Chapter 12
Viewers 1k

📽️Chapter 12

အခြေအနေ : အရက်မူးသွားပြီ 



ရန်ရှူမှာ ယခင်က ထိုခွေးများနှင် ဆက်ဆံရေးကောင်း ရှိခဲ့မည်ဟု မထင်ပေ။ သို့သော်ငြား ထိုသုံးကောင်က သူ့အား အလွန် သဘောကျနေကြပြီး အမြီးများ တလှုပ်လှုပ်နှင့် သူ့အား ဝိုင်းထားကြသည်။ 


တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခွေးတစ်ကောင်၏ ခေါင်းကို ပွတ်ပေးလိုက်ရာ ထိုခွေးသုံးကောင်မှာ ပို၍ပင် စိတ်လှုပ်ရှားလာကြလေတော့သည်။  


စန့်ရှန်းက ခွေးသုံးကောင်၏ အမည်များကို ခေါ်လိုက်သောအခါ ထိုခွေးသုံးကောင်က စန့်ရှန်းနောက်မှတစ်ဆင့် အတွင်းခန်းထဲသို့ လိုက်ဝင်သွားလေသည်။ 


သူတို့က ခွေးသီးသန့်အခန်းထဲသို့ ပြန်သွားကြပုံရပြီး ဧည့်ခန်းတစ်ခုလုံး တစ်မဟုတ်ချင်းပင် တိတ်ဆိတ်သွားခဲ့၏။ 


အသံလုံစနစ်က အတော်လေး ကောင်းလှသည်။ 


ရန်ရှူ မမေးဘဲ မနေနိုင်တော့ပေ။

 "မင်း သူတို့ကို နေ့တိုင်း အခန်းထဲ ပိတ်ထားတာလား... အရမ်း တင်းကျပ်လွန်းမနေဘူးလား…" 


"သူတို့ရဲ့ ကိုယ်ပိုင်အခန်းက  300 စတုရန်းမီတာ ကျယ်ပြီးတော့ ကစားစရာတွေလည်း အများကြီးရှိတယ်... အထူးအိမ်တော်ထိန်း နှစ်ယောက်လည်း ပါသေးတယ်…" 


"သြော်…"

ရန်ရှူသည်လည်း 300 စတုရန်းမီတာကျယ်သော အိမ်တစ်လုံးတွင် နေခဲ့ဖူးလေသည်။ 

ငါနဲ့ ခွေးက ဘဝအတူတူပဲကို ခွေးရဲ့ လွတ်လပ်ခွင့်အတွက် စိတ်ပူနေရသေးတာလား... 


"ဇာတ်ညွှန်းတွေက ဘယ်လိုလဲ... ဘယ်တစ်ခုကို ပိုကြိုက်လဲ…"

စန့်ရှန်းက သူနှင့် မျက်စောင်းထိုးနေရာတွင် ဝင်ထိုင်ရင်း မေးလိုက်သည်။ 


ရန်ရှူက ဇာတ်ညွှန်းနှစ်ပုဒ်ကို ထုတ်ကာ ပြောလိုက်သည်။ 

"ဒီနှစ်ခုလုံး ယူလို့ရတယ်... အချိန်လည်း မတိုက်ဘူး…" 


"မလိုဘူး... အကောင်းဆုံးကိုသာ ရွေးလိုက်... ကိုယ် မင်းအတွက် နောက်ထပ် ကောင်းတဲ့ ဇာတ်ညွှန်းတွေ ရှာပေးမယ်…" 


"ငါဒါကို ယူသွားပြီး သေချာဖတ်လိုက်မယ်…" 


"ကိုယ် မင်းကို လိုက်ပို့ပေးမယ်…" 


"..." 

လိုက်ပို့ပေးမယ်ဆိုပါလား... 


ဒီခွေးကောင်က သခင်ကြီးတစ်ယောက်လို ငါ့ကို အိမ်ပြန်ပို့ပေးချင်နေတာလား... သူပြောတဲ့စကားတွေက တကယ်ကြီး ဇာတ်ညွှန်း ဖတ်ဖို့လေးပဲပေါ့...ငါပဲ နားမလည်လိုက်တာလား... 


ဒါဆို ငါ့ရဲ့ ခရုခေါက်ဆွဲနဲ့ အနံ့ဆိုးတို့ဟူးက အလဟဿ ဖြစ်မသွားဘူးလား... 


"နောက်ကျနေပြီ... ဒရိုင်ဘာ အလုပ်ဆင်းသွားပြီမလား…"

ရန်ရှူမေးလိုက်သည်။ 


"သူ အလုပ်ဆင်းသွားပြီလေ... ကိုယ်မောင်းမှာ…" 


"မလိုပါဘူး... ရပါတယ်... တက္ကစီနဲ့ပဲ အိမ်ပြန်လိုက်တော့မယ်…" 


"ဒါဆိုလည်း ကောင်းပြီလေ…" 


“…” 


ဘာကို ကောင်းပြီလေလဲ... 


ငါ့ကို တက္ကစီနဲ့ တစ်ယောက်တည်း အိမ်ပြန်ခွင့်ပြုလိုက်တာလား... 


စန့်ရှန်း မင်းက တကယ့်ခွေးတစ်ကောင်ပဲ... 


ခွေးမွေးထားတာ အံ့သြစရာ မရှိတော့ဘူး... မျိုးတူနေလို့ပဲ... 


ရန်ရှူမှာ ဆဲပင် မဆဲနိုင်တော့ပေ။ 


လက်ထဲတွင် ဇာတ်ညွှန်းသုံးခုကို ကိုင်ရင်း စန့်ရှန်းမှ သူ့အား အပေါ်ဝတ်အင်္ကျီ ကူဝတ်ပေးနေသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် စန့်ရှန်းက ပြောလိုက်သည်။

"အောက်ဆင်းရင် ကတ်ဖြတ်စရာ မလိုတော့ဘူး…" 


"သြော်…" 


ရန်ရှူက စန့်ရှန်း တံခါးပိတ်လိုက်သည်ကို ကြည့်နေခဲ့ပြီး ချက်ချင်းဆိုသလို ဖုန်းကို ထုတ်ကာ ဆယ့်ရှစ်နှစ်သား အားကစားကျောင်းသားလေး၏ ဝီချက်အကောင့်အား ပို့ပေးရန်အတွက် ချောင်းချွမ်ကွေ့ထံ လှမ်းမေးရန် အသင့်ပြင်လိုက်သည်။ 


စန့်ရှန်းက ယင်းကို အာရုံခံမိသွားပုံရလေသည်။ ထိုအခိုက် တံခါးဖွင့်ကာ လှမ်းပြောလိုက်သည်။

"ရိုက်ကူးရေးအဖွဲ့နဲ့ မပူးပေါင်းခင် သတင်းဆိုးတွေ ထွက်အောင် မလုပ်နဲ့... နားလည်လား…" 


ပြောပြီးနောက် တံခါးပြန်ပိတ်လိုက်သည်။ 


ရန်ရှူမှာ ဖုန်းလေးကို တိတ်တဆိတ် ပြန်ချထားလိုက်ရ၏။ 


*****


ဒီညက အထူးညလေးပဲ... 


ရန်ရှူ အိမ်ပြန်လာသောအခါ သူ့ရှေ့တွင် မဖွင့်ကြည့်ရသေးသည့် ဇာတ်ညွှန်း သုံးခုရှိနေသည်။ သူက ဇာတ်ညွှန်း အဖုံးကို တွေဝေငေးမောဟန်ဖြင့် ကြည့်နေခဲ့ပြီး ကြောင်နက်လေးက သူဘေးတွင် ရှိနေကာ ကြောင်အီးတုံးလေးများကို အားတက်သရော ဖုံးနေခဲ့လေသည်။ 


ရန်ရှူ အချိန်အတော်ကြာသည်အထိ မေးခွန်းတစ်ခုကို တွေးနေမိသည်။ 


ငါ... ဘာလို့များ ခရုခေါက်ဆွဲနဲ့ အနံ့ဆိုးတို့ဟူးစားမိပါလိမ့်... 


ထားလိုက်တော့... ရေချိုးတော့မယ်... ငါ အရမ်းပင်ပန်းနေပြီ...


လက်ရှိလုပ်နေသည့် တစ်ခုတည်းသော အလုပ်လေး ပြီးသွားသောအခါ ရန်ရှူက ကုမ္ပဏီသို့လာ၍ ဆရာဖန်း၏ အတန်းကို တက်သည်။ ထို့နောက် လေ့ကျင့်ရေးအခန်းသို့ သွားကာ ညနက်သည်အထိ လေ့ကျင့်သည်။ 


ထိုကာလအတွင်း ဇာတ်ညွှန်းသုံးခုကိုလည်း သေသေချာချာ ဖတ်ခဲ့သည်။ 


သူ အတော်လေး သဘောကျနေသည့် ဇာတ်ညွှန်းတစ်ခုလည်း ရှိသည်။ ဇာတ်ကြောင်းနှင့် တည်ဆောက်ထားသော ကမ္ဘာနှင့် အမြင်တို့က အလွန်ကောင်းသော်ငြား ဤဒရာမာက ဝတ္ထုကို ပြန်ရိုက်မည့်ကား ဖြစ်နေသည်။ မူရင်းဇာတ်ကြောင်းအချို့ကို ဖတ်ပြီးသွားသောအခါ စာရေးသူက သရုပ်ဆောင်များအတွက် လုံးဝ နေရာချန်မပေးထားဘဲ အမျိုးသားဇာတ်လိုက်က နတ်သားလေးတစ်ယောက်လိုပင် ဖြစ်နေသည်။ 


ဇာတ်လိုက် နီးကပ်လာသောအခါ ဟုန်ရှားသည်ပင် သုံးဆင့်ခန့် မှိန်ဖျော့သွားသည်။ 


သူရဲကောင်း၏ ဒုတိယအကြိမ် ပေါ်ထွက်လာမှုက ပျက်စီးသွားသော နေရာကို အရောင်စုံသွားစေခဲ့သည်။ 


ဇာတ်လိုက်၏ အရှိန်အဝါက အားပြင်းလွန်းလှသည်။ သူ့ဘေးနားတဝိုက်တွင် တောက်ပသော အရာင်အဝါများဖြင့် ပေါ်ထွက်လာသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး မှေးမှိန်သွားရပြီး ပတ်ဝန်းကျင်ရှိ အရောင်များ မှိန်ဖျော့နေလျှင်လည်း တောက်ပသော အရောင်များ ယူဆောင်လာပေးမည် ဖြစ်သည်။ 


ဤကဲ့သို့သော သရုပ်ဖော်ပုံစံမျိုးတွင် သူဝတ်မည့် ရှေးခေတ် အဝတ်အစားများကို စိတ်ကူးယဥ်မိသွားသည်။ သူ့ပုံစံက ဆောင့်ကြွားကြွားနိုင်သူတစ်ယောက်အတွက် သင့်တော်ပါသော်လည်း နတ်သားဆန်လှသော သူရဲကောင်းတစ်ယောက်အတွက် မဟုတ်ပေ။ 


ရန်ရှူက ကိုယ့်ကိုယ်ကိုယ် သိသဖြင့် အဆုံးတွင် အခြားဒရာမာတစ်ခုကိုသာ ရွေးချယ်လိုက်သည်။ ဇာတ်လိုက်၏ ဇာတ်ကောင်က ပို၍တက်ကြွကာ ပြောင်းလွယ်ပြင်လွယ်ရှိသူ ဖြစ်ရပေမည်။ 


အမျိုးသားဇာတ်လိုက်က ပုံမှန်အချိန်များတွင် ယဥ်ကျေးသိမ်မွေ့သူ ဖြစ်သော်လည်း သီးသန့်နေရာတွင် အလွန်နက်ရှိုင်းသော နန်းတော်တစ်ခု ရှိနေခဲ့သည်။ ထို့အပြင် အနည်းငယ် နေမကောင်း ဖြစ်နေသေးသည်။ 


ဤဇာတ်ကောင်နေရာကို ကောင်းကောင်း သရုပ်ဆောင်နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်။ 


စန့်ရှန်းသည်လည်း သူ့အား အတော်လေး အရေးပေးထားသည်။ ရန်ရှူက ဒါရိုက်တာနှင့် သွားရောက် တွေ့ဆုံသောအခါ ထုတ်လုပ်သူနှင့် အခြားသော ရိုက်ကူးရေးအဖွဲ့သားများက ဟူရုံချီကို သူနှင့်အတူ သွားရန် ပြောကြလေသည်။ 


ယင်းက စန့်ရှန်း ကုမ္ပဏီကို လက်လွှဲယူပြီးနောက် ဟူရုံချီအား ပထမဆုံး ပေးအပ်သည့် တာဝန် ဖြစ်သော်ကြောင့် ဟူရုံချီသည်လည်း လစ်လျူရှုမထားနိုင်ခဲ့ပေ။ 


ရန်ရှူက ကိုယ်ပိုင်အတွေးအမြင်များစွာကို ပြင်ဆင်ထားပြီးသား ဖြစ်၍ ရွေးချယ်ခံရနိုင်ချေ မြင့်စေရန်အတွက် ရိုက်ကူးရေးအဖွဲ့သားများနှင့် စကားကောင်းကောင်းပြောရန် အသင့်ပြင်နေခဲ့သည်။ 


သို့သော်ငြား အခန်းထဲသို့ ဝင်လိုက်သောအခါ အားလုံးသော အဖွဲ့သားများက သူ့အား တည့်တည့်ကြည့်လာကြသဖြင့် မသိစိတ်အရ ခြေလှမ်းရပ်မိသွားစေသည်။ 


ထုတ်လုပ်သူက ရန်ရှူနှင့် လက်ဆွဲနှုတ်ဆက်ချင်ပါသော်လည်း ထိုအခိုက်တွင် ဒါရိုက်တာက မဆီလျော်သော မေးခွန်းကို မေးလာခဲ့သည်။

"ရယ်ပြလို့ရမလား…" 


ရန်ရှူက ထိုမေးခွန်းကြောင့် စိတ်ရှုပ်သွားပါသော်လည်း လုံးဝ ပဟေဠိ ဖြစ်နေသည့်တိုင် ယဥ်ကျေးသော အပြုံးလေးတစ်ခုဖြင့် ရယ်ပြလိုက်ပါ၏။ 


"သူပဲ... သူပဲ…"

ဒါရိုက်တာက အဆုံးတွင် ရန်ရှူအား လက်ဆွဲနှုတ်ဆက်လာခဲ့သည်။ 


ရန်ရှူက သူနှင့် လက်ဆွဲနှုတ်ဆက်နေစဥ် မေးလိုက်သည်။ 

"ကျွန်တော် လူတွေ့ ဖြေပြီးသွားပြီလား…" 


ဒါရိုက်တာက တောက်ပစွာ ပြုံးပြလာပြီး ရှင်းပြလာခဲ့သည်။

"အရင်တုန်းက မင်းရဲ့ ဗီဒီယိုအတိုလေးတွေ ဓါတ်ပုံတွေ တွေ့ပြီးသွားပြီ... မင်းရဲ့ နှုတ်ခမ်းထောင့်ကို နောက်မှ တည်းဖြတ်ပြီး ထည့်ထည့်ထားတယ် ထင်နေတာ... အစစ်ဖြစ်နေမယ်မထင်ထားဘူး…" 


"နှုတ်ခမ်းထောင့်တွေလား…" 


"ဟုတ်တယ်... နှုတ်ခမ်းထောင့်လေးတွေ…" 

တယဥ်တကျေး စကားလေးများ ပြောပြီးနောက် ဒါရိုက်တာက ထိုင်ချရင်းဖြင့် ရှင်းပြပေးလာခဲ့သည်။ 

"ဇာတ်လိုက်ရဲ့ ဇာတ်ကောင်ဒီဇိုင်းက ကွေးတက်နေတဲ့ နှုတ်ခမ်းထောင့်တွေပဲ... ပြောရမယ်ဆိုရင် နှုတ်ခမ်းထောင့်လေးတွေက ပြုံးလိုက်တဲ့အခါ ဆန်းသစ်စ လခြမ်းလေးလို ဖြစ်သွားရမယ်... ဒီလိုနှုတ်ခမ်းမျိုးက ဝမ်းတွင်းမည်းပုံစံမျိုးကို အကောင်းဆုံး ဖော်ပြနိုင်တယ်... ပြုံးလိုက်တဲ့အခါ သူတို့တွေက မမြင်ရတဲ့လူတွေကိုတောင် သတ်နိုင်တယ်လို့ ခံစားရလိမ့်မယ်…" 


"ငါတို့အရင်က သရုပ်ဆောင် နည်းနည်းလောက် တွေ့ကြည့်သေးတယ်... တစ်ယောက်ကတော့ မင်းလိုမျိုး တကယ်ရှိပါတယ်... ငါတို့ရှာနေတဲ့ နှုတ်ခမ်းမျိုးပေါ့... ဒါပေမယ့် ဆာဂျရီလုပ်ပြီး ပြင်ထားတဲ့ အပြုံးနှုတ်ခမ်း ဖြစ်နေတော့ စိတ်မကောင်းစရာပဲ... ဒါကြောင့် အရမ်း အတုဆန်သွားတယ်…" 


နှုတ်ခမ်းများကို အထူးဂရုစိုက်ပါက လူအများ ပြုံးကြသည့်အခါ အချို့လူများ၏ နှုတ်ခမ်းတို့က အကွေးပုံလေး ရှိကြပေလိမ့်မည်။ သဘာဝမကျသော အပြုံးကွေးက အပြုံးကို ကြည့်မကောင်း ဖြစ်စေနိုင်ပြီး ခါးသီးမှုများ ယူဆောင်ပေးပေလိမ့်မည်။


ရန်ရှူက စံပြုထိုက်သော ပင့်ကွေး နှုတ်ခမ်းလေး ရှိနေသည်။ သူ ပြုံးလိုက်သည့်အချိန်တိုင်း နှုတ်ခမ်းထောင့်လေးများက ကွေးတက်သွားတတ်သည်။ ယင်းက အနည်းငယ် နတ်ဆိုးဆန်သော်လည်း သူ့အပြုံးက ပို၍ တောက်ပလာခဲ့သည်။ 


သူ ယခင်ကလည်း မျက်နှာအမူအရာ စီမံခန့်ခွဲမှု အတန်းတွင် အပြုံးလေ့ကျင့်ခဲ့သဖြင့် သူ့အပြုံးကို ပို၍ ကူးစက်လာနိုင်ခဲ့သည်။ 


တစ်ခါက ဖျော်ဖြေရေးလောကတွင် အလှပဆုံးသော အပြုံးပိုင်ရှင် အနုပညာရှင်များအား ရေတွက်ခဲ့ရာ ရန်ရှူသည်သာ အမြဲတစေ ပထမရခဲ့သည်။ ယင်းသည်ကား ကော့တက်နေသော ဤနှုတ်ခမ်းထောင့်လေးများကြောင့် ဖြစ်ပေလိမ့်မည်။ 


ဤတစ်ကြိမ်၌ အစည်းအဝေးက ချောချောမွေ့မွေ့ ပြီးသွားခဲ့သည်။ ရိုက်ကူးရေးအဖွဲ့သားများက လွန်စွာစကားများကြပြီး သူတို့၏ လိုအပ်ချက်များမှာလည်း အလွန် ရှင်းလင်းနေသည်။ 


သူတို့က ရန်ရှူနှင့် ရက်တန်းချိန်းလိုက်ကာ မိတ်ကပ်နှင့် ကြိုးစားကြည့်ကြမည် ဖြစ်သည်။ 


အရာအားလုံး အဆင်ပြေချောမွေ့လွန်းနေသဖြင့် ရန်ရှူမှာ လက်တွေ့မဟုတ်သည့်အလား တွေဝေငေးမောသွားစေခဲ့သော်လည်း ယင်းကိုမူ ပျော်ရွှင်နေစေဆဲပင်။ ထို့ကြောင့် အနည်းငယ် ပိုသောက်မိသွားသသည်။ အမှန်တွင် ရန်ရှူသည်ကား အရက်ကောင်းကောင်း သောက်နိုင်သူ မဟုတ်ပေ။ 


သူ့ကိုယ်သူ အနုပညာရှင်တစ်ယောက်ဖြစ်ကြောင်း သိနေပြီး ကိုယ့်အကြောင်းကိုယ် သိသဖြင့် အလုပ်ရှိသော ရက်များတွင် အသိစိတ်ရှိနေဆဲ ဖြစ်သည်။ သူ၏ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်မှုကို ကျေးဇူးတင်ရမည်ပင်။  


သို့သော်လည်း အရက်မူးသွားသောအခါ လုံးဝ လွတ်ထွက်သွားတတ်သည်။ များစွာသော စကားလုံးများ ကိစ္စများကို အကြောင်းပြချက်ထက် ကျော်လွန်၍ ပြောမိ လုပ်မိသွားတတ်လေ၏။ 


ဟူရုံချီက ဖုန်းထဲမှ မက်ဆေချ့်ကို တွေ့သောအခါ စန့်ရှန်းထံ အလျင်အမြန် စာပြန်လိုက်သည်။ ဆွေးနွေးမှုက ပြီးသွားပြီဖြစ်ပြီး ကောင်းကောင်း အဆင်ပြေသွားသည်။ ရန်ရှူက အနည်းငယ် မူးနေရုံသာ။ ထို့ကြောင့် လက်ထောက်ကို ပြန်ပို့ခိုင်းရန် ရည်ရွယ်ထားသည်ဟူ၏။ 


ထိုသို့မဟုတ်ပါက သူ အရက်သောက်ပြီးနောက် မကောင်းသော အရာများ ဖြစ်လာလေ့ရှိတတ်ပေသည်။ 


မစ္စတာစန့်: [သူ့ကို အောက်ထပ် လိုက်ပို့ပေးလိုက်ပါ... ]


ထိုစဥ်က ဟူရုံချီမှာ ဤစကား၏ အသေးစိတ် အဓိပ္ပါယ်ကို နားမလည်ခဲ့သဖြင့် သူ့လက်ထောက်ကိုသာ ရန်ရှူအား အောက်ထပ်သို့ လိုက်ပို့ခိုင်းလိုက်ပြီးနောက် ရိုက်ကူးရေးအဖွဲ့ကိုဆက်ပြီး ဖျော်ဖြေပေးနေခဲ့သည်။ 


"ရန်ရှူက အားလုံးကောင်းပေမယ့် အရက်တော့ မသောက်နိုင်ဘူး... သူ့ကို အရင်ပို့ပေးလိုက်ကြတာပေါ့... ကျွန်တော် ခင်ဗျားတို့နဲ့ အတူ သောက်ပေးမယ်…"

ဟူရုံချီ ပြောလိုက်ပြီးနောက် ရန်ရှူထိုင်ခဲ့သော နေရာတွင် ဝင်ထိုင်လိုက်သည်။ 


ရန်ရှူမှာ လက်ထောက်လေးထံမှ ကူတွဲပေးကာ အောက်ထပ်ရှိ ကားပါကင်သို့ ခေါ်ပေးခံလာခဲ့ရပြီး မနီးမဝေးတွင် ရပ်နေသည့် စန့်ရှန်းအား တွေဝေငေးမောစွာဖြင့် တွေ့လိုက်ရလေသည်။ 


ချက်ချင်းဆိုသလို လက်ထောက်ကို ဖယ်ထုတ်ကာ စန့်ရှန်းထံ လျှောက်လာခဲ့ပြီး လက်ညှိုးငေါက်ငေါက် ထိုးကာ ဆူပူကြိမ်းမောင်းလိုက်သည်။

"ငါ့ကို အပေါ်တက်ပြီး ခေါ်လာပေးလို့ မရဘူးလား…" 


ဤအနေအထားအရ သူတို့ နှစ်နှစ်ကြာအောင် လမ်းခွဲခဲ့သည်ကို မေ့သွားပုံရပြီး မေးခွန်းကလည်း အကျိုးအကြောင်းသင့်နေသည်။ 


လက်ထောက်ကလေးသည်ကား နှစ်ယောက်သား၏ ဆက်ဆံရေးကို မသိလေရာ သူ၏ အနုပညာရှင်က ဘောစ့်အား စိတ်ဆိုးနေသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ချက်ချင်းဆိုသလို ကြောက်စိတ်မွှန်လာပြီး ရန်ရှူအား တားချင်နေခဲ့၏။ 


သို့သော်ငြား စန့်ရှန်းက အခြေအနေကို အခွင့်ကောင်းယူ၍ ရန်ရှူအား တွဲပေးလိုက်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရခြင်း မရှိပေ။ ထိုအစား လက်ထောက်လေးကို ပြောလိုက်သည်။

"ငါ သူ့ကို အိမ်ပြန်ပို့ပေးလိုက်မယ်…" 


"ဒါပေမယ့်…"

လက်ထောက်လေးက ယင်းမှာ မသင့်တော်ကြောင်း မသိစိတ်မှ ခံစားလိုက်ရသည်။ 


"ပြန်တော့... ပြန်တော့…ငါ မမူးဘူး…" 

ရန်ရှူ လက်ခါပြလိုက်သည်။


"တကယ်လား…" 


"တကယ်ပါကွ…"

ရန်ရှူ ချောချောမွေ့မွေ့ ပြန်ဖြေလာသည်။ 


စန့်ရှန်း၏ လက်မောင်းများက သူ့အား ကူထိန်းပေးထားရင်းဖြင့် စန့်ရှန်း၏ ကားအနားသို့ ရောက်လာခဲ့သည်။ 


"ငါတို့အားလုံး... အဝတ်အစားစတိုင်တွေအကြောင်း ဆွေးနွေးခဲ့ကြတယ်... သူတို့ကလေ ငါ့မှာ တောင်းဆိုစရာတွေ ရှိသေးလားလို့ မေးကြသေးတယ်... ဟားဟား…" 


လက်ထောက်လေးက နှစ်ယောက်သား ထွက်သွားသည်ကို ကြည့်ပြီးနောက် အစ်ကိုလျို့အား တိတ်တိတ်လေး မက်ဆေချ့် ပို့လိုက်သည်။ 


ရန်ရှူက ကားထဲတွင် ထိုင်ကာ လှည့်လာပြီးနောက် စန့်ရှန်းအနား တိုးကပ်လာလေသည်။

"သူတို့ကပြောတယ်... ငါ့မှာ နှုတ်ခမ်းကော့လေး ရှိပြီးတော့ ငါ့နှုတ်ခမ်းတွေက အရမ်းလှတယ်တဲ့... မင်းရော ဘယ်လိုထင်လဲ…" 


စန့်ရှန်းက သူ့ကို လှည့်ကြည့်လာပြီး မျက်လုံးများက သူ့နှုတ်ခမ်းထက်သို့ ရောက်ရှိလာသည်။ သူမြင်လိုက်ရသည်မှာ အနည်းငယ်ကော့တက်နေသော နှုတ်ခမ်းထောင့်လေးများ ဖြစ်သသည်။ ပြုံးတုံ့တုံ့လေး ဖြစ်နေပြီး မိတ်ကပ် မဖျက်ရသေးသည်ကြောင့်ထင်သည် နှုတ်ခမ်းထက်တွင် ကြွေပန်းနီရောင်လေး သန်းနေပေသည်။


အမှန်ပင် နှုတ်ခမ်းလှလှလေးများ ဖြစ်ကြပေသည်။   


"အရမ်းလှတယ်…"

စန့်ရှန်း ပြန်ဖြေလိုက်သည်။ 


ရန်ရှူက စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်ပြီး ရယ်သံလေးကပင် ပြောတိုင်းယုံတတ်သည့် သဘောပါနေသည်။ သူက ပျော်ရွှင်စွာဖြင့် ဆက်မေးလိုက်သည်။

"ဒါဆို... အရင်က မင်း ငါနဲ့ တွဲတုန်းကလေ... ငါ့နှုတ်ခမ်းတွေကြောင့် ကြွေသွားခဲ့တာမို့လား…" 


"ဒါကြောင့်ပဲတော့ မဟုတ်ပါဘူး…"

စန့်ရှန်းက ထပ်ပြီး ထိုင်ချလိုက်သည်။ အစ်ကိုလျို့ထံမှ မက်ဆေချ့်ကို ကြည့်ရန်အတွက် သူ့ဖုန်းကို ထုတ်လိုက်သည်။ 


အစ်ကိုလျို့ စိတ်ချသွားစေရန်အတွက် သေချာပြောပြရန် လိုအပ်နေသေးပေသည်။ မဟုတ်လျှင် အစ်ကိုလျို့က သူ ရန်ရှူအား ထုတ်မပြောနိုင်သည့် စည်းမျဥ်းများ ပြောပြလိုက်မည်ကို ကြောက်ရွံ့နေပေတော့မည်။ 


ထို့ကြောင့် သူ ပြောင်ပြောင်တင်းတင်း မေးလိုက်သည်။ [ရန်ရှူမှာ သူနဲ့ အမြဲတမ်း ပြတ်လိုက်တွဲလိုက် လုပ်နေတဲ့ ရည်းစားဟောင်း ရှိတာ သိထားလား…] 


"ဒါဆို ငါ့ရဲ့ ဘယ်နေရာက ကြည့်ကောင်းတာလဲ" 


ရန်ရှူက သူ့လက်ကို မြှောက်ကာ စန့်ရှန်း၏ မျက်နှာကို ဆွဲယူလိုက်ပြီးနောက် သူ့အား ကြည့်စေ၏။ 


စန့်ရှန်း၏ အကြည့်များက သူ့ပါးပြင်ထက်တွင် ဖြတ်ပြေးသွားသည်။ ထို့နောက် ခေါင်းစခြေဆုံး ကြည့်လာခဲ့သည်။ အဆုံးတွင် သူ အကြည့်လွှဲလိုက်လေသည်။

"မင်းရဲ့အရာအားလုံးက ကြည့်ကောင်းတယ်…" 


"မင်းကတော့..."

ရန်ရှူက ကားထိုင်ခုံပေါ်တွင် ထိုင်နေရင်း ရယ်မောလိုက်၏။ စန့်ရှန်းအား ဆူပူကြိမ်းမောင်းရန် ရည်ရွယ်ထားသည်ကို

ပင် မေ့သွားလေသည်။

"မင်းက အပေါ်ယံ ကြည့်တတ်တဲ့သူပဲ... ငါ့ရဲ့ မျက်နှာလေးကို တအားစွဲလန်းနေတာသိသွားပြီ... ငါကလည်း သောက်ရမ်း ချောနေတာကိုး... ဟဲဟဲ…" 


"ဟုတ်တယ်…"

စန့်ရှန်းက စာပို့နေရင်းဖြင့် ဝတ်ကျေတန်းကျေ ပြန်ဖြေလာခဲ့သည်။ 




📽️