Chapter 17
Viewers 375

📽️Ch‌apter 17

အခြေအနေ: ကုတင်သတိပေးချက် 



များမကြာမီ အကောင့်မှ အသိပေးချက်များက ဆက်တိုက် ထွက်ပေါ်လာသည်။ 


"ငွေလက်ခံရရှိခြင်း  |Alipay| ယွမ်သုံးသောင်းကို သင့်အကောင့်ထဲသို့ လွှဲပြောင်းပြီးသွားပါပြီ"


"ငွေလက်ခံရရှိခြင်း  |Alipay| ယွမ်ခုနစ်ထောင်ကို သင့်အကောင့်ထဲသို့ လွှဲပြောင်းပြီးသွားပါပြီ" 


"ငွေလက်ခံရရှိခြင်း  |Alipay| ယွမ်နှစ်သိန်းကို သင့်အကောင့်ထဲသို့ လွှဲပြောင်းပြီးသွားပါပြီ" 


အကောင့်ထဲသို့ ယွမ်နှစ်သိန်း ရောက်လာသောအခါ ရန်ရှူ ချက်ချင်းဆိုသလို အိပ်ရာပေါ်မှ ထထိုင်လိုက်သည်။ သူ့ဖုန်းကို လှမ်းယူ၍ ဘေလ်စစ်ကြည့်ရန် Alipay ဖွင့်လိုက်သည်။ ယင်းက အမှန် ဟုတ်မဟုတ် သေချာစစ်ဆေးကြည့်လိုက်လေသည်။ အသံမက်ဆေချ့်အစား ငွေပမာဏ ရလာသောအခါ ဒေါသထွက်ရမည့်အစား စတင် ရယ်မောလာလေသည်။ 


သူက ငွေလွှဲပြောင်းမှုများကို လစ်လျူရှုလိုက်ပြီးနောက် ဖုန်းကိုင်လျက် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။ 


ရှောင်ချီက ရေချိုးခန်းထဲသို့ အလျင်အမြန် လိုက်ဝင်လာခဲ့သည်။ 


အခန်း၏ အခြေအနေက အကန့်အသတ် ရှိနေသည်။ 


ရေချိုးခန်းက အနည်းငယ် ချာတူးလံနေပြီး ပစ္စည်းကိရိယာများကလည်း အိုဟောင်းနေ၏။ 


ရှောင်ချီက ဘုံပိုင်ခေါင်းကို ကိုင်ပေးထားရန် လိုပေသည်။ ထိုမှသာ ဘုံပိုင်ခေါင်း ယိမ်းထိုးသွားပြီး ရန်ရှူအပေါ် ရေစင်သွားမည့် ကိစ္စမျိုး ဖြစ်မလာမည်ပင်။  


ရန်ရှူ လက်ဆေးနေချိန်တွင် Alipay၏ ငွေလက်ခံရရှိမှု အသိပေးစာများ ဆက်လက် ရောက်ရှိလာနေခဲ့သည်။ 


ရန်ရှူက သွားတိုက်တံခွက်ကို ကိုင်ထားပြီး မှန်ရှေ့တွင် သွားတိုက်နေရင်း ကြားလိုက်ရသည်။

"ငွေလက်ခံရရှိခြင်း  |Alipay| 521ယွမ်ကို သင့်အကောင့်ထဲသို့ လွှဲပြောင်းပြီးသွားပါပြီ" 


ရုတ်တရက် သူ ရယ်ချလိုက်ရာ ပါးစပ်ထဲမှ အမြှုပ်များသည်ပင် မှန်ပေါ်သို့ သွားစင်သွားလေသည်။ အမြှုပ်များကို သပ်ချကာ ရေဖြင့် ဆေးလိုက်သည်။ 


ရှောင်ချီက ထိုအဖြစ်ကို ကြည့်ကာ ထူးဆန်းသည်ဟု ခံစားနေရသည်။ အကောင့်ထဲသို့ ယွမ်ပေါင်း သောင်းချီ သိန်းချီ ဝင်ရောက်နေသည့် အသံက ရန်ရှူအား မည်သို့မှ မနေစေသော်ငြား ယွမ်ငါးရာကျော်လေးက သူ့အတွက် ပျော်ရွှင်စေရသည့်အလားပင်။ 


အရေးအကြီးဆုံးကတော့ ဒီတစ်ခေါက် ရန်ရှူက သုန်သုန်မှုန်မှုန်နဲ့ နိုးမလာဘဲ အကျယ်ကြီး ရယ်ချလိုက်တာပဲ... 


ရန်ရှူ မိတ်ကပ်ပြင်ရန် သွားတော့မည်အပြု ရှောင်ချီကိုလည်း မမေ့မလျော့ သတိပေးလိုက်သေးသည်။

"အစ်ကိုလျို့ကို ဒီငွေလွှဲစာတွေက တစ်ယောက်တည်းအတွက်လား ကုမ္ပဏီ အတွက်ရောလားလို့ ကြည့်ခိုင်းလိုက်... ပြီးရင် ဒီအတွက် အခွန်ဘယ်လိုဆောင်ရမလဲ ဆိုတာရော မေးထား…" 


ရိုက်ကူးရေးကို တစ်ညလုံး ဆောင်ရွက်ခဲ့သည်။ 


မနက်စောစောအချိန်တွင် စန့်ရှန်းက ထိုင်ခုံပေါ်တွင် ထိုင်ကာ ရန်ရှူအား ငွေလွှဲပေးနေခဲ့သည်။ ထိုအချိန်လေးတွင် ရှန်းကျွင့်ကျင်းက ပင်ပန်းလွန်းသဖြင့် လဲကျမတတ် ဖြစ်နေခဲ့လေသည်။

"ထပ်မလုပ်နိုင်တော့ဘူး... အလုပ်ထွက်ချင်တယ်…" 


ရိုက်ကူးရေးကို အလည်သွားနိုင်ရန်အတွက် စန့်ရှန်းတစ်ယောက် ရက်အနည်းငယ်အတွင်းမှ အလုပ်များအားလုံးကို စုစည်းကာ တစ်ညတည်း ရောသမမွှေလိုက်သည်။ အားလုံးပြီးစီးသွားသော်ငြား အဆုံးတွင် ခက်ခဲပင်ပန်းရသူမှာ ရှန်းကျွင့်ကျင်းနှင့် အခြားသူများပင်။ 


“ငါ မင်းကို ကားတစ်စီးပေးမယ်…မင်းကြိုက်တဲ့ကား ယူလိုက်…" 

စန့်ရှန်း ပြောလိုက်သည်။


"ကျွန်တော် ကုမ္ပဏီအတွက် အရိုးကြေကြေအရေခန်းခန်း အလုပ်ကြိုးစားပါ့မယ်…"

ရှန်းကျွင့်ကျင်းက ချက်ချင်းဆိုသလို အားပြန်ပြည့်လာပြီး အနောက်တိုင်း ဝတ်စုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်သည်။ 


စန့်ရှန်းက ရန်ရှူ၏ WeChatမက်ဆေချ့်ကို မြင်သောအခါ ငွေလွှဲခြင်းကို အဆုံးသတ်လိုက်သည်။ 


ရှန်းကျွင့်ကျင်းက ကုန်းကြည့်လိုက်ပြီးနောက် မနေနိုင်မထိုင်နိုင် မှတ်ချက်ပြုလိုက်လေသည်။

"ကျွတ်ကျွတ်ကျွတ်... စစ်မှန်တဲ့ ရည်းစားလေးတစ်ယောက် ရှာတွေ့ထားတာကလည်း မနက်အချိန်မှန် အိပ်ရာနိုးတိုင်း ယွမ်သန်းချီ ထိုက်တန်ပါလားနော်…" 


“ရန်ရှူ သဘောကျတာက များများစားစား မရှိဘူး... ပိုက်ဆံက ခြွင်းချက်တွေထဲက တစ်ခု ဖြစ်သွားရုံပါပဲ…"

စန့်ရှန်းက ဖုန်းကိုပြန်ချကာ ပစ္စည်းများ သိမ်းနေသည်။ 


ရှန်းကျွင့်ကျင်းက ရုံးဆင်းရန် စီစဥ်ထားပြီးသား ဖြစ်သော်လည်း ခြေတစ်လှမ်း ပြန်ဆုတ်ကာ သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။

"သူက ဘာတွေ ကြိုက်သေးတာလဲ... ကားလား... အိမ်လား... ဒါမှမဟုတ် ကျွန်းတစ်ကျွန်း ဝယ်ပေးတာကိုလား…" 


"သူက နှစ်ခုကိုတော့ အကြိုက်ဆုံးပဲ... တစ်ခုက ပိုက်ဆံ... တခြားတစ်ခုက ငါလေ…" 


"ငါ တော်တော်လေး စျေးပေါနေတာပဲ…"

ရှန်းကျွင့်ကျင်းမှာ ကိုယ့်ကိုယ်ကိုယ် ဆူပူကျိန်းမောင်းရင်း ရုံးခန်းထဲမှ ထွက်သွားလေသည်။ 


*****


သုံးရက်ကြာသောအခါ... 


ရန်ရှူက ဝိုင်ယာကြိုးကိရိယာများ ဝတ်ဆင်နေဆဲ ဖြစ်ပြီး ဘေးနားမှ ဝန်ထမ်းများက ကိရိယာများကို ချိန်ညှိနေရင်းဖြင့် အရံသရုပ်ဆောင်များအား မည်သို့ ပူးပေါင်းဆောင်ရွက်ပေးရမည်ကို ပြောပြနေခဲ့သည်။ 


ရန်ရှူက အားအားယားယား ဖြစ်နေသည်ကြောင့် ပျင်းနေသဖြင့် ဖုန်းထုတ်ကာ ဝေ့ပေါ် ကြည့်လိုက်သည်။ 


သူ့ကိုယ်ပိုင်အကောင့်ကို ဝင်ပြီးမကြာခင် လွန်စွာ ဒေါသထွက်ရတော့မည် ဖြစ်ကြောင်း သိလိုက်ရလေသည်။ 


ဥပမာအားဖြင့် "လောင်ကျွမ်းမှုကို တောင့်ခံ" ဟူသော ဆောင်းပါးပင်။ 


ဆွေ့ဟို့ယွီကို တကယ်လက်ထပ်ချင်ပါတယ်: [ရန်ရှူကလေ ကနေရင်း ရှူးဖိနပ်ကို လွှင့်ပစ်လို့ အချိန်အကြာကြီး အဆူခံခဲ့ရသေးတယ်... ပြီးတော့ ကွန်ရက်တစ်ခုလုံး ပရော်ဖက်ရှင်နယ်မကျဘူးဆိုပြီး ဆူပူခဲ့ကြတာနော်... အခုပြန်တွေးကြည့်လိုက်တော့မှ အဲ့အချိန်တုန်းက ငါတကယ် သဘောမကျမိခဲ့ဘူး... တကယ်တော့ အဲဒါက ရန်ရှူရဲ့ အဖော်ပြဆုံးအချိန် ဖြစ်နေခဲ့တာပဲ] [ဗီဒီယို] 


ထိုနေရာမှ ကွန်မန့်များက ခေါင်းပေါ် တက်လုမတတ် ဖြစ်နေလေပြီ။ 


[အနုပညာလောကထဲ နှစ်တွေအများကြီး ကျင်လည်ခဲ့ပြီးမှ ရန်ရှူရဲ့ အဖော်ပြဆုံးအချိန်က တကယ်တော့ ရှူးဖိနပ်ချွတ်လိုက်တဲ့အချိန် ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ…] 


[ဦးလေးရဲ့ အထူးဆန်းဆုံးသတင်းကြီးက ညသန်းခေါင် ကြောင်လိုက်ဖမ်းတဲ့အကြောင်း ဖြစ်နေမယ်လို့ ငါမထင်ခဲ့ဘူး… ] 


[ရန်ရှူ့ဒရာမာအသစ်ရဲ့ တရားဝင် ထုတ်ပြန်ချက်ကို တွေ့တုန်းက ပထမဆုံး ပေါ်လာတဲ့ ခံစားချက်ကလေ ဘာကြည့်စရာမှ မရှိဘူးလို့ပေါ့... သင့်တော်တဲ့ အနမ်းခန်းလေးတစ်ခုတောင် မပါဘူးဆိုမှတော့ CPကို မမျှော်ထားဘဲ ကြည့်ကြရအောင်…] 


ရန်ရှူ၏ လက်ချောင်းများက အောက်သို့ အလျင်အမြန် ဆွဲချကြည့်လိုက်ရာ မထင်မှတ်ထားစွာပင် မုန့်ရှင်းယာ၏ ဖန်များလည်း ရောက်နေကြကြောင်း တွေ့လိုက်ရသည်။ 


မာမာမိယာ: [ယာယာနဲ့ အလုပ်တွဲလုပ်ပေးလို့ ရန်လောင်ရှီးကို ကျေးဇူးတင်ပါတယ်... ဇာတ်လိုက်က ရန်လောင်ရှီး ဆိုမှ စိတ်အေးသွားရတယ်…] 


[ယာယာကလည်း တကယ်တော်တဲ့ သရုပ်ဆောင်ပါ... ယာယာနဲ့ အတူတွဲလုပ်ခွင့်ရတာ ငါတို့ဦးလေးအတွက် ကောင်းချီးပါပဲ…] 


[ဖန်ဒမ်း(fandom)နှစ်ခုတည့်နေတာကို မြင်ရတာ ရှားတယ်ဟေ့] 


[ငါတို့ ဦးလေးနဲ့ အလုပ်တွဲလုပ်တဲ့ မင်းသမီးတိုင်း ဦးလေးနဲ့ ညီအစ်ကိုတွေ ဖြစ်လာလိမ့်မယ်... ငါတို့ကတော့ ဒါကို ကျင့်သားရနေတာ ကြာပြီ…] 


[ရှူရှူက ဘယ်လို အသားယူရလဲ မသိသလို CPကို ဘယ်လိုလောင်စာ ထည့်ရမလဲ ဆိုတာလည်း မသိဘူး... အဆုံးကျတော့ သူ့မှာ ခွန်အား အကန့်အသတ် ရှိတယ်လေ... သူ အခုတလော ကြောင်ဖမ်းရင်း အလုပ်များ နေရှာတာ…] 


[သောက်ကျိုးနည်း လုံခြုံမှုရှိတဲ့ ခံစားချက်ကြီး…] 


ရန်ရှူက နေရာတိုင်းကို လိုက်ရှာပြီးနောက် မုန့်ရှင်းယာအား လက်ယမ်းပြလိုက်သည်။ 


မုန့်ရှင်းယာက သူမကိုလာရန် ခေါ်နေသည်ကို မြင်သောအခါ ခုန်အုပ်တော့မည့်အလား လျှောက်လာနေပြီး ရန်ရှူ၏ ဖုန်းကို ကြည့်ရန် ရန်ရှူဘေးသို့ ရောက်လာသည်။ သူမက ကျယ်ကျယ်လောက်လောင် ရယ်မောလိုက်သေးသည်။

"ဒါနဲ့ ကြောင်ဖမ်းမိခဲ့လား…" 


"ကြိုးစားနေတုန်းပဲ…"

နှစ်ယောက်သား စကားပြောနေစဥ် အလည်လာသော အဖွဲ့တစ်ဖွဲ့က ရိုက်ကူးရေးနေရာတွင် ပေါ်လာခဲ့သည်။ 


ရန်ရှူ မော့ကြည့်လိုက်ရာ စန့်ရှန်းနှင့် အစ်ကိုလျို့တို့ အတူတူ ရောက်ချလာကြပြီး ထောင့်လေးနားတွင် ရပ်ကာ သူတို့ဘက်သို့ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ 


သူက မသိစိတ်မှ စေ့ဆော်မှုအရ မုန့်ရှင်းယာနှင့် ဝေးသွားစေရန် အနည်းငယ် ပုန်းကွယ်လိုက်သော်ငြား ဝိုင်ယာများ ချိတ်ထားသည်ကို မေ့သွားသဖြင့် ခြေထောက်လွတ်သွားကာ ခန္ဓာကိုယ်ကို မတည်မငြိမ် ဖြစ်သွားပြီး  နေရာမှာပင် အကြိမ်အနည်းငယ်မျှ ယိုင်တိယိုင်တိုင် ဖြစ်သွားသည်။  


မုန့်ရှင်းယာက အလျင်အမြန် လက်လှမ်းကာ သူ့ခန္ဓာကိုယ် တည်ငြိမ်သွားစေရန် ကူထိန်းပေးထားလိုက်ပြီး မေးလာလေသည်။

"အဆင်ပြေရဲ့လား…" 


မသိစိတ်၏ စေ့ဆော်မှုအရ ရန်ရှူ၏ နှလုံးသား တင်းကျပ်သွားပြီး သူ့ကိုယ်သူ နှစ်သိမ့်ပေးလိုက်သည်။ 

ဘာတွေ ပြာယာခတ်နေစရာလိုလဲ... သူက ရည်းစားဟောင်းလေးတစ်ယောက်ပဲကို... 


“အဆင်ပြေပါတယ်..."

သူ့အသံကမူ အနည်းငယ် အားလျော့နေသည်။ 


စန့်ရှန်းဘက်မှ ရန်ရှူ၏ ရိုက်ကွင်းများထံ လာလည်သည်က ရှားပါးလှပေသည်။ 


အဓိကအချက်မှာ စန့်ရှန်း၏ ပုံပန်းသွင်ပြင်က ထင်းထွက်လွန်းနေသည်ကြောင့် ဖြစ်ပြီး ခိုးဝင်လာသည့် ဝန်ထမ်းတစ်ယောက်နှယ် ဟန်ဆောင်၍လည်း မရပေ။ ထို့ကြောင့် မတိုင်မီက သည်းခံ၍သာ နေနေရသည်။ 


သို့သော်လည်း ဤတစ်ကြိမ်၌ ရန်ရှူ၏ ဘောစ့်အနေဖြင့် ပွင့်ပွင့်လင်းလင်း ရောက်လာခြင်း ဖြစ်သည်။ 


ထိုအခိုက်တွင် ရန်ရှူက ဝိုင်ယာကြိုးနှင့် တွဲလွဲချည်ခံထားရပြီး အခြားသော ရိုက်ကူးရေးအဖွဲ့သားများ တစ်ယောက်ပြီးတစ်ယောက် နို့လက်ဖက်ရည်ခွက်များ ယူလာနေကြသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။ 


၎င်းတို့ကို စန့်ရှန်း ဝယ်ပေးလာခြင်း ဖြစ်မည်ဟု တွေးလိုက်မိသည်။


စန့်ရှန်းကို မျက်လုံးဖြင့် အချက်ပြလိုက်သော်ငြား စန့်ရှန်းကမူ သူထိုင်လေ့ရှိသော ကြိမ်ထိုင်ခုံလေးတွင် ဝင်ထိုင်ကာ သူ့အား လစ်လျူရှုထားနေသည်။  


အချဥ်ရည်အိုးကြီးမှာ နှစ်ရှစ်ရာလောက်ထိ ပြောင်းလဲမည် မဟုတ်ပေ။ 


သူ ရှောင်ချီကို ထပ်ပြီး အချက်ပြလိုက်သည်။ 


ရှောင်ချီက အလွန် ဥာဏ်ကောင်းလှသဖြင့် ခွက်တစ်ခွက်ကို အလျင်အမြန် သွားရွေးလာခဲ့သည်။ သို့သော်ငြား ရန်ရှူထံ မပေးရသေးခင်မှာပင် ရန်ရှူမှာ ကောင်းကင်ပေါ်သ်ု့ ဖြည်းဖြည်းချင်း တက်လှမ်းသွားလေသည်။ 


ရန်ရှူမှာ လေထဲတွင် တွဲလောင်းကျနေပြီး တက်လည်းမတက်နိုင်သလို ဆင်းလည်း မဆင်းနိုင်ခဲ့ပေ။ ဟိုဟိုသည်သည် လှည့်ကြည့်လိုက်ရာ မနီးမဝေးတစ်နေရာတွင် ဘာဘီကျူးထရပ်ကားတစ်စီးရှိနေသည်။ နေရာအနှံ့တွင် ဘာဘီကျူးအနံ့များ လွင့်ပျံနေလေသည်။ မီးအပူပေးထားပြီးသား ဖြစ်သည်ကြောင့်ထင်။ ရိုက်ကူးရေးအဖွဲ့ ရောက်လာသည်နှင့် စတင်ပြုလုပ်လေတော့သည်။ 


သူ "ပါ့ကျီပါ့ကျီ" ဟုဆိုကာ စန့်ရှန်း ယူလာသည့်အရာအပေါ် အနည်းငယ် သိလိုစိတ် ပြင်းပြနေခဲ့သည်။ 


မည်သူမှ ပြောမပြနိုင်သည်က ဆိုးရွားလွန်းလှပေသည်။ ဤသည်က စန့်ရှန်းအတွက် ညသန်းခေါင်မှ ရန်ရှူ၏ ဟိုတယ်ခန်းအတွင်း ခိုးကြောင်ခိုးဝှက် ဝင်ရသည့်အစား ရိုက်ကွင်းသို့ တည်တည်ငြိမ်ငြိမ် ရောက်လာရသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ထို့ကြောင့် အလွန်သာသာယာယာ ရှိနေသည်။ 


သူက ထိုင်ခုံပေါ်တွင် ထိုင်ကာ ရည်းစားဟောင်းလေးတစ်ယောက် လေပေါ်တွင် ပျံဝဲနေသည်ကို ကြည့်နေခဲ့သည်။ 


စန့်ရှန်း ယင်းကို စိတ်ဝင်စားစရာကောင်းလှသည်ဟု တွေးလိုက်မိသည်။ ထိုသူ ကောင်းကင်ပေါ် ပျံနေပါက စကားလည်းမပြောနိုင်သလို ကောင်မလေးများနှင့်လည်း ဟီးဟီးဟားဟား မလုပ်နိုင်တော့ပေ။


နောက်ထပ် နှစ်နာရီအတွင်း ရန်ရှူတစ်ယောက် ငါးမိနစ် ခြောက်မိနစ်သာ နားရသေးသည့်အခါ သူ ထပ်ပြီး မရယ်နိုင်တော့ပေ။ ရိုက်ကူးရေးက အတော်လေး နှေးကွေးလှသည်ဟုပင် သူ ခံစားနေရသည်။ 


စန့်ရှန်း ငြိမ်ငြိမ်လေး မထိုင်နိုင်တော့ဘဲ အစ်ကိုလျို့အား လက်ယပ်ခေါ်လိုက်သည်။

"ဒီရိုက်ကွက်တွေ ရိုက်ဖို့ အချိန်ကြာဦးမလားဆိုတာ သွားမေးလိုက်ပါ... ကြာမယ်ဆို ဒီနေ့ ဒီမှာပဲ ရပ်လိုက်လို့ ရတယ်…" 


“ဒီရိုက်ကွက်တွေကို ဒီနေ့ ရိုက်တာပဲ ကောင်းမယ် ထင်တယ်... မဟုတ်ရင် မနက်ဖြန် ပြန်ရိုက်နေရမယ်…" 


စန့်ရှန်း လက်လျှော့ကာ တိတ်တိတ်လေး ဆက်ကြည့်နေလိုက်ရသည်။ 


ကံအားလျော်စွာဖြင့် ဤတိုက်ခိုက်ခန်းများ ရိုက်ကူးပြီး တစ်ခဏကြာသောအခါ ရန်ရှူလည်း ရိုက်ကူးရေးပြီးသွားသည်။ 


သူ့ခန္ဓာကိုယ်ကို အညောင်းဆန့်ကာ စန့်ရှန်းထံလျှောက်လာနေ၏။

"ဘာတွေ ယူလာတာလဲ…" 


"ဘာဘီကျူးစက်က တခြားအဖွဲ့သားတွေအတွက်... မင်းအတွက်တော့ မင်းအကြိုက်ဆုံး စားသောက်ဆိုင်က စားဖိုမှုးခေါင်းဆောင်ကိုလည်း ခေါ်လာတယ်…" 


“ပြီးတော့ရော…” 


“ပြီးတော့ ကိုယ်လေ…” 


“…” 

ရန်ရှူ စန့်ရှန်းအား အစုန်အဆန် ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ ခေါင်းအသာယမ်းလိုက်သည်၊ 


စန့်ရှန်းက ရန်ရှူနောက်မှ တစ်ဆင့် ရန်ရှူ၏ အခန်းငယ်လေးထဲသို့ လိုက်လာခဲ့သည်။ ဝင်လာပြီးနောက် စန့်ရှန်း ရှင်းပြလိုက်သည်။

"အစ်ကိုလျို့က အရမ်းချဲ့ကားလွန်းတဲ့ ပစ္စည်းတွေ မယူလာဖို့ ပြောခဲ့တယ်... ရိုက်ကူးရေးအဖွဲ့က ကိုယ်တို့ရဲ့ ဆက်ဆံရေးကို သံသယဝင်သွားမှာစိုးလို့တဲ့... ဘောစ့်တစ်ယောက်အနေနဲ့ဆို ဒီကို လာဖို့အဆင်ပြေတယ်လေ…" 


“ဟုတ်ပါတယ်... တကယ်တော့လည်း ငါက မင်းရဲ့ လက်အောက်ငယ်သားပဲဟာ…" 


စန့်ရှန်း မငြင်းဆိုလိုက်ပေ။ 


"ဒါ့အပြင် ဒီတစ်ခေါက်လာတာကနေ ကုမ္ပဏီရဲ့ ပုံရိပ်ကိုလည်း ဆယ်ပေးရမယ်လေ…" 


"အိုး... ဒါဆို ဒီတစ်ခေါက် လာရတဲ့ ရည်ရွယ်ချက်အစစ်က ဒါကြောင့်ပေါ့လေ... မင်းက လက်အောက်ငယ်သားတွေအပေါ် သဘောကောင်းတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါလားနော်…" 


"ပြီးတော့ မင်းကို ကြောင်ကူဖမ်းပေးဖို့…" 


ရန်ရှူ ပြတင်းပေါက် ဖွင့်ကာ မနီးမဝေးတစ်နေရာကို ထိုးပြ၍ ပြောလိုက်သည်။

"အဲ့ဒီနေရာကို တွေ့လား.... သူတို့နှစ်ကောင်က ခြုံပုတ်ထဲ လှဲနေတတ်တယ်... လွန်ခဲ့တဲ့ နှစ်ရက်က ရှောင်ချီနဲ့ လိုက်ကြည့်ပြီးပြီ... ဖမ်းမရခဲ့ဘူး…" 


ရန်ရှူ၏ ပြတင်းပေါက်ဘောင်ပေါ်မှ ကြောင်စာများကို တွေ့လိုက်ရသည့် စန့်ရှန်းက ထိုကြောင်နှစ်ကောင်မှာ ရန်ရှူ ကြောင်စာများ ကျွေးကျွေးနေခြင်းမှ ဆွဲဆောင်ခံထားရခြင်းဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။ 


ကြောင်များဟူသည်ကား သတိကြီးသော တရိစ္ဆာန်များ ဖြစ်ကြသည်။ ရန်ရှူ အစာကျွေးနေလျှင်ပင် ရန်ရှူအပေါ် သတိထားနေကြဦးမည်ဖြစ်သည်။


စန့်ရှန်းက တောအုပ်ထဲတွင် ပုန်းအောင်းနေသော ကြောင်နှစ်ကောင်ကို ကြည့်ကာ ခေါ်လိုက်သည်။

"မီမီ…" 


စန့်ရှန်းထံတွင် စံပုံစံအသံနိမ့်နိမ့် ရှိပြီး တိရိစ္ဆာန်ငယ်လေးများနှင့် ရင်ဆိုင်ရသောအအခါ ပို၍ငြင်သာလာတတ်သည်။ ထိုသို့ဖြင့် သူ့အသံက အလွန်တရာ ညှို့ယူဖမ်းစားနိုင်ပေသည်။ ထို့နောက်တွင် ရန်ရှူတစ်ယောက် မသိစိတ်မှ နားသန်သီးလေးကို ပွတ်သပ်လိုက်မိသည်။ 


လူတချို့ကတော့ အသံကတောင် နှိပ်စက်ကလူပြုနိုင်ကြပါလား...


မယုံကြည်နိင်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ 


ကြောင်ဝါလေးက စန့်ရှန်းအား ကြောက်နေပုံမရဘဲ စန့်ရှန်းအနားသို့ တိုးကပ်လာကာ ရန်ရှူ၏ ပြတင်းပေါက်ဘောင်ပေါ် ခုန်တက်လာခဲ့သည်။ 


ဘေးတွင် ရပ်နေသော ရန်ရှူမှာ စန့်ရှန်းတစ်ယောက် ကြောင်ဝါလေးကို လက်နှစ်ဖက်လုံးဖြင့် ကိုင်၍ မကြည့်လိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ့ခေါင်းကို လှည့်ကာ ရန်ရှူကို မေးလာသည်။

"ဒါက သံသယရှိသူတွေထဲက တစ်ကောင်လား…" 


ရန်ရှူ: “…” 


ဒီကောင်က ကြောင်ရော ခွေးရော ချစ်တာလားဟ... ဒါပေမယ့် ကြောင်ရော ခွေးရော နှစ်မျိုးလုံးကို သဘောကျတာ မကြားဖူးပါဘူး... ကြောင်ကို ချစ်ရင်ချစ်... ဒါမှမဟုတ် ခွေးချစ်တတ်တာပဲ ရှိတာပါ... 


ရန်ရှူမှာ စကားပြောချင်စိတ်ပင် မရှိတော့ပေ။ 


—————


စာရေးသူမှာ ပြောစရာရှိပါတယ်: 


သာမန်အားဖြင့် တွေ့ရလေ့ရှိသော အရှင်သခင်ကြီးများ: ဟမ့် သူက ပိုက်ဆံကိုပဲ ကြိုက်တာ ငါ့ကိုမကြိုက်ဘူး... 


စန့်အချစ်ဦးနှောက် အရှင်သခင်ခေါင်းဆောင်ကြီးရှန်း: သူက ငါ့ပိုက်ဆံတွေကို ကြိုက်တယ်... သူ့ကို များများ ထပ်ပေးလိုက်...



📽️