📽️Chapter 5
သူ အချိန်အတော်ကြာ စဉ်းစားထားခဲ့သလို ရန်ရှူ စန့်ရှန်း၏ခေါင်းတွင် အပေါက်ကြီးတစ်ပေါက် ဖောက်ပေးလိုက်ချင်မိသည်။
သို့သော်လည်း ဆရာဖန်း၏ရိုးသားသောပုံစံကြောင့် ရန်ရှူ သူ့ကိုအရှက်ရစေရန် မလုပ်ချင်ပေ။ ထို့အတွက်ကြောင့် အထဲသို့ ရဲရင့်စွာလျှောက်သွားပြီး မေးလိုက်သည်။
“ အခုခေတ်မှာ ကျောင်းဆရာတွေကိုရော အပြင်နည်းပြပေးလုပ်နေပြီလား ဆရာဖန်း…”
“ ကျ ကျွန်တော်က ဆရာတစ်ယောက်မဟုတ်တော့ပါဘူး…”
“ ဒီလိုဆို ပင်စင်ယူပြီးတာလား…”
“ ကျွန်တော်အလုပ်လုပ်နေတဲ့ကျောင်းက ဆက်မရှိတော့လို့ပါ…”
ရန်ရှူ ခုံတစ်ခုံကိုဆွဲယူလိုက်ပြီး အချိန်ခဏမျှ အံ့ဩသွားမိသည်။ ထို့နောက် အသံနိမ့်နိမ့်ဖြင့် မေးလိုက်လေသည်။
“ ဘယ်လိုမျိုး…”
“ တကယ်တော့မရှိတော့တာလဲ ကောင်းပါတယ်လေ…”
ရန်ရှူ၏မျက်နှာချင်းဆိုင်ရှိ ဆရာဖန်း၏အပြုံးမှာ စစ်မှန်နေခဲ့ကာ နှလုံးသားအောက်ခြေမှလာသည့် ရိုးသားသောအပြုံးတစ်ခုပင်။
“ နယ်ဘက်က ကလေးတွေအတွက် သွားစရာကျောင်းမရှိတာကို ကျွန်တော်တွေ့ရတော့ ကျောင်းဆောက်ဖို့အတွက် နေရာတစ်ခုပြင်ပြီး ရွာသားတွေဆီ ကလေးတွေကိုပို့ပေးဖို့ နားချခဲ့တယ်လေ…ဆရာကလည်းမရှိဘူးဆိုတော့ ကျွန်တော်ပဲ ကျောင်းအုပ် ကျွန်တော်ပဲဆရာပေါ့လေ…”
“ နောက်ကြတော့ လူတိုင်းရွာကနေ တဖြည်းဖြည်းပြောင်းသွားကြတယ်ပေါ့… ကလေးတွေအတွက်က ပိုကြီးတဲ့နေရာကို ရောက်သွားရတဲ့အတွက် ပညာသင်ကြားရေးမှာ ပိုကောင်းသွားတယ်လေ… ကျွန်တော့်ရဲ့ကျောင်းလေးကလည်း သူတို့အတွက် တကယ်ပဲမှားယွင်းနေခဲ့တာပါပဲလေ…”
“ ဆရာကြီးရဲ့ကျောင်းမရှိတော့လည်း တခြားနေရာတွေဆီသွားပြီး ဆရာအဖြစ်လျှောက်လို့ရတယ်လေ…”
ဆရာဖန်း၏ဇာတ်ကြောင်းကို ကြားပြီးနောက် ရန်ရှူ၏အမူအရာမှာ ပို၍ကောင်းမွန်လာသည်။
“ ကျွန်တော့်မှာက လက်မှတ်မရှိတော့ သွားလျှောက်တဲ့ကျောင်းက ကျောင်းသားတွေက သဘောမကျကြဘူးလေ…ဒီလိုပညာအရည်အချင်းနဲ့ ကျွန်တော့်ကိုခန့်ဖို့အတွက်ကြ တကယ်ကိုခက်ခဲကြမှာပါပဲ… ပြီးတော့ ကျွန်တော်ကလည်း တဖြည်းဖြည်းနဲ့အိုလာတော့ အလုပ်ရှာဖို့ခက်ခဲလာတယ်… ကျောင်းမရှိတော့ကတည်းက ဒီအလုပ်က ကျွန်တော့်အတွက်ပထမဆုံးရတာပါ…အတော်လေးတော့ အံ့ဩနေမိပေမယ့် သည်လိုအခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ်…”
“ နှစ်တွေကြာပြီးတော့ သင်ရိုးစာအုပ်တွေက နာမည်ပြောင်းသွားပြီလို့တော့ ကြားထားတယ်… အခုက လူ့ကျင်ဝတ်နှင့် ဥပဒေများ လို့ခေါ်တယ်တဲ့… ဒီနှစ်တွေအတွင်း ကျွန်တော်က သင်ရိုးအဟောင်းတွေကိုပဲ သုံးနေခဲ့တာလေ… ကျောင်းမရှိတော့မှပဲ သင်ရိုးတွေပြောင်းလဲသွားတာ ကြာလှပြီဆိုတာ သိခဲ့ရတာ…ကျွန်တော်သေချာမသင်ပေးခဲ့နိုင်တဲ့အတွက် ကလေးတွေ မနှောင့်နှေးပါစေနဲ့လို့တော့ မျှော်လင့်ရမှာပဲ… ဒါပေမဲ့ မင်းလိုအသက်အရွယ်ရောက်နေတဲ့ ကျောင်းသားမျိုးကို သင်ပေးရမယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး…”
ရန်ရှူ ခြောက်သွေ့စွာတံတွေးမြိုချလိုက်ရသည်။ အချိန်အတော်ကြာ ထိုင်ခုံပေါ်တွင်ရှိနေပြီးနောက်မှသာ သူအသံထွက်နိုင်ခဲ့သည်။
“ ဒီလိုဆိုရင်လည်း ဆရာကြီး စသင်လို့ရပါပြီ…”
“ ကောင်းပါပြီ ကျွန်တော်အခုကစပြီး အချိန်စမှတ်လိုက်ပါမယ်…အစောပိုင်းကစကားဝိုင်းကတော့ အလုပ်ချိန်လို့ မသတ်မှတ်ဘူးလေ…”
ဆရာဖန်းမှ လက်မှနာရီကိုချွတ်ကာ ကော်ဖီစားပွဲပေါ်တွင် တင်ထားလိုက်သည်။
ရန်ရှူ မေးထောက်လျက် ဂရုတစိုက်နားထောင်နေခဲ့သည်။
သူ၏စိတ်ထဲတွင်မူ စန့်ရှန်းအား အကြိမ်ထောင်ပေါင်းများစွာ ကြိမ်းမောင်းနေခဲ့ပြီးပြီပင်။ အနှီသူမှာ သူ့အကြောင်းကို သေသေချာချာသိပြီး မည်သို့သောသူမှာ သူ့အားသင်ပြပေးနိုင်ကြောင်းကိုပါ သိနေခဲ့သည်။
ရန်ရှူ၏စိတ်အနှောင့်အယှက်ဖြစ်နေမှုကို မည်သည့်နေရာတွင်မှ ရှာမတွေ့နိုင်တော့ချေ။
ဆရာဖန်းကဲ့သို့သောသူကို မြင်နေရခြင်းကြောင့် ရန်ရှူ ချက်ချင်းဆိုသလို တက်ကြွနေသောကြက်ဖကြီးမှသည် ကြက်ပေါက်လေးသဖွယ် ပြောင်းလဲသွားခဲ့သည်။
အတန်း၏အဆုံးမှာပင် ဆရာကြီးဖန်းမှာ အားအင်အပြည့်ဖြစ်နေကာ သူ့အား နူးညံ့စွာသတိပေးလာသည်။
“ ကျောင်းသားရန် နောက်တစ်ခေါက်ကြရင် အတန်းကို မှတ်စုစာအုပ်ယူလာခဲ့လို့ရပါတယ်… ကျွန်တော်တို့ အတန်းထဲမှာ အဓိကအချက်လေးတွေ ချမှတ်ထားပြီး ပြန်သွားတဲ့အခါကျ တစ်ချက်ကြည့်လို့်ရတာပေါ့…ပြန်လေ့လာဖို့အတွက်လည်း အဆင်ပြေတယ်လေ…”
“ အာ အာ ဟုတ်ကဲ့ ကောင်းပါတယ် ကောင်းပါတယ်…”
ဆရာဖန်းမှာ ရန်ရှူအား စာမေးပွဲတွင် အမှတ်၁၀၀အပြည့်ရသည်အထိ ကြိုးစားသွားမည်ဟုပင် အာမခံမိလုမတတ်ဖြစ်နေခဲ့သည်။
သူသဘောတူပြီးသည်အထိ မတုံ့ပြန်နိုင်သေးသော်လည်း သူ့အတွက် နောက်ထပ်အတန်းရှိသေးတယ်လားဟု ရန်ရှူတွေးနေမိသည်။
နှစ်နာရီကြာအတန်းအပြီးတွင် ရန်ရှူ ဆရာဖန်းကို ကုမ္ပဏီအပေါက်ဝထိပြန်ပို့ပေးလိုက်ပြီး အစ်ကိုလျို့ထံ အပြေးသွားလိုက်သည်။
“ အစ်ကိုလျို့ စန့်ရှန်းဘယ်မှာလဲ…”
အစ်ကိုလျို့မှာမူ ရေခဲပြင်ဟော်ကီကစားပွဲတွင် ဘောင်မှဆွဲယူပေးရသည့် ဒိုင်လူကြီးကဲ့သို့ဖြစ်သွားရကာ ရန်ရှူကို အမြန်တားမြစ်လာသည်။
“ မင်း စိတ်လျှော့သင့်တယ်နော် … သူဌေးအသစ်ကို မစော်ကားမိပါစေနဲ့ကွာ…”
“ သူ့ကိုစော်ကားတော့ရော ဘာဖြစ်လို့လဲ…”
ရန်ရှူ မီးအိမ်ကို ထပ်မံကောက်ယူကာ အော်ပြောလိုက်သည်။
“ အဲ့လူက ကျွန်တော့်ကိုအရှက်ခွဲနေတာလေ… ကျွန်တော့်အယူဝါဒတွေက လွဲနေတယ်လို့ သူထင်နေတာ…ဘာဖြစ်ဖြစ် ဒါက ကျွန်တော့်ကိစ္စလေ…အရိပ်လာမိုးနေတာ စုတျန့်တျန့်ဖြစ်ပေမယ့် သူကတော့ ကျွန်တော့်ကိုသင်ပြပေးဖို့ လူတောင်လွှတ်လိုက်သေးတယ်…စုတျန့်တျန့်အတွက်ကျ ဘဝအတွက်သွားစီမံပေးတယ်တဲ့…”
“ ဒီကိစ္စက နှစ်ဖက်စလုံးကို ကိုင်တွယ်မှာပါကွာ... တစ်ဖက်ကလည်း အပြစ်ပေးခံရမှာပဲလေ…”
“ ဟိုဘက်မှာက ဘယ်လိုကိုင်တွယ်မှာတဲ့လဲ…အခုလေးတင်ပဲ ဟိုကောင်က ကျွန်တော့်ကိုအင်အားပြသွားတာမလား…”
အစ်ကိုလျို့မှာ ရန်ရှူကို နားချရန်အတွက် စကားကိုမြန်မြန်ပြောလိုက်ရသည်။
“ အသေးစိတ်တော့ ငါမကြားခဲ့ရပေမယ့် အတော်လေးတော့ လေးနက်တယ်လို့ကြားခဲ့တယ်…စုတျန့်တျန့်လဲကျသွားပြီး သူ့ရုံးခန်းထဲမှာအော်ဟစ်နေတယ်တဲ့…”
“ ရုံးခန်း… ဒီလိုဆို စန့်ရှန်းကအခုထိ ကုမ္ပဏီမှာပဲပေါ့ ဟုတ်လား…”
ရန်ရှူ ကုမ္ပဏီ၏ပိုင်ရှင်အသစ်ကို ဒုတိယမြောက်အလုပ်ဆင်းသည့်နေ့မှာပင် စော်ကားမိလိုက်မည်ကို စိုးရိမ်နေသောကြောင့် အစ်ကိုလျို့၏မျက်လုံးများ ပြာဝေသွားရသည်။
သူတို့နှစ်ဦးစကားပြောနေစဉ်မှာပင် စန့်ရှန်းရှိနေသည့်ရုံးခန်းကို ရန်ရှူရှာတွေ့သွားခဲ့သည်။
ဤနေရာမှာ အလွန်ရှာဖွေရလွယ်ကူပြီး ကုမ္ပဏီရှိရုံးခန်းများထဲမှ အကြီးဆုံးတစ်ခုတွင် စန့်ရှန်းရှိနေမည်ဖြစ်သည်။
ရန်ရှူ လက်ဆန့်ကာတံခါးခေါက်မည်အပြုတွင် စုတျန့်တျန့်က တံခါးဖွင့်ကာ ရုံးခန်းထဲမှထွက်လာသည်ကို မြင်လိုက်ရသည်။
တံခါးပွင့်လာသည်နှင့် သူတို့နှစ်ဦးမှာ အကြည့်ချင်းဆုံသွားခဲ့သည်။ စုတျန့်တျန့်ခဏမျှကြောင်အနေခဲ့ပြီး မျက်လုံးထောင့်မှမျက်ရည်စကို လက်ဖြင့်အမြန်သုတ်ပစ်လိုက်သည်။ သူ ဤအတိုင်း ရန်ရှူကိုဖြတ်ကျော်သွားချင်မိသော်လည်း အချိန်အနည်းငယ်ခန့်မျှ တုန့်ဆိုင်းနေမိသည်။ ထို့နောက် အနောက်ကိုပြန်လှည့်ကာ ရန်ရှူကို တောင်းပန်လိုက်သည်။
“ အစ်ကိုရန် ကျွန်တော် အရင်ကကိစ္စအတွက် တောင်းပန်ပါတယ်…”
ကိစ္စများထိုသို့ဖြစ်လာမည်ကို ရန်ရှူ မမျှော်လင့်ထားသောကြောင့် ချက်ချင်းပြန်မဖြေနိုင်ဘဲ “ အိုး” ဟုသာ ကြောင်တိကြောင်တောင်ဖြင့် ပြန်ပြောလိုက်နိုင်သည်။
စုတျန့်တျန့်မှာမူ အရှေ့သို့ဆက်လျှောက်သွားပြီး တစ်ဦးကိုတစ်ဦးကြည့်နေသည့် ရန်ရှူနှင့်အစ်ကိုလျို့တို့ကို ချန်ထားရစ်လိုက်သည်။
ရန်ရှူ စကားမပြောထွက်လာခင်အထိ ခဏမျှတွေးတောနေမိသည်။
“ သူရုတ်တရက်ကြီးတောင်းပန်လာတာက မီးအိမ်ကိုင်လာတဲ့ ကျွန်တော့်ရဲ့ သူရဲကောင်းဆန်ဆန်ပေါ်လာပုံကြောင့် ဖြစ်နိုင်မလား…”
“ မဖြစ်နိုင်ဘူး… သူက မင်းလက်ထဲက မီးအိမ်ကို အခုကြည့်တောင်မကြည့်သွားဘူးလေ…”
“ ကုမ္ပဏီက သူ့အတွက်လည်း လေ့ကျင့်ရေးစီစဉ်ပေးခဲ့တာများလား… ဒါမှမဟုတ် သူ့ရဲ့ အယူဝါဒနဲ့ကိုယ်ကျင့်တရားနည်းပြက ကျွန်တော့်ထက်ကောင်းနေတာမျိုးလားမသိ…တစ်ရက်ပဲသင်ရသေးတာတောင် သူ့ရဲ့အမူအကျင့်နဲ့ပတ်သက်ပြီး သတိထားနေတာ အဆင့်တစ်ခုကိုရောက်သွားတယ်…”
“ ပြောဖို့ခက်တယ်… သူက ငယ်သေးတော့ မြန်မြန်တတ်လွယ်တာလည်း ဖြစ်နိုင်တယ်လေ…”
“ အစ်ကိုက ကျွန်တော့်ကိုအိုနေပြီလို့ ပြောချင်တာလား…”
“ မဟုတ်တာ မဟုတ်တာ…”
အစ်ကိုလျို့ အမြန်ငြင်းလိုက်ရသည်။
သူတို့နှစ်ဦးအကြားမှ စကားဝိုင်းကို ရုံးခန်းထဲရှိလူများသည်လည်း ကြားသွားပုံရသောကြောင့် ခဏအကြာတွင် အသံနိမ့်နိမ့်တစ်ခုထွက်ပေါ်လာသည်။
“ ဝင်လာပါ…”
ရန်ရှူ ကြောက်ရွံ့မနေဘဲ လက်ထဲတွင်မီးအိမ်ကိုကိုင်ကာ ဝင်သွားလိုက်သည်။
စန့်ရှန်းမှာမူ လက်ထဲမှ စာရွက်စာတမ်းများကို ဖတ်နေရင်းဖြင့် စားပွဲကိုမှီကာရပ်နေခဲ့သည်။ ရန်ရှူနှင့်အစ်ကိုလျို့တို့ အခန်းတွင်းဝင်လာပြီးသည့်တိုင် မျက်လုံးကိုမော့ကြည့်မလာသေးချေ။
နေရောင်ခြည်က မျက်နှာကျက်မှသည် ကြမ်းပြင်ပေါ်သို့ ဖြာကျနေပြီး စန့်ရှန်း၏ကိုယ်ပေါ်တွင် နွေးထွေးသောအရောင်တစ်ခု လွှမ်းခြုံစေခဲ့သည်။
ယခင်အချိန်များတွင် မောက်မာမှုများနှင့် အမြဲပြည့်တတ်သည့် ထိုသူ၏မျက်နှာနှင့်ခန္ဓာကိုယ်မှာ လက်ရှိတွင်မူ သုံးမှတ်ခန့်ပျော့ပြောင်းနေသယောင်ပင်။
“ မင်း…”
ရန်ရှူ ထဆဲလိုက်မည်ပြုသော်လည်း ကြားဖြတ်ပြောခံလိုက်ရသည်။
စန့်ရှန်းမှ သူ့ကိုအသံနိမ့်နိမ့်ဖြင့်မေးလာသည်။
“ ရလဒ်ကိုကျေနပ်ရဲ့လား…”
“ ဘာရလဒ်လဲ…”
“ ဝေ့ပေါ်ကို မင်းဘာသာဖတ်ကြည့်လိုက်…”
ရန်ရှူ ဖုန်းကိုလက်တစ်ဖက်ဖြင့်ကိုင်ကာ အကောင့်ထဲဝင်၍ နောက်ဆုံးရသတင်းများကို စစ်ကြည့်လိုက်ချိန် ခဏအကြာမှာပင် စုတျန့်တျန့် ဝေ့ပေါ်တွင် တောင်းပန်ထားသည်ကို တွေ့လိုက်ရသည်။
စုတျန့်တျန့် : [ ရက်အနည်းငယ်လောက် စဉ်းစားပြီးတဲ့နောက်မှာတော့ ကျွန်တော်လူတိုင်းကို တောင်းပန်ချင်ပါတယ် အထူးသဖြင့် စီနီယာရန်ကိုပါ… အရင်တစ်ခါကဖြစ်ခဲ့တာက တကယ်ပဲကျွန်တော့်ရဲ့အမှားပါ…ဒါပေမယ့် ကျွန်တော် အမှားကိုချက်ချင်းပြင်ဖို့ ဆန္ဒမရှိခဲ့ဘဲနဲ့ အတိတ်ကို တခြားနည်းလမ်းတွေနဲ့ ဖုံးကွယ်ချင်ခဲ့တာပါ…ရလဒ်အနေနဲ့တော့ နှင်းဘောလုံးက ကြီးသည်ထက်ကြီးသွားရပြီး လက်ရှိအခြေအနေထိရောက်သွားခဲ့တာမလို့ ကျွန်တော် အရမ်းပဲအားနာမိပါတယ်…]
ရန်ရှူ ကွန်းမန့်နေရာသို့ အကြမ်းဖျင်းကြည့်လိုက်ရာ မှတ်ချက်ပေးနေကြသူများထဲတွင် အမာခံဖန်များအတွက် နေရာမရှိတော့သည့်ပုံပင်။
[ အကျဉ်းချုပ် : ၁။ တကယ်ပဲစုတျန့်တျန့်က မသိသလိုနောက်ကျောပေးထားပြီးတော့ ရန်ရှူကိုဝိုင်းဆဲစေခဲ့တာ… ၂။ သတင်းတွေမြင်ပြီးနောက် သူ့ကာရိုက်တာပြိုကျသွားမှာ စိုးရိမ်နေတာနဲ့ စုတျန့်တျန့်က ရန်ရှူကိုဆွဲချဖို့ ဆုံးဖြတ်လိုက်တော့တာပဲ အဲ့ဒီအချိန်တုန်းက ရန်ရှူအပေါ် လူထုရဲ့အမြင်ကိုတောင် သူဆုတ်ဖြဲပစ်ခဲ့သေးတယ်… ၃။ ထပ်ပြီးမဖုံးနိုင်တော့တဲ့အခါကျတော့ တောင်းပန်ရုံပဲတတ်နိုင်တော့တာပဲ…သူ့မျက်နှာလေးကို ကယ်တင်လိုက်နိုင်မယ်ဆိုရင် အရမ်းမဆိုးလောက်ဘူးလို့ မျှော်လင့်နေရင်နေမှာ… ]
[ အစကတည်းက ပြဿနာကြီးမဟုတ်ခဲ့ပေမယ့် သူက ဒီဟာကို နည်းလမ်းအမှားကြီးနဲ့ ကိုင်တွယ်သွားတာလေ… ရလဒ်အနေနဲ့ကတော့ ဒုက္ခတွေဖြစ်စေပြီး ကာရိုက်တာအတွက် ပြဿနာတက်တဲ့အထိ ဖြစ်သွားရတာပဲ… သူ့ကိုယ်သူအပြစ်ကင်းကြောင်းပြနိုင်ဖို့အတွက် စီနီယာကိုတောင် ဆိုးဆိုးရွားရွား ဆုတ်ဖြဲပစ်လိုက်သေးတယ်… ရန်ရှူနဲ့ဆက်ဆံရေးကောင်းပါတယ်ဆိုပြီးတောင် အခိုင်အမာပြောနေသေးတာ…ရန်ရှူရဲ့ဒေါသနဲ့ဆိုရင် မင်းနဲ့ကောင်းကောင်းပူးပေါင်းပေးလိမ့်မယ်လို့ တွေးနေတာပေါ့… လုံးဝပြောင်းပြန်ဖြစ်သွားမယ်ဆိုတာကိုတော့ မသိလိုက်ဘူးနော်… ]
[ တျန့်တျန့်က သူမှားခဲ့တာကို သဘောပေါက်သွားပြီဆိုပေမယ့် သူ့ကုမ္ပဏီကသာ လူထုအမြင်ကို ဦးဆောင်ခဲ့တာလေ… သူ့ပြဿနာက ဘာလဲဟ… သူက အသက်ဘယ်လောက်မလို့လဲ…ဘာလို့ ဘာကိုမှနားမလည်ရတာလဲ… ]
[ အမှားတွေကိုသိသွားတာ ကောင်းတာပေါ့… ငါတို့မင်းနဲ့အတူ ကြီးပြင်းသွားကြမှာပါ… ]
[ တကယ်တော့ ဒီဟာက ကိစ္စကြီးမဟုတ်ပါဘူး… ငါတော့မင်းကိုချစ်ဖို့ကောင်းတယ်လို့ ထင်နေတုန်းပဲ… ခေါင်းလေးပုတ်ပေးမယ်နော်… အဆင်ပြေသွားမှာပါ… ]
ရန်ရှူ ဖုန်းကိုခဏကြာကြည့်နေလိုက်ပြီးနောက် မေးလိုက်မိသည်။
“ မင်း သူ့ဘိုးဘေးတွေရဲ့အုတ်ဂူကိုများ လောင်ချာနဲ့ချိန်ခဲ့တာလား… မဟုတ်ရင် ဒီလိုမျိုး ကိုယ့်ကိုကိုယ်တွင်းတူးပေးနေတဲ့ တောင်းပန်စာမျိုးကို သူဘယ်လိုသဘောတူမှာလဲ…”
စန့်ရှန်းမှ ပေါ့ပေါ့ပါးပါးသာပြန်ဖြေလာသည်။
“ ကိုယ် သူနဲ့ဟူရုံချီအတူရှိနေတဲ့ပုံကို မတော်တဆရိုက်လာမိတယ်လေ…ဒါကြောင့်ပဲ သူ ဒီနည်းနဲ့ဖြေရှင်းသွားတာပေါ့…”
စုတျန့်တျန်နဲ့ ဟူရုံချီတို့ရဲ့ ဆက်ဆံရေးကို အရှေ့မှာချပြပြီး တောင်းပန်မလား သူတို့၏ဆက်ဆံရေးကို ဖော်ထုတ်ရမလားဆိုတာကို ရွေးချယ်ခိုင်းပြီဆိုမှတော့ စုတျန့်တျန့်က သေချာပေါက်တောင်းပန်တာကိုပဲ ရွေးမှာပေါ့…
စုတျန့်တျန့်က သူထိပ်ဆုံးရောက်လာအောင် လူအိုကြီးတစ်ယောက်ကို အသုံးချခဲ့တယ်ဆိုတာ တခြားသူတွေသာ သိသွားမယ်ဆိုရင် သူ့အတွက် ကြောက်စရာကောင်းတဲ့ရိုက်ချက်ဖြစ်သွားမှာပဲ…
ရန်ရှူ ထပ်မမေးခင်အထိ ခဏမျှကြောင်အနေရသည်။
“ သူက မင်းကုမ္ပဏီက အနုပညာရှင်မဟုတ်ဘူးလား…မင်းက ငွေရှာပေးနေတဲ့နွားကို ဖျက်ဆီးလိုက်တာပဲ…”
“ ဘာလို့လဲ… ငါ့ရဲ့ငွေရှာပေးတဲ့နွားလေးက မင်းမဟုတ်ဘူးလား… ဒါမှမဟုတ် ဒီဟာကိုမခံစားနိုင်ဘူးလို့ မင်းပြောနေတာလား…”
“ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…”
ရန်ရှူ တုန့်ဆိုင်းနေခြင်းပင်မရှိဘဲ ငြင်းပယ်လိုက်သည်။
“ ငါက ဒီအတိုင်း မင်းကိုနားမလည်ရုံပဲ …”
“ ဒီတော့ မင်းတို့နှစ်ယောက်လုံး အပြစ်ပေးခံရပြီးပြီးပဲ ထားလိုက်တော့… မင်းရော ဒီအပြစ်ပေးမှုကို အသိအမှတ်ပြုရဲ့လား…”
ရန်ရှူမှာ အယူဝါဒနှင့် ကိုယ်ကျင့်တရားလေ့ကျင့်ရေးကိုသာ ဆင်းခဲ့ရသည်။
ထိုအချိန်အတွင်း စုတျန့်တျန့်မှာမူ သူ၏ကာရိုက်တာပြိုကျသွားသည်အထိ တောင်းပန်ခဲ့ရလေသည်။
နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက ရန်ရှူ၏ဘက်မှာ အမှန်တကယ်ပင် အပြစ်ပေးခြင်းဟု မဆိုနိုင်ချေ။
ရန်ရှူ ထိုအရာနှင့်တင် အဆင်ပြေချင်ယောင်ဆောင်လိုက်သည်။ သူ၏လက်ထဲမှ မီးအိမ်ကိုကြည့်ကာ ၎င်း၏ဝိုင်ယာကြိုးများကို သူ့လက်တွင်စတင်ရစ်ပတ်လိုက်ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနှင့် ဖြေလိုက်မိသည်။
“ အ အဆင်ပြေပါတယ်..”
စန့်ရှန်းမှာမူ ယခုအချိန်မှသာ ရန်ရှူ၏လက်ထဲမှမီးအိမ်ကို သတိပြုမိပုံရသည်။ သူ မအံ့ဩမိခဲ့ပေ။ သို့သော်လည်း တည်ငြိမ်နေသည့်အသံဖြင့် မေးလိုက်မိသည်။
“ ဘာလို့စားပွဲတင်မီးအိမ်ကိုယူလာတာလဲ…”
“ အိုး…”
ရန်ရှူ စားပွဲပေါ်တွင် မီးအိမ်ကိုချလိုက်ပြီး စန့်ရှန်းထံမိတ်ဆက်ပေးလိုက်သည်။
“ မင်းရဲ့ရုံးခန်းမှာ အလင်းသိပ်မရဘူးဆိုတာ ကြားမိလို့လေ အထူးတလည် မင်းဖို့ယူလာပေးတာ… ဒီမှာ စားပွဲတင်မီးအိမ်… မင်း စမ်းထွန်းကြည့်လို့ရတယ် … ဘာမှတော့မဟုတ်ဘူးဆိုပေမယ့် လင်းတာပေါ့…”
အစ်ကိုလျိုက ကြမ်းပြင်ပေါ်မှ မျက်နှာကျက်အထိရှိသည့် အယ်လ်ပုံသဏ္ဍာန်ပြတင်းပေါက်များကို တည်ငြိမ်စွာကြည့်နေမိသည်။ နေရောင်ဖြာကျနေသည့် အတွင်းပိုင်းပြင်ဆင်မှုများကိုကြည့်ကာ သူ ရန်ရှူအတွက် ရှက်ရွံ့မှုကြောင့် ခြေချောင်းများမြုပ်ထားရန် တွင်းကူတူးပေးလိုက်ချင်ပါတော့သည်။
မမျှော်လင့်စွာဖြင့် စန့်ရှန်းမှ ရန်ရှူထံမကြည့်မီ စားပွဲတင်မီးအိမ်ဆီသို့ကြည့်ကာ အသာအယာပြုံးပြီး ပြောလိုက်သည်။
“ ကျေးဇူးပါ…”
ရန်ရှူ၏အဖြေမှာမူ ပို၍အပြစ်ကင်းနေသယောင်ပင်။ သူက “ ရပါတယ်” ဟုပြောနေခဲ့သည်။
ဘေးမှရပ်ကြည့်နေသည့် အစ်ကိုလျို့မှာ အနောက်ဘက်တွင် တိတ်တခိုးစိတ်သက်သာရာရသွားပြီး သက်ပြင်းရှည်ကြီးပင် ချလိုက်မိသည်။
အစ်ကိုလျို့ မနေနိုင်ဘဲ ခန့်မှန်းကြည့်လိုက်သည် : စန့်ရှန်းက ရန်ရှူရဲ့ဖန်တော့မဟုတ်ဘူးလား… အဲလိုများ ဖြစ်နေမလား…
📽️