Chapter 11
Viewers 1k

📽️Chapter 11

အခြေအနေ: ဖမ်းမိခံလိုက်ရ 



ရန်ရှူ အလုပ်ပြီးသည့်နောက် သူနေသည့်မြို့သို့ ပြန်လာသည့်ညတွင် သူငယ်ချင်းများထံ သတင်းဖြန့်ကာ သူငယ်ချင်း သုံးလေးယောက်အား ဖိတ်ခေါ်ပြီးနောက် နိုက်ကလပ်သို့ အတူတကွ သွားခဲ့ကြသည်။ 


ငယ်စဥ်က သူသည်လည်း အငြိမ်မနေနိုင်သူ ဖြစ်ခဲ့၏။ အကျော်ဇေယျ ပုဂ္ဂိုလ်ကြီးကလည်း ရူးသွပ်တတ်ပေသည်။


လူပိုစည်လေလေ သူပိုပျော်ရလေလေ ဖြစ်သည်။ ရန်ရှူက ထိုနေရာမျိုးကို သဘောကျတတ်သည်။ 


စန့်ရှန်းနှင့် အလေးအနက် ဆက်ဆံနေရခြင်းက သူ၏ အရိုင်းဆန်လှသော ကြီးပြင်းမှုကို နှောင့်နှေးသွားစေခဲ့၏။ 


ယခုတွင် ညအချိန်၌ ပါတီထပ်ထွက်လာနိုင်လေရာ ရန်ရှူတစ်ယောက် ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရောက်လာသလို ခံစားရလေသည်။ 


ရန်ရှူက အကကြမ်းပြင်မှ ပြန်ရောက်လာသောအခါ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီးနောက် ဘေးမှ လူများကို လှမ်းပြောလိုက်သည်။

"ဘာလို့ တစ်ယောက်မှ ငါ့ကို လာမကပ်ကြတာလဲမသိဘူး…" 


နိုက်ကလပ်က ဆူညံနေ၍ ရန်ရှူ အော်ပြောနေရသည်။ 


အခြားသူများ ပြန်ဖြေလာသောအခါတွင်လည်း ထို့နည်းတူစွာပြန်အော်လာကြလေသည်။ 


ချောင်းချွမ်ကွေ့က သူ ရှင်းရှင်းလင်းလင်း ကြားနိုင်စေရန်အတွက် အတော်လေး ကြိုးစားလိုက်ရသည်။

"မင်းက ဒစ်စကိုအကကို အရူးအမူးကနေမှတော့ လူအများစုက လာပြီး မချဥ်းကပ်ရဲကြဘူးလေ... မင်းခြေထောက်အောက်မှာ ခလုတ်တွေ ပါနေမယ်လို့တောင် သံသယ ရှိနေလောက်တယ်…" 


"သေစမ်း  Maskတပ်ထားတာက ငါ့ရဲ့ ဆွဲဆောင်မှုတွေအပေါ် သက်ရောက်နေတာပဲ…" 


ချောင်းချွမ်ကွေ့က တီးတိုးရယ်လိုက်သည်။

"မင်းရဲ့ ကဟန်က ဒီလူငယ်လေးတစ်စုနဲ့ မယှဥ်နိုင်ပါဘူးကွာ…" 


"ငါက ပန်းတွေ ဘယ်လိုချွေရမလဲဆိုတာ လေ့လာရဦးမှာလား…

" ရန်ရှူက သူ၏ မတော်တဆ ပြောထွက်သွားလေသည်။ တစ်ခဏအကြာပြီးမှသာ ရုတ်တရက် အသိပြန်ဝင်လာပြီး ဆဲရေးလိုက်လေသည်၊

"မင်းကသာ အိုနေတာ... ငါက အခုမှ နှစ်ဆယ့်ခုနစ်ပဲ ရှိသေးတာကွ.... မင်း အသက်လေးဆယ်ကျော်တဲ့အထိ အသက်ရှင်နိုင်မယ်တဲ့လား... မင်းသာ လေးဆယ့်တစ်နှစ်ကျော်အောင် အသက်ရှင်ခဲ့ရင် ကျန်းမာရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ အသက်အရွယ်အတွက် စိတ်မကောင်း ဖြစ်ရလိမ့်မယ်…" 


"ငါမှားတာပါ... ငါမှားတာပါ…"

ချောင်းချွမ်ကွေ့က ရန်ရှူ၏ ဘေးနားသို့ ရုတ်တရက် တိုးကပ်လာခဲ့သည်။

"အခုတလော အရမ်းချောတဲ့ ကြေညာသူ အသစ်လေးနဲ့ တွေ့ခဲ့ရတယ်... ဒီနှစ်မှ ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ... အရပ်က 1.87မီတာ…" 


ထိုစကားကို ကြားသောအခါ ရန်ရှူ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ မျက်လုံးများ ဝင်းလက်သွားသည်နှင့်အတူ နှုတ်ခမ်းထောင့်လေးများ ကော့တက်လာကာ မေးလိုက်သည်။

"ပြီးတော့ရော…" 


"ကာယကျောင်းသား…" 


ရန်ရှူက စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားဟန်ဖြင့် ချက်ချင်း အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် လက်ခါပြလိုက်လေသည်။

"ကာယကျောင်းသားလား... ငါ့အသက်အရွယ်မှာ အားကစားကျောင်းသားတွေကို တောင့်မခံနိုင်တော့ဘူးကွ... လူတွေရေ... ကိုယ့်အသက်ကိုယ် စဥ်းစားဖို့ လိုသေးတယ်ဆိုတာ အမှန်ပဲ…" 


အရင်တုန်းက ဒိတ်ခဲ့တဲ့ ဆယ့်ရှစ်နှစ်သား အားကစားကျောင်းသားဆိုရင်... ဘယ်လောက် အရိုင်းဆန်လဲ သူ အသိဆုံးပဲ... 


ငါကတော့ အားကစားသမားတစ်ယောက်နဲ့ ထပ်ပြီးတော့ မတွဲချင်တော့ဘူး... 


ထိုအခိုက် MCက မိုက်ခရိုဖုန်းမှတဆင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လာခဲ့လေသည်၊

"မစ္စတာစန့်က ဒီည အားလုံးအတွက် ဒကာခံပါမယ်တဲ့…" 


ချက်ချင်းဆိုသလို နိုက်ကလပ်အတွင်း၌ ဆူညံနေသော သီချင်းသံကို ဖုံးနိုင်လောက်သည်အထိ သြဘာပေးသံများ လျှံထွက်လာခဲ့လေသည်။ 


ထိုစကားကို ကြားသောအခါ ရန်ရှူ မျက်လုံး လှိမ့်လိုက်သည်။

"ပါ့ကျုံးရဲ့စာတွေ အဖတ်များနေတာလား... စိတ်ကူးယဥ် ဝတ္ထုတွေထဲမှာလို သူက စိတ်ကြီးဝင်နေတဲ့ ပုံစံနဲ့ ကြိုက်တဲ့ မိန်းကလေး ကောက်တွဲလို့ ရသလို ဟန်ဆောင်နေတာပဲ... ဒါက ကြောင်လွန်းမနေဘူးလား... ငါ့ရဲ့ အကကို လာမနှောင့်နှေးစေနဲ့…" 


တစ်ခဏကြာ ရေရွတ်ပြီးနောက် ရုတ်တရက် အသိဝင်သွားသည်။ သူ့ခေါင်းကို လှည့်ကာ ချောင်းချွမ်ကွေ့အား လှမ်းကြည့်လိုက်လေသည်။

"ခုနက သခင်လေးရဲ့ မျိုရိုးနာမည်က ဘာတဲ့..." 


ထို့နောက် သူ့ကိုယ်သူ သေသေသပ်သပ် ရှိနေလားဟု စစ်ဆေးလိုက်သေးသည်။ 


မကြာမီ အသိထပ်ဝင်လာပြန်သည်။ 

ဘာလို့ ကြယ်သီးတွေ ပြန်တပ်နေရတာလဲ... စန့်ရှန်းက ရည်းစားဟောင်းလေးတစ်ယောက်ပဲကို... ရန်ရှူ... မင်းကိုယ်မင်း ဗြဟ္မစရိယကျင့်စဥ်တွေကို နဖူးကနေ ခြေဖျားထိ ချိတ်ဆွဲထားတော့မလို့လား... 


မင်း ထရပ်ရမယ်... 


မင်းက အမျိုးကောင်းတရားကို မစောင့်ထိန်းတဲ့ ယောကျ်ားတစ်ယောက်ပဲကွ... 


ဒါကြောင့် သူ ထရပ်ကာ အကကြမ်းပြင်သို့ ပြန်လည်ဝင်ရောက်ရန် ရည်ရွယ်လိုက်သည်။


ကံမကောင်းစွာဖြင့် သူလှည့်လိုက်ချင်းမှာပင် စန့်ရှန်းနှင့် ရှန်းကျွင့်ကျင်းတို့ သူ့ထံ လျှောက်လာနေသည်ကို တွေ့လိုက်ရလေသည်။ သူတို့ နှစ်ယောက်သားက တင်းနစ်ကစားသော အားကစားကျောင်းသားများ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် တမူထူးခြားသော အရပ်အမောင်း ရှိနေကာ လူအုပ်ကြားထဲသို့ လျှောက်လာသောအခါ အခြားသူများထက် မြင့်မားနေလေသည်။ ထို့ကြောင့်ပင် ထင်းထွက်နေကြသဖြင့် အကြည့်တစ်ချက်ဖြင့်ပင် အလွယ်တကူ ရှာတွေ့နိုင်ပေသည်။ 


သူ ချက်ချင်းဆိုသလို ထိုင်ချလိုက်သည်။ 


စန့်ရှန်းက သူတို့၏ စားပွဲရှိရာသို့ လျှောက်လာကာ ရန်ရှူ၏ သူငယ်ချင်းများကို ခေါင်းညိတ်ပြလိုက်သည်။  


အချို့သူများက စန့်ရှန်းကို မသိကြသဖြင့် သူ့အား တွေ့လိုက်သည့် ချောင်းချွမ်ကွေ့သည်သာလျှင် နှုတ်ဆက်စကား ပြောလိုက်သည်။

"မစ္စတာစန့်ရဲ့ ဒကာခံမှုအတွက် ကျေးဇူးတင်ပါတယ်...ခွက်ချင်း တိုက်ပါရစေ…" 


"ကျေးဇူးပါ…"

စန့်ရှန်း ပြန်ဖြေလိုက်သည်။ 


ချောင်းချွမ်ကွေ့က အခြားသူများကို မိတ်ဆက်ပေးလိုက်သည်။

"ဒါက အင်တာတိန်းမန့် ကုမ္ပဏီရဲ့ ဘောစ့်လေ…" 


သူတို့အားလုံးက ဤလောကထဲမှ ဖြစ်ကြလေရာ စန့်ရှန်းအား တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်လိုက်ကြသည်။ 


စန့်ရှန်းက ရန်ရှူတစ်ယောက် ထိုင်ခုံတွင် ရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက် ထိုင်နေသည်ကို တွေ့လိုက်သဖြင့် ကိုယ်ကို ကိုင်းညွတ်ကာ မေးလာခဲ့သည်။

"ကောင်းကောင်း ကစားခဲ့ရဲ့လား…" 


"ဘယ်လို အပျော်ရှာချင်လဲ…အနည်းဆုံး ဆယ့်ရှစ်နှစ်သားလေးတစ်ယောက် ရှာပြီးတော့လား…" 


"မင်းက တော်တော်လေး စိတ်ပါလက်ပါ ရှိနေတာပဲ…" 


ရန်ရှူ ခေါင်းမော့ကာ ရှန်းကျွင့်ကျင်းအား မဲမှောင်စွာဖြင့် စိုက်ကြည့်လိုက်သည်။ ရှန်းကျွင့်ကျင်း သူ့အား သစ္စာဖောက်လိုက်ပြီ ဖြစ်ကြောင်း ခန့်မှန်းမိသွားလေသည်။ 


ရှန်းကျွင့်ကျင်းက သူ့လက်ကို ဖြန့်လိုက်ပြီး အပြစ်ကင်းသော မျက်နှာလေးဖြင့် ပုခုံးတွန့်ပြလိုက်သည်။ ယခုတွင် သူက စန့်ရှန်း၏လက်အောက်တွင် အလုပ်လုပ်နေလေရာ ဦးညွှတ်ထားကာမှ တော်ပေမည်။ 


သူ့နှလုံးသားအောက်ခြေတစ်နေရာ၌ စန့်ရှန်းတစ်ယောက် ဗျာများနေရမည့် အဖြစ်ကိုလည်း သေချာပေါက်တွေ့ချင်လှသေးသည်။ 


ရန်ရှူက ဟန်ဆောင်ပန်ဆောင်ဖြင့် စန့်ရှန်းအား ပြောလိုက်သည်။

"လာမရှုပ်ပါနဲ့... အခုက အလုပ်ချိန်ပြင်ပမှာပဲ... မင်း အကြောင်းအရင်းမရှိ..." 


"ကိုယ့်လက်ထဲမှာ မင်းကို ပြလို့ရမဲ့ ဇာတ်ညွှန်း နည်းနည်းလောက် ရှိတယ်နော်... ဒါပေမယ့် ကိုယ်က ဒီနေ့တစ်ရက်ပဲ အချိန်ရတယ်... မင်းလာချင်ရဲ့လား…" 


"အရင်ဆုံး အစ်ကိုလျို့ကို ပေးထားလိုက်…" 


"ကိုယ် မနက်ဖြန် အလုပ်ခရီးထွက်ရမယ်... ဇာတ်ညွှန်းက အိမ်မှာ... အလုပ်ခရီးက ပြန်လာမှဆို လူတွေ့ စစ်ဆေးမှု လွတ်သွားမယ်နော်…" 


ရန်ရှူ: “…” 


ချောင်းချွမ်ကွေ့က ဝိုင်တစ်ငုံသောက်ကာ စိတ်အားထက်သန်စွာဖြင့် ကြည့်နေသည်။ နှစ်ယောက်သားကို ကြည့်နေရင်း ပြုံးလိုက်သော်ငြား ဘာကိုမှ မပြောခဲ့ပေ။ 


စန့်ရှန်းသည်သာ ရန်ရှူ၏ အပေါက်ဆိုးသော ပါးစပ်ကို ထိန်းထားနိုင်ပေသည်။ 


ရန်ရှူက စန့်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းမာစွာဖြင့် ဆက်ပြောလိုက်သည်။

"ကိစ္စမရှိဘူး…" 


"ဒါဆို အတူတူပျော်ရအောင်…"

စန့်ရှန်းက ထွက်မသွားသေးဘဲ ရန်ရှူ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ 


"..." 

ရန်ရှူက စန့်ရှန်းတစ်ယောက် သူစိတ်ကစားနေပြီး အခြားသူများအား ဆွဲဆောင်နေမည့်အဖြစ်အား ကြည့်နေမည်ဟု တွေးလိုက်ပြီးနောက် ဦးရေပြားများ တရွရွ ဖြစ်လာခဲ့သည်။ 


ထို့ကြောင့် ရန်ရှူက သူ့ဘေးတွင် ထိုင်နေသည့် ရှန်းကျွင့်ကျင်းကို ဆူပူကျိန်းမောင်းလိုက်သည်။ 

"မင်းကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီလို့ ကြားတယ်... အခုထိ စင်ဂယ်ပဲလား…" 


"အေး…"

ရှန်းကျွင့်ကျင်းက မငြင်းဘဲ ခေါင်းညိတ်ပြလိုက်သည်။ 


"ဘောစ့်လည်း မငယ်တော့ဘူးနော်... လက်ထပ်သင့်နေပြီမို့လား... တန့်ယိဟန်တောင် အိမ်ထောင်ကျသွားပြီ…" 


"ငါ တော်ပြီ... အိမ်ပြန်တော့မယ်…"

ရန်ရှူက လက်ထဲတွင် ကုတ်အင်္ကျီ ကိုင်၍ ထရပ်လိုက်ပြီးနောက် ထွက်သွားလေသည်။  


စန့်ရှန်းက အလျင်အမြန် လိုက်လာပြီးနောက် ပြောလိုက်သည်။

"ကိုယ်လိုက်ပို့ပေးမယ်…" 


သူလှည့်ကြည့်လိုက်ရာ ချောင်းချွမ်ကွေ့တစ်ယောက် သူ့အား တာ့တာလုပ်ပြလာသည်ကို တွေ့လိုက်ရသည်။ ရှန်းကျွင့်ကျင်းသည်လည်း ထွက်မသွားခဲ့ပေ။ 


သူက စန့်ရှန်းနောက်မှ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် နိုက်ကလပ်ထဲမှ ထွက်လာခဲ့ပြီးနောက် စန့်ရှန်းက သူ့အား ကားဆီသို့ ဆွဲခေါ်လာခဲ့လေသည်။  


စန့်ရှန်း၏ ဒရိုင်ဘာက စောင့်ဆိုင်းနေပြီး ရန်ရှူ ကားရှေ့သို့ ရောက်လာသောအခါ ဒရိုင်ဘာက ကားတံခါးကို ဖွင့်ကာ ဝင်ရန် ပြောလိုက်သည်။ 


သူ့အတွက် တံခါးပိတ်ပေးလိုက်ပြီးနောက် ဒရိုင်ဘာက ကားမောင်းခုံရှိရာသို့ ပြန်သွားလေသည်။ 


ကားထဲတွင် ထိုင်လိုက်လာရင်း တစ်ခဏကြာသောအခါ ရန်ရှူက ကားတံခါးအပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ 

"ဒါ ငါ့အိမ်ပြန်တဲ့ လမ်းမဟုတ်ဘူး…" 


စန့်ရှန်းက မတုန်မလှုပ်ပုံစံဖြင့် ယုံကြည်ချက် ရှိရှိ ပြန်ဖြေလာခဲ့သည်။

"ဒါ ကိုယ့်အိမ်သွားတဲ့လမ်းလေ…" 


"မင်းအိမ်ကို မသွားဘူးလို့ ပြောပြီးပြီလေ... ဘာလို့ ဒီလိုလုပ်ရတာလဲ…"


“ဇာတ်ညွှန်း ဖတ်ပြီးလို့ ကိုယ့်ကို မင်းရဲ့ အတွေးတွေ ပြောပြီးသွာရင် အိမ်ပြန်လိုက်ပို့ပေးမယ်…"


ရန်ရှူ စိတ်ထဲတွင် အေးတိအေးစက် နှာမှုတ်လိုက်သည်။ 

ဒီလူ့မှာ လှည့်ကွက်တွေချည်းပဲ... ဒါကလည်း ငါ့ကို ပြန်ရဖို့ သုံးတဲ့ လှည့်ကွက်တစ်ခုသာသာပဲ... 


ရန်ရှူက လက်ညှိုးကိုမြှောက်ကာ ကားအပြင်ဘက်ကို ထိုးပြလိုက်သည်။

"ငါဗိုက်ဆာတယ်... ညလယ်စာ ဝယ်မလို့... ရှေ့လမ်းမှာ ကားရပ်ပေး…" 


စန့်ရှန်းက ရန်ရှူအား ဖုန်းကမ်းပေးလိုက်သည်။

"မင်းလိုတာတွေ သူ့ကိုပြောလေ... ကိုယ့်ဒရိုင်ဘာအသစ်ကို မှတ်မိအောင်လုပ်ထား... နောက်ဆို မကြာခဏ တွေ့ရတော့မှာ…" 


ရန်ရှူ: “…” 


သူ ဖုန်းကို အလျင်အမြန် ယူလိုက်သည်။ 


ကားက လမ်းဘေးတွင် တဖြည်းဖြည်း ရပ်သွားပြီး ရန်ရှူက maskနှင့် ဦးထုပ်ကို တပ်လိုက်သည်။ ကားထဲမှ ထွက်ကာ ဟိုဟိုသည်သည် ကြည့်လိုက်ပြီးနောက် အဆုံးတွင် ဆိုင်တစ်ဆိုင်အား တွေ့လိုက်ရလေသည်။

"ခရုခေါက်ဆွဲတစ်ပွဲနဲ့ အနံ့ဆိုးတို့ဟူးတစ်ပွဲ…" 


မှာပြီးနောက် သူ့ကိုယ်သူ အတော်လေး ဥာဏ်ကောင်းသည်ဟု တွေးလိုက်မိလေသည်။ 


ယင်းက မဆိုးသည့်အပြင် အတော်လေး ကောင်းနေသေးသည်။ ခရုအရသာက  စန့်ရှန်းမကြိုက်သည့် အရသာ ဖြစ်နေရုံသာ။ 


စန့်ရှန်းကသာ သူ့အား ဦးညွှတ်လာစေရန် ဖိအားသုံးပါက သူကလည်း ခွေးကို ရှူးတိုက်ပေးရမည်။ 


ရန်ရှူ ခရုခေါက်ဆွဲဝယ်ပြိီး၍ ပြန်လာသောအခါ ကားထဲသို့ ဝင်လိုက်သည်နှင့် စန့်ရှန်း၏ ရှုံ့မဲ့နေသော မျက်နှာကြီးကို တွေ့လိုက်ရသည်။ 


စန့်ရှန်းက ယင်းကို မကြိုက်သော်ငြား ကားမှန်ကိုသာ ချလိုက်ပြီး စကားတစ်ခွန်းမှ မပြောပေ။ 


နှစ်ယောက်သားက မြို့လယ်ရှိ စန့်ရှန်း၏ အိမ်သို့ သွားသည့် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ကြသည်။ 


ဓါတ်လှေကားထဲမှ ထွက်လာသောအခါ ရန်ရှူက ဟိုဟိုသည်သည် လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ဤနေရာ၏ အိမ်ခြံမြေအကြောင်း မသိခဲ့ပေ။ ဤနေရာက သူတို့လမ်းခွဲပြီး နှစ်နှစ်တာကာလအတွင်း စန့်ရှန်း ဝယ်ခဲ့သည့်အိမ်ဖြစ်မည်ဟု တွေးလိုက်သည်။ 


ရန်ရှူက ပစ္စည်းများကို ဆွဲ၍ အိမ်ထဲသို့ ဝင်လာခဲ့ပြီး ကောင်တာတစ်ခုကို ရှာကာ အစားအသောက်များကို ချထားလိုက်သည်။ ၎င်းတို့ကို တပျော်တပါး ဖွင့်လိုက်ပြီးနောက် ခရုခေါက်ဆွဲ၏ အဖုံးပွင့်လာသည်ကို ကြည့်နေခဲ့သည်။ စန့်ရှန်းက သူမမြင်နိုင်သည့် အဝေးတစ်နေရာတွင် ပုန်းနေသည့်အတွက် အားရပါးရ ရယ်မောလိုက်လေသည်။ 


ဖန်များအကြောင်း အမွှန်းတင်လိုက်ပြီးနောက် လျန်ကျွင်းဖန်၏ မဲရလဒ်ကို စစ်ဆေးရန် ဖုန်းထုတ်ကြည့်လိုက်သည်။ 


ယမန်နေ့က ရက်စက်လှသော hot searchကြောင့်ပင် လျန်ကျွင်းဖန်၏ မဲအရေအတွက်က ဒရာမာဆန်ဆန် မြင့်တက်လာခဲ့ပြီး ယခုလက်ရှိတွင် တတိယနေရာသို့ သိမ်းပိုက်ထားလေသည်။ 


ထိုရလဒ်က ရန်ရှူအားပျော်ရွှင်စေခဲ့သဖြင့် ဖန်များကို ဆက်ပြီး ချီးကျူးနေခဲ့သည်။ 


အားလုံးနီးပါး စားသောက်ပြီးသွားသောအခါ တစ်ကိုယ်လုံး ပူတက်လာသဖြင့် အချိန်အတော်ကြာအောင် "တရှူးရှူး" လုပ်နေရသည်။ သူက အပြင်ထွက်ကာ စန့်ရှန်းအား သွားရှာလိုက်ပြီးနောက် မေးလိုက်သည်။

"ဇာတ်ညွှန်းက ဘယ်မှာလဲ…" 


ဟိုဟိုသည်သည် လျှောက်ကြည့်မိခြင်း၏ ရလဒ်အနေနှင့် စန့်ရှန်းက ခွေးသုံးကောင်အား ကြိုးတပ်ပေးနေသည်ကို တွေ့လိုက်ရသည်။ 


သူ့ကို တွေ့သောအခါ "ကိုကျစ်"က အလွန် တက်ကြွနေပြီး သူ့အား ခုန်အုပ်ချင်နေခဲ့လေသည်။ 

ဒီကောင်က ငါ့ကို အချိန်အတော်ကြာ မတွေ့ခဲ့ရလို့ အရမ်း သတိရနေတာကြောင့်လား ဒါမှမဟုတ် ငါ့ခန္ဓာကိုယ်ပေါ်က ခရုခေါက်ဆွဲနဲ့ အနံ့ဆိုးတိုဟူးနံ့ကို ရလိုက်လို့များလား... 


မည်သို့ပင်ဆိုစေကာမူ သူက "မင်းလည်း ချီးစားရတာ ကြိုက်တာလား"ဟု မေးချင်သည့်အလား ရန်ရှူအား စိတ်အားထက်သန်စွာ ခုန်အုပ်နေခဲ့သည်။ 


"ဇာတ်ညွှန်းက ဧည့်ခန်းထဲက ကော်ဖီစားပွဲပေါ်မှာ... ကိုယ့်ဘာသာ ဖတ်လိုက်... ကိုယ် ခွေးကျောင်းထွက်လိုက်ဦးမယ်…"

စန့်ရှန်းက စကားပြောပြီးသွားသောအခါ ကုတ်အင်္ကျီ ထပ်ဝတ်ကာ ခွေးသုံးကောင်နှင့်အတူ ထွက်သွားလေသည်။ 


ရန်ရှူက ထိုသူတို့ အတူတကွ ထွက်သွားကြပြီး သူတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်ကို တွေ့သောအခါ တစ်ခဏတာမျှ အံ့အားသင့်သွားခဲ့လေသည်။ 


ဧည့်ခန်းထဲသို့ ဝဝင်သွားချိန်မှာပင် သူ လက်မလျှော့သေးပေ။ သူက လှေကားဘက်သို့ တမင်တကာ လှမ်းကြည့်လိုက်ရာ စန့်ရှန်းတစ်ယောက် အတည်ကြီး ခွေးကျောင်းထွက်သွားပြီး တဖြည်းဖြည်း ရှေ့ဆက်လျှောက်သွားသည်ကို တွေ့လိုက်ရသည်။ 


သူက ကော်ဖီစားပွဲထက်မှ ဇာတ်ညွှန်းကို ပြန်ကြည့်လိုက်သည်။ သူ လှမ်းယူ၍ ကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲ ရေရွတ်မိသွားလေသည်။

"တကယ်ကြီး ဇာတ်ညွှန်း ဖတ်ရုံလေးပဲလား…" 


ရန်ရှူက ခွက်တစ်ခု ရှာလိုက်ပြီးနောက် ကိုယ့်ဘာသာ ရေနွေးငှဲ့ကာ ပြောင်စင်သွားသည်အထိ သောက်လိုက်သည်။ 


ထိုင်ချပြီးနောက် ဇာတ်ညွှန်းဖတ်နေရင်း သက်ပြင်းချမိပြန်သည်။ အကြောင်းအရာကို မဖတ်မီ ဇာတ်လမ်းပုံစံကို ဦးစွာကြည့်လိုက်သည်။ သူ အမှန်ပင် စိတ်ဝင်စားသွားရသည်။  


စုစုပေါင်း ဇာတ်ညွှန်းသုံးခုရှိပြီး သုံးခုလုံးက အညီအမျှပင် စိတ်ဝင်စားစရာကောင်းနေသည်။ 


တစ်နာရီခွဲမျှ ဖတ်ပြီးနောက် စန့်ရှန်းတစ်ယောက် ခွေးကျောင်းရာမှ ပြန်လာခဲ့သည်။ စန့်ရှန်း ဖိနပ်လဲနေချိန်တွင် ခွေးသုံးကောင်က ရန်ရှူထံ အပြေးတိုးဝင်လာကြလေသည်။



📽️