစ်ဆေးနေစဉ်အတွင်း ဆရာဝန်များပြောခဲ့သည်များကိုလည်း ယောင်ဝါးဝါးကြားခဲ့ရသည်။ သို့သော် ဝမ်ယွီသည် ထိုနေ့ရက်များအတွင်း ဤမျှပင်အလေးချိန်ကျဆင်းသွားမည်ကိုမူ မထင်ထားခဲ့ချေ။ သူ၏မျက်နှာမှာလည်း အလွန်ပင် ချောင်ကျသွားခဲ့ရသည်။
သူ၏နှုတ်ခမ်းမွှေးများအား မရိတ်မသင်ထားဘဲ ပုံမှန်အားဖြင့် သူ၏သပ်ရပ်သန့်ရှင်းနေတတ်သောအဝတ်အစားများမှာလည်း ကြေမွနေခဲ့လေသည်။
စူးရှနေသောအကြည့်အောက်တွင် သူ့မျက်နှာဖျော့တော့နေသည်အားမြင်နေရသည်မှာ သူမကို နာကျင်စေခဲ့သည်။
" အရူး…" ချီကျန်းကျန်း နူးညံ့စွာပြောလာခဲ့သည် " ဘာလို့ရှင့်ကိုယ်ရှင်ဂရုမစိုက်တာလဲ ဘာလို့ရှင့်ကိုရှင်အပူလောင်အောင်လုပ်ရတာလဲ…"
ဝမ်ယွီသည်သူမ၏လက်အားကိုင်ကာ သူ့နှုတ်ခမ်းများအနီးသို့ထား၍ ငြင်သာစွာနမ်းရှိုက်လိုက်ပြီးနောက် နူးညံ့စွာပြောလာခဲ့လေသည် " ကိုယ်အများကြီးမတွေးနိုင်ခဲ့ဘူး ဒဏ်ရာရသွားတော့လည်း ရတယ်ပေါ့ အဲ့လောက်ကြီးအရေးပါတာမဟုတ်ပါဘူး…မင်းသာနိုးလာမယ်ဆိုရင် အဲ့လောက်ဒဏ်ရာလေးကဘာမှမဟုတ်ဘူး.. တကယ်လို့မင်းသာမနိုးလာခဲ့ရင်…" ဤသည်မှာ ဒဏ်ရာရခဲ့သည်ဖြစ်စေ မရခဲ့ဘူးဖြစ်စေ မထူးခြားတော့မည် မဟုတ်ပါ၏လော…
ထိုအချိန်၌ ချီကျန်းကျန်း၏ခန္ဓာကိုယ်သည် အနွေးဓာတ်လိုအပ်နေခဲ့၏။ လူ၏ခန္ဓာကိုယ်သည် အတည်ငြိမ်ဆုံးသော အပူချိန်ဖြစ်သဖြင့် သူသည်သူ့ကိုယ်သူပူနွေးလာအောင်လုပ်ကာ သူမအားပွေ့ဖက်ထားခဲ့ရသည်။ သူမအပူလောင်မသွားစေရန်အတွက် သူသည်သူမ၏ခန္ဓာကိုယ်အားလုံခြုံအောင်ဖုံးအုပ်ထားပေးခဲ့သည်။
ထိုအရာမှာအကောင်းဆုံးနည်းသာဖြစ်သည်။
သူ့အတွက်ကတော့ အနည်းငယ်လောင်ကျွမ်းသွားရုံဖြင့် ဘာဖြစ်သွားနိုင်မည်နည်း…
ထိုနာကျင်မှုကပင် သူ့အားအစစ်အမှန်ဖြစ်နေသည်အား သက်သေပြပေးနေသည်။
ချီကျန်းကျန်းစကားမပြောခဲ့သော်လည်း မျက်တောင်ခတ်လိုက်ကာ သူမမျက်ရည်များကျဆင်းလာခဲ့လေသည်။
ဝမ်ယွီမှီချလိုက်ပြီး သူ၏ခေါင်းအားငုံ့ကာ သူမအားနမ်းလိုက်လေသည်။ သူ၏အသံမှာအက်ရှနေပြီး စိတ်ညစ်နေသည့်ပုံနေခဲ့သည် " ကျန်းကျန်းမငိုပါနဲ့ မင်းနိုးလာနိုင်ပြီပဲလေ ကိုယ်ပျော်ပါတယ် ကိုယ်အရမ်းပျော်တယ်…"
ဤသည်မှာသေရာမှပြန်ရှင်လာသကဲ့သို့သော ပျော်ရွှင်မှုမျိုးဖြစ်လေသည်။
ထိုကဲ့သို့ စိတ်ဓာတ်ကျခြင်းမှ မျှော်လင့်ချက်ပန်းတိုင်သို့ရောက်ရှိသွားခြင်းမျိုးအားစကားလုံးဖြင့်ဖော်ပြနိုင်ရန်ခက်ခဲလှ၏။
" ရှင့် ရှင့်ကိုပြန်ပြီး… တွေ့ တွေ့ တွေ့နိုင်တာက… ကျွန်မလည်း… ကျွန်မလည်းအရမ်းပျော်တယ်…" ချီကျန်းကျန်း၏မျက်လုံးမှာအလွန်လင်းလက်တောက်ပနေခဲ့သည်။ သူမသည်ဝမ်ယွီအား နီးကပ်စွာကြည့်နေကာ သူမ၏အသံမှာနူးညံ့ငြင်သာနေခဲ့သည် " ကျွန်မပြောထားတာကိုမဖျက်ဘူးနော်… အခုကစပြီးရှင်နဲ့အမြဲအတူရှိသွားမှာ…"
သူမသည် သေဆုံးခြင်းမှရုန်းထွက်လာကာ သူနှင့်ချိန်းဆိုထားသည်အတွက် ပြန်လာခဲ့သည်။
မည်သည့်ချိန်းဆိုခြင်းမှ လွတ်သွားမည်မဟုတ်တေ့ာပေ။
" အိုကေ အိုကေ ကိုယ်မင်းအတွက်ချရေးပေးပါမယ် မင်းကတိမဖျက်ဘူးဆိုတာကို…"
ဝမ်ယွီသည်လည်းမျက်ရည်များကျဆင်းနေခဲ့ကာ " မင်းသိရဲ့လား မင်းလဲကျသွားတုန်းက ကိုယ်မင်းကိုအစောကြီးထဲကလက်ထပ်ခွင့်မတောင်းခဲ့တာကိုနောင်တရခဲ့မိတယ်…ကိုယ်တို့ရဲ့ခင်ပွန်းနဲ့ဇနီးအဖြစ်ဆက်ဆံရေးကိုအရင်ထဲကတည်ဆောက်ခဲ့သင့်တာ…"
ထိုနည်းဖြင့်သာ သူတို့၏အုတ်ဂူများပေါ်တွင် ဇနီးချီကျန်းကျန်းနှင့် ခင်ပွန်းဝမ်ယွီဟူ၍ရေးထိုးထားနိုင်မည်ဖြစ်ပေ၏။
သူလက်လှမ်းကာ လက်စွပ်အားထိရန်ကြိုးစားခဲ့သော်လည်း ဗလာဖြစ်နေခဲ့သည်။
ထိုညတွင်တစ်စုံတစ်ခုဖြစ်ခဲ့သောကြောင့် သူသည်မည်သည့်နေရာတွင်လက်စွပ်ကျပျောက်ခဲ့သည် သို့မဟုတ် မည်သည့်လက်စွပ်ဖြစ်သည်ကိုပင်မသိတော့ပေ။
ချီကျန်းကျန်း၏နှုတ်ခမ်းထောင့်များကွေးတက်သွားပြီး သူမ၏အသံသည်လေးလံနေခဲ့၏ " ကျွန်မသဘောတူပါတယ် ယွီယွီ ကျွန်မရှင့်ကိုလက်ထပ်ဖို့ဆန္ဒရှိပြီးတော့ ရှင့်ရဲ့ဇနီးဖြစ်ချင်ပါတယ်…"
ဝမ်ယွီတစ်ချိန်ထဲမှာပင် ငိုကြွေးကာရယ်မောလိုက်ပြီး သူ၏ခေါင်းအားငုံ့ကာ သူမ၏ပါးပြင်ပေါ်သို့ပွတ်သပ်လိုက်သော်လည်း သူအားတော့မထည့်ရဲခဲ့ချေ။
ကျန်းယဲ့ အခန်းအပြင်သို့ထွက်ကာ တံခါးပိတ်ပေးလိုက်တော့သည်။
အတွင်းတွင် အခန်းမှာအသေအချာကြီးမားနေခဲ့သော်လည်း သူရပ်၍နေလို့ရသည့် နေရာတော့ရှိမနေခဲ့ချေ။
သိသိသာသာပင် ကျန်းယဲ့သည် အလွန်အလုပ်များခဲ့ရသည်။ သူ ချီကျန်းကျန်းအတွက်လုပ်ငန်းဆောင်တာများအားလုံးကိုလုပ်ဆောင်ပေးခဲ့သည်။ ဆရာဝန်များနှင့်တွေ့ဆုံရသည့်အပြင် ယွီတင်း၏အလုပ်များကိုလည်းစီမံခဲ့ရသည်။ သို့သော်သူလုံးဝမထင်ထားခဲ့မိသည်မှာ သူတို့သည်သူ့အားလုံးလုံးကိုမမြင်ခဲ့ကြခြင်းပင်ဖြစ်သည်။
သူ စိတ်ဆိုးနေသင့်သော်လည်း တံခါးအားပိတ်လိုက်ချိန်တွင် သူပြုံးနေခဲ့ကာ သူ၏မျက်လုံးများမှာ ရွှင်မြူးခြင်းများပြည့်နေခဲ့သည်။
သူတို့အဲ့လိုဖြစ်သွားတာကလဲ ကောင်းပါတယ်လေ…
ကြည့်ရသည်မှာ တစ်စုံတစ်ယောက်အားချစ်မိသွားခြင်းသည်လည်း စိတ်ဝင်စားစရာကောင်းမည့်ပုံပင်။ ချီကျန်းကျန်းသက်သာသွားပြီး ဝမ်ယွီအလုပ်ထဲပြန်ဝင်လာမည့်အချိန်၌ သူအားလပ်ရက်ယူကာ အချစ်ကိုရှာမည်ဆိုလျှင်ကော မည်သို့ဖြစ်မည်နည်း…
ဒါပဲလေ…
နေ့တစ်နေ့မှာ ကုန်ဆုံးသွားခဲ့လေပြီ။ ချီကျန်းကျန်း၏အခန်းတွင် ကောင်းမွန်လှသောမြင်ကွင်းရှိသောကြောင့် လိုက်ကာများချထားသောပြတင်းပေါက်မှနေ၍ သူမသည်နေလုံးကြီးတဖြည်းဖြည်းချင်းမြင့်တက်လာသည်အား မြင်နေရလေသည်။
နေ့သစ်တစ်နေ့ရောက်ရှိလာခဲ့သည်။
အေးစက်နေသည့်ဆောင်းရာသီမှာကုန်ဆုံးလုဖြစ်ကာ နွေဦးရာသီအားကြိုဆိုနေခဲ့လေသည်။
ချီကျန်းကျန်းလည်း အားအင်အချို့ရလာခဲ့ပြီး စတင်လှုပ်ရှားလာခဲ့သည်။
" ဘာဖြစ်တာလဲ မလှုပ်နဲ့ဦးလေ မင်းသက်တော့သက်သာမဖြစ်ဘဲနေမှာပေါ့…" ဝမ်ယွီချက်ချင်းဆိုသလိုစိတ်ပူသွားခဲ့ရသည်။
ချီကျန်းကျန်းခေါင်းယမ်းလိုက်ကာ ခဏကြာစဉ်းစားပြီးနောက် ပြောလာခဲ့သည် " ယွီယွီ.. ကျွန်မ ကျွန်မသေသွားခဲ့တာ ဟုတ်တယ်မလား…"
ဝမ်ယွီတောင့်တင်းသွားပြီး မည်သည့်စကားမှဆိုလာမခဲ့ပေ။
သို့သော်သူမသဘောပေါက်သွားပြီး နူးညံ့စွာပြောလာခဲ့လေသည် " တကယ်တော့ ကျွန်မကချီကျန်းကျန်းပဲ ဒါပေမယ့် ဒီကမ္ဘာကတော့မဟုတ်ဘူး…"
ဝမ်ယွီသူ၏လက်အားမြောက်ကာ လက်ချောင်းများအား သူမ၏ပါးစပ်ပေါ်သို့တင်၍ မည်သည့်စကားမှဆက်လက်မဆိုနိုင်တော့အောင် တားဆီးလိုက်လေသည်။
ခဏကြာပြီးနောက် သူသည်နက်ရှိုင်းသောသက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ကာ သူမအားကြည့်လျက် " ကိုယ်သိတယ် ကိုယ်အမြဲသိနေခဲ့တာ…ကိုယ်မင်းကိုပဲချစ်တာပါကွာ…"
ချီကျန်းကျန်း၏ကားမတော်တဆမှုမဖြစ်ခင်အချိန်နှင့်ဖြစ်ပြီးအချိန်များမှာ အလွန်ပင်ကွာခြားလှသည်။
သို့သော်လည်း ထိုအရာမှာအရေးပါသည်လော..
သူချစ်ခဲ့သည့်လူမှာ လက်ရှိသူ၏ရှေ့တွင်ရှိနေသော သူမသာဖြစ်၏။ သူ့အားအိမ်တစ်လုံးပေးခဲ့ပြီး နွေးထွေးမှုများဖြင့် သူ၏ဒဏ်ရာများအားပျောက်ကင်းစေခဲ့သူသာဖြစ်သည်။
၎င်းမှာ သူ့အားအမြဲဆွဲဆောင်နေသော ချစ်စရာကောင်းသည့် ချီကျန်းကျန်းသာဖြစ်လေသည်။
ဝမ်ယွီ၏အသက်မှာပို၍ပင်အက်ရှလာကာ " ကျန်းကျန်း မင်းနိုးလာပြီဆိုတော့ ထွက်သွားဦးမှာတော့မဟုတ်တော့ဘူးမလားဟင်…"
ချီကျန်းကျန်းမှာ ထပ်မံ၍အံ့ဩသွားခဲ့ရသည်။
ခဏကြာပြီးနောက် သူမပြောလာခဲ့၏ " ဟင့်အင်း ကျွန်မထွက်မသွားတော့ပါဘူး…"
ဝမ်ယွီပြုံးလိုက်ကာ ကျေနပ်နေသောမျက်နှာဖြင့် " ကောင်းတာပေါ့ ဒါအကောင်းဆုံးပဲ…"
သူ၏တောင်းဆိုမှုသည် အလွန့်အလွန်နိမ့်ပါးလှသည်။ သူမသာမထွက်သွားသရွေ့ သူမသာသူ၏အနားတွင်ရှိနေသေးသရွေ့ မည်သည့်အရာမဆိုအဆင်ပြေလေသည်။
ချီကျန်းကျန်း၏မျက်လုံးများမှာတော့ အနည်းငယ်နာကျင်သွားခဲ့ရသည်။
အဲ့ဒီတော့…
ဝမ်ယွီသည် သူမ၏သေဆုံးခြင်းအား မူလကမ္ဘာသို့ပြန်သွားသည်ဟူ၍မှတ်ယူနေခဲ့တာလား….
သူမသာပြန်သွားမည်ဆိုလျှင် သူမမည်သည့်နေရာသို့ပြန်သွားရမည်ဆိုသည်အား သူသိနေခဲ့သည်လား.. သူမ၏အနောက်သို့လိုက်ကာ သူ သူမအားအမှန်တကယ်ဖမ်းမိနိုင်ခဲ့မည်လား…
အကယ်၍သူသာ သူမအားမဖမ်းမိနိုင်ခဲ့လျှင် ဘာဆက်လုပ်မည်နည်း…
သူသည်သူမအား သူမထင်ထားသည်ထက်ကိုပို၍ချစ်မြတ်နိုးခဲ့သည်။
ချီကျန်းကျန်း၏မျက်လုံးများမှာစိုစွတ်သွားပြီး သူ့အားကြည့်လျက် ဖျော့တော့နေသောအသံဖြင့်ပြောလာခဲ့လေသည် " ဝမ်ယွီ ကျွန်မရှင့်ကိုချစ်တယ် ဘယ်တော့မှထားသွားတော့မှာမဟုတ်ဘူး…"
သူမ၏မျက်လုံးများအားဖွင့်လိုက်သည့်အချိန်တွင် တစ်နှစ်တာအချိန်အပိုင်းအခြားမှာ ကုန်ဆုံးသွားပြီဖြစ်၏။
သူမဘယ်တော့မှထွက်သွားတော့မည်မဟုတ်ပေ။
သူမ၏ချစ်သူသည် ဤကမ္ဘာကြီးထဲတွင်ရှိနေသေးပြီး သူမ သူ့အားကတိပေးထားခဲ့လေသည်။
xxxxxx