Part 171
နေ့လယ်ထမင်းစားနားချိန်အတွင်းတွင် ချီကျန်းကျန်း နေ့လည်စာစားပြီးနောက် ဝမ်ယွီ၏ သူမနှင့်"ပွတ်သီးပွတ်သတ်နေ"ရဖို့တောင်းဆိုချက်ကို ငြင်းပယ်ကာ သန့်စင်ခန်းအတွင်းသို့ စိတ်အားထက်သန်စွာ ဝင်သွားလေသည်။
သူမ နည်းနည်းလည်း သတိထားနေသဖြင့် အောက်ထပ်က သန့်စင်ခန်းထဲသို့ သွားခဲ့၏။
ထို့နောက် သူမ နားစွင့်လိုက်ပြီး အတင်းအဖျင်းတွေ နားထောင်ဖို့ အဆင်သင့်ဖြစ်နေလေသည်။
သန့်စင်ခန်းက အတင်းပြောဖို့အတွက် တကယ့်နေရာကောင်းပဲ...
.
များမကြာမီ သူမထိုဟာကို ကြာလိုက်ရပြီး အမှန်ပင် သူမနှင့်ပတ်သတ်နေ၏။ ချီကျန်းကျန်း စိတ်လှုပ်ရှားလာပြီး နားရွက်လေးထောင်ကာ သေသေချာချာ နားထောင်လိုက်သည်။
သူတို့သူမကို မထီမဲ့မြင် ပြုတော့မှာလား...သူမက ဝမ်ယွီနဲ့မတန်ဘူးလို့များ ပြောတော့မှာလား...
"ဘော့စ် ဇနီးရောက်နေတာ နင်သိလား"
"ဘယ်လိုလုပ် မသိရမှာလဲ...ကုမ္ပဏီတစ်ခုလုံး ပျံ့နေတာ...မန်နေဂျာကျန်းက ငါတို့ရဲ့ အတင်းအဖျင်းနှလုံးသားကို သိတော့ တိတ်တိတ်လေး ပုံတွေခိုးရိုက်ခဲ့တယ်လေ"
"ဘော့စ် ဇနီးက အရမ်းကြည့်ကောင်းတာပဲ...ဘော့စ် သူ့ကို တအားသဘောကျတာ မဆန်းတော့ဘူး..."
"ဘော့စ်ဇနီးကိုပဲ ကျေးဇူးတင်ရမယ်...ဒီနေ့ ဘော့စ်က မန်နေဂျာကျန်းကို ချမ်းသာပေးလိုက်တယ်...သူက ထူးခြားခြားစိတ်ကောင်းဝင်နေတာ...ငါတို့ဌာနမှာ ဘယ်သူမှ အဆူမခံရဘူးသိလား"
"ငါတို့ဌာနရောပဲအေ...တာဝန်ခံက ပြောနေတာ...သူတို့ ဘော့စ်ဇနီး ကုမ္ပဏီကို နေ့တိုင်း လာဖို့မျှော်လင့်တယ်ဆိုပြီးတော့လေ"
"ဘော့စ်ဇနီးက ဘော့စ် အပေါ်မှာ တကယ့်အကြီးကြီး လွမ်းမိုးနိုင်တာပဲ"
"မမှားဘူး... သူက ယွီတင်းရဲ့စတော့စျေးကွက်ကို ကိုယ်ပိုင်အစွမ်းနဲ့ လှုပ်ခါနိုင်တဲ့အမျိုးသမီးပဲ"
"အိုတော်...ငါတော့ ဘော့စ်ဇနီး နေကောင်းကျန်းမာပြီးတော့ အရင်ခါလို အရေးပေါ်ကာလထပ်မရောက်လာဖို့ မျှော်လင့်တယ်"
…
ချီကျန်းကျန်း အနည်းငယ် အံ့အားသင့်သွားလေသည်။
သူတို့ သူမကိုမနှစ်သက်ကြောင်း မကြားရသည့်အပြင် ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ယွီတင်းအပေါ် လွှမ်းမိုးနိုင်မှုအကြောင်းကို သူမကြားခဲ့ရ၏။
သူမ ထိုအရာများကို မသိခဲ့။
သို့ပေမဲ့ ခပ်ပါးပါး စဥ်းစားပြီးသည့်နောက် သူမနားလည်နိုင်သွားသည်။ သူမအကြာကြီး နေမကောင်းဖြစ်ချိန်မှာ ဝမ်ယွီက သူမနောက်ကိုပင် လိုက်လာချင်ခဲ့သည်ဖြစ်လေ၏။ သဘာဝအတိုင်း သူ ကုမ္ပဏီ၏ ကိစ္စအဝဝကို ပူပန်ခြင်းမရှိခဲ့။ ထိုအချိန်အတောအတွင်းမှာ ဝမ်ယွီ ပေါ်မလာသည့်အတွက် အတင်းအဖျင်းမျိုးစုံ ပျံ့လွင့် ပြီး စတော့စျေးကွက်ကျသွားခဲ့သည်ပင်...
.
ယွီတင်းတခွင်လုံး ထိတ်လန့်သွားခဲ့ကြပြီး နေမထိထိုင်မထိဖြစ်ကာ ယွီတင်း ပြိုကွဲသွားမှာ ကြောက်ရွံ့နေခဲ့ကြ၏။
ချီကျန်းကျန်း သက်ပြင်းချလိုက်သည်။ ဝတ္ထုထဲမှ ဇာတ်ကွက်တွေ အလားအလာတွေကို သူမကြုံတွေ့နိုင်တော့မှာမဟုတ်သလို ယွီတင်းတခွင်လုံး၏ သူမအပေါ်ထားသည့် သဘောထားက ဝမ်ယွီအပေါ်ထားသည့် သဘောထားနှင့် အတူတူဖြစ်သည်ပင်။
လူတွေထွက်သွားချိန်တွင် သူမလည်းထွက်ကာ အပေါ်ထပ်တက်လာခဲ့၏။ သူမ သူစိတ်ပူနေပြန်မှာကို စိုးရိမ်နေသည်မဟုတ်ပါလား။
ထိုအကြောင်းကို တွေးကာ ချီကျန်းကျန်း၏ ခြေလှမ်းများပိုမြန်လာခဲ့သည်။
သို့ပေမဲ့ သူမတံခါးနားရောက်ချိန်တွင် တစ်စုံတစ်ယောက် အထဲမှာရောက်နေကြောင်းတွေလိုက်ရ၏။ ထိုသူက... ညှို့အားကောင်းစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်...
သူမ ဘရိတ်ကို ဆောင့်နင်းကာ အရုပ်ကြိုးပြတ်ရပ်လိုက်ပြီး နားစွင့်နေလေသည်။
ဒီမှာပဲ...
ဂန္တဝင်ဒရာမာက ဒီမှာပဲ...
"CEOဝမ် ရှင့်ရဲ့အရင်တစ်ခေါက်တုန်းက အပြုအမူက ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေကို အင်မတန် မကျေမနပ်ဖြစ်စေတယ်...ရှင်က မစ္စချီကို အရမ်း ဂရုစိုက်လွန်းနေတယ်...သူ့ကို ကုမ္ပဏီခေါ်မလာဖို့နဲ့ ရုံးခန်းကို မသက်ရောက်စေဖို့ အကြောင်းပြချက်တွေကပိုများနေတာ...ယွီတင်းကို ရှင်တည်ထောင်ခဲ့တာပါ...ဒါပေမဲ့ ဟိုးထိပ်ဆုံးကနေ အောက်ခြေ ဝန်ထမ်းတွေအများကြီး အထိ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေက ရှင့်ကို စောင့်ကြည့်နေကြတာ...ရှင်မလုပ်သင့်....."
ထိုအမျိုးသမီးတွင် သာယာနာပျော်ဖွယ်အသံလေးရှိပြီး သူမအသံကို နားထောင်ရုံ၊သူမ နောက်ကျောကို ကြည့်ရုံဖြင့် အလှလေးတစ်ပါးမှန်းသိနိုင်လေသည်။
ချီကျန်းကျန်း နားစွင့်ကာ ဆက်နားထောင်နေ၏။ တီဗွီဇာတ်လမ်းတွဲတွေထဲမှာ ဤအခြေအနေမျိုးတွင် အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်၏စကားကို ဆုံးအောင်နားမထောင်သည့်အတွက် သူတို့နှစ်ဦးအတွက် နားလည်မှုလွဲဖို့ရာ လွယ်ကူလေသည်။
သူမ အကုန်လုံး ပြီးအောင် နားထောင်ရမယ်...
ဝမ်ယွီက တစ်ဖက်လူစကားကိုဆုံးအောင်တောင် နားမထောင်ဘဲ သူမကိုဖြတ်ပြောလိုက်မည်ဟု မည်သူထင်ပါလိမ့်မလဲ။
"အဲ့ဒါ မင်းနဲ့ဘာဆိုင်လဲ"
"CEOဝမ် ...တို့က ရှင့်ကို စိတ်ပူလို့ပါ...တို့....."
ဝမ်ယွီ၏မျက်နှာက အမူအရာကင်းမဲ့လျက်ရှိပြီး လက်လှမ်း၍ ဖုန်းကိုကောက်ကိုင်ကာ ခေါ်လိုက်၏။
"လာ...လက်ထောက်မန်နေဂျာဝူနဲ့ နှုတ်ထွက်စာတင်လိုက်"
ချီကျန်းကျန်း: "... "
လက်ထောက်မန်နေဂျာဝူ မျက်လုံးပြူးသွားသည်။
"CEOဝမ်... ဘာလို့ တို့ကို အလုပ်ထုတ်နေတာလဲ..."
ဝမ်ယွီ:"ဘော့စ်ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေအပေါ်မှာ အာရုံစိုက်နေတဲ့သူက တစ်နေလုံး အလုပ်ကို စိတ်ပါလက်ပါလုပ်နိုင်မယ်လို့ ငါမထင်ဘူး"
"တို့မဟုတ်...CEOဝမ်...တို့ရှင့်အတွက် တွေးပေးနေတာပါ... အဲ့ဒါကြောင့်မို့ ဘုတ်အဖွဲ့ဝင်တွေ ရှင့်ကို မကျေမနပ်ဖြစ်နေတယ်လို့ ကြားတာနဲ့... တို့တန်းလာပြီး ရှင့်ကိုအကြောင်းကြားတာ...တို့ ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းလုပ်နိုင်ပါတယ်...တို့....."
ဝမ်ယွီ သူမကို ထပ်ပြီးဖြတ်ပြောလိုက်ပြန်၏။
"ထွက်သွား "
လက်ထောက်မန်နေဂျာဝူ ပါးစပ်ပိတ်လိုက်ရပြီး စကားတစ်ခွန်းမှ မပြောရဲတော့။
မကြာမီ HRဌာနကလူများ ရောက်လာပြီး လက်ထောက်မန်နေဂျာဝူကို ခေါ်ထုတ်သွားကြကာ ချီကျန်းကျန်းကတော့ တံခါးဝမှာ မတ်တပ်ရပ်နေဆဲပင်။
ဝမ်ယွီ၏ အသံကရယ်သံစွက်နေခဲ့သည်။
"ဘယ်လောက်ကြာအောင် ရပ်ချင်နေတာလဲကွာ...အပြင်မှာမအေးဘူးလား"
ချီကျန်းကျန်း သူမနှာခေါင်းကို ထိကာ အထဲဝင်လိုက်၏။
"မအေးပါဘူးနော်..."
ဝမ်ယွီ သူမကို ရင်ခွင်ထဲ ဆွဲသွင်း၍ ပွေ့ဖက်ကာ ထိုင်ချလိုက်ပြီး သူမခေါင်းလေးကို ကျေနပ်သည့်အမူအရာဖြင့် ပွတ်သပ်နေလေသည်။
သူအနေဖြင့် သူမလေးကို အချိန်တစ်ခုလောက် မမြင်ရသည်ဖြစ်ရာ အမှန်ကို စိတ်ပူမိပါ၏။
ချီကျန်းကျန်း သူ့အား ရှုပ်ထွေးသည့်(နားမလည်နိုင်) အမူအရာဖြင့်ချောင်းကြည့်လိုက်သည်။
ဝမ်ယွီ :"ဘာဖြစ်လို့လဲ "
ချီကျန်းကျန်း မချုပ်တည်းနိုင်ဘဲ အဆုံးတွင် သူမပြောလိုက်၏။
"ရှင် သူ့ကို သူရဲ့အကြံပြုချက်လေးကြောင့်နဲ့ပဲ အလုပ်ဖြုတ်လိုက်တာလား...သိပ်မကောင်းဘူးလားလို့"
ဝမ်ယွီ မနေနိုင်ဘဲ ရယ်လိုက်မိပြီး လက်မြှောက်ကာ သူမ၏နှာသီးဖျားလေးကို ထိကာ အပြုံးတစ်ပွင့်နှင့် ဆိုလိုက်လေသည်။
"ကိုယ် သူ့ကို ဒီအတွက်နဲ့ အလုပ်ထုတ်ပစ်ခဲ့တာမဟုတ်ပါဘူး...သူ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေကို ဆက်တိုက် ထည့်ပြောနေတာ မင်းကြားလိုက်တယ်မလား...သူက ဒါရိုက်တာဝူ ရဲ့သမီးလေ...ကုမ္ပဏီမှာ အလုပ်သွင်းထားတာ"
ပြောနေရင်း သူ့မျက်လုံးများ အေးစက်လာခဲ့သည်။
"သူတို့ ဆက်ငြိမ်နေရင် ကိုယ်သူတို့ကို ဘာမှလုပ်မှာမဟုတ်ဘူး...ဒါပေမဲ့ တစ်ခါတုန်းက ကိုယ်ကုမ္ပဏီမလာတော့...သူတို့က အဲ့ဒီ ကနေ အမြတ်ထုတ်ဖို့ကြိုးစားရင်း ပြာယာခတ်နေတာလေ...အခု ကိုယ်ပြန်ရောက်ပြီဆိုတော့...သဘာဝအတိုင်း သူတို့ကို ရှင်းလင်းပစ်ရတော့မှာပေါ့...ဒီနေ့အဖြစ်အပျက်မရှိရင်တောင်...ကိုယ်သူ့ကို မနက်ဖြန်ကျရင် အလုပ်ဖြုတ်မှာပါ"
ဤသူသည် ဒါရိုက်တာဝူ၏သမီးဖြစ်ပြီး ပျားရည်ထောင်ချောက်ဆင်၍ ဝမ်ယွီနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ကြံစည်ကာ ဒါရိုက်တာဝူက အလုပ်သွင်းပေးထားခြင်းလည်း ဖြစ်၏။
ပျမ်းမျှ လုပ်ပိုင်ခွင့်နှင့် ဝမ်ယွီက ဒါရိုက်တာဝူကို မျက်နှာသာတချို့ပေးဖို့ ဆန္ဒရှိသော်လည်း ယခုမူ မလုပ်နိုင်တော့ချေ။
"သူက ဒါရိုက်တာဝူရဲ့သမီးဆိုတော့... သူ့ကိုအလုပ်ထုတ်တာက အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ် "
ဝမ်ယီက ပြုံးကာဆိုသည်။
"ကနဦး စတင်တည်ထောင်မှုအတွက် ပံ့ပိုးပေးတာကလွဲရင်...ယွီတင်း ဖွံ့ဖြိုးလာပြီးတဲ့နောက်မှာ သူတို့နဲ့ နည်းနည်းပဲဆိုင်တော့တာ...ယွီတင်းက သူတို့ကို လုံလုံလောက်လောက် ပြန်ပေးဆပ်ပြီးပြီ...သူတို့မှာ ရှယ်ယာအများကြီးမရှိဘူး...အခုသူတို့က ကိုယ့်အပေါ်မှာ မှီခိုနေရတဲ့သူတွေချည်းပဲ...သူတို့သာ ရိုးသားရင် ကိုယ်က မြစ်ကိုကူးပြီးဖောင်ဖျက်မှာမဟုတ်ဘူး...သူတို့မရိုးသားရင် ကိုယ်လည်းအရေးယူရလိမ့်မယ်"
"အို...အိုး..."
ချီကျန်းကျန်း မှိုင်းတိုင်းတိုင်းနှင့် သူ့ကိုကြည့်ကာ တုန့်ပြန်လိုက်၏။
"ဘာဖြစ်လို့လဲ "
ဝမ်ယွီက သူ့ခေါင်းကို သူမ၏ပခုံးထက်တွင် မှီကာ သူမ၏နားထဲသို့ နူးညံ့စွာမေးလာခဲ့သည်။
ချီကျန်းကျန်း၏ နားရွက်လေးများ လှုပ်ရွသွားခဲ့ပြီး သူမသက်ပြင်းချလိုက်၏။
"ဘာမှမဟုတ်ပါဘူး ...ဒီတိုင်း...ကျွန်မတွေးထားတာနဲ့ တက်တက်စင်အောင်လွဲနေလို့ပါ"
ယွီတင်းတခွင်လုံး၏တုံ့ပြန်မှုက သူမကိုပြောပြ နေခဲ့သည်။
ဘယ်ကမှန်းမသိ ထွက်လာပြီး ကုမ္ပဏီထဲကို အတွင်းရေးမှူးတစ်ယောက်အနေဖြင့် ဝင်ခဲ့ခြင်းကြောင့် အနိုင်ကျင့်ခံနေရပြီး ၎င်းနောက် ဝမ်ယွီထံမှ"ဒါက ငါ့အမျိုးသမီးပဲ...ဟမ့်...သူမကိုအနိုင်ကျင့်ဖို့ မင်းတို့ကို ဘယ်သူကများ သတ္တိတွေပေးထားတာလဲ"ဟူသော စကားကို ကြားရမည်....ဤစာကြောင်းကား...မဖြစ်နိုင်ကြောင်းကိုပင်:)
ဝမ်ယွီက နားမလည်ပါဘဲ သူမကိုဆုပ်ကိုင်ထားသည့်လက်ကိုသာ တင်းကြပ်လိုက်ပြီး သူ့မျက်နှာကို ဘေးစောင်းလိုက်ချိန််တွင် သူ၏နှုတ်ခမ်းပါးများက သူမ၏ပါးပြင်ကို လျှပ်တိုက်သွားခဲ့၏။
သူက အသံတိုးတိုးဖြင့် သူမ၏နားထဲသို့ တစ်ခုခုပြောလိုက်လေသည်။
ရုတ်တရက် ခံစားချက်တွေအကုန်လုံး ပျောက်ကွယ်သွားပြီး ချီကျန်းကျန်း၏ မျက်လုံးများပြူးကျယ်လာကာ သူမ၏မျက်နှာ "ဖြန်း"
ခနဲမြည်အောင် နီမြန်းသွားခဲ့၏။
xxxxxx