အပိုင်း ၁၆၈
Viewers 26k

Part 168


အိမ်ထဲဝင်ပြီးနောက် အန်ကယ်လီက သူတို့၏ပစ္စည်းများကို စတင်ထုတ်ပိုးနေပြီး ဝမ်ယွီက ဆေးဘက်ဆိုင်ရာ အကြံပေးချက်ကို ထုတ်ယူလိုက်၏။


"ဒါက ဆေးဘက်ဆိုင်ရာ အကြံပေးချက်ပါ...သူ့ရဲ့

ခန္ဓာကိုယ်က အရမ်းအားနည်းနေတုန်းပဲ...အန်တီဝမ် တစ်ချက်လောက်ကြည့်ပြီး အာရုံစိုက်ပေးပါဦး...နောက်ပြီး ကျွန်တော်  သူနာပြုကျန်းမာရေး ကို အထူးပြုတဲ့ စားဖိုမှူးတစ်ယောက် ခန့်ထားတယ်...အခုကနေစပြီး သုံးနပ်လုံးသူစီစဥ်ပေးလိမ့်မယ်"


"ကောင်းတယ်...ကျန်းကျန်းရဲ့ခန္ဓာကိုယ်ကို အားဖြည့်ရမဲ့အချိန်ပဲ"


"ဝမ်ယွီရောပဲ"

ချီကျန်းကျန်းက ဖြည့်ပြောလိုက်သည်။


ဝမ်ယွီ သူမကိုကြည့်လိုက်၏။


"ရှင် ဝိတ်တအားကျသွားပြီ...ချောတောင်မချောတော့ဘူး...ရှင်လည်း မြန်မြန်လေးထပြီး ကိုယ်ခန္ဓာကိုယ်ကို အားဖြည့်... နဂိုပုံစံအတိုင်း ပြန်ရောက်အောင် ပြုစုသင့်တယ်"

ချီကျန်းကျန်း စိတ်ဆင်းရဲနေသည့် အမူအရာပြလိုက်၏။


အမှန်တွင် သူသည် ဝိတ်ကျသွားပြီးနောက် ရုပ်ဆိုးမလာပါချေ။ မယုံနိုင်လောက်အောင်ပင် ချောမောနေဆဲဖြစ်သော်လည်း ချီကျန်းကျန်း၏နှလုံးသားလေးက သူ့အတွက် နာကျင်၍နေကာ သူ့အား မြန်မြန်ထပြီး ခန္ဓာကိုယ်ကို အားဖြည့်စေချင်ပါ၏။


ဝမ်ယွီ သူ့မျက်နှာသူ ထိလိုက်ရင်း ခဏမျှ စဥ်းစားပြီးနောက် ပြောလေသည်။

"ဒါဆို ကိုယ်လည်း အားဖြည့်လိုက်မယ်....."


ရှင် ရုပ်ဆိုးမှာမဟုတ်တော့ဘူး...ကျန်းကျန်း သူ့မျက်နှာကို အင်မတန် နှစ်သက်ပါ၏။


စားသောက်ပြီးနောက် ချီကျန်းကျန်း၏ စိတ်သည်ကား  အနည်းငယ်မှိုင်တွေလာခဲ့သည်။


"အပေါ်တက်ပြီးအိမ်တော့"

ဝမ်ယွီ လက်ဆန့်ပြီး သူမကို ထူလိုက်၏။


ချီကျန်းကျန်းက သမ်းဝေကာ ခေါင်းညိတ်လေသည်။


သူ ခြေလှမ်းငြိမ်ငြိမ်ဖြင့် သူမကို အပေါ်ထပ်သို့ ချီသွားပြီး အိပ်ရာပေါ်တင်လိုက်၏။


သူမကို စောင်ခြုံပေးပြီးနောက် ထွက်သွားတော့မည်ကြံလိုက်သည်။


မျက်လုံး ကစားမိချိန်တွင် စားပွဲပေါ်ရှိ စာရွက်ပိုင်းတစ်ရွက်ကို သတိထားမိသွားသည့်အခါ ဝမ်ယွီ အနည်းငယ် တန့်သွားကာ တည်ငြိမ်စွာ လျှောက်သွားပြီး စားပွဲရှင်းနေသကဲ့သို့ပင် စာရွက်ပိုင်းအား စာအုပ်အောက်မှာဖိထားလိုက်လေ၏။ 


ချီကျန်းကျန်း: "ယွီယွီ လာ... ကျွန်မ ကြည့်ပါရစေဦး"


သူမ၏မျက်ဝန်းအစုံက သူ့အား ချက်ချင်းကြည့်ပြီး သမ်းဝေလိုက်သော်လည်း သူ့ကို့ ကြည့်ရဖို့ တက်ကြွ နေခဲ့သည်။ 


"စာဖတ်ချင်နေတာလား...သွားအိပ်ချေ...မဖတ်နဲ့တော့...ဖတ်ချင်ရင် မွန်းလွဲပိုင်း မင်းနိုးလာတာနဲ့ ဖတ်လိုက်လေ"


ဝမ်ယွီ၏သဘောထားက ထူးခြားနေပြီး ဝိုးတိုးဝါးတား ဆူပူ၍နေ၏။


ချီကျန်းကျန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလိုက်သည်။ 

"ကျွန်မ စာမဖတ်ချင်ပါဘူး...အဲ့ဒီအစား ရှင်ရေးထားတဲ့ သေတမ်းစာကို ဖတ်ချင်တာ"


ဝမျယှီ "... "

သူမသိနေတယ်လား...


ချီကျန်းကျန်း အံကြိတ်ကာဆိုလေ၏။

"ရှင်ကျွန်မဆီ ယူလာမပေးဘူးလား...ဝမ်ယွီ...

ရှင်ကတကယ် ကောင်းတာပဲ..."


"ကျန်းကျန်း... "

ဝမ်ယွီ ရှေ့ဆက်တိုးချင်မိသည်။


ချီကျန်းကျန်း စောင်ကိုမလိုက်၏။

"ဒါဆို ကျွန်မဘာကျွန်မ သွားယူမယ်"


"မလှုပ်နဲ့...မလှုပ်နဲ့...ကိုယ်မင်းကို ယူပေးပါ့မယ်"

ဝမ်ယွီ အလျင်စလို ပြောလိုက်ပြီး သူ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။


ချီကျန်းကျန်းက နှုတ်ခမ်းလေးဆူပြီး သူ့ကို ဆက်ကြည့်နေလေ၏။


သူက သေတမ်းစာတစ်စောင်ရေးပြီး သူမနောက်ကိုလိုက်လာဖို့ ကြံရွယ်နေသည်ဟု တွေးလိုက်တိုင်း သူမနှလုံးသားတစ်ခုလုံး ဓားနှင့် မွှေနှောက်ခံရသလိုမျိုး နာကျင်လာပြီး မခံမရပ်နိုင်အောင်ပင်။


ဝမ်ယွီက နောက်ဆုံးတွင် သေတမ်းစာကို ယူလာခဲ့သည်။


ချီကျန်းကျန်း သေတမ်းစာကို ယူပြီး နှုတ်ခမ်းဆူလျက် ကြည့်လိုက်၏။ 


ထိုထက်ရှိ အကြောင်းအရာကား များစွာရှိမနေဘဲ ရိုးရှင်းလွန်းသည်ဟုပင် ပြော၍ရလေသည်။


1.သေဆုံးပြီးနောက် အတူတူမီးသဂြ်ုလ်ရန် ၊ စျာပနမလို အရိုးပြာအိုးတစ်ခုထဲမှာထည့်ပြီး ပင်လယ်ထဲမှာ မျောလိုက်ရန်။


2.ဝမ်ကျင်းအိမ်ရာရှိ အိမ်ကို ကျန်းယဲ့ကို လွှဲပြောင်းပေးရမည်။၎င်းက သူနှင့်သူမတို့၏အိမ်ဖြစ်သည့်အတွက် ကျန်းယဲ့အနေဖြင့် သူ့အတွက် ထိန်းသိမ်းပေးမည်ဟု မျှော်လင့်ပါကြောင်း။


3.လျှိုကျိုးနှင့် ဝမ်ကျင်းအိမ်ရာ၏နောက်တွဲအိမ်ကို  အန်တီဝမ်အား လျှိုကျိုးကို စောင့်ရှောက်ပေးသည့်အဖိုးအခအနေဖြင့် လွှဲပြောင်းပေးရမည်။


4.ချီကျန်းကျန်း ပရဟိတရန်ပုံငွေကို ထူထောင်ပါ။ ယွီတင်းကို ကျန်းယဲ့ဆီသို့လွှဲပြောင်းပေးပြီး နှစ်စဥ်အမြတ်ငွေ၏ သုံးဆယ်ရာခိုင်နှုန်းကို ပရဟိတရန်ပုံငွေထဲကို လှူဒါန်းရမည်။


ချီကျန်းကျန်း သေတမ်းစာကို ကြည့်ပြီး ဘာမှပြောမလာခဲ့ဘဲ ဆက်ကာ ခေါင်းငုံ့နေလေသည်။


ဝမ်ယွီ ဘာကြောင့်မှန်းမသိ စိုးထိတ်သွားပြီး သူမအား နီးနီးကပ်ကပ် စူးစိုက်ကြည့်နေမိသည်။


ခဏအကြာတွင် နောက်ဆုံး၌ စာရွက်၏ထိပ်တွင် တစ်စုံတစ်ခု ရိုက်ခတ်လာကြောင်း သူတွေ့သွားခဲ့၏။ ၎င်းကား ပြိုဆင်းလာသည့် မျက်ရည်ပေါက်လေးဖြစ်ပြီး စာရွက်ပေါ်က လက်ရေးအား စိုရွဲနေစေခဲ့လေသည်။ 


ဝမ်ယွီ ထိတ်လန့်သွားခဲ့၏။

"ကျန်းကျန်း... ကျန်းကျန်း... မင်းဘာဖြစ်သွားတာလဲ"


ချီကျန်းကျန်းက ဘာတစ်ခုမှ ခွန်းတုံ့ပြန် မလာခဲ့ဘဲ ခေါင်းငိုက်စိုက်ကျလျက် သေတမ်းစာကိုသာ ကြည့်နေခဲ့သည်။


ဝမ်ယွီ ရှေ့တိုးကာဖြင့် လက်ဆန့်၍ သူမကို ညင်သာစွာ ထွေးဖက်လိုက်ပြီး အတော်လေး ဘာလုပ်၍ဘာကိုင်ရမှန်းမသိဖြစ်နေခဲ့၏။


"ကျန်းကျန်း... ကိုယ်တောင်းပန်ပါတယ်... မငိုပါနဲ့... အဆင်မပြေဘူးလားဟင်...ကျန်းကျန်း... ကိုယ့်ကိုမခြောက်ပါနဲ့ကွာ..."


သူမျက်နှာတစ်ခုလုံး ​ဖြူဆုတ်သွားလေသည်။


ချီကျန်းကျန်း၏ အသံက ကွဲအက်နေခဲ့၏။

"ဝမ်ယွီ... ရှင်ဘာလို့ အရမ်းတုံးရတာလဲ..."


ဝမ်ယွီ အနည်းငယ်တောင့်တင်းသွားပြီး စကားဆိုမလာခဲ့။


"ကျွန်မကို ကတိပေး...အနာဂတ်မှာ ဘာတွေပဲ ဖြစ်လာလာ...ရှင် ကောင်းကောင်းအသက်ရှင်နေရမယ်...အိုခေ..."

ချီကျန်းကျန်း ခေါင်းမော့ကာ သူ့ကိုကြည့်လိုက်ပြီး သူမမျက်နှာတွင်ကား မျက်ရည်များပြည့်နှက်၍နေသည်။


ဝမ်ယွီ နှုတ်ခမ်းဆူလိုက်၏။

"မင်းကိုယ့်ကို အရင်ကတိပေး...မင်းထပ်ပြီးကိုယ့်ကို မထားခဲ့ပါဘူးဆိုတဲ့ကတိ"


ချီကျန်းကျန်း အော်ဟစ်ကာ ငိုချမိတော့သည်။ သူမ သူ့အား ဆူပူလိုက်ပါ၏၊ပြောပြလိုက်ချင်ပါ၏။ သူမသေသွားရင်တောင် သူကတော့ ကောင်းမွန်သည့်ဘဝဖြင့် အသက်ရှင်နေသင့်သေးသည်အကြောင်းကိုပင်။ 


သို့ပေမဲ့ သူမ ပြောမထွက်နိုင်ခဲ့။


အတိတ်တွင် စုံတွဲတွေပင် ကိုယ်ပိုင်အချိန်လိုအပ်ကြောင်း သူမအမြဲပြောခဲ့ပြီး သူက ခြယ်လှယ်လွန်းပြီး သံသယလွန်ကဲတတ်သူဟု သူမအမြဲ ခံစားရခဲ့သည်။  သို့သော်ငြား ယခုတွင် သူသူမကို 

ဘယ်လောက်ထိချစ်ကြောင်း သူမသိနေသည့်အတွက် ထိုသို့သောအရာတွေကို သူမ မည်သို့ပြောထွက်နိုင်ပါဦးမည်လဲ။


အကယ်၍ သူမဆိုလျှင်ပင် ဝမ်ယွီ သူမအား ထားခဲ့ပါက လက်ခံဖို့ရာ စွမ်းနိုင်မည်မဟုတ်ပေ။


သူမ လက်မြောက်ကာဖြင့် သူ့လည်ပင်းကို တင်းကြပ်စွာ ဆွဲဖက်လိုက်ပြီး သူ၏နှလုံးသားရပ်ဝန်းဆီသို့ ပါးအပ်၍ သူ့နှလုံးခုန်သံများကို နားထောင်နေရင်း ကတိပေးလိုက်၏။

"ယွီယွီ... ကျွန်မ ရှင့်ကို ကတိပေးပါတယ် "


ဝမ်ယွီ ပြုံးလာခဲ့သည်။

"ကိုယ်လည်း မင်းကို ကတိပေးတယ် "


ဤအကြိမ်၌ သေခြင်းနှင့်ရှင်ခြင်းအကြားတွင် လမ်းလျှောက်ခဲ့ပြီးနောက် သူတို့နှစ်ဦး တစ်သားတည်းဖြစ်သွားပုံရလေ၏။ သူတို့သည့် တစ်ယောက်ကိုတစ်ယောက် ထီးထီးမထားခဲ့နိုင်ကြပဲ ဘယ်တော့မှလည်း ခွဲခွာကြမှာမဟုတ်ပေ။


နှစ်ဦးသား တစ်ဦးဘေးတွင်တစ်ဦးရှိနေသရွေ့ ဤဘဝတွင် မည်သည့်ဘေးဒုက္ခတွေ၊အခက်အခဲတွေရှိနေပါစေ ၊ သူတို့အနေဖြင့် အပြုံးလေးနှင့် ဖြတ်ကျော် လျှောက်လှမ်းနိုင်ပါ၏။ 


သို့ပေမဲ့ တစ်ဖက်လူ ဘေးမှာရှိနေမှသာဖြစ်လေသည်။


....


ချီကျန်းကျန်း အိမ်မှာ တစ်ပတ်ကျော်ကျော် အားဖြည့်နေခဲ့ပြီး သူမ၏ကျန်းမာရေးက အတော်လေး ကောင်းမွန်လာခဲ့၏။ ဝမ်ယွီက အလုပ်မသွားဘဲ သူမကို ဆက်ကာ စောင့်ကြည့်နေခဲ့သည်။


သူမက သူ့အလုပ်ထက် အင်မတိအင်မတန်  သာ၍ အရေးကြီးပါ၏။ 


"ယွီယွီ... ရှင်အလုပ်မသွားဘူးလား"

ချီကျန်းကျန်း ခေါင်းလေးစောင်းကာမေးလိုက်သည်။


သူမ၏ ဘေးရှိ ဝမ်ယွီကား ဝတ္ထုတစ်ပုဒ်ကို တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့် သူမအား ဖတ်ပြနေခဲ့၏။ ထိုသည်က "ရာစုနှစ်၏အချစ်:​ကောင်းမှကောင်းဇနီး၊တစ်ခုဝယ်တစ်ခုရ"ဟူသည့် အချစ်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး

အဆုံးသတ်ရောက်ခါနီးနေပြီးဖြစ်သည်။ 


ဤမတိုင်ခင် သူ သူမအား *sadomasochist အချစ်ဝတ္ထုတစ်ပုဒ်ကိုလည်း ဖတ်ပြခဲ့ပြီး ချီကျန်းကျန်း သေသေချာချာ နားထောင်ခဲ့ကာ တစ်ဝက် ပြီးပြီဖြစ်လေသည်။

(T/N–သူတစ်ပါးနှင့်မိမိကိုယ်ကို ညှဥ်းပန်းနှိပ်ဆက်၍ သာယာမှုခံစားတတ်သူ)


ရလဒ်တစ်ခုအနေဖြင့် နောက်တစ်နေ့ သူမနိုးလာချိန်တွင် စာအုပ်မရှိတော့ကြောင်းတွေ့လိုက်ရ၏။ 


ဝမ်ယွီက မျက်မှောင်များ တွန့်ချိုးကာ ပြောလေသည်။

"အဲ့ဒါက မကောင်းဘူး  ... ကိုယ်အဲ့စာအုပ် ပျောက်သွားတယ်...အဲ့ဒါကြောင့် နောက်တစ်အုပ်ပြောင်းကြ ရအောင်"


ချီကျန်းကျန်း: "... "

သူမ မသိဘူးမထင်နဲ့...မနေ့ညက သူတစ်ညလုံး တိတ်တိတ်လေး ခိုးဖတ်ပြီး မျက်ရည်တွေသုတ်နေတာ...


အဲ့ဒါက ကောင်းကိုကောင်းရမယ်...


သို့ပေမဲ့ ရုတ်ရင်းကြမ်းတမ်းလွန်းတာကြောင့် ဖြစ်မည်ထင်၊ ဝမ်ယွီက ထိုဟာကို မကြိုက်ဘဲ ချိုမြိန်သည့်ကြည်နူးစရာ ဝတ္ထုတစ်ပုဒ်ကို သူမကိုဖတ်ပြဖို့ရွေးချယ်လိုက်၏။


၎င်းစာအုပ်က ဝမ်ယွီအတွက် ပိုကျေနပ်စရာကောင်းပြီး ထိုဟာကို ဖတ်ရသည်နှင့်ပတ်သတ်၍ သူအတော်လေး အလေးအနက်ဖြစ်နေသည်။


အလုပ်သွားဖို့ကိုရော...


ဝမျယှီက ဆိုလေ၏။

"ကိုယ် အိမ်ကနေအလုပ်လုပ်တာ"


သူ မလိမ်ပါချေ။ သူ့အနေဖြင့် ကုမ္ပဏီကိစ္စတွေကို အနည်းငယ်တော့ ဂရုစိုက်နေရဆဲပင်။ ယခင်က အချိန်အတော်ကြာ နှောင့်နှေးခဲ့သည်ပေမင့်။


ထို့ကြောင့် နေ့တိုင်း  ချီကျန်းကျန်း တရေးတမော အိပ်သည့်အချိန်တိုင်း သူက ဗီဒီယို အစည်းအဝေးတွေလုပ်ပြီး စီးပွားရေး  ကိစ္စတွေ ကိုင်တွယ်ဖြေရှင်းနေမှာဖြစ်သည်။


"ကျွန်မ ကျန်းမာရေးက အများကြီး တိုးတက်လာပြီလေ...ရှင်ဘာလို့ ကုမ္ပဏီမှာ  အလုပ်သွားမလုပ်တာလဲ...ကျွန်မလည်း အလုပ်သွားချင်တယ်လို့..."

ချီကျန်းကျန်း၏ မျက်လုံးများက တလက်လက်တောက်ပ နေခဲ့ပြီး သူကို ကြည့်ပဲကြည့်နေ၏။


ဝမ်ယွီ၏မျက်ခုံးတန်းများ ချက်ချင်းပင် သေလုအောင် တွန့်ချိုးလာခဲ့သည်။


xxxxx