Chapter 16
Viewers 1k

📽️Chapter 16

အခြေအနေ: ချော့မော့ခြင်း



ထိုheadlineများ ပြီးနောက် ဒုတိယရက်တွင် အစ်ကိုလျို့က ရိုက်ကွင်းနေရာသို့ အူယားဖားယား ရောက်လာခဲ့သည်။ 


သူက လက်ထဲတွင် ခရီးဆောင်လက်ဆွဲသေတ္တာတစ်ခု ကိုင်၍ ရောက်ချလာခြင်း ဖြစ်သည်။ သူရောက်လာပြီးနောက် ရိုက်ကူးရေးကို မနှောက်ယှက်ခဲ့ဘဲ ရန်ရှူ၏ တိုက်ရိုက် ရိုက်ကူးမှုများကို အခန်းငယ်လေးထဲမှတစ်ဆင့် တိတ်တဆိတ် ကြည့်နေခဲ့သည်။ 


ရန်ရှူက ဝင်လာပြီးနောက် ဆိုဖာပေါ်တွင် ထိုင်ကာ အကြောဆန့်လိုက်သည်။ ထို့နောက် သူမေးလိုက်လေသည်။ 

"အစ်ကိုလျို့... ဘာလို့ ဒီရောက်နေတာလဲ…" 


"ဘောစ့်စန့်က မင်းဆီ လက်ဆောင် ပေးခိုင်းလိုက်တယ်... မင်းတွေ့ရင် ပျော်သွားမှာလို့ ပြောတာပဲ…"

အစ်ကိုလျို့က ပြောရင်းဖြင့် သေတ္တာကို စားပွဲပေါ်တွင် တင်လိုက်သည်။ 


ရန်ရှူက သေတ္တာကို လက်ညှိုးထိုးပြလိုက်ပြီးနောက် နိုးနိုးကြားကြားဖြင့် မေးလိုက်လေသည်။

"ဗုံးတွေများ ထည့်ထားတာလား... ဖွင့်လိုက်ရင် ပေါက်ကွဲပြီး သေသွားမှာပေါ့... ဒါပြီးရင် အားလုံးပြီးသွားပြီ... စိတ်ပူစရာမလိုဘဲ တစ်ချက်တည်းနဲ့ ပွဲသိမ်းပဲ…" 


"မဟုတ်ဘူး... ငါ ကြည့်လိုက်ပြီးပြီ... ဒီလိုပစ္စည်းမျိုး မဟုတ်လောက်ပါဘူး…" 


အစ်ကိုလျို့သည်လည်း သံသယရှိနေပုံရလေသည်။ 


ရန်ရှူ ထိုသေတ္တာကို ကုန်းကြည့်လိုက်ပြီးနောက် မေးလိုက်သည်။

"လျှို့ဝှက်နံပါတ်က ဘာတဲ့လဲ…" 


"မစ္စတာစန့်ကတော့ သူ့မွေးနေ့လို့ ပြောတယ်…" 


ရန်ရှူ အေးတိအေးစက်ပုံစံဖြင့် ခနဲ့လိုက်သည်။

"သူ့မွေးနေ့ကို ငါမမှတ်မိလောက်ဘူးလို့ တကယ်ထင်နေတာလား…"


ပြောသည့်အတိုင်း ရန်ရှူက သေတ္တာကို အလွန်လျင်မြန်စွာဖြင့် ဖွင့်လိုက်ရာ ယင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်မှာ သိသာနေပေသည်။ 


ဇန်နဝါရီလ 11ရက်နေ့ ဖြစ်သော စန့်ရှန်း၏ မွေးနေ့မှာ အလွန်ရိုးရှင်းပေရာ မှတ်ရလွယ်ကူလေသည်။ 


သေတ္တာကို ဖွင့်လိုက်ပြီး စားပွဲထက်တွင် ဖြန့်ချလိုက်သည်။ ယွမ်တစ်ရာတန်ပိုက်ဆံများ ပြည့်နေသည်ကို မြင်လိုက်ရသောအခါ အစ်ကိုလျို့နှင့် ရန်ရှူတို့ နှစ်ယောက်လုံး တစ်ချိန်တည်းမှာပင် ကြက်သေသေသွားရရှာလေသည်။ 


ရန်ရှူက ဘာကြိုက်တတ်တာလဲ... 


ပိုက်ဆံပဲလေ... 


သူကြိုက်သမျှ ဘာမဆိုပို့လိုက်... 


လွှဲပြောင်းမှုတွင် တွေ့လိုက်ရသည်မှာ ဂဏန်းအတွဲလိုက် ဖြစ်သည်။ သူက အမှန်ပင် ငွေများအားလုံးကို ထုတ်ကာ သူ့ရှေ့တွင် မျက်စိကျိန်းလောက်ဖွယ်ပုံစံဖြင့် ထားလိုက်သည်။ အနီရောင်များကို အထပ်လိုက် စီထားပြီး ရှည်လျားလှသော တာဝါတိုင်များအဖြစ် သပ်ရပ်စွာ စီထားလိုက်သည်။ ယင်းကို ကြည့်နေရသည်မှာ လူအများအား စိတ်ပိုင်းဆိုင်ရာ သာယာမှု ရစေနိုင်ပေသည်။ 


ရန်ရှူ မဆဲမိဘဲ မနေနိုင်တော့ပေ။

"ငါက ဒီလို ပေါ့ပြက်ပြက် နိုင်တဲ့သူမျိုးမို့လို့လား…" 


ထို့နောက် ပိုက်ဆံတစ်အုပ်ကို လှမ်းယူ၍ ကြည့်လိုက်သည်။ တဖြည်းဖြည်းဖြင့် သူ့အမူအရာများ ဆက်ထိန်းမထားနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"ငါ တကယ်ကြိုက်တယ်…"  


ပိုက်ဆံများကို သေတ္တာထဲသို့ ထည့်ပြီးနောက် အစ်ကိုလျို့အား မေးလိုက်သည်။

"ဒီထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိတာလဲ…" 


အစ်ကိုလျို့က ပိုက်ဆံအရွက် မည်မျှရှိသည်ကို အမှန်တကယ်ကြီး ရေတွက်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။ "တစ်သန်း…" 


"အိုး…"

ရန်ရှူ၏ နှုတ်ခမ်းထောင့်လေးများမှာ နားရွက်သို့ တက်ချိတ်တော့မတတ် ဖြစ်သွားလေသည်။ စိတ်ဝင်တစား ငွေရေနေသော ရန်ရှူကို ကြည့်ကာ အစ်ကိုလျို့တစ်ယောက် မမေးဘဲ မနေနိုင်တော့ပေ။

"မင်းနဲ့ မစ္စတာစန့်..." 


"ဟမ်…"

ရန်ရှူမှာ ငွေရေတွက်ရာ၌သာ သွားရည်ကျလုမတတ် အာရုံစိုက်ထားလေသည်။ 


"သူက မင်းရဲ့ ရည်းစားဟောင်းလား…" 


ရန်ရှူ ခေါင်းအမြန်လှည့်ကြည့်ကာ မျက်လုံးများ ပြူးကျယ်လျက်က မေးလိုက်သည်။

"သူ ပြောပြတာလား…" 


"တိုက်ရိုက်တော့ မဟုတ်ဘူး... ဒါပေမယ့် အရိပ်အယောင် ပြလိုက်တာပေါ့... မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက သာမန်လောက်ပဲလို့ ပြောဖို့အတွက် ကောင်းလွန်းနေတယ်လေ... ဒီလိုဆိုမှတော့ ငါနောက်ဆို သေချာသတိထားလိုက်မယ်... စိတ်မပူနဲ့... ဒါကို သိတဲ့သူက ငါတစ်ယောက်တည်းပဲ ဖြစ်စေရမယ်…" 


“သြော်... ဒါက အရေးမကြီးပါဘူး…"

ရန်ရှူက အစပိုင်းတွင် ဖုံးကွယ်ထားရခြင်းမှာ သူတို့နှစ်ယောက်ကြားဆက်ဆံရေးကို အခြားသူများ နားလည်မှု လွဲသွားမည် စိုးသောကြောင့် ဖြစ်သည်။ ဆွေကြီးမျိုးကြီး လူချမ်းသာမိသားစု၏ တစ်ဦးတည်းသောသားနှင့် အိုင်ဒေါတစ်ယောက်ဖြစ်သည့် သူတို့ကို ရွှေသခင်ကြီးနှင့် စာဝါငှက်ဟု အလွယ်တကူ သတ်မှတ်ခံရမည် ဖြစ်သော်လည်း သူတို့နှစ်ယောက်က အချင်းချင်း၏ အချစ်ဦးများ ဖြစ်ကြကာ အထက်တန်းကတည်းက အတူရှိခဲ့ကြသူများ ဖြစ်ကြောင်း သိကြမည် မဟုတ်ပေ။  


ထိုအကြောင်း ပြောကာမှ အစ်ကိုလျို့ကို ရန်ရှူ၏ မန်နေဂျာဟုလည်း သတ်မှတ်၍ရမည် မဟုတ်ပေ။ ရန်ရှူ၏ မူရင်းမန်နေဂျာမှာ ဟူရုံချီ ဖြစ်လေသည်။ ထို့နောက် တစ်ခဏကြာသည်အထိ ဟူရုံချီက ရန်ရှူကို လိုက်ခဲ့သော်လည်း ရန်ရှူက လက်မခံခဲ့ပေ။ ထို့ကြောင့် နှစ်ယောက်သားအကြား ဆက်ဆံရေးက ပို၍ ကသိကအောက် ဖြစ်လာခဲ့သဖြင့် အစ်ကိုလျို့မှာ ရန်ရှူအား ဂရုစိုက်ပေးရန် ပို့ခံလိုက်ရခြင်း ဖြစ်သည်။


နောက်ပိုင်းတွင် ဟူရုံချီက ကုမ္ပဏီ၏ ရာထူးမြင့်အတွင်းပိုင်းလူ ဖြစ်လာခဲ့သည်။ အနုပညာရှင်များကိုလည်း ထပ်မခေါ်တော့သလို မူရင်းပရိုဂျူဆာလည်း မဟုတ်တော့ပေ။ ထိုကတည်းက နှစ်ယောက်သား ဆက်ဆံရေးမှာ မတိုးသာမဆုတ်သာ အခြေအနေသို့ ကျရောက်သွားခဲ့လေသသည်။  


အစ်ကိုလျို့က ကုမ္ပဏီတွင် ပြောရေးဆိုခွင့် မရှိလှသော်လည်း ရန်ရှူအပေါ် အမှန်တကယ် ကောင်းပေးပြီး စိတ်ရင်းနှင့် ဆက်ဆံပေးသည်။ ရန်ရှူ၏ စရိုက်က ထိုသည်ကို တောင့်မခံနိုင်ဆုံးပင်။ အဆုံးတွင် သူက အလုပ်ကြိုးစားမှုထက် နူးညံ့မှုကို ပို၍ ဦးစားပေးသော စံပြုလူသားပင် ဖြစ်လေသည်။ ဆရာဖန်းနှင့် အစ်ကိုလျို့တို့မှာ သူ့နှလုံးသားကို ပျော့ပျောင်းစေနိုင်သည့် လူမျိုးများ ဖြစ်ကြသည်။ 


ရန်ရှူက အေးဂျင့်ပြောင်းမည့်အကြောင်း မပြောတော့သဖြင့် အစ်ကိုလျို့သည်လည်း လစာပိုရလာပေလိမ့်မည်။ 


ထို့နောက်တွင် ဟူရုံချီက စုတျန့်တျန့်ကို ရှာတွေ့သွားပြီး စုတျန့်တျန့်ကလည်း ဟူရုံချီ သူ့(ရန်ရှူ)အား သဘောကျသည့်အကြောင်း တစ်ခုခုကို သိသွား၍ သူ့အား အဓိက ပစ်မှတ်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ 


ရန်ရှူက ဟူရုံချီအတွက် မျက်နှာသာအချို့ ပေးခဲ့ရခြင်းကလည်း ယခင်က သူ့အပေါ် ပျိုးထောင်ရာ၌ ထားရှိခဲ့သည့် ကြင်နာမှုကြောင့်လည်း ဖြစ်ပေသည်။ 


ဟူရုံချီသည်သာ အနာဂတ်တွင် တစ်ခုခု လုပ်လာရဲပါက ရန်ရှူအား ရိုင်းစိုင်းသည်ဟု အပြစ်မတင်သင့်ပေ။ သူက သူ့ဒေါသကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသည်ပင်။ 


ရန်ရှူနှင့် စန့်ရှန်းတို့၏ ဆက်ဆံရေးကို မသိသော အစ်ကိုလျို့မှာ ခံစားချက်များ ရောထွေးနေခဲ့သည်။ 


တစ်ဖက်တွင် စန့်ရှန်း၏ အကူအညီနှင့်ဆိုပါက ရန်ရှူ၏ အလုပ်အကိုင်များ ပြန်လည်အဆင်ပြေလာမည် ဖြစ်သဖြင့် ရန်ရှူအတွက် ဝမ်းသာနေသည်။ 


အခြားတစ်ဖက်တွင် သူ့အနုပညာရှင်၏ အတင်းအဖျင်းများကို မကိုင်တွယ်နိုင်မည်ကို စိုးရိမ်နေခဲ့သည်။ ဤနေရာအတွက် "အရည်အချင်း ပြည့်မီပါရဲ့လား"ဟု သူ့ကိုယ်သူ မသိတော့ပေ။  


ရန်ရှူက ဂရုမထားဘဲ နှစ်သိမ့်ပေးလိုက်သည်။

"မပူပါနဲ့... နှစ်နှစ်ကြာသွားတော့ ကျွန်တော့်ကိုယ် ကျွန်တော် တော်တော်လေး ရင့်ကျက်လာပြီလို့ ထင်တယ်... အစောပိုင်းနေ့တွေမျိုးကလို ဒေါသမကြီးတော့ပါဘူး... ကျွန်တော့်ရဲ့ ဂုဏ်သတင်းကိုလည်း ထိန်းသိမ်းရဦးမယ်လေ... အာ... ကျွန်တော့်မှာ ဂုဏ်သတင်းကောင်း မရှိပေမယ့်လည်းပေါ့... ကျွန်တော်အခု ကောင်းကောင်းသင်ယူနေပြီလေ... အလုပ်ကောင်းကောင်းလုပ်ရင် နေ့ရက်တွေက ပိုကောင်းလာမှာပါ... ဒါပေမယ့် အစ်ကို နားချင်တယ်ဆိုရင်တော့ ကျွန်တော် တားမှာ မဟုတ်ဘူးနော်…" 


"ကောင်ပြီလေ... ငါလည်း မင်းနဲ့အတူ သင်ယူမယ်…" 


ရန်ရှူက အမှန်တွင်လည်း ထိုသို့ တွေးထားခဲ့သည်။ သူက ငွေပြတ်လပ်ခြင်း မရှိတော့သည့်အပြင် ပထမတန်းစား အောင်မြင်မှုများလည်း ပြုလုပ်ခဲ့ဖူးလေရာ ကျော်ကြားမှုအတွက် ထပ်ပြီး မရုန်းကန်ချင်တော့ပေ။ လတ်တလောတွင် အလုပ်ကောင်းလေးများကို ရွေးချယ်ချင်ပြီး သတ်မှတ်ဆင့်များကို ထိုးဖောက်သွားခြင်းမျိုးကို မကြုံတွေ့ရဘဲ အနားယူသွားရလျှင်လည်း ကိစ္စမရှိပေ။ သူ အခြေမခိုင်တော့လျှင်လည်း ရှိပါစေတော့ဟု တွေးထားလိုက်သည်။


ထို့အပြင် အကြွင်းမဲ့ဖန်များကို ပြန်လည်ပေးဆပ်ရန်အတွက် နောက်ထပ် တစ်ကိုယ်တော်သီချင်းများစွာကို နှစ်အနည်းငယ်မျှ စုဆောင်းပြီးနောက် တိုင်းပြည်အနှံ့ ဖျော်ဖြေပွဲများ ကျင်းပပေးပြီးလျှင် နောက်ထပ် နောင်တရှိတော့မည် မဟုတ်ချေ။


ရန်ရှူ ရယ်မောကာ ပိုက်ဆံအထပ်သုံးထပ်ကို ယူ၍ အစ်ကိုလျို့ကို ပေးလိုက်သည်။

"ဒီမှာ... ယူသွားလိုက်... အစ်ကို့ရဲ့ ခရီးစရိတ်လို့ပဲ မှတ်လိုက်တော့…"


အစ်ကိုလျို့က ကြောင်အသွားပြီးနောက် မယူရဲပေ။ သို့သော်လည်း ရန်ရှူက အတင်းထိုးပေးနေသဖြင့် စိတ်တထင့်ထင့် ဖြစ်ရသော်ငြား ရွေးချယ်စရာမရှိဘဲ လက်ခံလိုက်ရသည်။ 


အစ်ကိုလျို့က ရန်ရှူ စားသောက်နေချိန်တွင် ထွက်လာပြီး ရှောင်ချီကို မေးလိုက်သည်။

"ရိုက်ကူးရေး လုပ်နေတုန်း ရန်ရှူ ပြဿနာတစ်ခုခု တက်သေးလား…" 


"သူ့တွဲဖက်နဲ့ ညီအစ်ကိုတွေလို ဖြစ်လာတယ်…" 

( T/N - တွဲဖက်ဆိုတာ ဇာတ်လိုက်မင်းသမီး မုန့်ရှင်းယာကို ပြောတာပါ )


“…” 

ရန်ရှူ၏ အကျင့်စရိုက်အရ ချစ်ရေးချစ်ရာကိစ္စများ ရှိလာရန် အလွန်ခက်ခဲပေသည်။ 


အစ်ကိုလျို့ ထပ်မေးလိုက်သည်။

"သဟဇာတ မဖြစ်တာတွေ ရှိသေးလား... တစ်ခုခုလိုနေတာရော... ပြောစမ်းပါ... နောက်တစ်ခါကျရင် ငါယူလာခဲ့မယ်…" 


"မဟုတ်ပါဘူး... ဒါကလေ... အစ်ကိုရန် အိပ်ရာထတဲ့ အခါမှာလေ... အစ်ကိုလည်း သိပါတယ်..."

ရှောင်ချီ ထိုအကြောင်းကို ပြောသည့်အချိန်တွင် ဝမ်းနည်းသံလေးပါ ပါလာခဲ့သည်။ 


"ဒါက..." 


ရန်ရှူက နေရာတိုင်းတွင် အဆင်ပြေသော်ကြား အိပ်ရာထချိန်တွင် စိတ်မကြည်ဖြစ်တတ်ပေသည်။ 


အိပ်ရာနှိုးခြင်းမျိုး ဆိုသည်မှာလည်း ရန်ရှူ့အတွက် မိတ်ကပ်မလိမ်းမီ စိတ်တည်ငြိမ်စေရန် အားလုံးထက် နာရီဝက်မျှ စောနှိုးပေးရန် လိုအပ်ပေသည်။ ထိုသို့မဟုတ်လျှင် အေးတိအေးစက် မျက်နှာကြီး ရှိနေမည်ဖြစ်ပြီး ကတ်အကြီးကြီး ကစားနေသည်ဟု ကောလဟာလ ထွက်သွားပေတော့မည်။


ရှေးခေတ်ဝတ်စုံများက ဝတ်ဆင်ရန် အချိန်အတော်ယူရသဖြင့် စောစောထရသည်။ သို့သော်လည်း သူ့အကျင့်ကြောင့် အခြားသူများထက်လည်း ပို၍ စောစောထရသေးသည်။ ရက်စက်လှသော သံသရာအောက်တွင် ရန်ရှူမှာ မနက်ခင်းတိုင်း ပင်ပန်းနွမ်းနယ်နေပုံ ပေါ်နေခဲ့သည်။  


အစ်ကိုလျို့က တိတ်တဆိတ် စဥ်းစားလိုက်ပြီးနောက် စန့်ရှန်းအား အခြေအနေကို အစီရင်ခံသည်။

"ရန်ရှူက ရိုက်ကူးရေးအဖွဲ့နဲ့ အဆင်ပြပေမယ့် အိပ်ရာထတိုင်း စိတ်နည်းနည်းဆတ်တတ်တယ်... ဒါပေမယ့် အားလုံး အဆင်ပြေပါတယ်…" 


မစ္စတာစန့်: "အင်း... သိပြီ"


*****


ယနေ့တွင် ရန်ရှူ၏မိတ်ကပ်က သတို့သားမိတ်ကပ် ဖြစ်သည်။ 


ရိုက်ကူးရေးပြီးသောအခါ မိတ်ကပ်ကို ချက်ချင်း မဖျက်လိုက်ပေ။ လေကာတဲထဲသို့ အရင်ပြန်သွားပြီးနောက် ဖုန်းထဲမှ စန့်ရှန်း၏ ဖရန့်အပ်ပလီကေးရှင်းကို ဖွင့်လိုက်သည်။ 


သူက ဗီဒီယိုအတိုလေးတစ်ပုဒ် ခပ်မြန်မြန် တင်လိုက်သည်။ ဗီဒီယိုထဲတွင် သူက အနီရောင် သတို့သားဝတ်စုံကို ဝတ်ဆင်ထားခဲ့လေသည်။ သူက အနီရောင်နှုတ်ခမ်း၊ သွားဖြူဖြူတို့ဖြင့် လူငယ်တစ်ယောက်၏ စိတ်နေသဘောထားမျိုး ရှိနေသည်။ ထို့နောက် လလေသံအေးလေးဖြင့် စန့်ရှန်းထံ အသံမက်ဆေချ့် ပို့ပေးလိုက်သည်။

"ငါ လက်ထပ်တော့မယ်... သတို့သားကတော့ မင်း မဟုတ်ဘူး... မင်းက ခွေးကောင်ကြီးပဲလေ... စင်ဂယ် ဖြစ်ရတာကမှ မင်းအတွက် သင့်တော်မှာ…" 


ပို့ပြီးနောက် တစ်ဖက်လူက အလျင်အမြန် စာပြန်လာခဲ့သည်: [လက်ဆောင် ပို့ပေးဖို့ လိုသေးလား…] 


X: [ပွဲရောက်ရင် ဘယ်စားပွဲမှာ ထိုင်ရမှာလဲ…] 


RS: [အတန်းဖော်ဟောင်းတွေ ထိုင်မဲ့ ထိုင်ခုံလေ…] 


X: [အင်း... အမျိုးကောင်းတရားကို မစောင့်ထိန်းတဲ့ အမျိုးသားရဲ့ ရည်းစားဟောင်းအတွက် စားပွဲတစ်လုံးစာတောင် မရှိဘူးပေါ့လေ…] 


RS: [ဒါဆိုရင် ခွေးတွေနဲ့ စားပွဲဝိုင်းလိုက်ပါလား... မင်းရဲ့ ခွေးသုံးကောင်ပါ လာဖို့ ဖိတ်လိုက်လေ…] 


(T/N - Xက စန့်ရှန်း၊ RSက ရန်ရှူအကောင့်ပါ )


စန့်ရှန်းက ချက်ချင်း ပြန်မဖြေလာသော်ငြား ဗီဒီယိုအတိုလေးတစ်ခု ပို့ပေးလာခဲ့သည်။ 


ဗီဒီယိုထဲတွင် သာ့ကော(ကြောင်နာမည်)က ကြောင်စာကို စိတ်မဝင်စားစွာဖြင့် စားနေသည်။ ဗီဒီယိုရိုက်နေသူက ထိုနေရာတွင် ရှိနေသည်ကို မြင်သောအခါ ကျော့ကျော့မော့မော့ လျှောက်လာကာ စန့်ရှန်း၏လက်ကို သူ့ခေါင်းဖြင့် ပွတ်သပ်လိုက်လေသည်။ 


အစ်ကိုလျို့က ဒီနေရာကို လာလည်နေလို့ ကြောင်ကို အစာမကျွေးနိုင်တာက ဟုတ်ပါပြီ... ဘာလို့ ငါ့ကြောင်ကို စန့်ရှန်းဆီ လက်လွှဲပေးလိုက်ရတာလဲ... 


သို့သော်ငြား စန့်ရှန်းအတွက်လည်း အဆင်ပြေနေပြီး စန့်ရှန်းနှင့် သာ့ကောမှာလည်း ယခင်ကကဲ့သို့ ရင်းနှီးနေကြဆဲ ဖြစ်သည်။ 


ရန်ရှူ: “…” 


သာ့ကော၏ မူလပိုင်ရှင်မှာ ပြိုင်ပွဲဝင်ရန်အတွက် အချိန်နှင့်အမျှ  ပြည်ပသို့ ထွက်နေရသဖြင့် သူက သာ့ကောကို တစ်ခဏမျှ ကူညီစောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူကမူ ထိုကြောင်ထံမှ ထိုကဲ့သို့သော အပြုအမူမျိုး မရရှိခဲ့ပေ။ 


ထိုအချိန်အတောအတွင်း စန့်ရှန်းက ကြောင်ကို အစာကူကျွေးပေးကာ ကြောင်ချီး ကူကျူံးပေးခဲ့သေးသည်။ သို့သော်လည်း ထိုမျှလောက်ထိပင် မရင်းနှီးခဲ့ပေ။ 


အခြားသောအရာများကို အချိန်တစ်ခုလောက်ထိ ဘေးဖယ်ထားလိုက်ပါက တိရစ္ဆာန်များကို လက်ကမ်းပေးရာ၌ စန့်ရှန်းက အတော်လေး ကောင်းမွန်လှပေသည်။ 


ရန်ရှူက စန့်ရှန်းထံ စာရိုက်ပို့ကာ မေးလိုက်သည်။ [ရိုက်ကွင်းကို လာလည်ချင်လား…] 


X: [အဖော်ထုတ်ခံရမှာ မကြောက်ဘူးလား…] 


RS: [မင်း ဒီကိုလာပြီး ကြောင်ကူရှာပေးရမယ်... ငါသူတို့ကို သင်းကွပ်ပစ်ရမှာ…] 


ထိုကဲ့သို့သော တောင်းဆိုမှုမျိုးကို စန့်မိသားစုလုပ်ငန်းမှ ဝန်ထမ်းများ ကြားပါက သေချာပေါက် ကတ်သီးကတ်သတ်နိုင်သည်ဟု သေချာပေါက် ပြောကြပေမည်။ 


တစ်ရက်ထဲတွင် ကုမ္ပဏီ၌ စန့်ရှန်း ဖန်တီးပေးလိုက်သော တန်ဖိုးက သေချာပေါက် မိုးထိမြင့်လောက်စရာ ပုံရိပ်ဖြစ်သည်။ သို့သော်ငြား ရန်ရှူ ပါးစပ်ဟလိုက်သောအခါ သူ့အား ကြောင်ကူဖမ်းပေးရန် လာစေချင်သည်ဟု ဆိုလာပေသည်။ ယင်းက အမှန်ပင် မအပ်မရာ ဖြစ်နေ၏။ 


X: [ကောင်းပြီလေ…] 

စန့်ရှန်း လက်ခံလိုက်သည်။ 


RS: [မင်းမလာခင် ကြိုအသိပေး... မိတ်ကပ် ဖျက်တော့မလို့…] 


X: [အင်း... ကောင်းပြီ…] 


*****


ရန်ရှူ အိပ်ရာထချိန် ရောက်သောအခါ ရှောင်ချီက ရန်ရှူ၏ အခန်းထဲသို့ ခြေဖွဝင်လာပြီး ရန်ရှူ၏ အသံပိတ်ထားသောဖုန်းကို ဂရုတစိုက် ဖွင့်ပေးလိုက်သည်။ 


ဖုန်းကို နံဘေးရှိ စားပွဲပေါ်သို့ ပြန်ထားလိုက်ပြီးနောက် ထောင့်လေးတွင် ပုန်းနေလိုက်သည်။ 

ရန်ရှူ အိပ်ရာထရင် ငါ့ကို မျက်နှာသာ ပေးကောင်းပါရဲ့... 


ရန်ရှူက ပုံမှန်တွင် အဆင်ပြေသော်လည်း အိပ်ရာထကာစအချိန်တွင် အမှန်ပင် ကြောက်စရာကောင်းလှသည်။ 


ရှောင်ချီက တက္ကသိုလ်မှ ဘွဲ့ရသည်မှာ နှစ်နှစ်သာ ရှိသေးသည့် လူသစ်တစ်ယောက် ဖြစ်ပြီး ရန်ရှူက သူဂရုစိုက်ပေးရသည့် ဒုတိယမြောက်အနုပညာရှင် ဖြစ်သည်။ တစ်နှစ်ကြာ အတူရှိခဲ့သည့်တိုင် ရန်ရှူအား ဆန့်ကျင်မိသွားမည်စိုးသဖြင့် သတိထားနေရဆဲပင်။ 


သို့သော်ငြား ယနေ့ ရန်ရှူ နိုးလာသောအခါ ရှောင်ချီတစ်ယောက် အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို မျက်မြင်တွေ့လိုက်ရသည်။ 


ရှောင်ချီ ရန်ရှူအား အိပ်ရာနိုးမည့်အခိုက်တွင် ဘေးမှစားပွဲပေါ်ရှိ ဖုန်းထံမှ သတိပေးချက်တစ်စောင် ရရှိခဲ့သည်။ 

"ငွေလက်ခံရရှိခြင်း  |Alipay| ယွမ်ငါးထောင်ကို သင့်အကောင့်ထဲသို့ လွှဲပြောင်းပြီးသွားပါပြီ" 


ရှောင်ချီ ထိုအသံကို ကြားသောအခါ အလန့်တကြား ဖြစ်သွားလေသည်။ 



📽️