Chapter 71
Viewers 11k

👨‍❤️‍👨Chapter 71




ရိုးရိုးသားသား ပြောရလျှင် ကြင်နာတတ်သောသူများ၏ အကူအညီမပါပဲ သူနှင့် ဖိန်ရော့ဝိန်းတို့က ပညာတတ်ခဲ့မှာ မဟုတ်သလို သူတို့ကံကြမ္မာလည်း အလှည့်အပြောင်းကြီးတစ်ခု ဖြစ်လာမည် မဟုတ်ပေ။


မည်သို့ဆိုစေ တစ်ယောက်တည်း ပျင်းနေ၍ သွမ့်ရှူးထုံနှင့် ဖိန်ရော့ဝိန်းတို့က စကားကောင်းနေကြရာ ရှီသွမ်းဖုန်းခေါ်လာမှ ရပ်သွားသည်။


" ဘယ်မှာလဲ..."


သွမ့်ရှူးထုံက အံ့သြသွားရသည် " ဆွေးနွေးတာက ပြီးသွားတာ မြန်လိုက်တာပါလား....ကျွန်တော် အခု လာခဲ့မယ်လေ...." ရှီသွမ်းကို လာခိုင်းမည့်အစား သူကိုယ်တိုင် သွားလိုက်သည်က ပိုကောင်းမည်။


ရှီသွမ်းက ရယ်လိုက်ရင်း သြရှရှအသံနှင့် ပြောလာသည် " ဒါရိုက်တာဝူက ကိုယ်တို့ကို ဆေးရုံကို ပတ်ကြည့်ဖို့ ဖိတ်ထားတယ်...မင်း အတူတူသွားကြည့်ချင်လား..."


" ကောင်းပါပြီ...ကျွန်တော် အခုချက်ချင်း လာခဲ့ပါ့မယ်..."


ဖုန်းချပြီးနောက် သွမ့်ရှူးထုံက အပြုံးမပျယ်သေးသည့် မျက်နှာနှင့် စကားဆိုလာသည် " ကျွန်တော် အရင် သွားရတော့မယ်....မင်း တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ကို ဝီချတ်ကနေ ဆက်သွယ်လို့ရပါတယ်..."


ဖိန်ရော့ဝိန်းက ခေါင်းညိမ့်ပြရင်း သူ့ကို လက်ပြပြီး နှုတ်ဆက်လိုက်သည်။


ပျော်ရွှင်တက်ကြွနေသော ခြေလှမ်းများနှင့် ထွက်သွားသော အရပ်ရှည်ရှည်နှင့် လူငယ်ကို ကြည့်လိုက်ရင်း စောစောက ကြားလိုက်ရသည့် ဖုန်းထဲက ရင်းနှီးနေသော အသံတို့ကို နှိုင်းယှဥ်မိကာ ဖိန်ရော့ဝိန်း၏ ယခင်တုန်းက အတွေးတစ်ခုက ပြန်ဝင်ရောက်လာသည်။


သခင်လေးသွမ့်နဲ့ ဥက္ကဌရှီ...သူတို့နှစ်ယောက်က အဲ့ဒါ ဖြစ်နိုင်လား။


ဟိုကိုရောက်သွားချိန် သွမ့်ရှူးထုံက ရှီသွမ်းနှင့် အခြားသူများကို တွေ့လိုက်ရသည်။ ဒါရိုက်တာဝူက သူ့ကို မြင်သောအခါ အပြုံးတို့ ဆင်မြန်းလိုက်သည်


 " မင်္ဂလာပါ...ကျွန်မရဲ့ မျိုးရိုးနာမည်က ဝူပါ...ဥက္ကဌရှီရဲ့ မိတ်ဆွေလားရှင့်..."  


သွမ့်ရှူးထုံက လက်ဆွဲနှုတ်ဆက်ရန် လက်ဆန့်လိုက်ရင်း ယဥ်ယဥ်ကျေးကျေး ပြောလိုက်သည် " မင်္ဂလာပါ...ဒါရိုက်တာဝူ...ကျွန်တော့်မျိုးရိုးနာမည်က သွမ့်ပါ...ရှောင်သွမ့်လို့ ခေါ်လို့ရပါတယ်..."


ဒါရိုက်တာဝူက အပြုံးလေးနှင့် စနောက်လိုက်သည် " မစ္စတာသွမ့်က တကယ် ချောတာပဲ....စတားတစ်ယောက်နဲ့ တူတယ်..."


ရှီသွမ်းက ရုတ်တရက် ဝင်ပြောလာသည် " သူက နွေဦးဆောင်းဦးခန်းမရဲ့ သုတေသနဌာန ဒါရိုက်တာလေ...."


" နွေဦးဆောင်းဦးခန်းမလား..." ဒါရိုက်တာဝူက တစ်ခဏမျှ အံ့သြသွားရင်း သွမ့်ရှူးထုံကို အံ့သြသလို ကြည့်လာသည် " ကျွန်မ မှတ်မိတာ မမှားရင် ကျောက်ကပ်ရဲ့ လုပ်ငန်းစဥ်တွေကို ပြန်ကောင်းလာစေနိုင်တဲ့ ဆေးအသစ်က နွေဦးဆောင်းဦးခန်းမက ထုတ်တာလားလို့..."   


သွမ့်ရှူးထုံက ရိုရိုကျိုးကျိုး ခေါင်းငုံ့ပြလိုက်သည် " ကျွန်တော့်ဆေးကို စစ်ဆေးပေးကြတဲ့အတွက် ဒါရိုက်တာဝူတို့ ဆေးရုံကိုလည်း ကျေးဇူးတင်မိပါတယ်ဗျာ...."


" ဒါ အံ့သြစရာပဲ..." ဒါရိုက်တာဝူ၏ မျက်လုံးများက တလက်လက် တောက်ပနေသည် " ဒီဆေးက ယန်မြို့တော်က ပညာရှင်တွေကို အံ့အားသင့်သွားစေခဲ့တာ...ဆေးရုံကလည်း လေ့လာထားပြီးပြီ...စစ်ဆေးမှုကို အောင်နိုင်မယ်ဆိုရင် ကျွန်မတို့ ဆေးရုံကတော့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်ဆိုပြီး သမိုင်းဝင်တော့မှာပဲ..."


ဆေးရုံ၏ အတွင်းပိုင်း သတင်းအချက်အလက်အရ ပညာရှင်များက ယခုဆေးအသစ်၏ လုပ်ဆောင်ချက်နှင့် ပတ်သတ်ပြီး တော်တော်လေး သဘောကျနေကြသည်ဟု ကြားထားသည်။


ဒါရိုက်တာဝူက စိတ်ထဲကနေ ခေါင်းညိမ့်မိသည်။ ဒီလူငယ်လေးက တကယ် အံ့သြစရာကောင်းလိုက်တာ။


သူမက ဆေးရုံတွင် အလုပ်လုပ်ခဲ့ရင်း မြောက်မြားစွာသော ရောဂါရှင်များကို မြင်တွေ့ခဲ့ရသည်။ လူနာများ၏ နာကျင်မှုကို အကောင်းမွန်ဆုံး သက်သာပျောက်ကင်းနိုင်သည့် ဆေးမျိုး ပေါ်လာခဲ့လျှင် အလွန်ကြီးမြတ်သည့် ကိစ္စပင်။


ဤအတွက်ကြောင့် ဒါရိုက်တာဝူက သွမ့်ရှူးထုံကို နည်းနည်းပိုပြီး စစ်မှန်စွာ ဆက်ဆံမိပြီး စိတ်ပါဝင်စားနေမိသည်။ 


"ပရော်ဖက်ဆာဝမ်ကလည်း သူနဲ့အတူ ကျောင်းသားတစ်ယောက် ခေါ်လာတယ်လေ...သူက ပါရဂူတန်းလေ....အသက်က မင်းနဲ့ အတူတူလောက်ပဲ...ရုပ်ချောပြီး ဥာဏ်ကောင်းတယ်...ဆေးရုံက မိန်းကလေးတွေအားလုံး သဘောကျနေကြတာ..." ဒါရိုက်တာဝူက လမ်းတစ်လျှောက် စကားပြောလာခဲ့ပြီး ရုတ်တရက် ရပ်သွားသည်။ ခဏကြာမှ သူမက ပြုံးပြပြီး ဆက်ကြည့်လိုက်သည် " ပြောရင်းဆိုရင်း လာပါပြီ..."


သွမ့်ရှူးထုံက မျက်လုံးပင့်ကြည့်လိုက်ရာ အသားဖြူဖြူနှင့် ပိန်ပိန်ရှည်ရှည် ကောင်လေးတစ်ယောက် လျှောက်လာသည်ကို တွေ့ရသည်။


ဒါရိုက်တာဝူက သူ့ကို နှုတ်ဆက်လိုက်ချိန် ကောင်လေးက ရုတ်တရက် ရယ်လိုက်၍ နှစ်ဆပိုချစ်ဖို့ကောင်းသွားပြီး ရှက်ကိုးရှက်ကန်းနှင့် ပြန်နှုတ်ဆက်လာသည့် အသံကြည်ကြည်လေးကို ကြားလိုက်ရသည်။


ကောင်မလေးတွေ သူ့ကို စချင်တာ မဆန်းပါဘူး။


သွမ့်ရှူးထုံက ဝတ်တရားကျေ ခေါင်းငုံ့ပြရုံလောက် လုပ်ထားသော်လည်း ထိုကောင်လေးက သူ့ကို မြင်လိုက်ချိန် အကြောင်းတစ်ခုကြောင့် သူ့မျက်နှာက ချက်ချင်း ရဲတက်သွားပြီး မျက်လုံးများက ဂနာမငြိမ်တော့ပေ။


သွမ့်ရှူးထုံ : ? ? ? သူတို့က အချင်းချင်းသိလို့လား။


သူ့လည်ပင်းက ချက်ချင်း အေးစက်လာပြီး ရှီသွမ်းဆီ အလိုလိုလှည့်ကြည့်မိရာ ရှီသွမ်းက မျက်နှာပုပ်သိုးသိုးနှင့် နှုတ်ခမ်းတင်းတင်းစေ့ပြီး ကြည့်နေ၏။ 


သူ့နောက်က ချန်နင်က တတ်နိုင်သမျှ ကိုယ်ကို ကျုံ့ထားရသည်။


သွမ့်ရှူးထုံက မျက်လုံးအကြည့်နှင့် ပြန်ဖြေလိုက်သည် : ကျွန်တော် သူ့ကို တကယ် မသိဘူး။


ရှီသွမ်းက ကောင်လေးကို အပေါ်ယံလျှပ်ကြည့်လိုက်သည် : ပြောရမယ်ဆိုရင် သူက ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားရတာလဲ။


သွမ့်ရှူးထုံက ပုခုံးတွန့်ပြလိုက်သည် : ခင်ဗျားကြောင့်လည်း ဖြစ်နိုင်တာပဲ။


ရှီသွမ်း၏ အကြည့်က လေးပင်နေသည် : မဟုတ်ဘူး။


သွမ့်ရှူးထုံက သူ့အကြည့်တို့ ရုတ်သိမ်းလိုက်ရင်း စိတ်ထဲကနေ နှစ်ကြိမ်အော်လိုက်သည် : ဘယ်သူက သဝန်မတိုရမှာလဲ။ သူက ကောင်လေးကို ပြန်ကြည့်လိုက်ရင်း တည့်တည့်မေးရန် ဆုံးဖြတ်လိုက်သည်။


" မင်္ဂလာပါ...ကျွန်တော်တို့ တွေ့ဖူးလားဗျ..." 


ကောင်လေးက တည့်တည့်မေးလာမည် မထင်ထား၍ ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေလာသည် " မ...မတွေ့ဖူးပါဘူး..."


သွမ့်ရှူးထုံက စိတ်အေးသွားရုံ သက်ပြင်းချကာရှိသေး ကောင်လေးက ဆက်ပြောလာသည် " ကျွန်တော်ကသာ တွေ့ဖူးတာပါ..."


"...."


သူ့လည်ပင်းက အေးစက်စက် ခံစားနေရလည်း ဘာလုပ်ရတော့မှာလဲ။ ကိုယ်က ဘာမှမှားတာ မလုပ်ထားကို ဘာလို့ အပြစ်ရှိသလို ခံစားနေရမှာလဲ။


သွမ့်ရှူးထုံက ကျည်ဆန်ကိုက်ပြီး ဆက်မေးရတော့သည် " ဘယ်မှာ တွေ့ဖူးတာလဲဆိုတာ ပြောပြလို့ရနိုင်မလား..." 


" အင်..." ကောင်လေးက ပြန်ဖြေရန်ပြင်လိုက်ချိန် ကုတ်အင်္ကျီအဖြူရောင် ဝတ်ထားသည့် အမျိုးသားတစ်ယောက်က အရေးကြီးဟန် လှမ်းခေါ်လာသည်။


သူက သွမ့်ရှူးထုံကို ကြည့်နေရင်း တစ်စက္ကန့်မျှ ရှက်နေပြီးနောက် အလုပ်သွားလုပ်ရန် ရွေးချယ်လိုက်လေသည်။


သွမ့်ရှူးထုံ "...."


ဒါက တီဗွီဇာတ်လမ်းကြည့်ဖို့ အမြန်လိုပြီး အမြောက်စာဇာတ်ကောင် မသေခင် အမှန်တရားကို မထိန်းထားနိုင်တော့တဲ့ ခံစားချက်မျိုးပဲ။


အခြားသူများအတွက် အနှီချစ်စရာကောင်ကလေးက ဖြတ်သွားဖြတ်လာ တစ်ယောက်သာ ဖြစ်သည်။


ဒါရိုက်တာဝူက ဆေးရုံကို ဆက်ပြသော်လည်း သွမ့်ရှူးထုံက အနည်းငယ် အတွေးလွင့်နေမိသည်။ အဲ့ဒီကောင်လေးက မူလသွမ့်ရှူးထုံနဲ့ တစ်ခုခုပတ်သက်နေတာများလား။ ဒါပေမယ့် သူ့မှတ်ဥာဏ်ထဲမှာတော့ အဲ့ဒီကောင်လေး မရှိခဲ့ပါဘူး။


မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့လည်စာစားချိန်သို့ ရောက်လာ၍ ဒါရိုက်တာဝူက စားသောက်ဆိုင်တစ်ဆိုင်ကို ဘိုကင်တင်ထားပြီး အတူတူစားရန် ဖိတ်လာသည်။


ထိုသို့ကြင်နာမှုမျိုးက မျက်နှာလွှဲဖို့ ခက်နေ၍ ရှီသွမ်းက မငြင်းလိုက်ပေ။


စားသောက်ဆိုင်က ဆေးရုံမှ ဆယ်မိနစ်ခန့် သွားလိုက်လျှင် ရောက်သည်။ သူတို့က သီးသန့်ခန်းကို ဘိုကင်တင်ထားသည်။ ဒါရိုက်တာဝူနောက်ကနေ စီမံခန့်ခွဲရေးဌာနက ဝန်ထမ်းတစ်ယောက်လည်း ပါလာသည်။ သွမ့်ရှူးထုံ ရှီသွမ်းနှင့် ချန်နင်တို့က ဝိုင်သောက်ကြသည်။


မမူးသော်လည်း နည်းနည်းလေး မူးချင်သေးသည်။


စားသောက်ကြပြီးနောက် စားသောက်ဆိုင်ကနေ အတူတူထွက်ခဲ့ပြီး ဒါရိုက်တာဝူကို နှုတ်ဆက်ရန်ပြင်လိုက်ချိန် စားသောက်ဆိုင်ကနေ အုပ်စုတစ်စုက ထွက်လာသည်။ သွမ့်ရှူးထုံက ခေါင်းဆောင်ကို မသိသော်လည်း အထဲတွင် ရှက်တတ်သည့် ကောင်လေးပါလာ၍ အံ့သြသွားမိသည်။


ကောင်လေးကလည်း သူရှိနေမှန်း ထင်မထားခဲ့၍ ရှက်ဝဲဝဲပြုံးပြလာသည်။ သူက ရင်းနှီးဖို့ ကြိုးစားနေပုံရသော်လည်း ယင်းက သွမ့်ရှူးထုံကို ကျောချမ်းစေသည်။


ကောင်လေးကြောင့် မဟုတ်ပဲ သူ့ဘေးက အသံတိတ်ဥက္ကဌရှီကြီးကြောင့် ဖြစ်သည်။


အချို့အရာများက တတ်နိုင်သလောက် ဖြေရှင်းရမှာဖြစ်ပြီး ရှာလကာရည်အချို့ကဖြင့် တစ်ညလုံး ကုန်နိုင်တော့မည် မဟုတ်ပေ။


သူထင်ထားသလို ဒါရိုက်တာဝူက ခေါင်းဆောင်ကို နှုတ်ဆက်လိုက်ပြီး "ဌာနမှူး" ဟု ခေါ်လိုက်သံကို ကြားလိုက်ရသည်။


ဌာနမှူးက ကြင်နာတတ်သည့် မျက်နှာနှင့် ရည်မွန်သော အသွင်အပြင်ရှိသည်။ ရှီသွမ်းကို မြင်သောအခါ ပြုံးပြရင်း နှုတ်ဆက်လာသည် 


" မင်းက NTက မစ္စတာရှီဖြစ်မယ်...မင်္ဂလာပါ...မင်းတို့ရဲ့ ပစ္စည်းတွေက အရမ်းကောင်းပါတယ်...ကျေးဇူးအများကြီးတင်မိပါတယ်..." 


သူက စီးပွားရေးကိစ္စများကို စိတ်မဝင်စားတတ်သလို ရှီသွမ်း၏ အစစ်အမှန်ကိုလည်း မသိသည့်အပြင် ရှီသွမ်းက NTကိုယ်စားရောက်လာ၍ ရှီသွမ်းနှင့် ဘာမှလုပ်စရာမရှိပေ။


သွမ့်ရှူးထုံကြောင့် ရှီသွမ်းက ဆေးလောကက လူများကို အာရုံစိုက်မိခြင်းဖြစ်သည်။ သူက ခပ်ဖွဖွပြုံးလိုက်ရင်း လက်ဆွဲနှုတ်ဆက်လိုက်သည် " ဒါရိုက်တာက အရမ်းကို ချီးကျူးလွန်းနေပါပြီ...ဆေးရုံကို ကူညီပြီး လူ့အသက်တွေကို ကယ်တင်ခွင့်ရလို့ NTဘက်က ဝမ်းသာမိပါတယ်..." 


သူ့ဘေးက အဘိုးကြီးတစ်ယောက်ကလည်း ရုတ်တရက် ပြောလာလေသည် " NTရဲ့ တာဝန်ရှိသူ ဖြစ်နေတာပဲ....ကျွန်တော်တို့ ဆေးရုံလည်း NTနဲ့ ပူးပေါင်းဖူးတယ်...ဒါပေမယ့် ဥက္ကဌကျန်နဲ့ပဲ တွေ့ခဲ့ရတာ..." 


ရှီသွမ်းက သူ့ကို ကြည့်လိုက်သည်။


ဌာနမှူးက မိတ်ဆက်ပေးလာသည် " ဒါက ပရော်ဖက်ဆာ ဝမ်ရုန်ချန်းပါ...ယန်မြို့တော်က ပညာရှင်လေ..."


ရှီသွမ်းက လက်ဆွဲနှုတ်ဆက်လိုက်သည် " တွေ့ရတာ ဝမ်းသာပါတယ် ပရော်ဖက်ဆာဝမ်..." 


ဝမ်ရုန်ချန်းက ဝမ်းသာအားရ နှုတ်ဆက်လိုက်ပြီး ရှီသွမ်းက သူ့ကျောင်းသားကို ကြည့်နေမှန်း မြင်လိုက်သောအခါ ဂုဏ်ယူစွာ မိတ်ဆက်ပေးလာသည် "ဒါက ကျွန်တော့်ကျောင်းသား စုန့်ချွေပါ..."


စုန့်ချွေအနေနှင့် ရှီသွမ်းကို မျက်နှာချင်းဆိုင်ရသည်မှာ ဘာမှမဖြစ်မိ၍ ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်သည်။


နှစ်ဦးနှစ်ဖက် အပြန်အလှန် နှုတ်ဆက်ပြီးချိန် ရှီသွမ်းက နေ့လည်တွင် လုပ်စရာရှိသေးလို့ဟု ပြောပြီး ဒါရိုက်တာဝူကို နှုတ်ဆက်လိုက်သည်။


ဒါရိုက်တာဝူက ဌာနမှူးနှင့် အခြားသူများနှင့်အတူ ဆေးရုံသို့ ပြန်ခဲ့သည်။


ကားထဲတွင် ဌာနမှူးက မနေနိုင်ပဲ သက်ပြင်းချမိသည် " အခုခေတ်လူငယ်တွေ တကယ် အံ့သြစရာကောင်းတာပဲ...အသက်ငယ်ငယ်လေးနဲ့ ကုမ္ပဏီကြီးတစ်ခုကို စီမံနေရပြီ..."


သူတို့မျက်လုံးထဲတွင် ရှီသွမ်းက တကယ့်ကို လူငယ်လေးတစ်ယောက်သာ ရှိသေးသည်။


ဝမ်ရုန်ချန်းက သဘောတူသလို ခေါင်ညိမ့်ပြလိုက်သည် " အဲ့ဒါ အမှန်ပဲဗျ...ဆေးအသစ်ကို ထုတ်တဲ့ တစ်ဖွဲ့လုံးက လူငယ်တွေချည်းပဲလို့ ကြားတယ်...ကျွန်တော် တကယ်ပဲ တွေ့ချင်မိတယ်..."


ပြောကြသည်က အဖွဲ့ခေါင်းဆောင်က ၂၃နှစ်သာ ရှိသေး၍ သူ့မှာ အံ့သြခဲ့ရသေးသည်။


ဝမ်ရုန်ချန်းပြောပြီးသည်နှင့် ဒါရိုက်တာဝူက ထိတ်လန့်သွားရသည်။ သူမက ဘော့စ်များ၏ စကားများကိုသာ နားထောင်နေခဲ့ရ၍ ဒါရိုက်တာသွမ့်နှင့် မိတ်ဆက်ပေးရန် လုံးလုံး မေ့သွားခဲ့သည်။


သူမက စဥ်းစားမနေတော့ဘဲ တည့်တည့်ပြောလိုက်သည် " ပရော်ဖက်ဆာဝမ်...အခုလေးတင် မစ္စတာရှီနဲ့ အတူပါလာတဲ့ တစ်ယောက်က နွေဦးဆောင်းဦးခန်းမရဲ့ သုတေသနဌာန ဒါရိုက်တာ ဆေးအသစ်ထုတ်တဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် သွမ့်ရှူးထုံပါ..." 


ဝမ်ရုန်ချန်းက မတုံ့ပြန်နိုင်ခင် သူ့ဘေးက စုန့်ချွေက ဝင်ပြောလာသည်။


 " ဟုတ်တယ်...ဆရာ...သူက သွမ့်ရှူးထုံလေ...နွေဦးပန်းစီးရီးက သူ့ရဲ့ လမ်းညွှန်မှုအောက်မှာ အောင်အောင်မြင်မြင် ထုတ်နိုင်ခဲ့တာ..."


ဝမ်ရုန်ချန်း "...." သူ ကျော်သွားမိပြီ။


သူက စောစောက သွမ့်ရှူးထုံကို လုံးဝ သတိမထားမိပါချေ။ နှမြောစရာပဲ။


ခဏရပ်နေပြီးနောက် သူက ထပ်မေးလိုက်သည်


 " နွေဦးပန်းစီးရီးဆိုတာ ဘာလဲ...."



****

စာရေးသူမှာ ပြောစရာအချို့ရှိပါတယ်။


အထင်မလွဲလိုက်ကြပါနဲ့။ ဒီဆရာဝန်လေးက MCနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ သူက အသုံးဝင်လာမှာပါ။


P.S : စမ်းသပ်စစ်ဆေးတဲ့ ရလဒ်ကို စောင့်ရဦးမှာဆိုတော့ နောက်အပိုင်းတွေက အကူးအပြောင်းလေးတွေ လုပ်ဖို့ရှိမယ်။ အရင်ဆုံး နှစ်ယောက်သား ဆက်ဆံရေးကို ပိုပြီး ခိုင်မာအောင် လုပ်ရမယ်။ နောက်ပိုင်း careerပိုင်း ဆက်လုပ်ဖို့လည်း စီစဥ်ရမှာတွေနဲ့ လေ့ကျင့်ရမှာတွေ ရှိပါသေးတယ်။



👨‍❤️‍👨