Chapter 4
Viewers 377

📽️Chapter 4

သူ့ကိုရိုက်ပစ်ချင်တယ်



ရန်ရှူက စန့်ရှန်းထံသို့ ဆက်လက်အာရုံစိုက်နေခြင်းမရှိဘဲ ခန်းမဆီသို့ လျှောက်သွားလိုက်သည်။


ထိုအချိန် စုတျန့်တျန့်နှင့် စုတျန့်တျန့်၏ အစ်ကိုထံမှအသံကို သူ ဝိုးတဝါးကြားလိုက်ရလေသည်။


စုတျန့်တျန့်၏ "ညီအစ်ကိုကောင်း" ဖြစ်သူမှာ ဟူရုံချီဟုအမည်ရပြီး ယခုနှစ်တွင် သုံးဆယ့်ခုနစ်နှစ်ပြည့်ပြီးပြီဖြစ်ကာ လက်ရှိ ဖျော်ဖြေရေးနယ်ပယ်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးသော ဝါရင့်တစ်ယောက်ဟုဆိုနိုင်သည်။


အစပိုင်းတွင် ထိုသူက ပရိုဂျူဆာတစ်ဦးအနေဖြင့် စတင်ခဲ့သော်လည်း လက်ရှိတွင် ကုမ္ပဏီတွင်းသို့ ခြေချနိုင်ခဲ့ပြီဖြစ်လေရာ သူ့ထံတွင်လည်း နည်းလမ်းအချို့ ရှိနေနိုင်သည်။


“ လူကြီးမင်းစန့် ဒါကစုတျန့်တျန့်ပါ… ကျွန်တော်တို့ကုမ္ပဏီရဲ့ နာမည်အကြီးဆုံးအနုပညာရှင်ပေါ့...”

ဟူရုံချီမှ စန့်ရှန်းထံ အလွန်ယဉ်ကျေးသောအမူအရာဖြင့် မိတ်ဆက်လိုက်သည်။


စုတျန့်တျန့်၏အပြုံးမှာ ထိုအချိန်တွင် ထိန်းမနိုင်သိမ်းမရဖြစ်နေခဲ့ပြီး သူ၏မျက်လုံးထဲတွင် အမူအကျင့်ကောင်းများကို ဖော်ထုတ်ပြရန် အကောင်းဆုံးကြိုးပမ်းလိုက်ပြီး “ မင်္ဂလာပါ လူကြီးမင်းစန့်…” ဟုလက်ဆန့်၍ နှုတ်ဆက်လိုက်သည်။


စန့်ရှန်းမှာမူ ပြန်၍လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိချေ။ ထိုအစား “အိုး” ဟုသာ အေးစက်စက်တုံ့ပြန်ခဲ့သည်။


စုတျန့်တျန့်လည်း သူကိုယ်သူဆက်လက်ရယ်စရာကောင်းအောင် မလုပ်နိုင်တော့သဖြင့် လက်ကိုသာ ရှက်ရွံ့စွာပြန်ရုတ်လိုက်ရသည်။


ဟူရုံချီ မလှမ်းမကမ်းမှ ရန်ရှူကိုတွေ့လိုက်ရသောကြောင့် ချက်ချင်းပင်လှမ်းခေါ်လိုက်သည်။

“ ရန်ရှူ ဒါကလူကြီးမင်းစန့်လေ… ငါတို့ရဲ့ ဘော့စ်အသစ်ပဲ…”


ရန်ရှူ ဒေါသများကိုဖိနှိပ်ကာ ဟူရုံချီကိုမျက်နှာသာပေးလိုက်ရသည်။ အဆုံး၌ ယခင်အချိန်များတွင် ထိုသူက သူ့အား အမှန်တကယ်လေးလေးနက်နက် ပျိုးထောင်ပေးခဲ့ဖူးပေသည်။


လက်ရှိတွင် ဟူရုံချီ စုတျန့်တျန့်ကိုကာကွယ်ပေးနေသည်မှာ အမှန်ဖြစ်သော်လည်း ရန်ရှူနှင့်ဟူရုံချီတို့မှာ အချင်းချင်းတရားဝင်မျက်နှာဖုံးများ မခွာချရသေးသည်ဖြစ်ရာ သူတို့၏အလင်းဘက်ခြမ်းကို ဆက်လက်ထိန်းသိမ်းထားရပေဦးမည်။


ရန်ရှူ ပြန်လှည့်လျှောက်လာခဲ့ပြီး စန့်ရှန်း၏အရှေ့တွင် တမင်ရည်ရွယ်၍မျက်နှာလွှဲကာ နှုတ်ဆက်လိုက်သည်။

“ မင်္ဂလာပါ ရန်ရှူပါ...”


စန့်ရှန်းမှ မျက်လုံးအောက်နှိမ့်ကာ သူ့ထံကြည့်လာသော်လည်း သူ၏အပြုအမူအပေါ်  မည်သည့်တုံ့ပြန်မှုမျှမပေးလာခဲ့ချေ။ သူ့လက်ကိုသာ ရန်ရှူ၏အရှေ့သို့ ဆန့်ထုတ်လာသည်။

“ မင်္ဂလာပါ…”


ရန်ရှူ စန့်ရှန်း၏လက်ကို ရွံ့ရှာမုန်းတီးစွာ စိုက်ကြည့်နေမိသည်။ ယခင်အချိန်များမှ အလင်းဖျော့ဖျော့အောက်တွင် ထိုလက်ဖြင့် ပွတ်သပ်ခံခဲ့ရခြင်းများမှာ သူ၏စိတ်ထဲသို့ဝင်လာသည့်ပုံပင်။


ထိုလက်ဖြင့် သူအိပ်ရာပေါ်သို့ မည်မျှဆွဲတင်ခံခဲ့ရကြောင်းကို နတ်ဘုရားများသာသိ‌နိုင်ပေလိမ့်မည်။


အနှီလူမှ သူ့ကို အိပ်ရာတွင်ဖိထားပြီး ငိုကြွေးစေခဲ့သည်။


ရန်ရှူ ခဏကြာတုန့်ဆိုင်းနေခဲ့ပြီးနောက် စန့်ရှန်း၏လက်ချောင်းထိပ်ကိုသာ ထိကိုင်လိုက်သည်။ ထို့နောက် “ ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်…” ဟုသာပြောလိုက်ရသည်။


သူတို့၏လက်များမှာ အကြမ်းဖျင်းသာ ထိတွေ့သွားခဲ့ကြပြီး တစ်ဖက်လူ၏လက်ချောင်းထိပ်မှ အပူချိန်ကိုပင် ရန်ရှူမခံစားလိုက်ရပေ။


သာမန်ဆန်သောလက်ဆွဲနှုတ်ဆက်မှုအပြီးတွင် ရန်ရှူ လှည့်ကာပြန်ထွက်သွားလိုက်သည်။


စုတျန့်တျန့်မှာမူ စန့်ရှန်း၏ ခွဲခြားဆက်ဆံမှုကိုကြည့်ကာ မနေနိုင်ဘဲ ကြောင်အနေမိသည်။ စန့်ရှန်းထံသို့ အကြိမ်ရေအနည်းငယ်ခန့်မျှလှမ်းကြည့်မိလိုက်သော်လည်း ပိုင်ရှင်အသစ်ကို စော်ကားမိမည်စိုးသောကြောင့် အကြည့်ကိုသာ ပြန်လွှဲလိုက်ရသည်။


“ အတူသွားရအောင်…”

စန့်ရှန်းမှ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသည့် စပီကာကဲ့သို့အသံဖြင့်ပြောလာသည်။


ရန်ရှူ နှုတ်ခမ်းသာစူမိလိုက်သည်။ 

ဒီခွေးကောင်ကတော့ နှစ်နှစ်သာကြာသွားတယ်… အခုထိ သည်းခံနိုင်စရာကို မရှိသေးဘူး…


ရည်းစားဟောင်းတွေဆိုတာက သေနေသလို တိတ်ဆိတ်နေရင် အကောင်းဆုံးမဟုတ်ဘူးလား…


သို့သော်လည်း သူ လမ်းလျှောက်လာစဉ်အတွင်း စန့်ရှန်းနှင့်ဟူရုံချီတို့ ခန်းမဆီသို့အတူလျှောက်နေကြသည်ကိုသာ မြင်လိုက်ရပြီး သူနှင့်အတူ မသွားခဲ့ကြပေ။


ထိုအချိန်၌ စုတျန့်တျန့်မှာမူ ဤအချက်ကြောင့် စိတ်သက်သာရာရသွားခဲ့သည်။ ပိုင်ရှင်အသစ်မှာ သူ့အား အစ်ကိုဟူ၏အဖော်ထင်နေသောကြောင့် သတိထားနေသည်သာဖြစ်နိုင်ပြီး အစ်ကိုဟူ့အပေါ် လေးစားသည့်အတွက် လက်ဆွဲမနှုတ်ဆက်ခြင်းဖြစ်ရမည်ဟု တွေးနေခဲ့သည်။


ရန်ရှူကို ဖြတ်ကျော်သွားချိန် စုတျန့်တျန့် ခေါင်းစောင်းကာ ရန်ရှူထံ လှောင်ပြောင်သည့်အပြုံးတစ်ခု ပေးလိုက်သည်။


သူတို့ထွက်သွားသည်ကို ကြည့်နေသည့်ရန်ရှူ : “....”


ပါတီမှာကုမ္ပဏီအတွင်းရှိ ခန်းမထဲတွင် ကျင်းပနေခြင်းဖြစ်သည်။


ရန်ရှူ ထောင့်တစ်နေရာတွင်ထိုင်ကာ စန့်ရှန်း၊ ဟူရုံချီနှင့်အခြားသူများ ထိုင်လျက် စကားပြောနေသည်ကို ကြည့်နေခဲ့သည်။


အစ်ကိုလျို့သည်လည်း ရန်ရှူအတွက် တစ်ခုခုရလာရန် ကူညီပေးချင်နေသကဲ့သို့ ထိုလူအုပ်ထဲတွင် ဝင်ဆန့်နိုင်ရန် ခက်ခက်ခဲခဲကြိုးပမ်းနေသည်။


လက်ရှိအချိန်တွင် ဝင်ခွင့်ဖြေဆိုမှုအကြီးစားတစ်ခုကဲ့သို့ပင် ကုမ္ပဏီမှအနုပညာရှင်များမှာ သူတို့၏သူဌေးအသစ်ကို ပြသရန်အတွက် စင်ပေါ်တွင် အစဉ်လိုက်ဖျော်ဖြေပေးကြရမည်ဖြစ်သည်။


ရန်ရှူ မနေနိုင်ဘဲ အပြစ်ပြောလိုက်မိသည်။

“ ဒီအတိုင်းသာဆို နိုက်ကလပ် ဖြစ်လာတော့မှာမဟုတ်ဘူးလား…”


ရန်ရှူ မျက်ခုံးကိုပွတ်ကာ ရှောင်ထွက်သွားရန် ပြင်လိုက်မိသည်။


သူသာ စန့်ရှန်းအတွက် ကပြသီဆိုပေးရမည်ဆိုပါက နေရာမှာပင် ဒေါသအထွက်လွန်ပြီး သေသွားနိုင်သည်။


ဘေးဘီဝဲယာကိုကြည့်ကာ ထရပ်မည်အပြုတွင် ဟူရုံချီ၏လှမ်းခေါ်လာသံကို ကြားလိုက်ရသည်။

“ ရန်ရှူ သီချင်းကောင်းလေးများ မရှိဘူးလား…”


ရန်ရှူ၏နှုတ်ခမ်းများ မလှုပ်သွားခင်မှာပင် စန့်ရှန်းမှထပြောလာသည်။

“ သူ့ကိုအရင်က မြင်ဖူးပြီးသားပါ…”


ဆိုလိုရင်းမှာ ရန်ရှူက အနုပညာရှင်ဟောင်းတစ်ဦးဖြစ်သောကြောင့် စန့်ရှန်း ရန်ရှူ၏ရှိုးကို ယခင်အချိန်များကတည်းက ကြည့်ဖူးခဲ့သည်ရာ လက်ရှိတွင်ကြည့်ရန် မလိုတော့ပေ။


အစ်ကိုလျို့မှာမူ ရန်ရှူအတွက် မျှော်လင့်ချက်ရောင်ခြည်အသစ်လေးကို ရှာတွေ့သွားသည့်အလား အလွန်ပင်ပျော်ရွှင်သွားကာ မေးလာခဲ့သည်။

“ လူကြီးမင်း ဒီကုမ္ပဏီကိုဝင်ခဲ့တာ ရန်ရှူကြောင့်များလား…”


စန့်ရှန်း ပြန်မဖြေခဲ့သော်လည်း ငြင်းပယ်ခြင်းမရှိဘဲ အသာအယာ ပြုံးနေခဲ့သည်။


ဤမျှနှင့်ပင် အစ်ကိုလျို့အတွက် အားပေးမှုကောင်းတစ်ခုဖြစ်သွားခဲ့ကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် စန့်ရှန်းနှင့်စကားဆက်ပြောနေလိုက်သည်။


အစ်ကိုလျို့၏ပေါ်လာမှုမှာ မလှမ်းမကမ်းမှ စုတျန့်တျန့်ကို မပျော်မရွှင်ဖြစ်သွားစေကာ ဟူရုံချီသည်လည်း သူ့အတွက် အာရုံစိုက်မှုယူလာပေးရန် မျှော်လင့်နေမိသည်။


အနီးတစ်ဝိုက်မှလူများမှာမူ စူးစမ်းနေခြင်းများကို ကပျာကယာပြန်ရုတ်သွားကြပြီး ရန်ရှူထံအာရုံစိုက်နေခြင်းကို ရပ်တန့်လိုက်သည်။


ရန်ရှူသည်လည်း ထွက်မသွားခဲ့ပေ။ ထောင့်တစ်ထောင့်တွင်သာ ထပ်မံ၍ ပြန်ထိုင်ချလိုက်ပြီး လက်ထဲမှ ဝိုင်နီတစ်ငုံသောက်ကာ ပြန်ချထားလိုက်သည်။


သောက်ရခက်လိုက်တာ…


သူ၏ပါးစပ်မှာ လွန်ခဲ့သောနှစ်များအတွင်း စန့်ရှန်းအလိုလိုက်ထားပေးမှုကြောင့် အသားကျနေခဲ့ပြိီဖြစ်သည်။


ရန်ရှူ ပထမဦးဆုံးပွဲဦးထွက်စဉ်အခါက အသက်နှစ်ဆယ့်ခုနစ်တွင် ပင်စင်စားအနုပညာရှင်တစ်ဦးဖြစ်လာမည်ဟု တစ်ခါလေးမှ ‌တွေးထင်မိခဲ့ခြင်းမရှိပေ။


လက်ရှိတွင် ရသစုံရှိုးတစ်ခု၏ ပင်တိုင်အဖွဲ့တစ်ဦး ဖြစ်နေသည်မှလွဲ၍ သူ့ထံတွင် အခြားအလုပ်များ မရှိနေပေ။


ယနေ့မှာမူ အနည်းငယ်ထူးခြားနေသည်။ သူ ထရပ်လိုက်ပြီးသည်နှင့် အစ်ကိုလျို့ထံမှ ကုမ္ပဏီ၏သီးသန့်လေ့ကျင့်ရေးဆင်းရန် ပြောလာသောစာကို ရလိုက်သည်။


ရန်ရှူ မည်သည့်အတွက် လေ့ကျင့်ရေးဆင်းရန် လိုအပ်သည်ကို မသိပေ။


သရုပ်ဆောင်ပိုင်း၊ အဆိုပိုင်းနှင့် အကပိုင်းတွင် ရန်ရှူမှာ အမြင့်တစ်နေရာသို့ရောက်နေပြီဖြစ်သောကြောင့် သူ့အားသင်ပေးနိုင်မည့် ဆရာများများစားစားမကျန်တော့ချေ။ လက်ရှိအချိန်တွင် ကုမ္ပဏီမှ သူ့အတွက် ထိပ်တန်းဆရာများ ငှားရမ်းပေးမည်မဟုတ်ရာ ရလဒ်အနေဖြင့် ရန်ရှူ လေ့ကျင့်ရေးအခန်းတွင်သာ တစ်ဦးတည်း‌မကြာခဏလေ့ကျင့်ရလေ့ရှိသည်။


သူ၏အမူအရာထိန်းချုပ်ပုံကိုပင် အကြိမ်ထောင်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးပြီဖြစ်သည်။ လက်ရှိရန်ရှူမှာ လူအများအား ဆဲဆိုနေခြင်းမျိုးမရှိတော့ချေ။ လှောင်ပြောင်ချင်သည့်အချိန်၌ သူ၏နှုတ်ခမ်းထောင့်လေးသည်သာ တည်တည်ငြိမ်ငြိမ်နှင့် ကျက်သရေရှိစွာ ကော့တက်သွားပေလိမ့်မည်။


ကံမကောင်းစွာဖြင့် သူမည်မျှပင်မေးနေပါစေ အစ်ကိုလျို့မှာ လေ့ကျင့်ရေးတွင်ပါဝင်သည့်အရာကို မပြောပြခဲ့ပေ။


ထိုသူ၏အသံမှာ အလွန်ရိုးသားနေခဲ့ကာ ကုမ္ပဏီသို့လာရန် သူ့ကိုတောင်းဆိုနေသည်။


ရန်ရှူ အဝတ်စားလဲလိုက်ပြီး နှာခေါင်းစည်းတပ်ကာ ဓာတ်လှေကားဖြင့် မြေအောက်ကားပါကင်ရှိရာသို့ ထွက်လာခဲ့လိုက်သည်။ လက်ထောက်မှာမူ ကားစက်နှိုးထားပြီး သူ့ကိုစောင့်‌ဆိုင်းနေခဲ့သည်။


ကားထဲသို့ဝင်လိုက်ပြီးနောက် ရန်ရှူ ခုံအနောက်သို့ပျင်းတိပျင်းရွဲ့ဖြင့်မှီကာ ဖုန်းထုတ်၍ အချိန်ခဏမျှ ပွတ်နေလိုက်သည်။


ပွက်လောရိုက်နေခြင်းမှာ ယခုအချိန်၌အနည်းငယ်ငြိမ်သက်သွားသည့်ပုံပင်။


ကုမ္ပဏီ‌သို့ရောက်သည်နှင့် အစ်ကိုလျို့မှ သူ့ကိုမြင်ပြီး ကျိုးနွံစွာပြုံးပြလာသည်။ ရန်ရှူ လက်နက်များကို နေရာတိုင်းတွင် စတင်ရှာဖွေလိုက်တော့သည်။


အစ်ကိုလျို့ ဤသို့ဖြစ်နေသည့်အချိန်တိုင်း နောက်လာမည့်အပိုင်းမှာ ကောင်းသောအရာဖြစ်မည်မဟုတ်ဟု ဆိုလိုနေခြင်းပင်။ လက်ရှိတွင် ရန်ရှူ သူဒေါသထွက်လာချိန်တိုင်း ဝှေ့ယမ်းပစ်ရန် လက်နက်တစ်ခုခုကို ရှာရမည်ဖြစ်သည်။


ရန်ရှူ၏ဘဝနေထိုင်နည်းစနစ် : ငါမပျော်ရဘူးဆိုရင် ဘယ်သူမှမပျော်ရဘူး…


မီးအိမ်ကိုကောက်ယူတော့မည့် ရန်ရှူ၏လက်ကို အစ်ကိုလျို့က ကပျာကယာဆွဲထားလိုက်ရပြီး ပြုံးကာ ချော့မောပြောလိုက်သည်။

“ နှစ်နာရီပါပဲ…နှစ်နာရီလေးထဲပါ…”


“ နှစ်နာရီဆိုတာ ဘာကိုဆိုလိုတာလဲ…”


“ လူကြီးမင်းစန့် မင်းအတွက်စီစဉ်ပေးထားတဲ့ လေ့ကျင့်ရေးကို နှစ်နာရီလေးပဲ လုပ်ပေးဖို့လိုတာပါ… ကောင်းကောင်းဖျော်ဖြေပေးနိုင်နေသရွေ့ မင်းပြောင်းပြန်လှန်နိုင်မှာလေ…”


စန့်ရှန်း အဲ့ဒီခွေးကောင်က လေ့ကျင့်ရေးစီစဉ်ဖို့ ဖိအားပေးထားတာလား…


အိပ်ရာပေါကို အခြေခံထားတဲ့ ရေဒီယိုကျွမ်းဘားပိုစ့် စုစည်းမှုအစုံလိုက်များဖြစ်နေမလား… အခုဆိုရင် စန့်ရှန်းငါ့ကို နှစ်တွေအများကြီးလေ့ကျင့်ပေးထားတဲ့ကျေးဇူးနဲ့ ရန်ရှူရဲ့အကမှာ ပျော့ပြောင်းနိုင်ခြင်းက အရမ်းကိုကောင်းနေခဲ့ပြီလေ…


ရန်ရှူ ပါးစပ်ဟကာ တစ်စုံတစ်ရာပြောမည်ပြုလိုက်သော်လည်း အစ်ကိုလျို့မှာ လွန်ခဲ့သည့်လေးနှစ်တွင် သူပေးထားသည့်ကုတ်အင်္ကျီဝတ်ထားသည်ကို မြင်လိုက်ရချိန်၌ ရန်ရှူ ချက်ချင်းဆိုသလို စိတ်ပျော့သွားခဲ့သည်။


သူ လတ်တလောတွင် အကျပိုင်းသို့ရောက်နေပေရာ အစ်ကိုလျို့၏ဝင်ငွေသည်လည်း ကျဆင်းနေရသည်။ ထို့အပြင် အစ်ကို့လျို့တွင် ကျွေးမွေးရန် အမြွာလေးရှိနေခဲ့ရာ ပုံမှန်အားဖြင့် ထုတ်မပြောနိုင်သည့်တိုင် ဘဝဖိအားများရှိနေကြောင်း ရန်ရှူမြင်နိုင်သည်။


ဒီလို စိတ်ပိုင်းဆိုင်ရာကဒ်ကိုတောင် သုံးပစ်တယ်ပေါ့လေ…


ကြားဖြတ်အနေဖြင့် စုတျန့်တျန့်မှ ကုမ္ပဏီသို့ လမ်းလျှောက်ဝင်လာခဲ့သည်။ ရန်ရှူနှင့် အစ်ကိုလျို့တို့ကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် အော်ရယ်လာသည်။

“ စီနီယာ ဘယ်လိုလုပ်ပြီး ကုမ္ပဏီမှာ မီးပြင်ပေးတဲ့ဘဝနဲ့အဆုံးသတ်သွားရတာလဲ…”


ရန်ရှူ ပြန်လှည့်ကြည့်လိုက်ပြီး ပြုံးကာပြောလိုက်သည်။

“ မင်း လာနေဝာာ မမြင်လိုက်ဘူးပဲ…ငါက မင်းလာတဲ့လမ်းမှာ မီးထွန်းပေးဖို့ မီးလိုက်ရှာနေတာ … ဒါမှမိုးခြိမ်းလာရင် မင်းကိုတည့်တည့်ပစ်ချပေးမှာပေါ့…”


စုတျန့်တျန့်မှ မှင်သေသေဖြင့်ကြည့်ကာ ပြောလာသည်။

“ အားနာလိုက်တာ ကုမ္ပဏီရဲ့ပိုင်ရှင်အသစ်ကလေ ကျွန်တော့်ကိုတစ်ယောက်တည်းသီးသန့်တွေ့ပြီး အနာဂတ်အတွက်အစီအစဉ်တွေပြောချင်တယ်တဲ့…ကြားရသလောက်ဆိုရင် စီနီယာ့ကိုတော့ ခေါ်တွေ့ဖို့အကြံမရှိဘူးပဲ… လေ့ကျင့်ရေးတောင် စီစဉ်ပေးထားတယ်ဆို… ကောင်းကောင်းလေ့လာနော် စီနီယာ…”


“ မင်းလည်းပဲ သူနဲ့ကောင်းကောင်းစကားပြောခဲ့နော်…မင်းရဲ့ရိုးရှင်းတဲ့ဘဝလေးက တကယ်ပဲကောင်းကောင်းစီမံပေးဖို့လိုတယ်လေ…”


စုတျန့်တျန့် ထပ်မံ၍ပြောစရာစကားများ ပျောက်ရှသွားရပြီး ရန်ရှူ၏စကားတွင် အခြားအဓိပ္ပါယ်ရှိနေမည်လားဆိုသည်ကို ခက်ခက်ခဲခဲစဉ်းစားနေမိသည်။


ကြည့်ရတာ တခြားအဓိပ္ပါယ်တော့ မရှိဘူးမလား…


ဒါမှမဟုတ် ငါပဲ အဖြေမဖော်နိုင်သေးတာလား…


မည်သို့ပင်ဆိုစေကာမူ ရန်ရှူက စုတျန့်တျန့်၏စကားများထဲမှ ယခုအချိန်တွင် စန့်ရှန်းကုမ္ပဏီတွင် ရှိနေကြောင်းသိလိုက်ရသဖြင့် အာရုံပြောင်းသွားခဲ့သည်။


အစ်ကိုလျို့အား အရှက်ရအောင်မလုပ်သင့်ဘဲ စန့်ရှန်းစီသို့သာ တိုက်ရိုက်သွားသည်ဟု ရန်ရှူခံစားလိုက်ရသည်။


သို့မှသာ ထိုသူကို သူမီးအိမ်ဖြင့် သေသည်အထိ လွှဲရိုက်နိုင်ပေမည်။


စုတျန့်တျန့်ထွက်သွားပြီးနောက် ရန်ရှူထိုနေရာတွင် ခဏကြာရပ်နေခဲ့ကာ အဆုံး၌စိတ်လျော့လိုက်သည်။ မျက်နှာသေဖြင့် မီးအိမ်ကိုပြန်ချကာ အစ်ကိုလျို့၏အနောက်မှလိုက်၍ လေ့ကျင့်ရေးခန်းသို့ သွားလိုက်သည်။


အထဲသို့ဝင်လာခဲ့သော်လည်း ရန်ရှူ တွေးထင်ထားသည့်ပုံရိပ်မျိုးမဟုတ်နေခဲ့ပေ။


အခန်းထဲတွင်ထိုင်နေသူမှာ ပိန်ပါးသောခန္ဓာကိုယ်နှင့် မျက်နှာပေါ်တွင် ဂန္ဓာပန်းကဲ့သို့ အရေးအကြောင်းများရှိနေသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးသာဖြစ်သည်။ တံခါးပွင့်လာသည့်အသံကို ကြားလိုက်သည်နှင့် ထိုသူမှာ သူ၏အဝတ်များကို စိတ်လှုပ်ရှားစွာပြန်လည်ပြင်‌ဆင်နေသည်။ ရန်ရှူ အထဲသို့ဝင်လာပြီးနောက် ထိုအမျိုးသားမှာ နဖူးပေါ်မှာချွေးများကို အမြန်သုတ်လိုက်သည်ကို မြင်လိုက်ရကာ သူ့ထက်ပင်စိတ်လှုပ်ရှားသည့်ပုံပေါ်နေခဲ့သည်။


ရန်ရှူ အံ့ဩသွားရသည်။ သို့သော်လည်း သူ၏စိတ်အခြေအနေကို ထိန်းညှိကာ ဦးဆုံးစ၍နှုတ်ဆက်လိုက်သည်။

 “ မင်္ဂလာပါ…”


“ မင်္ဂလာပါ မင်္ဂလာပါ…”

ထိုအမျိုးသားတွင် ထူးခြားသော ဒေသိယစကားသံရှိ၍ ရန်ရှူအတွက်နားလည်ရန် ခက်ခဲစေသည်။ ထိုသူမှလည်း သူအဘယ့်ကြောင့်လာရသည်ကို သိနေခဲ့ပြီးဖြစ်သောကြောင့် လာရောက်ကာ လက်ဆွဲနှုတ်ဆက်လာသည်။

“ ကျွန်တော်က မင်းရဲ့နည်းပြဖြစ်ပြီး မျိုးရိုးနာမည်ကတော့ ဖန်းပါ…”


“ အိုး တွေ့ရတာဝမ်းသာပါတယ် လူကြီးမင်းဖန်း… ဆရာက ဘာသင်ပေးမှာလဲမသိဘူး..”


“ ကျွန်တော်က မူလတန်းမှာ အယူဝါဒ ကိုယ်ကျင့်တရားနဲ့ နိုင်ငံရေးသင်ပေးတာပါ…”

ထိုအမျိုးသားကြီးမှ ပြုံးလျက်ပြောလာသည်။ လူကြီးမင်းဖန်းမှာ အလွန်ရိုးရှင်းပြီး ပွင့်လင်းမည့်ပုံပင်။

“ ဒီသင်ခန်းစာအတွက် ‌ကျွန်တော့်ကို နည်းပြလုပ်ခိုင်းမယ်လို့ တခါမှမထင်ထားခဲ့ဘူး…ဒီလိုအလုပ်ကို လက်ခံရတာ ဒါပထမဆုံးပဲ…ကျွန်တော် နည်းနည်းတော့စိတ်လှုပ်ရှားနေမိတယ်…”


“ ဆရာကြီးက ကိုယ်ကျင့်တရားအကြောင်း သင်…သင်ပေးရမှာလား…”

ရန်ရှူ စိတ်မသက်မသာဖြင့် မေးလိုက်ရသည်။


“ ဟုတ်ပါတယ် ကျွန်တော့်ကိုအလုပ်အပ်သူပြောတာတော့ မင်းဆီမှာ ခံယူချက်ဆိုးတွေရှိတယ်တဲ့… အဲ့ဒါကြောင့် ကျွန်တော့်ကို မင်းရဲ့အယူဝါဒနဲ့ ကိုယ်ကျင့်တရားသင်ခန်းစာတွေအတွက် အာရုံစိုက်ပေးစေချင်တာ…”


ရန်ရှူ : “....”


သူ ယခုပင်ပြန်သွားပြီး မီးအိမ်ကိုထပ်မံကောက်ယူလိုက်ချင်မိသည်။ ထို့နောက် စန့်ရှန်းကိုရှာပြီး ထိုသူ၏ခေါင်းကို မီးအိမ်ဖြင့် ရိုက်ခွဲမိမည်မှာ အသေအချာပင်။



📽️