📽️Chapter 6
အခြေအနေ : ကာကွယ်ရန်
စုတျန့်တျန့်သည်လည်း ကုမ္ပဏီ၏ဖန်အင်အားတောင့်တင်းသော အနုပညာရှင်တစ်ယောက်ဖြစ်နေသည့်တိုင် စန့်ရှန်းမှ ရန်ရှူကဲ့သို့ ကိုယ့်လမ်းကြောင်းကိုယ်ဖျက်ဆီးပစ်နေသူတစ်ဦးအတွက် လက်စားချေပေးရန် ဆန္ဒရှိနေခဲ့သည်။
ဖျော်ဖြေရေးနယ်ပယ်တွင် ငွေအမြောက်အများသုံးပြီး ကြယ်ပွင့်များနောက်လိုက်ကြရသည်။
ထိုမှတစ်ပါး အစ်ကိုလျို့ အခြားအကြောင်းအရင်းကို ရှာမတွေ့နိုင်ခဲ့ပေ။
ရန်ရှူ ရုံးခန်းထဲတွင်ထပ်ပြောရန် စကားမကျန်တော့သည့်အတွက် ပြန်သွားမည်အပြုတွင် စန့်ရှန်းပြောလာသည်ကို ကြားလိုက်ရသည်။
“ မင်းရဲ့ပုံရိပ်ကို ပြန်အဖတ်ဆယ်ဖို့အတွက် မင်းနာမည်နဲ့ စိတ်ကျန်းမာရေးဆေးရုံတချို့မှာ ကိုယ်သွားလှုပေးထားတယ်…”
“...”
ရန်ရှူ နှုတ်ခမ်းထောင့်များကို မြင့်တက်သွားရန် ကြိုးပမ်းလိုက်သော်လည်း ပြီးပြည့်စုံစွာပြုံးနိုင်ရန် ကျရှုံးသွားခဲ့သည်။ သူ၏အမူအရာထိန်းချုပ်မှုတွင် အမှားအယွင်းရှိနေသည့်ပုံပင်။
“ ဘာလို့လဲ… မင်းသဘောမကျဘူးလား…”
စန့်ရှန်း သူ့ကိုမော့ကြည့်လာသည်။
“ ကျပါတယ်… လူတိုင်းလည်း လန်းဆန်းသွားပြီဆိုတော့ အရမ်းးးကိုသဘောကျတာပေါ့…ကောင်းတာလုပ်တာပဲဟာ.. ကောင်းသားပဲ..”
“ ကောင်းတာပေါ့…”
———————
ရန်ရှူ အိမ်သို့ပြန်ရောက်သည်နှင့် ဖုန်းကိုမထုတ်မီ ဖိနပ်ချွတ်လိုက်သည်။ ထို့နောက် ဆွေ့ဟို့ယွီထံ ဖုန်းခေါ်လိုက်လေသည်။
တစ်ဖက်လူမှ ဖုန်းကိုင်လာသည်နှင့် ရန်ရှူ အသံကျယ်ကြီးဖြင့် ထအော်လိုက်သည်။
“ အစ်ကိုဆွေ့ စန့်ရှန်းလေ သူ…”
တီ…
ဖုန်း ကျသွားခဲ့သည်။
ရန်ရှူ ဖုန်းကိုင်လျက်ဖြင့် နေရာတွင်ကြောင်သွားရသည်။
သူ့ကောင်လေးများ ဖုန်းလာကိုင်လို့လား…
ရန်ရှူ အရှုံးမပေးခဲ့ချေ။ သူ ဖုန်းထပ်ခေါ်လိုက်ပြီး တစ်ဖက်မှဖုန်းကိုင်လာသည်နှင့် တန်းမေးလိုက်သည်။
“ အစ်ကိုယွီလား…ဒါမှမဟုတ် မင်းက ခွေးမျောက်လား…”
“ ငါပါ…”
တစ်ဖက်လူမှ ပီကေဝါးလျက်ဖြင့် ပြောလာသည်။
“ အစ်ကိုယွီ အစ်ကို့ကိုစန့်ရှန်းအကြောင်းပြောမလို့ သူက…”
တီ…
ဖုန်းကျသွားပြန်သည်။
ဆွေ့ဟိုယွီမှာ ရန်ရှူနှင့်စန့်ရှန်းတို့၏ ပုံစံ၁၀၈မျိုးလမ်းခွဲခြင်းတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။
ရန်ရှူနှင့် စန့်ရှန်းတို့၏လမ်းခွဲခြင်းအကြောင်းမှလွဲ၍ အခြားမရှိသောကြောင့် ဆွေ့ဟို့ယွီမှာ ထုံနေသည်ဖြစ်ရာ ထိုစကားလုံးများကိုကြားသည်နှင့် ဖုန်းချပစ်ခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ စကားတစ်ကြောင်းထပ်မံနားထောင်ရခြင်းမှာ သူ့အား ကမ္ဘာ့နံပါတ်တစ်အရူးဖြစ်ကြောင်း ဘေးမှလာပြောနေသယောင်ပင်။
ရန်ရှူမှာမူ အလျော့မပေးခဲ့ဘဲ ဆွေ့ဟို့ယွီထံ စာပို့လိုက်သည် : [ အချိန်အတော်ကြာနေပြီလို့ မထင်ဘူးလား…]
အစ်ကိုယွီက ပန်းလေးတစ်ပွင့်လိုလှတယ် : [ ? ]
အာအက်စ် : [ ကျွန်တော် အစ်ကို့ကိုသူ့အကြောင်းမပြောတာ နှစ်နှစ်ရှိနေပြီလေ…]
အစ်ကိုယွီက ပန်းလေးတစ်ပွင့်လိုလှတယ် : [ မင်းမူးလာတိုင်း ငါ့ဆီ ဖုန်းခေါ်တယ်လေ… စန့်ရှန်းကို ဆူရမယ်ဆိုတိုင်းလည်း ငါ့ဆီ ဖုန်းခေါ်တယ်…ပြီးတော့ သူ့ကိုကူရှာခိုင်းတာလည်း အချိန်အတော်များများပဲလေ…]
အာအက်စ် : [ မဟုတ်တာ... ဒါက အစ်ကို သူ့ကိုအနိုင်ယူဖို့အတွက်ပါ…]
အစ်ကိုယွီက ပန်းလေးတစ်ပွင့်လိုလှတယ် : [ သူနဲ့ဘာဖြစ်တာလဲ… မင်းတို့ပြန်တည့်တာလား… ဒါမှမဟုတ် ထပ်ပြီးကွဲပြန်ပြီလား…]
အာအက်စ် : [ အစ်ကို ကြားချင်လား…]
အစ်ကိုယွီက ပန်းလေးတစ်ပွင့်လိုလှတယ် : [ … ]
အာအက်စ် : [ ဖုန်းသာကိုင်ပါ …]
အစ်ကိုယွီက ပန်းလေးတစ်ပွင့်လိုလှတယ် : [ ငါမင်းကို မေ့မရမယ့်ညလေးတစ်ည ပေးချင်တယ်…]
အာအက်စ် : [ ??? ]
ရန်ရှူ စာ၏အရှေ့မှအနီရောင်အမှတ်အသားကြီးနှင့် ၎င်းအောက်မှအသိပေးစာကိုကြည့်ကာ တိတ်ဆိတ်သွားရသည်။
ငါ… ဘလော့ခံလိုက်ရတာလား…
သို့သော်လည်း သူ အလျော့မပေးဘဲ အခြားသူငယ်ချင်းတစ်ယောက်ဆီသို့ စာပို့လိုက်ရာ အနီရောင်အမှတ်အသားကြီးကိုသာ ထပ်မြင်လိုက်ရသည်။
ရန်ရှူ : “....”
ငါ့ရဲ့အစ်ကိုယွီကတော့ ထင်ထားတဲ့အတိုင်းပဲ… သတင်းပို့တာ မြန်ချက်…
ထိုနေ့ညတွင် ရန်ရှူ ထူးဆန်းသောအိပ်မက်တစ်ခု မက်ခဲ့သည်။
ည၏ပထမတစ်ဝက်တွင် ဆရာဖန်းမှ သူ့အား ကိုယ်ကျင့်တရားနှင့် ဥပဒေအတန်းဆီသို့ ဆွဲခေါ်သွားခဲ့သည်။
စကားပြောလိုက်သည်နှင့် ဆရာဖန်းမှ သူ၏ဒေသသံကို မထိန်းချုပ်နိုင်ခဲ့ချေ။ ရန်ရှူ အကြောင်းအရာကို နားလည်ရန်ကြိုးစားနေခဲ့သော်လည်း ပြောနေသည့်အရာ၏တစ်ဝက်ခန့်မှာ နာမ်များ၏အရှေ့နှင့်အနောက်ကိုသာ ပေါင်းစည်းထားသည်ဟု ခန့်မှန်းလိုက်ရသည်။
ည၏ဒုတိယတစ်ဝက်တွင် စန့်ရှန်း၏အသံနိမ့်နိမ့်မှာ သူ့နားထဲတွင် ခွေဖွင့်ထားသကဲ့သို့ တောက်လျှောက်မြည်ဟီးနေသည်။
စန့်ရှန်းမှ “ ငါမင်းရဲ့နာမည်နဲ့ စိတ်ရောဂါကုဆေးရုံတချို့မှာ လှူပေးတယ်” ဟုပြောနေသည်။
ထို့နောက်ချက်ချင်းဆိုသလိုပင် သူ၏ဘေးတွင် ဆေးရုံဝန်ထမ်းများပေါ်လာပြီး နွေးထွေးစွာဧည့်ခံစကားပြောနေသည်။
“ လူကြီးမင်းရဲ့ကြင်နာမှုကြောင့် ဆေးရုံက အများကြီးတိုးတက်သွားပါပြီ…လူကြီးမင်းသာ ဒီဆေးရုံမှာတက်ရမယ်ဆိုရင် ဗီအိုင်ပီအဆင့်ပုဂ္ဂိုလ်လိုမျိုး စောင့်ရှောက်ခံရပါလိမ့်မယ်…”
ပြီးသည်နှင့် ထိုသူများမှ သူ့ကိုဆေးရုံသို့လာလည်ရန် နွေးနွေးထွေးထွေး ကြိုဆိုနေကြသည်။
နိုးလာပြီးနောက် ရန်ရှူက ကြက်လှောင်အိမ်ကဲ့သို့ အမိုးပါသည့်ကုတင်ပေါ်တွင်ထိုင်ကာ မိန်းမောလျက် အတွေးများရှုပ်ထွေးနေရသည်။
စန့်ရှန်း လိုချင်တာကဘာလဲ…
အတူပြန်ရှိကြဖို့အတွက် သူ့ကိုရှာဖို့လား…
ဒါမှမဟုတ် သူ့ရဲ့ရည်းစားဟောင်းကို နှိပ်စက်ဖို့အတွက် ကုမ္ပဏီကိုဝယ်လိုက်တာလား…
ရန်ရှူ မိုဘိုင်းဖုန်းကိုထုတ်ယူလိုက်သည်။ သူ၏သူငယ်ချင်းများထံ တစ်ယောက်ချင်းစီ လိုက်လံစာပို့လိုက်သော်လည်း သူတို့သူ့ကိုဘလော့ထားဆဲဖြစ်ကြောင်းကိုသာ တွေ့လိုက်ရသည်။ သူ မတတ်နိုင်သည့်တိုင် စိတ်တိုနေရကာ “ မင်းတို့အားလုံးက ကိုယ်ချင်းစာစိတ်ကို မရှိကြဘူး” ဟုအော်လိုက်မိသည်။
ရုတ်တရက်ဆိုသလို မဖတ်ရသေးသည့်စာတစ်စောင်ကို မြင်လိုက်ရသောကြောင့် ရန်ရှူ ပျော်ရွှင်စွာဖြင့်ဖွင့်ဖတ်လိုက်သော်လည်း အစ်ကိုလျို့သာဖြစ်နေပြီး [ အတန်းကိုအချိန်မီလာဖို့သတိရနော်] ဟူ၍ရေးထားခဲ့သည်။
ထိုနေ့ပြီးနောက်တွင် ရန်ရှူ ကုမ္ပဏီသို့နေ့တိုင်းသွားခဲ့ပြီး ဆရာဖန်းမှ သူ့ကိုသင်ခန်းစာများသင်ကြားပေးခဲ့သည်။
ရန်ရှူရောက်လာချိန်တိုင်း ဆရာဖန်းမှ အတန်းမစခင် မှတ်ရမည့်အရာများကို ဂရုတစိုက်ထုတ်ယူနေသည်ကို မြင်နေရသောကြောင့် သူ၏နှလုံးသားမှာ ရှုပ်ထွေးသွားရပြီး ရန်ရှူမလာချင်သော်လည်း နေ့တိုင်းပုံမှန်လာနေမိသည်။
သူတို့အတန်းထဲတွင်လည်း စာမေးပွဲလေးများလုပ်ပြီး ရန်ရှူ သူ၏အမြင်များကို ချရေးရသည်။
ရန်ရှူ လေးနက်နေပြီး အဖြေလွှာကိုမပေးမီ အထဲတွင်မသင့်လျော်သော အသုံးအနှုန်းများရှိနေမည်လားဟုတွေးကာ သူ၏စကားလုံးများကို ပြန်စဉ်းစားလေ့ရှိသည်။
အတန်းပြီးသည်နှင့် လေ့ကျင့်ရေးအခန်းထဲတွင် ရန်ရှူ အကြောလျော့ပြီး သူ၏ကြွက်သားများနှင့် အရိုးများကိုလှုပ်ရှားရန်ပြင်လိုက်သည်။
ရန်ရှူ လေ့ကျင့်ရေးအခန်းသို့ဝင်သွားပြီး မကြာမီမှာပင် ဆရာဖန်းမှ အဖြေလွှာများကိုကိုင်ကာ စန့်ရှန်း၏ရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။
စန့်ရှန်း စာရွက်များကိုယူကြည့်လိုက်သည်။ ဆရာဖန်းမှ သူ၏ခွေးခြစ်ထားသကဲ့သို့ လက်ရေးကိုနားလည်နိုင်ရေးအတွက် ရန်ရှူ ဆွဲချက်တစ်ချက်ပြီးတစ်ချက် ရေးထားသည်ကို မြင်လိုက်ရသောအခါ စန့်ရှန်းမနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ထိုင်လိုက်ပြီးသည်နှင့် ဆရာဖန်းမှ ပေါ့ပေါ့ပါးပါးမေးလာသည်။
“ လူကြီးမင်းက ရန်ရှူရဲ့ ဘော့စ်လား…”
“ သူရဲ့အုပ်ထိန်းသူပါ…”
စန့်ရှန်းပြန်ဖြေလိုက်သည်။
“ သူ့ရဲ့အစ်ကိုလား…”
ဆရာဖန်းမှ အံ့ဩတကြီးမေးလာသည်။
စန့်ရှန်းမှာ ၁၉၀စင်တီမီတာရှိသော အရပ်ရှည်သူတစ်ဦးဖြစ်သည်။ အစောပိုင်းနေ့ရက်များတွင် တင်းနစ်ကိုအထူးပြုသည့်အားကစားသမားတစ်ဦး ဖြစ်ခဲ့သောကြောင့် သန်မာသည့်ခန္ဓာတည်ဆောက်ပုံရှိသူဟု မှတ်ယူနိုင်မည်ဖြစ်သည်။
တစ်ဖက်တွင် ရန်ရှူမှာမူ သွယ်လျသောကိုယ်ဟန်ရှိပြီး အရပ် ၁၇၈စင်တီမီတာသာ ရှိသည်။
သူတို့နှစ်ဦး၏ ပုံပန်းသဏ္ဍာန်မှာ လုံးဝကွာခြားနေပြီး တစ်ဦးနှင့်တစ်ဦးမျှ လားလားမျှဆင်တူခြင်းမရှိပေ။
ဆရာဖန်း စိတ်ထဲတွင် တစ်ခဏအတွင်းပြင်ဆင်လိုက်သည် : မိသားစုကိုပြန်လည်ဖွဲ့စည်းထားတာပဲ…
စန့်ရှန်း အသေးစိတ်မရှင်းပြလိုက်သော်လည်း မေးလိုက်မိသည်။
“ ဘာများဖြစ်လို့လဲ…”
ဆရာဖန်းက သူ၏အနှစ်သက်ဆုံးကျောင်းသားကို ချီးကျူးသင့်သည်ဟု ခံစားမိသောကြောင့် ပြောလိုက်သည်။
“ ရန်ရှူမှာက အရမ်းကောင်းတဲ့အပြုအမူရှိပြီး လူကောင်းလေးတစ်ယောက်လို့ ကျွန်တော်ထင်တယ်…”
“ အင်း သူက တစ်ခါတစ်လေတော့ ကောင်းပါတယ်…”
“ ဒီလိုဆိုရင် ကျွန်တော့်ရဲ့သင်တန်းက…”
“ ဆက်သင်ပါ…”
ဆရာဖန်း အံ့ဩသွားရသည်။
“ သူ့ကိုဆက်ပြီးသင်ပေးရမှာလား… သူ့ကိုဖတ်စာအုပ်ရဲ့ ဘယ်လောက်အဆင့်နဲ့ ဆက်ပြီးသင်ပေးရမှာလဲ မသိဘူး…”
“ ကြိုက်သလိုသင်လို့ရပါတယ်…သူ ကုမ္ပဏီကိုသာ လာနေပါစေ…”
ဆရာဖန်း အမြန်ပြန်ထွက်သွားခဲ့သည်။ ပြန်သည့်လမ်းတလျှောက် ဆရာဖန်းမှာ ရန်ရှူကို မည်သို့သင်ပေးရမည်ဆိုသည်ကို စဉ်းစားနေသည့်ပုံပင်။
စန့်ရှန်းက ရန်ရှူ၏အဖြေလွှာစာရွက်ကို အပြန်ပြန်အလှန်လှန်ထပ်ကြည့်လိုက်ပြီးနောက် ဖိုင်တွဲတစ်ခုထဲသို့ ထည့်ထားလိုက်ပြီး မေးလိုက်သည်။
“ ရန်ရှူ ကုမ္ပဏီကနေ ပြန်သွားပြီလား…”
“ အခုထိမပြန်ရသေးပါဘူး လူကြီးမင်း…”
လက်ထောက်မှ ပြန်ဖြေလာသည်။
စန့်ရှန်း ဖိုင်တွဲနှင့်အတူ ထွက်သွားခဲ့ရာ လက်ထောက်မှ အလိုက်တသိဖြင့် စန့်ရှန်းကို ရန်ရှူရှိနေသည့် လေ့ကျင့်ရေးအခန်းသို့ လမ်းပြပေးလိုက်သည်။
လေ့ကျင့်ရေးအခန်းတွင်းရှိ သီချင်းသံမှာ အလွန်ကျယ်လောင်နေသောကြောင့် တံခါးမှဘဲလ်မြည်သံကို အချိန်အတော်ကြာသည်အထိ မကြားရချေ။
လက်ထောက်မှ စန့်ရှန်းအတွက် လေ့ကျင့်ရေးအခန်း၏တံခါးဖွင့်ပေးလိုက်ချိန်တွင် ရန်ရှူ၏ အကကရာတွင် လှုပ်ရှားမှုများမှာ နေရာတွင်ရှိနေသေးသည်ကို မြင်နိုင်သည်။
သွယ်လျနူးညံ့သောခန္ဓာကိုယ်မှာ ဂီတ၏စည်းချက်နှင့်အတူ လှုပ်ချည်ရပ်ချည်ဖြစ်နေပြီး မှန်ထဲမှပုံရိပ်ကိုကြည့်လိုက်မိသည်။ ရန်ရှူက စန့်ရှန်း ရုတ်ချည်းပေါ်လာမည်ကို မမျှော်လင့်ထားသောကြောင့် အံ့ဩသွားရသည့်အတွက် သူ၏ခန္ဓာကိုယ်မှာ အထိန်းအကွပ်လွတ်သွားရကာ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာလဲကျသွားသည်။
လဲကျပြီးနောက် သတိပြန်ဝင်လာချိန်တွင် စန့်ရှန်းမှာ သူ၏အရှေ့တွင်ရှိနေပြီး ခန္ဓာကိုယ်ကိုစစ်ဆေးပေးနေသည်ကို ရန်ရှူတွေ့လိုက်ရသည်။
ဒီလူက အခုလေးတင်မှ ဝင်လာတာမဟုတ်ဘူးလား…
ဒါက အားကစားသမားဟောင်းတစ်ယောက်ရဲ့ သွက်လက်မှုများလား…
စန့်ရှန်း သူ၏အရှေ့တွင် ထိုင်ချလာသည်။ ရန်ရှူ၏ ခြေကျင်းဝတ်ကိုကိုင်လျက် အခြားသောလက်တစ်ဖက်မှ ဒူးကိုအသာအယာဖိကာ စစ်ဆေးပေးနေသည်။
“ အရိုးတွေကတော့ ဘာမှမဖြစ်သွားပါဘူး… စမ်းလှုပ်ကြည့်ဦး…”
ကြမ်းပြင်ပေါ်ရှိ ရန်ရှူ၏ပုံပန်းကိုမြင်ရုံနှင့်ပင် စန့်ရှန်းမှာ အတွေ့အကြုံများအရ မည်သည့်နေရာတွင် ထိခိုက်သွားသည်ကို သိနေသည်။
ရန်ရှူ စန့်ရှန်းကို မထိစေချင်သော်လည်း စန့်ရှန်းမှ သူအခြားသောခြေကျင်းဝတ်တစ်ဖက်ကိုကိုင်ကာ သူ့အရှေ့သို့ ထပ်မံဆွဲခေါ်လိုက်သည်။
ထိုအချိန်တွင် သစ်သားကြမ်းပြင်မှာ အလွန်ချောမွေ့နေခဲ့ပြီး အားသုံးလိုက်မှုအောက်တွင် ရန်ရှူ၏ခန္ဓာကိုယ်မှာ စန့်ရှန်း၏နယ်မြေအတွင်းဝင်သွားသကဲ့သို့ နီးကပ်သွားရသည်။
စန့်ရှန်းမှ သူ၏ခြေကျင်းဝတ်ကို တင်းတင်းကိုင်ထားစဉ် ရန်ရှူ ကြမ်းပြင်ပေါ်တွင် တံတောင်ဖြင့်ထောက်ကာ ကျောဖြင့်လဲနေသည်။ ထိုစဉ် စန့်ရှန်းက ချက်ချင်းဆိုသလို မေးလိုက်မိသည်။
“ မင်း စဥ်းနှီတုံးပေါ်က ငါးသေလိုလုပ်နေတာလား…”
“ မဟုတ်ပါဘူး …”
စန့်ရှန်း သူ၏ဒူးကိုဆက်လက်ကိုင်ထားပြီး ပြောလာသည်။
“ အရွတ်တွေမှာတော့ ပြဿနာမဖြစ်သွားပါဘူး…”
စန့်ရှန်း ရန်ရှူ၏ခြေကျင်းဝတ်ကို လှုပ်ရှားလိုက်ကာ ရုတ်တရက်အားသုံးလိုက်သောကြောင့် ကလစ်ဟူသော အသံကိုသာကြားလိုက်နိုင်သည်။ စန့်ရှန်းမှ သူ၏အရိုးကိုကူ၍ ပြန်ပြင်ပေးခဲ့သည်။
“ အားးး…”
ရန်ရှူ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက်ဖြင့် ထအော်လိုက်မိသည်။
ရန်ရှူ မျက်လုံးကိုအပေါ်သို့ပင့်ကြည့်လိုက်ရာ စန့်ရှန်းမှာ သူ၏ယခုအော်သံကို အလွန်သဘောတွေ့နေသကဲ့သို့ နှုတ်ခမ်းထောင့်များ အနည်းငယ်မြင့်တက်နေသည်ကို တွေ့လိုက်ရသည်။
ထိုကဲ့သို့အပြုံးမျိုးကို ရန်ရှူ အကြိမ်ပေါင်းမြောက်များစွာ မြင်တွေ့ခဲ့ပြီးဖြစ်သည်။
ဒီလူအိုကြီးရဲ့ မကောင်းတဲ့အကြိုက်ကတော့…
ရန်ရှူ အနှီအမျိုးသားကို ကောင်းကောင်းသိနေခဲ့သည်။
“ ကျေနပ်သွားပြီလား…”
ရန်ရှူက ရွံ့ရှာနေဟန်ဖြင့် မေးလိုက်သည်။
“ ကိုယ်ကမင်းကိုကူညီနေတာပါ...”
စန့်ရှန်း လိမ်ပြောခြင်းမဟုတ်ပေ။ သူ၏ယခင်ဆရာထံမှ အရိုးပြင်ခြင်းနည်းစနစ်ကို သင်ခဲ့ဖူးပြီး ထိုမျှသာမက သူ၏အားကစားသမား အတွေ့အကြုံကြောင့် ဤကဲ့သောအရာမျိုးကို အထူးကျွမ်းကျင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ လက်ရှိအခြေအနေမှာ အရိုးပြင်ပေးရသည်အထိ မလိုအပ်ချေ။ စန့်ရှန့် ထိုအသံကိုကြားချင်ရုံသာဖြစ်သည်။
ရန်ရှူမှ ဒေါသတကြီးရန်တွေ့လာသည်။
“ ဪ ငါ့ကိုကူပေးနေတယ်လား… မင်းသာ ရုတ်တရက်ကြီးဝင်ချမလာရင် ငါလည်း လဲကျစရာအကြောင်းမရှိပါဘူးနော်…”
“ နောက်တစ်ခါကျရင် ကိုယ် မင်းရဲ့အခန်းက ဘဲလ်ကိုလဲပေးမယ်… တီးလိုက်တာနဲ့ အနားမှာ ရောင်စုံမီးတွေလင်းလာမှာဆိုတော့ မင်းလည်းမတွေ့စရာအကြောင်းမရှိတော့ဘူးပေါ့…”
“.....”
လက်ရှိအချိန်တွင် စန့်ရှန်း၏လက်ထောက်မှာ အခန်းတွင်းမှ တိတ်တဆိတ်ထွက်သွားခဲ့ပြီး ရန်ရှူနှင့် စန့်ရှန်းတို့နှစ်ဦးတည်းကိုသာ အခန်းထဲချန်ထားရစ်ခဲ့သည်။
ရန်ရှူ ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မေးလိုက်သည်။
“ ငါ့ဆီက ဘာလိုချင်လို့လဲ…”
“ အင်း…”
စန့်ရှန်းက ဖိုင်တွဲကိုသူ့လက်ထဲသို့ ထည့်ပေးလာသည်။
“ ထုတ်ပြန်ချက်အသစ်ရှိတယ်…”
“ ငါ့ဆီစာပို့ဖို့အစ်ကိုလျို့ကိုသာ ပြောလိုက်ပါ…လူကိုယ်တိုင်ဒုက္ခခံပြီး လာခိုင်းစရာလား… လူကြီးမင်းစန် ဒါကို အဆင်ပြေအောင် လုပ်ပေးနိုင်မလား…”
“ အထဲမှာ သဘောတူညီချက်ရှိတယ်…”
ရန်ရှူ တစ်စုံတစ်ရာမှားယွင်းနေသည်ကို သတိပြုမိလိုက်သောကြောင့် ဖိုင်တွဲကိုဖွင့်ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ကျစ်ခနဲ အသံထွက်သွားခဲ့သည်။
အကျိုးအမြတ်ရယူသူ၏ သဘောတူညီချက်မှဆိုလိုသည်မှာ ထိုအပြစ်ဒဏ်က သူ့ကိုပေးခြင်းဖြစ်သောကြောင့် သင်တန်းကြေးကို ရန်ရှူပေးဆောင်ရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆရာဖန်း၏လာရောက်သင်ကြားပေးခြင်းအတွက် အခကြေးငွေပင်။
ခဏမျှဖတ်ပြီးနောက် ရန်ရှူမနေနိုင်ဘဲမေးလိုက်မိသည်။
“ သင်တန်းကြေးက ဒီလောက်တောင်နည်းတာလား…”
“ အရမ်းများမယ်ဆိုရင် ဆရာဖန်းက လက်မခံဘူးတဲ့… သူနဲ့အဲ့လောက် မထိုက်တန်ဘူးလို့ပြောတယ်…”
ရန်ရှူ စန့်ရှန်းထံမှ ဘောပင်ကိုယူကာ လက်မှတ်ထိုးလိုက်သည်။ ထို့နောက် စန့်ရှန်းထံမော့ကြည့်ပြီး မေးလိုက်လေသည်။
“ ဒီလောက်နည်းတဲ့ သင်တန်းကြေးလေးအတွက်နဲ့ လူကြီးမင်းစန့်က လူကိုယ်တိုင်လာရတာလား…”
စန့်ရှန်းက ရှက်ရွံ့သွားခြင်းမရှိဘဲ တိုက်ရိုက်ဖြေလာသည်။
“ မင်းရဲ့ဒေါသနဲ့ဆိုရင် ကိုယ့်လက်ထောက်အသစ်လေးရဲ့ဘဝကို စားပွဲတင်မီးအိမ်နဲ့ အလွယ်တကူအလင်းပေးလိုက်နိုင်တယ်လေ…”
“ အကြိုက်အသစ်လေးလား… မင်းက တော်တော်ကာကွယ်ပေးတတ်တာပဲ…”
ရန်ရှူ ရေရွတ်မိလိုက်သည်။
“ ဒါပေါ့ ကိုယ့်ရဲ့ဝန်ထမ်းတွေကို ကာကွယ်ပေးရမှာပဲလေ…”
လက်ရှိအချိန်၌ ရန်ရှူသည်လည်း စန့်ရှန်း၏ဝန်ထမ်းများထဲမှ တစ်ဦးဖြစ်နေသည်။
ရန်ရှူ လက်မှတ်အမြန်ထိုးလိုက်ပြီး စာရွက်များကို စန့်ရှန်းထံပြန်ပေးလိုက်သည်။
စန့်ရှန်း ထရပ်လိုက်ပြီး သူ့ကိုဆွဲထူပေးချင်ဟန်ဖြင့် လက်ဆန့်ပေးလာသည်။
သူ၏ အာရုံခံနိုင်စွမ်းကို သက်သေပြရန်အတွက် ရန်ရှူ တမင်တကာပင် ဖတ်ခနဲထရပ်လိုက်ကာ ထွက်မသွားမီအထိ မေးကိုဂုဏ်ယူစွာငေါ့ပြလိုက်သည်။
စန့်ရှန်းက ရန်ရှူထွက်သွားသည်ကို အပြုံးတစ်ပွင့်ဖြင့် ကြည့်နေခဲ့သော်လည်း သူ၏မျက်လုံးများမှာ မဖြူစင်နေပေ။
———
စာရေးသူ၏မှတ်ချက် :
စန့်ရှန်း : ကောင်းကောင်းမှတ်ထားချေ…
📽️