Chapter 15
Viewers 369

📽️Chapter 15

အခြေအနေ: ငိုကြွေးခြင်း 



ရန်ရှူ အသိပြန်ဝင်လာသောအခါ အံ့အားသင့်စရာ ကောင်းလှသော ကြောင်နှစ်ကောင်ကို လက်ညှိုးထိုး၍ ကျိန်ဆဲလိုက်သည်။

"မင်းကို ကြောင်စာ ကျွေးပေးရတာတောင် ငါ့ကို ခွေးစာတွေ ပြန်ကျွေးနေတယ်ပေါ့လေ... မင်းတော်တော်လွန်နေပြီ ကြောင်စုတ်လေး... မင်းတို့နှစ်ကောင်လုံးကို သင်းကွပ်ပစ်လိုက်ရမှာ…" 


သူ၏ ဆူပူသံက အမှန်ပင် ဆိုးရွားလှသည်ကြောင့် ဖြစ်မည်။ ကြောင်နှစ်ကောင်မှာ တုံ့ခနဲ ဖြစ်သွားပြီးနောက် လျင်မြန်စွာ ပြေးထွက်သွားကြလေတော့သည်။ 


သို့သော်ငြား ရန်ရှူက လွှတ်မပေးချင်ခဲ့ဘဲ ပြတင်းပေါက်မှ ခုန်ထွက်ကာ သူတို့နောက်ကို လိုက်သွားခဲ့သည်။ သစ်တောထဲမှ အန္တရာယ်တစ်ခု စောင့်ကြိုနေသည်ကို သတိမမူမိလေဘဲ အရှက်မဲ့လှသော ကြောင်နှစ်ကောင်ကို ဖမ်း၍ သင်ခန်းစာပေးရမည်ဟု တတွတ်တွတ် ဆိုနေခဲ့လေသည်။ 


အမှောင်ထုကြီး ရောက်ရှိလာလေပြီ။ 


ကောင်းကင်ကြီးက မင်နက်နက်ထဲသို့ နစ်မြုပ်သွားပုံရပြီး အမှောင်ထုက ကောင်းကင်ထံပါပျံ့နှံ့လာခဲ့သည်။ အဝေးတစ်နေရာမှ အမှောင်ထုက ကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးကို ပေါင်းစပ်သွားစေခဲ့သည်။ မြင်ကွင်းထက်၌ အဆုံးဟူ၍ မရှိတော့သည့်အလားပင်။ 


တောင်တန်းများ၌ လမ်းဘေးမီးတိုင်များ မရှိပေ။ ကြောင်များကို တစ်ခဏတာ လိုက်ခဲ့ပြီးနောက် ရန်ရှူတစ်ယောက် တစ်စုံတစ်ခုကို ခလုတ်တိုက်မိကာ တောင်ခပန်းပေါ်သို့ ပြုတ်ကျသွားလေတော့သည်။  


မြေပေါ်သို့ လဲကျပြီးနောက် အချိန်အတော်ကြာသည်အထိ မထနိုင်ခဲ့ပေ။ 


ပြုတ်ကျမှုက မပြင်းထန်လှသော်ငြား အသိပြန်ဝင်လာသောအခါ မတိုင်မီက သူ့အား လှုံ့ဆော်ခဲ့သော အရာကို စဥ်းစားမိသွားလေသည်။ 

ငါ ဒီကြောင်လေးနှစ်ကောင်ကို ဖမ်းဖို့အတွက်နဲ့ ဘာလို့များ မှောင်မှောင်မည်းမည်းထဲ ပြေးထွက်လာခဲ့ပါလိမ့်... 


သူ ဖြည်းဖြည်းချင်း ထလိုက်ရာ ဒူးက နာကျင်လာလေသည်။ 


"ကျွတ်…"

နာကျင်မှုကြောင့် စုတ်သပ်မိသွားပြီး ဒေါသကြောင့် အသက်ရှူသံများ ပြင်းထန်လာခဲ့လေသည်။

"နာလိုက်တာ... ဒါတွေအားလုံး စန့်ရှန်းရဲ့ အမှားပဲ…" 


သူ ကြိုးစား၍ ထရပ်လိုက်ပြီးနောက် နာကျင်မှုကို တောင့်ခံကာ တောင်အောက်သို့ ဖြည်းဖြည်းချင်း ဆင်းခဲ့ရသည်။ 


မတိုင်မီက ပြုလုပ်ခဲ့သည့် ရှက်စရာကိစ္စကို ရှောင်ချီ သိသွားမည်စိုးသဖြင့် တံခါးမှ မဝင်တော့ဘဲ ပြတင်းပေါက်မှပင် တဖန်ပြန်ဝင်လာကာ ပြတင်းပေါက်ကိုလည်း မမေ့မလျော့ ပိတ်ထားခဲ့လိုက်သေးသည်။ 


ဆိုဖာပေါ်တွင် ထိုင်ချ၍ ဘောင်းဘီအနားစကို လိပ်ကြည့်လိုက်ရာ ဒူးခေါင်းထက်တွင် ခြစ်ရာတစ်ခု ရှိနေပြီး သွေးထွက်နေခဲ့လေသည်။ 


အဆစ်များကို လှုပ်ရှားကြည့်လိုက်ရာ ပြဿနာအကြီးကြီး မဖြစ်သွားဘဲ အနည်းငယ် ရှုံ့မဲ့သွားစေရုံသာ ဖြစ်သည်။ ပိုးသတ်ရန်အတွက် အရက်ပြန် ရှာလိုက်ရသည်။ ထို့နောက် ရန်ရှူ တစ်ယောက် အချိန်အတော်ကြာ ရှာဖွေပြီးမှ အနာကပ်ပလာစတာကို ရှာတွေ့သွားပြီး သုံးခုအား ကပ်ရက်လိုက် ကပ်ထားလိုက်သည်။ 


ထို့နောက် ညဝတ်အင်္ကျီ လဲဝတ်လိုက်သည်။ 


ညရောက်သောအခါ အိပ်ရာထက်တွင် အိပ်မပျော်နိုင် ဖြစ်နေရလေသည်။ 


သူ စန့်ရှန်းအား ဆူပူကြိမ်းမောင်းချင်နေ၏။ 


စန့်ရှန်းအား ထပ်တွေ့ရမည့်အချိန်တွင် ထိုသူအား မည်သို့ ဆူပူရမည်ကို စတင်စဥ်းစားမိလာခဲ့သည်။ သူပို၍ တွေးလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်ပြီး မနက်စောစောမရောက်မီ အိပ်ပျော်သွားသည်အထိ အားအင်အပြည့် ဖြစ်လာခဲ့လေသည်။ 


*****


နောက်တစ်နေ့တွင် မနက်ပိုင်းရိုက်ကွက်တစ်ခုလုံး ရိုက်ကူးပြီးသွားသောအခါ ရိုက်ကူးရေးအဖွဲ့မှ ယာယီတည်ဆောက်ပေးထားသော နေကာတဲအောက်တွင် ထိုင်နေရင်း ရှောင်ချီ က သူ့အတွက် နေ့လည်စာဘူး ယူလာပေးခဲ့သည်။ သူ့ထံတွင် လုပ်စရာ မရှိတော့သဖြင့် ဘောင်းဘီအနားစကို လိပ်ကာ ခြေထောက်ပေါ်မှ ဒဏ်ရာကို ကြည့်လိုက်သည်။  


ဒဏ်ရာက ပြဿနာကြီး မဟုတ်သဖြင့် ရိုက်ကူးရေးကို မသက်ရောက်စေခဲ့ပေ။ သူ အဓိက စိုးရွံ့နေသည်မှာ ဒဏ်ရာက သွေးထွက်နေဆဲ ဖြစ်ပြီး ဝတ်စုံကို ညစ်ပေသွားစေမည်ကို ဖြစ်သည်။ 


ဂွမ်းတံလေးတစ်ခုဖြင့် ဆေးထည့်လိုက်ပြီးနောက် အနာကပ်ပလာစတာကို ထပ်ကပ်လိုက်ပြီး ဘောင်းဘီကို ပြင်ဝတ်လိုက်လေသည်။ 


ဤတစ်ကြိမ်၌ ရှောင်ချီက နေ့လည်စာနှင့်အတူ ရောက်လာကာ မေးလာလေသည်။

"အစ်ကိုရန်... စွပ်ပြုတ် မယူချင်တာ သေချာပြီလား…" 


"အေး... ဒါစားပြီးတိုင်း အိမ်သာသွားရတယ်... ဒီက အိမ်သာတွေက အရမ်း ညစ်ပတ်တာကွ…" 


"ဟုတ်ကဲ့ပါ…" 


သူ စွပ်ပြုတ် မသောက်ချင်ရတဲ့ အဓိကအချက်က... 


စွပ်ပြုတ်ထဲမှာ အနာကျက်တာကို သက်ရောက်စေတဲ့ အမယ်တစ်မျိုး ပါနေလို့ပဲ... 


ရန်ရှူမှာ သူ၏ ဒဏ်ရာအကြောင်းကိုပင် ဖော်ပြခွင့်မရရှာပေ။ 


ထိုနေ့တွင် ရိုက်ကူးရေးမပြီးမီ ရိုက်ကွင်းမန်နေဂျာနှင့် အပေါင်းအဖော်တစ်ယောက်က ရန်ရှူအား အူယားဖားယား လာရှာပြီးနောက် မေးလာသည်။

"အစ်ကိုရန်... ဒဏ်ရာရနေတာလား…" 


"အာ... မင်းတို့တွေ ဘယ်လိုသိတာလဲ…" 

ရန်ရှူ ထိတ်လန့်သွားလေ၏။


မနေ့ညက ကြောင်လိုက်ဖမ်းတုန်း သူ့ကို မြင်သွားကြတာ ဖြစ်နေမလား...


“ဒဏ်ရာရတာကို ဘာလို့ မပြောတာလဲ... ကျွန်တော်တို့ ဂရုစိုက်ပေးလို့ ရတယ်လေ... သတင်းတက်လာမှ သိရတယ်လို့…" 


"သတင်းလား…"

ရန်ရှူ ဖုန်းထုတ်၍ စစ်ဆေးကြည့်လိုက်ရာ ဖတ်ကြည့်ပြီးနောက် မျက်လုံးများ မဲမှောင်သွားလေသည်။ သူ၏ စတေရှင်ကျဲကျဲ(ဓါတ်ပုံလိုက်ရိုက်တတ်တဲ့ဖန်)သည်လည်း တောထဲသို့ လိုက်လာပုံရပြီး ပုန်းအောင်းနေရင်းဖြင့် သူ့အား "အမြှောက်" ဖြင့် ပစ်လိုက်ပုံရသည်။ နေကာတဲ၏ ထောင့်လေးတွင် ပုန်းနေသည့်တိုင် အစ်မကျန်းက သူ့ဒူးခေါင်းပေါ်မှ ဒဏ်ရာကို ရှင်းရှင်းလင်းလင်း ရိုက်မိသွားမည်ဟု မထင်ထားခဲ့ပေ။ 


သတင်းက အလျင်အမြန် ပျံ့နှံ့သွားပြီး စကားလုံးစစ်ပွဲတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။ 


ယခင်က သတင်းအသစ် မရှိခဲ့သည့်အပြင် ရန်ရှူနှင့် စုတျန့်တျန့်ကြားတွင်လည်း မကြေလည်မှုတစ်ခု ရှိခဲ့သည်။ ထို့အပြင် တူမကြီးများကလည်း ရန်ရှူ၏ ကုမ္ပဏီက ရန်ရှူအပေါ် မမျှတဘဲ အစကတည်းက စုတျန့်တျန့်အပေါ် ဘက်လိုက်ကြောင်းကိုလည်း သိထားခဲ့ကြသည်။ 


ဒါပေမယ့် ဒီလောက်ထိတောင်လား... ဒီတစ်ကြိမ်မှာ ရန်ရှူ ဒဏ်ရာ ရနေခဲ့တာလေ... သူ့ရဲ့ လက်ထောက်ကတောင် ဂရုမစိုက်ပေးတဲ့အပြင် ရန်ရှူက ဒဏ်ရာကို ကိုယ့်ဘာသာ ဆေးထည့်နေရသေးတယ်... ကုမ္ပဏီဘက်က ရန်ရှူကို ပစ်ပယ်ထားနေတာ အသိသာချည်းပဲနော်... 


[ရန်ရှူက ဒဏ်ရာရနေတာတောင် ရိုက်ကူးရေး လုပ်နေရတုန်းပဲ... ဒါ သေချာပေါက် ဖိနှိပ်ထားတာ…] 


[ရန်ရှူရဲ့ အသားအရောင်ကို ကြည့်လိုက်ပါဦး... သူ ကောင်းကောင်း အနားမယူရဘူးဆိုတာ သိသာနေတာ... ဒါကပဲ ရန်ရှူ အခုတလော ပင်ပန်းနွမ်းနွယ်မှုတွေနဲ့ ဝမ်းနည်းမှုတွေ ရှိနေတယ်ကို ဖော်ပြနေတာပဲ…] 


အမူအရာမဲ့နေသည့်ပုံ ပေါ်နေသည့်အပြင် အရှက်ပါရနေသည့် ရန်ရှူ: “…” 


သူက စိတ်ပူပန်နေသည့် မန်နေဂျာကို ကြည့်လိုက်ပြီးနောက် ငိုသည်ထက်ပင် ရုပ်ဆိုးနေသည့် အပြုံးလေးတစ်ခုကို ဖျစ်ညှစ်ထုတ်ပေးလိုက်သည်။

"နားလည်မှု လွဲနေတာပါ... ဒဏ်ရာက မပြင်းထန်ပါဘူး... အဆင်ပြေတယ်... သူတို့ကို ရှင်းပြလိုက်မယ်…" 


ရိုက်ကွင်းမန်နေဂျာက အလေးအနက် ရှိနေဆဲပင်။ 

"ဒဏ်ရာ ရနေရင် ကြားထဲရက်တွေအတွက် တခြားဇာတ်ကောင်တွေကို ရိုက်ဖို့ စီစဥ်လိုက်မယ်လေ... ဒါဆို အစ်ကိုလည်း အနားယူရတာပေါ့" 


ရန်ရှူ အလျင်အမြန် ငြင်းဆိုလိုက်သည်။

"မလိုပါဘူး... တကယ် မပြင်းထန်တာပါ…" 


ရန်ရှူ ဖုန်းထုတ်ကာ သောကဝေလျက် သက်ပြင်းချလိုက်လေသည်။ 

ဒါက ဘာလဲကွာ... 


ရန်ရှူက ဖုန်းကိုင်၍ အမှန်အတိုင်း ပြောရန် စိတ်ကူးလိုက်ရတော့လေသည်။ ထို့ကြောင့် စုတျန့်တျန့်အား ပါးဖြတ်မရိုက်မိစေရန်အတွက် ဝေ့ပေါ် ဖွင့်လိုက်သည်။ 


ရန်ရှူ: [ဆူဆူညံညံတွေ မလုပ်ကြနဲ့တော့... ဒါက ကုမ္ပဏီနဲ့ရော ရိုက်ကူးရေးအဖွဲ့နဲ့ရော ဘာမှ မဆိုင်ဘူး... မနေ့ညက ငါ မအီမသာ ဖြစ်နေခဲ့တာ... ပြတင်းပေါက်လည်း ဖွင့်လိုက်ရော ငါ့ပြတင်းပေါက်ရဲ့ အပြင်ဘက်မှာ အချစ်စမ်းနေတဲ့ ကြောင်နှစ်ကောင်ကို တွေ့ရပါလေရော... ငါလည်း ချက်ချင်း နှလုံးသားထဲကနေ ဒေါသတွေ ဆောင့်တိုးလာပြီး အူထဲကနေ မနာလိုမှုတွေ လှိမ့်တက်လာတာပေါ့... ဒီနှစ်ကောင်ကို ဖမ်းပြီး သင်းကွပ်ပစ်မယ်လို့တွေးမိတယ်... အဲ့ဒီညက ကြောင်ဖမ်းတဲ့လမ်းမှာ ချော်ကျခဲ့တာတော့ စိတ်မကောင်းစရာပဲ... ငါလည်း ရှက်တာနဲ့ ရိုက်ကူးရေးအဖွဲ့နဲ့ ငါ့လက်ထောက်ကို မပြောပြတော့တာ... ဒါက မှုလောက်စရာ ဒဏ်ရာကြီး မဟုတ်ပါဘူး... စိတ်မပူကြနဲ့တော့…] 


အချို့သူများအား မျက်နှာသာပေးရန်အတွက် ဖန်များကို အမှန်အတိုင်း ပြောပြရန် တမင်တကာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ 


ထိုစာကို တင်ပြီးနောက် ပါးများပင် ပူလာသလို ခံစားရသည်။ 


တင်ပြီး နာရီဝက်အကြာတွင် ပြန်ဖျက်ရန်လည်း တိတ်တိတ်လေး ဆုံးဖြတ်လိုက်သေးသည်။ ထိုသို့မဟုတ်ပါက ထိုဝေ့ပေါ်ပို့စ်သည်ကား သူ့အတွက် အရိပ်မည်းကြီး ဖြစ်လာရပေတော့မည်။ 


အချိန်အတော်ကြာ ခံစားချက်များကို မှုတ်ထုတ်လိုက်ပြီးနောက် ဝေ့ပေါ် ပြန်ဖွင့်ကာ ဖန်များ၏ ပြန်လည်တုံ့ပြန်စာများကို လိုက်ဖတ်လိုက်သည်။ 


[ဒီဖြေရှင်းချက်ကို တွေ့တော့ ပထမဆုံးအတွေးက ဒီအကြောင်းပြချက်ကြီးက ရယ်စရာကောင်းလိုက်တာလို့ပဲ... ဒါပေမယ့် သေချာစဥ်းစားကြည့်ရင် ဒါမျိုးတွေ ပြောလာတာ ငါ့ဦးလေး(ရှူရှူ) ဆိုတော့ အံ့သြစရာ မဟုတ်တော့ဘူးပဲ…] 


[အင်း... ဒါမျိုးက အဟုတ်ကို သူမှ လုပ်နိုင်မဲ့ အရာမျိုးပဲ…] 


[ဒဏ်ရာမပြင်းတာ တော်သေးတယ်... အခုတော့ ဒဏ်ရာကို တစ်ယောက်တည်းဆေးထည့်နေရရှာတဲ့ ဗီဒီယိုအတိုလေးကို သွားကြည့်ဦးမယ်နော်... တကယ် ရယ်ရတယ်လို့ ထင်တယ်…] 


[မင်းရဲ့ နောက်ဆုံးသော ခေါင်းမာမှုလေးကို ဖန်အစစ်တွေကသာ မြင်နိုင်ကြပါလားနော်…] 


ရန်ရှူက လက်ကို မြှောက်၍ မျက်နှာကို ထိလိုက်ရာ ပူလောင်နေကြောင်း တွေ့လိုက်ရသည်။ စဥ်းစားကြည့်ပြီးနောက် ဝေ့ပေါ်ပိုစ့်ကို ဖျက်ရန် ဆုံးဖြတ်လိုက်လေသည်။ 


သူ ချက်ချင်း ဖျက်လိုက်သည်။ 


ဖျက်ပြီးနောက် ကမ္ဘာကြီး ပြန်လည်အေးချမ်းသွားသည်ဟု ခံစားလိုက်ရပြီး ထိုကိစ္စသည်လည်း ထိုအတိုင်းသာ ပြီးသွားခဲ့လေသည်။ 


….. 


ထူးဆန်းနေသည်။


ဆယ်မိနစ်အကြာတွင် ဇာတ်လိုက်မင်းသမီး မုန့်ရှင်းယာက ဖုန်းကိုင်လျက်သားဖြင့် ရန်ရှူကို လာရှာခဲ့သည်။ သူမက လမ်းလျှောက်လာနေရင်း သူ့ကို ပြုံးပြလာလေသည်။ "အစ်ကိုရန်... ဘာတွေဖြစ်နေတာလဲ... ဒီHeadlineကရော ဘာဖြစ်ရပြန်တာလဲ…" 


"Headlineလား…"

ရန်ရှူ ဆတ်ကနဲ ဖြစ်သွားပြီး ချက်ချင်းထရပ်လိုက်လေသည်။ 


"ဟုတ်တယ်လေ... ထိပ်ဆုံးက နေရာမှာ #ရန်ရှူကကြောင်လိုက်ဖမ်းနေပြီးညတိုင်းရူးကြောင်ကြောင်အဝတ်တွေဝတ်တယ်#တဲ့... ဟားဟားဟား အစ်ကို့ရဲ့ hot searchကတော့ ထူးဆန်းချက်ပဲ…" 


ရန်ရှူက ဖုန်းကို အလျင်အမြန် ထုတ်ကြည့်လိုက်ပြီး ထိပ်ဆုံးရှိ ရေပန်းစားအကြောင်းအရာကို တွေ့လိုက်သောအခါ သွေးများဆူပွက်လာရလေတော့သည်။ 


Wechatကို ချက်ချင်း ဖွင့်လိုက်ပြီးနောက် စန့်ရှန်းကို ဖရန့်ပြန်အပ်လိုက်သည်။ ကံအားလျော်စွာဖြင့် တစ်ဖက်က ချက်ချင်းလက်ခံလိုက်လေသည်။ 


ရန်ရှူ: "hot searchကို ဖျက်လိုက်…" 


စန့်ရှန်း: "ကောင်းပြီလေ…" 


ရန်ရှူက ဖုန်းကိုင်ထားလျက် ဂနာမငြိမ် ဖြစ်နေရသဖြင့် ထရပ်ကာ နေကာတဲထဲတွင် ရှေ့ပြန်နောက်ပြန် လျှောက်နေရလေသည်။ 


တစ်ဖက်တွင် မုန့်ရှင်းယာက သူ့ဘေးမှ ကြိမ်ထိုင်ခုံလေးတွင် ထိုင်ကာ သူ့အတွက် BGMကစားပေးနေသည့်အလား အထိန်းအကွပ်မရှိ ရယ်မောနေလေသည်။

[T/N BGM- Background Music] 


"ရယ်မနေနဲ့တော့... ဒါက ရိုက်ကူးရေးအဖွဲ့ရဲ ဂုဏ်သတင်းအတွက်ပဲ…"

ရန်ရှူက မုန့်ရှင်းယာကို အလေးအနက် ပြောလိုက်သည်။ 


"ဟုတ်တယ်... ဟုတ်တယ်...ရိုက်ကူးရေးအဖွဲ့ရဲ့ ပထမဆုံးသော ရဲရဲတောက်သတင်းက ကြောင်နှစ်ကောင်က ဇာတ်လိုက်မင်းသားရဲ့ ပြတင်းပေါက်မှာ မဖွယ်မရာတွေ လုပ်ပြနေလို့ ဇာတ်လိုက်မင်းသားကို ဒေါသထွက်သွားစေပြီးတော့ အတင်းအကျပ် စည်းကမ်းထိန်းသိမ်းဖို့ လုပ်ပေမယ့် ကျရှူံးသွားခဲ့တယ်... တခြားရိုက်ကူးရေးအဖွဲ့တွေရဲ့ headlineတွေက ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးတို့ရဲ့ တူနှစ်ကိုယ် ပြကွက်လေးတွေကို အမွှန်းတင်ပြီး မှီခိုထားရတဲ့အချိန်မှာ ကျွန်မတို့ ရိုက်ကူးရေးအဖွဲ့ကတော့  ဇာတ်လိုက်မင်းသားက အချစ်စမ်းနေတဲ့ ကြောင်တွေကို လိုက်ခွဲတဲ့ သတင်းတဲ့…" 


"တော်တော့နော်... မင်း…"

ရန်ရှူက မိုးပြိုကျတော့မတတ် ဒေါသထွက်လာရသည်။ ထိုအခိုက် စန့်ရှန်းထံမှ မက်ဆေချ့်ရောက်လာလေသည်။ 


[ဖယ်ပြီးသွားပြီ…] 


ရန်ရှူတစ်ယောက် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချကာ ဝေ့ပေါ် ထပ်ကြည့်လိုက်သောအခါ headlineများ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ 


သူ ချောင်ဟွာ(social media app)သို့ မဝံ့မရဲ ဝင်ကြည့်လိုက်သောအခါ ကျေးဇူးမသိတတ်သော တူမကြီးများမှာ တရုတ်နှစ်သစ်ကူးကဲ့သို့ အလုပ်များနေကြောင်း တွေ့လိုက်ရသည်။ 


[ဦးလေး... ဒီကောင်ကလေးကတော့ hot searchကို ဖယ်ဖို့ လုပ်နေပြီ... တခြားhashtagကို ပြောင်းပြီး တစ်လမ်းလုံး တိုက်စားသွားကြရအောင်... သူ့ကို လွှတ်ပေးလို့ မဖြစ်ဘူး... #ညံ့ဖျင်းတယ်ဆိုတဲ့စကားလာမပြောနဲ့# #ခါးပတ်လေးတွေကိုတပ်ထားတယ်# #အမျိုးကောင်းတရား#] 


[ဝေ့ပေါ်ပိုစ့်ဖျက်လိုက်လည်း အပိုပဲနော်...screenshotတွေမှ အများကြီး ရိုက်ထားတာ... ငါတို့ဦးလေးရဲ့ ရှက်စရာကိစ္စတွေကို ငါတို့အိမ်ထဲမှာပဲ မြှုပ်နှံထားလို့ မဖြစ်ဘူး... မိသားစုရဲ့ အကျဥ်းတန်ကိစ္စတွေကို ဖြန့်ဝေပေးမှ ဖြစ်မယ်... လှုပ်ရှားကြလော့ တူမကြီးတို့…] 


[ကုမ္ပဏီဘက်ကနေ ငါတို့ဦးလေးကို အရေးပေးပါတယ်ဆိုပြီး သက်သေပြတဲ့ နည်းလမ်းက ဒီလိုhot searchတွေကို ဖျက်ပေးတာလို့ ဘယ်သူက ထင်မှာတဲ့လဲ…] 


ရန်ရှူ ဆက်မပြောတော့ဘဲ ဖုန်းကိုင်လျက်သားဖြင့် အခန်းထဲသို့ တိတ်တဆိတ် ပြန်လာကာ အခန်းတံခါးကို လော့ချလိုက်သည်။ 


တစ်ဖက်တွင် ယင်းအပြုအမူက ရှောင်ချီကို စိုးရိမ်စေသဖြင့် တစ်လမ်းလုံး နောက်မှ လိုက်လာခဲ့လေသည်။ ထို့နောက် ဂရုတစိုက်ဖြင့် အစ်ကိုလျို့ထံ စာပို့လိုက်သည်။ 

[အစ်ကိုလျို့...  ကျွန်တော် ဘာလုပ်ရမလဲ... အစ်ကိုရန် ကြည့်ရတာ ငိုချတော့မလိုပဲ…] 


အစ်ကိုလျို့: [အဆင်ပြေတယ်... သူ ရှက်လို့ ငိုတယ်ဆိုတာ ပုံမှန်ပဲ... ခဏလောက် တိတ်တဆိတ် နေခွင့်ပေးထားလိုက်... အနားသွားမကပ်နဲ့... မဟုတ်ရင် မင်းကို ဆူပူကြိမ်းမောင်းနေလိမ့်မယ်…] 


ရန်ရှူက ဆိုဖာပေါ်တွင် ထိုင်နေရင်း ကြောင်တောင်တောင် ဖြစ်နေကာ မျက်ရည်များက မျက်နှာထက်သို့ ကျဆင်းလာခဲ့လေသည်။ 


[တခြား hot searchတွေ ဝင်လာရင်ရော ဖျက်ချပေးရဦးမလား…] 


သူက ဖုန်းမျက်နှာပြင်ကို အမူအရာမဲ့စွာဖြင့် ကြည့်လိုက်ပြီးနောက် ပြန်မဖြေခဲ့ပေ။ ပို၍ဖျက်ချလေလေ တူမကြီးများက ပို၍ စိတ်တက်ကြွလာလေလေ ဖြစ်ကာ အခြားသော hashtagများကို ဝင်အောင် အပြေးအလွှား သွားလုပ်ကြမည် ဖြစ်ကြောင်း သူသိနေ၏။ 


ဒီတိုင်းပဲ ထားရတော့မယ်... 


ထိုအခိုက် စန့်ရှန်းက ဗီဒီယိုကော တောင်းဆိုမှု ပြုလုပ်လာသော်ငြား ရန်ရှူ ပြန်မဖြေလိုက်ပေ။ 


စန့်ရှန်းက မက်ဆေချ့် ပို့လာ၏။ 

[စိတ်မကြည်ရင် စိတ်ညစ်တာပျောက်ဖို့ ကိုယ့်ကို ဆူပူကြိမ်းမောင်းလို့ ရတယ်နော်…] 


ထို့နောက် နောက်ထပ် ဗီဒီယိုကော တောင်းဆိုမှုတစ်ခု ပို့လိုက်ပြန်သည်။


ရန်ရှူ အဆုံးတွင် လက်ခံလိုက်သည်။ ဗီဒီယိုကောတွင် ရန်ရှူက မဲ့ကျနေသော နှုတ်ခမ်းထောင့်ကွေးလှလှလေးများဖြင့် မိုးတဖျောက်ဖျောက် ကျသကဲ့သို့ ငိုကြွေးနေပြီး အလွန်ပင် ရယ်စရာကောင်းနေသည်။ 


အဆုံးတွင် စန့်ရှန်းမှာ ရန်ရှူထံမှ နှစ်ပေါင်းများစွာ လေ့ကျင့်ပေးခံလာခဲ့ရသူ ဖြစ်သည်။ထိုကဲ့သို့သော ရယ်စရာမြင်ကွင်းမျိုးကို မြင်ရသည့်တိုင် မရယ်မိခဲ့ပေ။ သူက ကောင်းကောင်း တောင့်ခံထားနိုင်ခဲ့ပြီး နိုင်ငံတကာ ပါလီမန်တစ်ခုတွင် ပါဝင်နေရသကဲ့သို့ အလေးအနက် ဖြစ်နေသည်။ 


"အရမ်း ရှက်စရာ ကောင်းတယ်…" 

ရန်ရှူက ဗီဒီယိုထဲတွင် ဆွဲဆွဲငင်ငင် ငိုကြွေးလိုက်၏။

"ဒါတွေ အားလုံး မင်းအမှားပဲ... မင်း သောက်ခွေးကောင်ကြီး... မင်း ငါ့ကို အမြဲတမ်း ဒေါသထွက်အောင် လုပ်နေတာ... မင်းကြောင့်သာမဟုတ်ရင် ကြောင်တွေနောက်ကိုလည်း လိုက်မိမှာ မဟုတ်ဘူး…" 


"ဟုတ်ပါတယ်... ကိုယ့်အမှားပါ…"

စန့်ရှန်းက ထူးခြားပြောင်မြောက်လှသော သဘောထားဖြင့် အမှားဝန်ခံလိုက်သည်။ 


"ကြောင်တွေမှာတောင် ကြောင်(ရည်းစား)ရှိတယ်... ဒါတောင် မင်းက ငါ့ကို WeChat မှာ လာမအပ်ဘူး…" 


"ဟုတ်ပါတယ်... ကိုယ်မှားသွားတယ်…" 


"ဟမ့်... ဘာအသုံးကျလဲ... မင်းက ဖြစ်ပြီးမှ လာတောင်းပန်နေတာ…"

ရန်ရှူက ပြောပြီးသည်နှင့် ဗီဒီယိုကောကို ချကာ စန့်ရှန်းကို သူငယ်ချင်း အဖြစ်မှ ပြန်ဖျက်လေသည်။ 


မကြာမီ စန့်ရှန်းက ဖရန့်လာအပ်လေ၏။ 


ငါကတော့ လက်ခံမှာ မဟုတ်ဘူး... မာန်တက်နေတဲ့ကောင်...



📽️