Chapter 14
Viewers 376

📽️Chapter 14



“ရန်ရှူ... မနက် သုံးနာရီ ရှိပြီလေကွာ…"

စန့်ရှန်း၏ ခပ်သြသြအသံက ဗီဒီယိုထဲမှ ထွက်ပေါ်လာခဲ့သည်။ စန့်ရှန်း၏ မျက်နှာကို မမြင်ရသည့်တိုင် စန့်ရှန်း၏ အသံအနေအထားအရ ခြေကုန်လက်ပမ်းကျနေသည့်အလား ကူကယ်ရာမဲ့နေသည်ကိုလည်း ကြားနိုင်လေသည်။ 


"ငါ ခွေးလေးတွေနဲ့ ကစားချင်တယ်... သူတို့က ငါ့ကို အရမ်း သဘောကျနေကြတာ... ငါ ဇာတ်ညွှန်း လာယူတဲ့ နေ့တုန်းကတောင် ပျော်နေကြတာ မတွေ့ဘူးလား…" 


"ဒါပေမယ့် အရမ်းနောက်ကျနေပြီလေကွာ... မင်း လေးနာရီလောက်တောင် မအိပ်ခဲ့ရသေးဘူးလေ…" 


ရန်ရှူက သူ့အား လစ်လျူရှုကာ ခွေးအိမ်၏တံခါးကို တွန်းဖွင့်လိုက်သည်။ ခွေးများ ထွက်လာသည်ကို မြင်သောအခါ လွန်စွာ ရွှင်မြူးသွားလေသည်။

"ဒီအလက်စကာလေးက ဗစ်တာ ဟုတ်တယ်မလား.. ဟတ်စကီးလေးက နစ်ပေါ့... ဒါ... ဒါလေးက ဘာမျိုးလေးပါလိမ့်... ဟယ်ရီလို့ ခေါ်တာပဲ မှတ်မိတော့တယ်…" 


"ဆာမိုရယ်…” 


"ဟုတ်တယ်…"

ရန်ရှူက အလွန်အမင်း စိတ်အားထက်သန်နေခဲ့၏။ လက်များကို ဖြန့်ကား၍ ခွေးသုံးကောင်ကို ဖက်ရန် ပြင်လိုက်သည်။ 


ခွေးသုံးကောင်သည်လည်း အလွန် ပူးပေါင်းဆောင်ရွက်ပေးနေပြီး သူနှင့်အတူ တပျော်တပါး ကစားနေလေသည်။ 


[ စန့်ရှန်းရဲ့ ခွေးကြီး၃ကောင်အကြောင်းပြောပြချင်လို့ပါ 🐶 🐶 🐶 

'ဗစ်တာ'က အလက်စကာခွေးပါ

'နစ်'က ဟက်စကီးခွေးပါ

'ဟယ်ရီ'က ဆာမိုရယ်ခွေးပါ

ရန်ရှူက သူတို့ကို တစ်ခါတစ်လေကျရင် ကိုကျစ်တို့ ရှို့ကို တို့ဆိုပြီး ခေါ်တတ်ပါတယ် ]


အမွေးပွပွ ခွေးကြီးသုံးကောင်မှာ အမြင်အားဖြင့် ရန်ရှူထက်ပင် ကြီးမားပုံပေါ်နေသေးသည်။ 


ရန်ရှူမှာ အနည်းငယ် ပိန်ပါးနေခဲ့လေ၏။ 


" နူးညံ့နေတာပဲ... ဗစ်တာက ဝိတ်တော်တော် တက်လာတယ်... ဘယ်လောက်တောင် တက်လာတာလဲ…"

ရန်ရှူက ဗစ်တာအား ဖက်ကာ စန့်ရှန်းကို မေးလိုက်သည်။ 


"လေးဆယ့်သုံး ကီလိုဂရမ်…" 


"သေချာပေါက် ဒီ့ထက်ပိုပါတယ်…"

ရန်ရှူက စန့်ရှန်းအား မယုံကြည်ပေ။ သူက အခန်းထဲမှ ပေါင်ချိန်စက်ကိုယူကာ ဗစ်တာကို အပေါ်သို့ တင်ပေးလိုက်သည်။ 


ကံမကောင်းစွာဖြင့် ဗစ်တာက ဥာဏ်မကောင်းဘဲ ပူးပေါင်းလုပ်ဆောင်ပေးရန် ငြင်းဆိုနေ၏။ ရန်ရှူက ဗစ်တာအား ပေါင်ချိန်စက်ပေါ် ပွေ့ချီသွားရန် ရည်ရွယ်လိုက်သည်။ 


ဗစ်တာအား လက်နှစ်ဖက်လုံးဖြင့် တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သော်လည်း ချီမရ ဖြစ်နေခဲ့သည်။ 


ဒုတိယအကြိမ် ခွန်အားများ စုစည်းလိုက်သောအခါ ရုတ်တရက် မချီ၍ ရသွားလေသည်။ သို့သော်ငြား မကြာမီမှာပင် တစ်ကိုယ်လုံး ခါယမ်းလာသဖြင့် ဗစ်တာအား ပြန်ချလိုက်ရသည်။ 


“စန့်ရှန်း...ငါ ခါး အကြောညပ်သွားပြီ ထင်တယ်…" 

ရန်ရှူ လက်လှမ်းကာ အကူအညီ တောင်းလိုက်ရ၏။ 


"မင်းမှာ အားရှိပါတယ်... မဟုတ်ရင် မင်း တီဗီစီးရီးထဲမှာ သရုပ်ဆောင်တဲ့အခါ မင်းသားက မင်းသမီးကို ချီပြီး ယမ်းနိုင်ပါ့မလား…" 


"ငါ... ငါက အောက်ပုဂ္ဂိုလ်လေ... အောက်ပုဂ္ဂိုလ် တစ်ယောက်အတွက် ဘယ်လိုလက်မောင်းအားမျိုး လိုအပ်လို့လဲ... ငါ့မှာသာ လက်မောင်းအား ရှိရင် မင်းငါ့ကို လုပ်တဲ့အချိန်တိုင်း မင်းရဲ့ ငိုကြွေးနေတဲ့ မိုးမခပင်ကြီးကို ကျွမ်းထိုးမှောက်ခုံ ဖြစ်အောင် လုပ်ပြီး အပြင်ကို လွှင့်ပစ်လိုက်မှာပေါ့... ဇာတ်လိုက်မင်းသမီးဖြစ်ဖြစ် ဘာဖြစ်ဖြစ်... ငါတို့က ညီအစ်မတွေ... ငါဝန်ခံပါတယ်... ငါ့မှာ အားလုံလုံလောက်လောက်မရှိလို့ ငါ့ရဲ့ ကိုယ်အလေးချိန်အကြောင်းကိုတောင် တစ်ခါမှ မပြောခဲ့ဖူးဘူး... ပြီးတော့ ငါ အောက်ပုဂ္ဂိုလ် တစ်ယောက်ဆိုတာကို သူတို့ သိထားပြီးသားပဲ... မင်းငါ့ကို အပြစ်လာဖို့မနေနဲ့…" 


"ဒီနားလာခဲ့... ကိုယ်ကြည့်ပေးမယ်…"

စန့်ရှန်း ပြောလိုက်သည်။ 


ရန်ရှူမှာ ဗီဒီယိုကို အဆုံးထိ ကြည့်ချင်စိတ် မရှိတော့ပေ။ သူ့ပုံစံအရ ဖြစ်လာတော့မည့်အရာများကို သေချာ သိနေသည်။ သေချာပေါက်ပင် သူ့ကိုယ်သူ စန့်ရှန်း၏ ရင်ခွင်ထဲသို့ ချက်ချင်း ပစ်ဝင်လိုက်သည်သာ ဖြစ်ရပေမည်။ 


ဖုန်းကို တိတ်တဆိတ် ပြန်ချကာ ယခင်က ကိစ္စများကို ထပ်မပြောတော့ပေ။ ယခင်က ရှိခဲ့သော စိတ်ကြီးဝင်ခြင်းများ ဒေါသများ ချက်ချင်းဆိုသလို ကွယ်ပျောက်သွားပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

"ပေါင်မုန့်မီးကင်လည်း အဆင်ပြေပါတယ်... ကော်ဖီထဲကို ကာရယ်မယ် ထပ်ထည့်လိုက်မယ်…" 


စန့်ရှန်းက သူ၏ ရုတ်တရက် သဘောထား ပြောင်းလဲမှုကို အမှုမထားဘဲ ထိုအစား တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်လေသည်။

"ရတယ်လေ…" 


အိမ်က ကြီးနေသည့်အခါ ဟာလာဟင်းလင်း ဖြစ်နေသည်ဟု ခံစားရသည်။ 


ရန်ရှူက ထမင်းစား စားပွဲတွင် ဝင်ထိုင်လိုက်ပြီးနောက် တစ်ခန်းလုံး မွှေးပျံ့နေသည့် ကော်ဖီနံ့လေးကို ရလိုက်သည်။ 


မနက်ပိုင်းတွင် မြို့၏ ပျားပန်းခပ် လှုပ်ရှားနေပုံကိုလည်း တွေ့မြင်နေရသဖြင့် သူ့အား အတွေးနစ်သွားစေခဲ့သည်။ အချိန်အတော်ကြာသည်အထိ ဒေါသများ ဖြေဖျောက်ရရေးအတွက် စန့်ရှန်းအား ဆူပူရန် မည်သည့်အကြောင်းပြချက်ကိုမှ မတွေးနိုင်ခဲ့ပေ။ 


ရလဒ်အနေဖြင့် နှစ်ယောက်အကြား ထူးဆန်းစွာဖြင့် တိတ်ဆိတ်သွားရလေသည်။ 


စန့်ရှန်းက ပေါင်မုန့်ကို သူ့ရှေ့တွင် ထားလိုက်ပြီးနောက် မေးလိုက်သည်။

"ဘာစားချင်တာ ရှိသေးလဲ... ရှန်းကျွင့်ကျင်းကို လာပို့ခိုင်းလိုက်မယ်…" 


"မဟုတ်ဘူး... ငါ ကုမ္ပဏီကို သွားပြီး အတန်း တက်ရဦးမှာ... ငါ့ရဲ့ အတွေးအမြင် အသိပညာ ဖွံ့ဖြိုးမှုတွေကို လာမနှောင့်ယှက်နဲ့…" 


"သြော်... ကောင်းပြီလေ…"


မနက်စာ စားပြီးနောက် ရန်ရှူက နာကျင်နေသော ခါးလေးကိုထောက်ကာ တွန့်ကြေနေသော အဝတ်အစားများဖြင့် အိမ်ထဲမှ ထွက်လာခဲ့သည်။ 


အပြင်ရောက်သောအခါ စန့်ရှန်း၏ အိမ်သို့ လာသော ရှန်းကျွင့်ကျင်းနှင့် တွေ့လိုက်ရသည်။ ရှန်းကျွင့်ကျင်းက နွေးထွေးစွာဖြင့် နှုတ်ဆက်စကား ပြောလိုက်သည်။

"အစ်ကိုရန်... ဒီနေ့ အိပ်ရာထတာ စောသားပဲ…" 


"ကားနဲ့ လိုက်ပို့ပေးရမလား…"

ရှန်းကျွင့်ကျင်း ထပ်မေးလိုက်သည်။ 


"အဆင်ပြေပါတယ်…" 


ရန်ရှူကို အပြင်လိုက်ပို့ပြီးနောက် ရှန်းကျွင့်ကျင်းက အိမ်ထဲသို့ ဝင်ကာ စန့်ရှန်းအား မေးလိုက်သည်။

"ပြေလည်သွားကြပြီလား…" 


"အခုထိ မဟုတ်သေးဘူး…"

စန့်ရှန်း ပြန်ဖြေလိုက်သည်။ 


"ရန်ရှူက ခါးကိုင်ထားရင်း ထွက်သွားတာလေ…" 


"မနေ့ညက သူ အိပ်ပျော်သွားပေမယ့် ညသန်းခေါင်မှာ ရုတ်တရက်ကြီး နိုးလာတယ်လေ... ခွေးတွေနဲ့ ကစားချင်တယ်ဆိုပြီး အတင်းပြောနေတယ်... ဗစ်တာရဲ့ အလေးချိန်ကိုလည်း တိုင်းလိုက်သေးတယ်... ချီဖို့ လုပ်ရင်းနဲ့ ခခါးကြောမျက်သွားတာ…" 


ရှန်းကျွင့်ကျင်းက ထိုစကားကို ကြားသောအခါ ကျိတ်ရယ်လိုက်သည်။

"ဒီလိုဟာမျိုးက ရန်ရှူမှ လုပ်မဲ့ ဟာတွေပဲ…" 


သူ ထိုင်ချလိုက်ပြီးနောက် တွေးကြည့်လိုက်သောအခါ တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွားလေသည်။

"ရန်ရှူက မင်းရဲ့ ခွေးတွေကို မုန်းတယ် မဟုတ်ဘူးလား... ဒီကိစ္စကြောင့် ဒေါသထွက်နေတုန်းပဲလေ... ခွေးမွေးတာကလည်း မင်းတို့ လမ်းခွဲကြတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပဲလေ... သူတို့ကို မွေးတုန်းက သဘောမကျခဲ့တာ သူပဲမလား…" 


"သူက တကယ်တော့ အကောင်လေးတွေကို သဘောကျတယ်…" 


"ဒါဆို... အရင်တုန်းက..."

ရှန်းကျွင့်ကျင်းက စဥ်းစားကြည့်လိုက်ပြီးနောက် ထပ်ပြီး ရယ်မောလိုက်လေသည်။

"ရန်ရှူက ခွေးကိုတောင် မနာလို ဖြစ်သေးတာလား…" 


စန့်ရှန်းက ပြန်မဖြေသလို ပြန်လည်း မငြင်းပေ။ 


သို့သော်ကြား မကြာမီ ရှန်းကျွင့်ကျင်းတစ်ယောက် စိတ်မကောင်း ဖြစ်သွားပြန်လေသည်။

"မင်းက အလုပ်များလို့ သူက လမ်းခွဲတယ်... WeChat မှာ စာပြန်တာ ဆယ်မိနစ် နောက်ကျလို့လည်း လမ်းခွဲတယ်... ဒီလမ်းခွဲမှုတွေက... ဒီကိစ္စတွေက လမ်းခွဲမှုတစ်ရာလောက် ဖြစ်စေတဲ့အထိ သူ့ရဲ့ အာရုံတွေကို ဘယ်လိုများ ဆွဲဆာင်သွားခဲ့ပါလိမ့်…" 


"အခု သိသွားပြီလား…"

စန့်ရှန်းက ပြန်ဖြေနေဆဲမှာပင် အဝတ်လဲပြီးသွားကာ အိမ်ထဲမှ ထွက်လာခဲ့သည်။

"ဟို့မော့နဲ့ ဆွေ့ဟို့ယွီလည်း အထက်တန်းကတည်းက သိသွားကြတာ... အခုလောလောဆယ်တော့ အန်တီစုက ဒီဒဏ် ခံနေရတာပဲ…" 


"ပြောကာမှပဲ... ဒီတစ်ခေါက် မင်းတို့ ပြတ်တာ အကြာကြီးပဲ... နောက်ဆုံး လမ်းခွဲတာရဲ့ အကြောင်းပြချက်က ဘာလဲ…" 


စန့်ရှန်းက ဖုန်းကို ထပ်ပြီး ကောက်ယူလိုက်သသည်။ ယမန်နေ့ညက ဗီဒီယိုအား စကားဝှက်ဖြင့် သော့ခတ်သိမ်းဆည်းထားသော အယ်လ်ဘမ်ထဲသို့ ထည့်လိုက်ပြီးနောက် ပြန်မဖြေခဲ့ပေ။ သူက ရှန်းကျွင့်ကျင်းနှင့်အတူ ရှေ့မှ လှေကားသို့ ဆင်းလာကာ ကုမ္ပဏီသို့ ဦးတည်လိုက်သည်။ 


*****


“သူက ခွေးတစ်ကောင် ဖြစ်နေလို့လေ…"

ရန်ရှူက ကုမ္ပဏီ၏ နားနေခန်းထဲသို့ ဝင်လာခဲ့သည်။ ဆရာဖန်းမလာမီ စုအန်းရီကို ဖုန်းခေါ်ကာ စန့်ရှန်းအကြောင်း မကျေမနပ် ပြောဆိုလေတော့သည်။

"လွန်ခဲ့တဲ့ နှစ်နှစ်က သူဘယ်လောက် လွန်လွန်းလဲ သိလား... သူ့ကို အဲ့ဒီလောက် ကြာတဲ့အထိ မတွေ့ခဲ့ရဘူး... သူက ဒီလို ဖြစ်နေပြီ…" 


စုအန်းရီ၏ အသံအနေအထားက တက်ကြွနေခြင်း မရှိပေ။  

“နင့်မှာ ရည်းစားတစ်ယောက်ပဲ  ရှိတော့ သူဘာလုပ်လုပ် ပထမဆုံးအကြိမ်လို ဖြစ်နေမှာပဲလေ…" 


"စန့်ရှန်းက စိတ္တဇကောင်လိုပဲ... ငါ PPT(Powerpoint presentation)တစ်ခု လုပ်ကြည့်ပြီးပြီ... ငါတို့ ခုနစ်နှစ်တာ တွဲလိုက်ပြတ်လိုက် သံသရာ လည်နေတဲ့ ကာလအတွင်း လမ်းခွဲရတဲ့ အကြောင်းအရင်းတွေကို စုပေါင်းကြည့်လိုက်ပြီးပြီ... ငါတို့နှစ်ယောက်ကြားက ဆက်ဆံရေးကိုပါ ခွဲခြမ်းစိတ်ဖြာကြည့်ခဲ့တာ... နောက်ပိုင်းကျရင် ငါတို့ ပိုအဆင်ပြေလာစေဖို့ ကျရှုံးသွားတဲ့ အတွေ့အကြုံတွေကို အနှစ်ချုပ် ကြည့်လိုက်တာပေါ့…" 


ဖုန်းတစ်ဖက်မှ စုအန်းရီမှာ အနည်းငယ် ပဟေဠိ ဖြစ်သွားပုံပင်။

"ဒါက နင်တို့ နှစ်နှစ်ကြာအောင် လမ်းခွဲရတဲ့ အကြောင်းအရင်းပေါ့လေ…" 


'ယောကျ်ားတစ်ယောက်က အာဃာတတွေ စွဲကိုင်ထားတယ်ပေါ့လေ... ငါသူ့ကို အမှတ်မှားနေမိတာပဲ…' 

စုအန်းရီ တွေးလိုက်မိသည်။ 


"ဘာလဲ... ငါက ဒီလိုလူ မဟုတ်ပါဘူးနော်... သူငါနဲ့ အတူရှိတဲ့ ပထမပထမဆုံး ရက်မှာကတည်း ဒါကို မသိထားသင့်ဘူးလား... ငါ ပြောခဲ့တာတွေကို အရေးမထားဘဲနဲ့ ဆေးထိုးအပ်ပြွန်လို ဖြစ်သွားတယ်လေ... ဒါကြောင့် ငါက သူ့ကို နှစ်သစ်အတွက် သိမ်းထားနေရမှာလား... မဟုတ်ဘူးလေ... ဒါကြောင့် ငါတို့ လမ်းခွဲလိုက်တာ... နှစ်နှစ်ကြာတဲ့အထိ…" 


စုအန်းရီ သက်ပြင်းချကာ လက်ဖျားခါမိသွားသည်။

"ဘယ်သူကများ ဒီလိုအရာတွေကိုPPTအဖြစ်နဲ့ အနှစ်ချုပ်ကြည့်မှာလဲလို့... နှစ်မျက်နှာလောက်ဆို မလုံလောက်ဘူးလား…" 


"..."ရန်ရှူ ပြန်မဖြေနိုင်တော့ပေ။ 


သို့သော်ငြား ရန်ရှူနှင့် စန့်ရှန်းမှာ သာမန်လူများ မဟုတ်ကြပေ။


စုအန်းရီ သက်ပြင်းချလိုက်မိသည်။

"နင်တို့တွေ... တကယ့်လို လိုက်ဖက်ပါတယ်... လမ်းမခွဲကြနဲ့... သူများတွေကို ဒုက္ခမပေးကြနဲ့... အချင်းချင်းလေးစား... အချင်းချင်း ကောင်းချီးပေးကြ…" 


"ငါတို့ လမ်းခွဲပြီးသွားပြီ... မနေ့ညကဆို သူငါ့ကို ထိတောင် မထိခဲ့ဘူးလေ…" 


"ခုနကပဲ နင်တို့ လမ်းခွဲရတဲ့ အကြောင်းရင်းကြောင့် ဒေါသထွက်နေတာ မဟုတ်ဘူးလား... အခုကျ မနေ့ညက နင့်ကို မထိလို့ စိတ်ဆိုးပြန်ပြီ... ဒါမှမဟုတ်... နှစ်နှစ်ကြာသွားတာတောင် အခုထိ နင့်ဆီ မလာသေးလို့ စိတ်ဆိုးနေတာလား…" 


ရန်ရှူ နင်သွားလေသည်။

"ငါ..." 


အချိန်အတော်ကြာမှ ဒေါသတကြီး ပြန်ဖြေလာသည်။

"သူ့အကြောင်း စဥ်းစားတိုင်း ဒေါသထွက်တယ်... မဟုတ်သေးဘူး... သူအသက်ရှင်နေတယ်လို့ စဥ်းစားမိတဲ့အချိန်တိုင်း ဒေါသထွက်တာ…"


*****


ရန်ရှူ၏ ဒရာမာအသစ် ချောချောမွေ့မွေ့ဖြစ်လာခြင်းက ထင်ထားသည်ထက် ပို၍ ကျော်လွန်နေခဲ့သည်။ 


မိတ်ကပ် အစမ်းပြင်သည့်ရက်တွင် ရန်ရှူတစ်ယောက် မိတ်ကပ်ပင် မဖျက်တော့ဘဲ လက်မှတ်တန်းထိုးလိုက်သည်။ ရိုက်ကူးရေးအဖွဲ့က သူငြင်းဆိုလိုက်မည်ကို စိုးရိမ်နေသဖြင့် အကျိုးခံစားခွင့်များကလည်း ကောင်းမွန်လှပေသည်။ 


ထို့နောက် ရက်နှစ်ဆယ်အတွင်း ရိုက်ကူးရေးအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ 


သူက အမှန်ပင် ကယ်တင်ရှင်တစ်ယောက် ဖြစ်ခဲ့လေသည်။ 


ဤဒရာမာ၏ ဇာတ်ဆောင်ကို ယခင်က ရွေးထားခဲ့ပြီးသား ဖြစ်ပြီး ထိုသူ၏ မကြာခင်က ထုတ်လွှင့်ခဲ့သော ဒရာမာက အတော်လေး ပေါက်ခဲ့၏။ ထို့ကြောင့် သူက မြေပေါ်တွင် ထိုင်ချကာ စျေးမြှင့်ချင်နေပြီး ရိုက်ကူးရေးလစာကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။ 


ရိုက်ကူးရေးအဖွဲ့၏ ဘတ်ဂျက်ကလည်း အကန့်အသတ်ရှိနေလေရာ လစာကို မတိုးပေးနိုင်သည့်အပြင် မူလဇာတ်ဆောင် အဆိုပြုလာသည့် လစာကလည်း အတော်လေး ရက်စက်လွန်းလှသည်။ 


မူလဇာတ်ဆောင်က စာချုပ်မချုပ်ဘဲ အချိန်ဆွဲနေခဲ့သည်။ စီစဥ်ထားသော ရိုက်ကူးရေး စတင်ချိန် နီးကပ်လာသည်ကို တွေ့ရသည့်အခါရိုက်ကူးရေးအဖွဲ့ကလည်း သဘောတူလာရလိမ့်မည်။ 


မူလသရုပ်ဆောင်မှာ ရိုက်ကူးရေးအဖွဲ့ဘက်မှ ရန်ရှူအား အလင်းလိုအရှိန်နှင့် လက်မှတ်ထိုးနိုင်ခဲ့ပြီး စီစဥ်ထားသည့်အတိုင်း ရိုက်ကူးရေး စတင်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ 


ထိုအကြောင်းကြောင့် မူလသရုပ်ဆောင်၏ အဖွဲ့ဘက်မှ မူကြမ်းတစ်စောင် ထုတ်ပြန်ခဲ့ပြီး ရိုက်ကူးရေးအဖွဲ့မှ ပေးလာသော အကျိုးခံစားချက်များက ရက်စက်ပြင်းထန်လှပြီး အခြေကျပြီးသား သရုပ်ဆောင်တစ်ယောက်ကိုသာ လက်မှတ်ထိုးနိုင်လိမ့်မည်ဟု ဆိုထားလေသည်။ 


မဟုတ်လျှင် ဤဒရာမာပေါက်ရန် အလွန်ခက်ခဲပေမည်။ 


များစွာသော ဖျော်ဖြေရေး မားကတ်တင်းအကောင့်များကလည်း သတင်းဆိုးများ စတင် ပေါက်ပေါက်ဖောက်လာကာ ဤဒရာမာအပေါ်တွင် မျှော်လင့်ချက်မရှိလှဟု ဆိုလာကြသည်။ 


ရန်ရှူက ဤဒရာမာအား စတင်ရိုက်ကူးပြီး ရက်နှစ်ဆယ်အတွင်းမှာပင် hot searchများဆီ ဆွဲခေါ်သွားမည်ဟု မည်သူမှ မထင်ခဲ့ကြပေ။ 


*****


ဒရာမာက စိတ်ကူးယဥ် ဒရာမာမျိုး ဖြစ်ပြီး အများစုမှာ အစစ်အမှန်ရိုက်ကွင်းများအပေါ် အခြေတည်ထားသဖြင့် ရိုက်ကူးရေးအဖွဲ့ကလည်း တောနက်တောင်နက်များတွင် နေထိုင်ကြမည် ဖြစ်သည်။ 


တောနက်ထဲတွင် သင့်တင့်လျောက်ပတ်သော နေထိုင်ရာနေရာ မရှိသဖြင့် ရန်ရှူမှာ တောထဲမှ သစ်သားအိမ်လေးထဲတွင် နေထိုင်ရသည်။ 


အခြေအနေများက အမှန်ပင် ကြမ်းတမ်းလှသော်လည်း ရန်ရှူက မမှုပေ။ သူက အလုပ်လုပ်နေစဥ် ကနုကလျကိစ္စများကို ထိန်းချုပ်ထားပြီး အလေးပေးခံ လူတန်းစားမျိူး ဖြစ်လာမည် မဟုတ်ပေ။ 


ရိုက်ကူးရေးနေ့ရက်တစ်ရက် ပြီးဆုံးသွားခဲ့လေသည်။


ရန်ရှူက ဖုန်းမျက်နှာပြင်ကို ကြည့်ကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

"ငါ မအပ်ရင် သူကလည်း လာမအပ်တော့ဘူးလား... ရိုက်ကူးရေး လုပ်တာ ဆယ့်ခြောက်ရက်တောင် ရှိနေပြီ... ဘယ်လို အခြေအနေရှိလဲ လာမမေးတော့ဘူးတဲ့လား... ငါက ဘယ်သူ့အတွက်နဲ့ တောထဲကို လာနေရတာမို့လို့လဲ…" 


သူက စိတ်မပျော်ရွှင်စွာဖြင့် ထရပ်လိုက်ပြီး တံခါးကို ဖွင့်ကာ လက်ထောက်လေးကို ရှာဖွေလိုက်သည်။

"ရှောင်ချီရေ.... ငါ့အတွက် တစ်ခုခု ကင်ပေးပါဦး…" 


သူ ထွက်လာသောအခါ လက်ထောက်ဖြစ်သူမှာ ရည်းစားကောင်မလေးနှင့် ဗီဒီယိုကော ပြောနေသည်ကို တွေ့လိုက်ရသဖြင့် တပ်ပြန်ဆုတ်ခဲ့ရသည်။ 


ငါ့လက်ထောက်မှာ အတွဲရှိပေမယ့် ငါကတော့ စင်ဂယ် ဖြစ်နေတုန်းပဲ... 


ငါ နှစ်နှစ်တိတိ စင်ဂယ် ဖြစ်နေခဲ့ရတာ... 


ဒါတွေအားလုံး စန့်ရှန်း အမှားတွေချည်းပဲ... 


ထိုအခိုက် ပြတင်းပေါက်၏ အပြင်ဘက်မှ အသံတစ်ခု ကြားလိုက်ရသည်။ လတ်တလော သူအစာကျွေးဖြစ်နေသည့် ကြောင်လေး ရောက်လာခြင်း ဖြစ်မည်ဟု တွေးမိသဖြင့် စိတ်လှုပ်ရှားစွာဖြင့် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ 


ပြတင်းပေါက် ဖွင့်လိုက်သည့်အခါ သူအစာကျွေးနေခဲ့သည် အဖြူနှင့်အနက်စပ်ကြောင်လေးက လိမ္မော်ရောင် ကြောင်လေးတစ်ကောင်အပေါ် မဖွယ်မရာ ပြုလုပ်နေသည်ကို တွေ့လိုက်ရလေသည်။ 


ရန်ရှူ: “…” 


မိုက်ချက်ပဲနော်... မင်းမှာလည်း အတွဲ ရှိတယ်ပေါ့... 


ဒါတောင် လူတစ်ယောက်ရဲ့ ပြတင်းပေါက်ကို လာကုတ်နေတုန်းပဲ... 


ကြောင်ကတောင် ချိန်းတွေ့နေပေမယ့် ငါကတော့ မလုပ်ရဘူး... 


ရန်ရှူက အသက်ပြင်းပြင်း ရှူလိုက်ပါသော်လည်း ဤအခိုက်အတန့်တွင် ဒေါသကို ဖိနှိပ်၍မရ ဖြစ်နေခဲ့သည်။ 


ရေဆူနေသကဲ့သို့ သွေးများပွက်ပွက်ဆူလာသည့်အလား ခံစားနေရသည်ပင်။ သူက ရှေ့တူရူသို့ တည့်တည့်ပြေးကာ မွန်းကြပ်ဖွယ်ရာ နေရာကြီးမှ ပြေးထွက်သွားချင်ပါသော်ငြား ဖြစ်ပျက်သွားသည်က သူ့အတွက် မြန်ဆန်လွန်းလှသဖြင့် မတ်မတ်ရပ်နေနိုင်ရန်အတွက် ပြတင်းပေါက်ဘောင်ကို ကိုင်ထားရန် လိုအပ်နေသည်။



📽️