Chapter 19
Viewers 1k

📽️Chapter 19

အခြေအနေ : သဝန်တိုခြင်း



ညဘက် ရိုက်ကွင်းများ ပြီးဆုံးသွားပြီးနောက် ရန်ရှူက အခန်းထဲသို့ ပြန်သွားကာ ဖုန်းထုတ်၍ စန့်ရှန်းထံ စာပို့လိုက်သည်။

[Aအဆင့် ယောကျ်ားတွေရဲ့ သုတ်ပိုးအရည်အသွေးက နိမ့်တယ်ဆို... ကြားဖူးလား…] 


စန့်ရှန်းက လျင်မြန်စွာ ပြန်ဖြေလာခဲ့သည်။ 

[ကိုယ့်အရည်အသွေး မြင့်မမြင့်က ကိစ္စရှိလို့လား... မင်းမှ ကလေးမမွေးနိုင်တာ…] 


ထိုစကားက ရန်ရှူအား ချက်ချင်းနားလည်သွားလေသည်။ မှန်ပေသည်။ စန့်ရှန်း၏ နှစ်ပေါင်းများစွာတိုင် အထုပ်အထည်များမှာ သူ့ထံတွင်သာ ဝါးမြိုခံလိုက်ရခြင်းသာ ဖြစ်ပေမည်။ 


အရည်အသွေး မြင့်မမြင့်က ဘာအသုံးကျလို့လဲ... 


စန့်မိသားစုက သူတို့ရဲ့ သားကိုရော မြေးကိုရော ဆုံးရှုံးရတော့မယ်... စန့်မိသားစု ပိုင်ဆိုင်မှုတွေအတွက် စိတ်မကောင်းစရာပဲ... 


RS: [အိုး... ကြည့်ရတာ မင်းလိုယောကျ်ားမျိုးက ဂေးဖြစ်မှပဲ ရမယ်ထင်တယ်... ဘယ်သူကများ မင်းရဲ့ မျိုးဆက်ကို ပြတ်တောက်စေမဲ့ အသံမျိုး ပေးထားခဲ့တာလဲ…] 


X: [မိန်းမစိုးတွေရဲ့ အသံက အမြင့်သံလေ... ဒါကြောင့် အရည်အသွေးကောင်းတာပဲ ဖြစ်ရမယ်... ဟုတ်တယ်မလား…] 


ရန်ရှူက ဖုန်းမျက်နှာပြင်ကို ကြည့်ကာ အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့သည်။ 


RS: [သင်းကွပ်မခံရတဲ့ တခြားသူတွေ ရှိတယ်လေ…] 


X: [အသံက ဖြတ်ထားတဲ့လူတွေနဲ့ ကွဲပြားတာမျိုးမှ မရှိတာ... အရည်အသွေးက ကောင်းနေရင်ရော…] 


သူ ရုတ်တရက်ဆိုသလို စန့်ရှန်းနှင့် စကားမပြောချင်တော့ပေ။ 


ကံအားလျော်စွာဖြင့် စန့်ရှန်းက ထိုအကြောင်း ဆက်ပြောမလာတော့။ 


X: [ပုံ] 


X: [နွားပေါက်လေးရဲ့ ဖြတ်ထားတဲ့ ဥတွေလေ... ဒေါက်တာပြောတာတော့ အရမ်းသေးလွန်းတယ်တဲ့... ဖြတ်ပြီးသွားတဲ့အခါ အသံကွဲသွားတာကို ကြားချင်လား…] 


ရန်ရှူမှာ ပုံအသေးလေးကို မြင်ပြီးနောက် မနှိပ်ကြည့်ချင်တော့ပေ။ စန့်ရှန်းကလည်း ထိုဘောလေးများကို မည်သို့ ဖုံးထားရမည်ကို မသိခဲ့ပေ။ ယင်းက ကြောက်စရာကောင်းနေသည်။ 


သူက ဓါတ်ပုံ အပေါ်ရောက်သွားစေရန် အီမိုဂျီအနည်းငယ်ကို အလျင်အမြန် ပို့လိုက်ပြီးနောက် နောက်ထပ်မမြင်ရတော့မှသာ ပြန်စာပို့လိုက်သည်။ 

[ကြောင်က အခြေအနေ ဘယ်လိုလဲ]


X: [ဒဏ်ရာကို ရက်နည်းနည်းလောက် ကုဖို့လိုတယ်... သူ့ကို ပိုးသတ်ဖို့ မင်းမှာ အချိန်မရှိမှာ စိုးရတယ်... ဒါကြောင့် ဆေးရုံမှာ ထားလိုက်ရတာ... ဒဏ်ရာ သက်သာသွားရင် မင်းဆီ ပို့ပေးလိုက်မယ်…] 


X: [ပုံ] 


X: [လျှာလေးကို ကြည့်လိုက်…] 


ရန်ရှူက ဓါတ်ပုံကို နှိပ်ကြည့်လိုက်သည်။ သူ မနေနိုင်ဘဲ ရယ်မောမိလေတေ့သည်။ 


ထိုအကောင်လေးက စိတ်ကြီးဝင်တတ်ပြီး တောင်တန်းနှင့် ကုန်းမြေတလျှောက် သူနှင့်အတူ ပြေးလွှားခဲ့ဖူးသော်လည်း ယခုအချိန်တွင်မူ ထပ်ပြီး စိတ်ကြီးမဝင်နိုင်တော့ဘဲ စမ်းသပ်ခန်းလေးထဲတွင် လှဲလျောင်းနေရင်း လျှာလေးကို တစ်လစ်ထုတ်ထားသည်မှာ အလွန် ရယ်စရာကောင်းလှသည်။ 


သူက ပုံကို သိမ်းထားလိုက်ပြီး အလင်းရောင်ကို မြှင့်ခြင်းစသည်ဖြင့် အထူးတလည် တည်းဖြတ်ကာ ဝေ့ပေါ်တွင် တင်လိုက်သည်။ 


ရန်ရှူ: [သူ့ကို ဖမ်းမိသွားပါပြီ... သူ့ကောင်မလေးလည်း ဆေးရုံမှာ ကလေးမွေးဖို့ စောင့်နေတယ်] [ပုံ] 


အကြီးဆုံးတူမများမှာ သူ့ဝေ့ပေါ်အောက်တွင် အိမ်တစ်လုံး ဝယ်ထားကြပုံပေါ်ပြီး ချက်ချင်းဆိုသလို ရောက်ချလာကြသည်။ 


[သနားစရာကြောင်လေး... ငါတို့ရဲ့ ဦးလေးနဲ့ ဘယ်တော့မှ ထပ်မတွေ့ရဖို့ ဆုတောင်းပေးပါတယ်…] 


[ရှူရှူရဲ့ ဆက်ဆီကျမှုသတင်းက ဒီနေရာမှာပဲ ပြီးဆုံးသွားပြီ... တိုတောင်းလိုက်တာနော်…] 


[ဦးလေးနဲ့ ယာယာမှာ ကောလဟာလတစ်ခု ရှိနေတာများလား... ဒါကို ယုံကြည်ပေးဖို့ ငါတို့အားလုံး အကောင်းဆုံးကြိုးစားပြီး ပူးပေါင်းဆောင်ရွက်ပေးလိုက်ကြရအောင်…] 


[ငါတို့ကတော့ ယာယာရဲ့ ဖန်တွေရဲ့ ဆွေးနွေးပြီးပြီ... တစ်ခါတစ်ရံ စကားများတတ်ကြပေမယ့် ငါတို့အချင်းချင်း ချစ်ကြတယ်... ငါတို့အားလုံးဟာ ညီအစ်ကိုတွေပါ…] 


ကွန်မန့်များကို တစ်ခဏခန့် ဖတ်ပြီးနောက် ရန်ရှူတစ်ယောက် ဝေ့ပေါ်ကို ပိတ်ကာ စန့်ရှန်း၏ စကားပြောခန်းသို့ ပြောင်းလိုက်သည်။ 


သူနှင့် စန့်ရှန်းအကြား ကွာခြားချက်အကြီးကြီးတစ်ခု ရှိနေသည်။ သူဘက်က စန့်ရှန်းထံ စာပို့လိုက်ပြီး အချိန်အတော်ကြာသည်အထိ ပြန်စာ ရောက်မလာပါက သူ အလွန် ဒေါသထွက်သွားပေမည်။ 


သို့သော်လည်း သူ ရုတ်တရက် စကားပြောနေသည်ကို နှောက်ယှက်မိသွားပြီး အချိန်အတော်ကြာ စာပြန်မလာပါက စန့်ရှန်းကမူ ဒေါသထွက်မည် မဟုတ်ပေ။ သူက တိတ်တဆိတ် စောင်ဆိုင်း၍သာနေပြီး စာမြန်မြန် ပို့ရန် လောဆော်မည် မဟုတ်ပေ။ 


သူ့လက်ချောင်းများက မျက်နှာပြင်ပေါ် တတောက်တောက် ခေါက်လိုက်ပြီးနောက် စာပို့လိုက်သည်။ 


RS: [ဘယ်အချိန်လောက်ကျရင် ရိုက်ကွင်းကို နောက်တစ်ခေါက် လာလည်မှာလဲ…] 


X: [မင်းကိုယ့်ကို လွမ်းတဲ့အချိန်တိုင်း လာပေးမယ်…] 


RS: [မင်းမလာချင်ရင်တောင် အဆင်ပြေတယ်ပေါ့…] 


X: [မင်းကိုယ့်ကို လိုအပ်တဲ့အချိန်တိုင်း ကိုယ်ရောက်လာပေးမယ်…] 


RS: [ကောင်းပြီလေ…] 


“ဘယ်လိုလဲ... သူတို့ နိုင်သွားပြီလား…"

ရန်ရှူက အဝတ်များကို မထားရင်းဖြင့် ရိုက်ကူးရေး ခဏနားသည့်အချိန်၌ ရှောင်ချီအား မေးလိုက်သည်။ 


ရိုက်ကူးရေးအဖွဲ့အတွက် ရိုက်ကွင်းနေရာနှင့် ပစ္စည်းများ ငှားရမ်းရခြင်းက ငွေကုန်ကြေးကျ များလှသည်။ ရန်ရှူက ရိုက်ကူးရေးကို မနှောင့်နှေးစေလိုသဖြင့် ပြိုင်ပွဲ၏ ရလဒ်ကိုသာ အာရုံစိုက်ထားနိုင်လေသည်။ 


ရှောင်ချီက လက်ထဲတွင် ဖုန်းကို ကိုင်ထားသည်။ ကစားပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေရင်းနှင့် ပြန်ဖြေလာသည်။

"ဒုတိယပိုင်းကို ရောက်နေပြီ... အခု ကျွန်တော်တို့ဘက်က ဦးဆောင်နေတယ်…" 


"နှေးလွန်းတယ်..." 

ရန်ရှူက ဖုန်းထုတ်ကာ ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်မိသွားပြီး စိတ်ပူပန်မှုများ ဝင်ရောက်လာခဲ့သည်။ 


ထိုအခိုက် ဆွေ့ဟို့ယွီနှင့် ဟို့မော့တို့သည်ကား အမျိုးသားနှစ်ဦးတွဲ ယှဥ်ပြိုင်မှု ဖိုင်နယ်ပွဲစဥ်တွင် ဝင်ရောက် ယှဥ်ပြိုင်နေပြီး သူတို့၏ ပြိုင်ဘက်မှာ လှပသော တိုင်းပြည်တစ်ခုမှ ကစားသမားများ ဖြစ်ကြသည်။ 


ပြည်တွင်းကစားသမားများက တင်းနစ်ပွဲစဥ်များတွင် ဗိုလ်လုပွဲသို့ ပါခဲလှသဖြင့် ဤနှစ်ယောက်၏ ရလဒ်များမှာ ဤနှစ်များအတွင်း မြင်းနက်တစ်ကောင်ကဲ့သို့ ဖြစ်လာစေခဲ့သည်။ 


နှစ်ယောက်သားက ဤကာလများအတွင်း အလွန်နာမည်ကြီးပြီး နေရာတိုင်းတွင် သူတို့ ၏ နာမည်များကို မြင်တွေ့နိုင်သည်။ 


သူတို့၏ အသွင်အပြင်များက ချောမောနေကြကာ သန်မာသော ပြိုင်ပွဲဝင်များ ဖြစ်ကြပြီး တိုင်းပြည်အတွက် ဂုဏ်ကျက်သရေများ အောင်နိုင်ပေးကြမည် ဖြစ်သည်။ 


သူ တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် ဆက်ပြီး ရိုက်ကူးရတော့မည်ဖြစ်၍ ဖုန်းကို ရှောင်ချီထံ ပြန်ပေးလိုက်သည်။ 


ယင်းက ဝမ်းနည်းစရာ ဇာတ်ကွက်တစ်ခု ဖြစ်သည်။ အမျိုးသမီးဇာတ်လိုက်က အမျိုးသား ဇာတ်လိုက်၏ ရက်စက်မှုများကို မြင်တွေ့သွားခဲ့သဖြင့် ဇာတ်လိုက်ထံမှ ဝေးဝေး နေလိုခဲ့သည်။ 


ထိုအချိန်တွင် ဇာတ်လိုက်မှာလည်း သူမကို လွှတ်မပေးနိုင်သည့်အပြင် အစီအစဥ်များကိုလည်း မရပ်တန့်ချင်ခဲ့ပေ။ ထို့ကြောင့် အားပြင်းလှသော လွန်ဆွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ 


ထိုဇာတ်ကွက်ကို ရိုက်ပြီးသွားသောအခါ ရန်ရှူ စိတ်ခံစားချက်များ မထိန်းချုပ်ရသေးမီမှာပင် ရှောင်ချီတစ်ယောက် ခုန်ဆွဆွဖြင့် လက်ယမ်းပြလာသည်ကို တွေ့လိုက်ရသည်။


သူ့နှလုံးသားထဲမှ မကွယ်ပျောက်သွားသေးသော ဒေါသများကို ကြံ့ကြံ့ခံလျက် မေးလိုက်သည်။

"နိုင်လား…" 


ရှောင်ချီက အဆုံးတွင် စကားထုတ်ပြောနိုင်ခဲ့လေသည်။ 

"နိုင်သွားတယ်... ပထမ... ချန်ပီယံ…" 


ရန်ရှူမှာ ရယ်ချင်ပါသော်လည်း မည်သို့ ထုတ်ပြရမည်ကို မသိတော့ပေ။ အစပိုင်းတွင် ဇာတ်ကောင်ထဲ နစ်နေမှုကြောင့် ဒေါသထွက်နေပြီး အောင်ပွဲကြောင့်လည်း ပျော်နေလေရာ မျက်နှာထားက သဘာဝမကျ ဖြစ်နေလေသည်။ 


မုန့်ရှင်းယာသည်လည်း ယနေ့က ဗိုလ်လုပွဲဖြစ်ကြောင်း သိနေခဲ့ပြီး ရန်ရှူနှင့် ဆွေ့ဟို့ယွီတို့က ဆက်ဆံရေးကောင်းသည်ကိုလည်း သိနေခဲ့သည်။ ထို့ကြောင့် ရလဒ်ထွက်သောအခါ သူမလည်း ပျော်နေခဲ့သည်။ စက္ကန့်ပိုင်းအကြာက ကြူကြူပါအောင် ငိုနေသော မိန်းကလေးမှာ ချက်ချင်း လက်မြှောက်လိုက်လေသည်။

"ဝါး... ကောင်းလိုက်တာ…" 


ရန်ရှူသည်လည်း ပူးပေါင်းဆောင်ရွက်ပေးကာ အောင်ပွဲခံရန်အတွက် သူမနှင့် လက်ဝါးချင်းရိုက်လိုက်သည်။ 


ရန်ရှူက ခံစားချက်များကို ချိန်ညှိပြီးနောက် ဖုန်းထုတ်ကာ ဝေ့ပေါ်သို့ ပိုစ့်အမြန်တင်လိုက်သည်။ 


ရန်ရှူ: [@ဆွေ့ဟို့ယွီ ရလဒ်ကောင်းတွေအတွက် ဂုဏ်ပြုပါတယ်... မင်းက အကောင်းဆုံးပဲ…] 


အကြီးဆုံးတူမများကလည်း သိသိသာသာပင် ကစားပွဲကို ကြည့်နေကြပုံပေါ်ပြီး တစ်ယောက်ပြီးတစ်ယောက် ကွန်မန့်ရေးလာကြသည်။ 


[ငါ့ဦးလေးလည်း ပွဲကြည့်မယ်ဆိုတာ သိနေတယ်... သူတို့နှစ်ယောက် ချန်ပီယံ ရတာကို တွေ့လိုက်တုန်းကဆိုရင် ငိုမိတော့တာ... အရမ်းတော်ကြတာပဲ…] 


[မင်းက အစ်ကိုယွီရဲ့ နှစ်ဦးတွဲပြိုင်ပွဲ တွဲဖက်အကြောင်း ပြောမသွားဘူးနော်…] 


[ထပ်ရှိသေးတာက ဟို့မော့ကလည်း နေ့လည်က တစ်ဦးချင်းပြိုင်ပွဲအကြောင်း ပြောမသွားခဲ့ဘူး…] 


[ယွီယွီလေးရဲ့ ပင့်ဘောလေး... ဒီရေကို ပြောင်းပြန်လှန်ပစ်ခဲ့တာ…] 


ထိုအခိုက်တွင် ရန်ရှူတစ်ယောက် စန့်ရှန်းထံမှ စာရောက်လာသည်ကို တွေ့လိုက်ရသည်: [သူတို့တွေ တရုတ်ပြန်လာမဲ့ရက် သေချာသွားပြီ... ရက်ပိုင်းအတွင်း လှုပ်ရှားမှုတွေ အများကြီးမှာ ပါရမှာဆိုတော့ နှစ်ယောက်လုံး အလုပ်များနေလိမ့်မယ်... ငြိမ်သွားတဲ့အထိ စောင့်ကြတာပေါ့... စကားမစပ် မင်းမှာရော အချိန်ရှိရဲ့လား…] 


RS: [ကောင်းပြီလေ... တွေ့ကြတာပေါ့…]


ရိုက်ကူးရေးအဖွဲ့က ရိုက်ကူးရေးနေရာများကို လှည့်ပြောင်းနေရသည့် ကာလအတွင်း ရောက်ရှိနေသည်။ 


နေရာအသစ်ကို ပြင်ဆင်နေဆဲ ဖြစ်ရာ လင်းကျုံးမှ ရိုက်ကွင်းက ဤရက်များအတွင်း အရံဇာတ်ကောင်များကို အဓိကထား ရိုက်ကူးနေပြီး ရန်ရှူကို အားလပ်ရက်နှစ်ရက် ပေးထားခဲ့သည်။ 


သူသည်လည်း ဤနှစ်ရက်ကို သူ နေ့ညမပြတ် သတိရနေခဲ့သော အစ်ကိုယွီနှင့် သွားတွေ့ရာ၌ အသုံးပြုရန် ကြုံကြိုက်သွားလေသည်။ 


ရန်ရှူက သူအချိန်အတော်ကြာနေထိုင်ခဲ့သည့် မြို့သို့ တစ်ညအိပ် ပြန်သွားသည်။ သူက သာ့ကောကိုပါ ကြောင်အိမ်လေးဝယ်ပေးခဲ့ပြီး ပန်းနှင့် သစ်သီးများကို ခြင်းတောင်းအပြည့်ဝယ်ကာ ဟိတ်ဟန်ကြီးလှသော နည်းလမ်းဖြင့် ဆွေ့ဟို့ယွီနှင့် ဟို့မော့တို့၏ အိမ်သို့ ရောက်သွားလေသည်။ 


ရန်ရှူက လက်ထဲတွင် ပန်းများကိုင်လျက် တံခါးဝသို့ ခြေနှစ်လှမ်းအတွင်း လျှောက်လာခဲ့သည်။ 


တံခါးဘဲလ် မြည်သံကြားသောအခါ အထဲမှ လူက တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ပေးလာပြီးနောက် သူ့ကို ကြည့်၍ မေးလိုက်သည်။

"ဘယ်တော့ ပြန်မှာလဲ…"


လူကဖြင့် အထဲကို မဝင်ရသေးဘူး... ပြန်ဖို့ မျှော်လင့်နေပြီ... 


သဘာဝကျစွာပင် တံခါးလာဖွင့်သူမှာ အောင်ပွဲများ ဆွတ်ခူး၍ ပြန်လာသော ဟို့မော့မှလွဲ၍ အခြားသူ မဖြစ်နိုင်ပါပေ။ 


ဟို့မော့ ဖြစ်နေသည်ကို မြင်သောအခါ ရန်ရှူက ချက်ချင်းဆိုသလို မျက်လုံး လှိမ့်လိုက်ပြီး မနှစ်သက်မှုများကို မဖုံးကွယ်ထားတော့ပေ။

"ငါ အခုမှ ရောက်တာလေ... မင်းတို့အိမ်မှာ အနည်းဆုံး နှစ်ရက်လောက် နေမှာ…" 


“နှစ်ရက်လား…"

ဟို့မော့က မကြည်ဖြူဟန်ဖြင့် မေးလိုက်သည်။ 


"ဒါပေါ့…"

ရန်ရှူ ပြောလိုက်ပြီးနောက် ကြောင်အား ဟို့မော့ထံ လွှဲပေးလိုက်သည်။ 


ဆွေ့ဟို့ယွီနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့သည့်တိုင် ဟို့မော့က ကြောင်များကို အနည်းငယ် ကြောက်တတ်နေဆဲ ဖြစ်ပြီး အထူးသဖြင့် ကြောင်နက်များပင်။ 


ကြောင် နီးကပ်လာသည်ကို မြင်သောအခါ သူက ချက်ချင်း ခြေနှစ်လှမ်း ဆုတ်လိုက်သဖြင့် ၎င်းက အိမ်ထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်သွားလေသည်။ ရန်ရှူက ကြောင်နက်လေးနောက်မှတစ်ဆင့် ဟိတ်ဟန်ထုတ်ကာ လိုက်သွားသည်။ 


ရန်ရှူက ပန်းနှင့် သစ်သီးများကို ဟို့မော့ထံ ကမ်းပေးလိုက်ပြီးနောက် ဟို့မော့က တွန့်ဆုတ်စွာ ပြောလိုက်သည်။

"မိန်းကလေး သူငယ်ချင်းတွေ ကြားမှာတောင် နှင်းဆီပန်းပေးတာ မမြင်ဖူးဘူး... ရန်လာစနေတာလား... မင်း လက်ဗလာနဲ့ လာသင့်တယ်…" 


“အစ်ကိုယွီ…"

အခန်းထဲသို့ ဝင်လာသောအခါ ရန်ရှူက တကျည်ကျည် လုပ်နေသော ဟို့မော့ကို လုံးဝ လစ်လျူရှုထားပြီး ဆွေ့ဟို့ယွီထံ ပြေးသွားသည်။ 


ရန်ရှူ သူ့အား ဖက်တော့မည်ကို တွေ့လိုက်ရသည့် ဆွေ့ဟို့ယွီက ချက်ချင်း လက်မြှောက်ကာ တားလိုက်သည်။

"ငါ နားလည်တယ်…" 


ရန်ရှူက ဆိုဖာပေါ်တွင် ပစ်လှဲနေသော ဆွေ့ဟို့ယွီကို ကြည့်လိုက်ပြီးနောက် ဟို့မော့ကို ပြန်ကြည့်လာသည်။ 


ဟို့မော့ ပန်းများကို လွှင့်ပစ်ရမည်လား မလွှင့်ပစ်ခင် ဆွေ့ဟို့ယွီထံ ပြရမည်လား စဥ်းစားနေဆဲ ဖြစ်သည်။ ထို့ကြောင့် ရန်ရှူအပေါ် အာရုံမရပေ။ 


ထိုလူနှစ်ယောက် ပြိုင်ပွဲကို အောင်နိုင်ပြီး တရုတ်ပြည်သို့ ပြန်လာသည်ကပင် အံ့သြစရာကိစ္စ ဖြစ်နေသည်။ ယင်းက မည်မျှ ပြင်းထန်လှကြောင်း မသိခဲ့ပေ။


ထို့ကြောင့် ထိုအရာကပင် သံကဲ့သို့ သက်

လုံကောင်းသည့် ဆွေ့ဟို့ယွီအား ယခုကဲ့သို့ ခြေကုန်လက်ပမ်းကျသွားစေသည်မှန်း မသိခဲ့ပေ။ 


ရန်ရှူက စတင် ငြီးငြူလာပြီးနောက် ဆွေ့ဟို့ယွီ၏ ဘေးတွင် ဝင်ထိုင်ကာ သက်ပြင်းချလိုက်သည်။

"အစ်ကို့ကို သိလာတာ နှစ်နှစ်ဆယ်ကျော် ရှိပြီကို ကျွန်တော်က အနှောင့်အယှက် ဖြစ်နေတာလား" 


ရန်ရှူက ရိုးသားစွာဖြင့် ဆက်ပြောလာလေသည်။

"အစ်ကိုတို့ တရုတ်ပြန်လာတာသိလို့ ဂုဏ်ပြုပေးဖို့ မနားတမ်း အပြေးလာရတာကို အစ်ကိုနဲ့ အစ်ကို့ရဲ့ ရည်းစားဆိုးကလည်း မရပ်မနား လုပ်နေကြတယ်ပေါ့လေ…" 


ဆွေ့ဟို့ယွီက စတင် ရယ်မောလာပြီး တဖြည်းဖြည်း ထထိုင်လျက်က အလိုက်သင့် ပြုမူလိုက်သည်။

"ကြည့်ရတာ မင်းက စန့်ရှန်းကိုလည်း သုံးမိနစ်လောက်ဆက်တိုက် ပွစိပွစိ ပြောနိုင်မယ်ထင်တယ်…" 


"ကျွန်တော်တို့ကြားမှာ အပြင်လူအကြောင်း ပြောစရာလိုသေးလို့လား…"

ရန်ရှူက ပြောရင်းဖြင့် မျက်ရည်မထွက်သော မျက်လုံးထောင့်များကို ကြောင်သူတော် ပုံစံဖြင့် သုတ်နေခဲ့သည်။ 


ဆွေ့ဟို့ယွီက အကျိုးသင့်အကြောင်းသင့် ခွဲခြမ်းစိတ်ဖြာလိုက်သည်။

"ဆိုလိုတာက မင်းတို့အခုထိ ပြန်မတွဲကြသေးဘူးပေါ့…" 


"ကျွန်တော်... အကြာကြီး အထီးကျန်နေခဲ့ရတာ…" 


ဆွေ့ဟို့ယွီ ထပ်ပြီး ဝေဖန်လိုက်သည်။

"သူ့ကို လမ်းခွဲခဲ့တာ မင်းပဲလေ…" 


"..."

ဥာဏ်ထက်တဲ့ လူတွေနဲ့ စကားပြောရတာ တကယ် မလွယ်ပါလား... အလွယ်တကူ အရှက်ရစေတယ်... 


ရန်ရှူက ဆွေ့ဟို့ယွီအား ကြည့်လိုက်ရာ ဆွေ့ဟို့ယွီကလည်း ချက်ချင်း နားလည်သွားသည်။ သူက ရန်ရှူအစား စန့်ရှန်းကို စတင်ကြိမ်းမောင်းလေတော့သည်။

"စန့်ရှန်းက ငတုံးကောင်ပဲ... မင်းကို ဘယ်လိုကောင်းကောင်း ဆက်ဆံပေးရမလဲ ဆိုတာမသိဘူး... သူရောက်လာရင် ငါသူနဲ့ ရင်ဆိုင်ပေးမယ်…" 


"တကယ်တော့..."


"အိုး သိပြီ... ငါ ဟို့မော့ကို ငါနဲ့ အတူ သူ့ကို ရှင်းထုတ်ပေးဖို့ ပြောပေးမယ်... မနက်ဖြန်ကျ စုအန်းရီ၊ ချောင်းချွမ်ကွေ့၊ တန့်ယိဟန်နဲ့ သူ့မိန်းမတို့လည်း လာကြလိမ့်မယ်... ငါတို့အတူတူ တိုက်ထုတ်ကြတာပေါ့…" 


ရန်ရှူက အဆုံးတွင် စိတ်ကျေနပ်သွားလေသည်။

"ကောင်းပြီလေ…" 


ရန်ရှူက ဟို့မော့တစ်ယောက် ပန်းစည်းကို ယူကာ အဝတ်လျှော်ခန်းထဲသို့ ထည့်လိုက်သည်ကို တွေ့လိုက်ရသည်။ သူ ချက်ချင်းဆိုသလို ထရပ်ကာ နှုတ်မှ တတွတ်တွတ် ကြိမ်းမောင်းလျက် နောက်က လိုက်သွားသည်။

"ဧည့်ခန်းထဲမှာပဲ ထားနော်... အလည်တည့်တည့်မှာ... ဒါကို အစ်ကိုယွီဆီ ပေးထားတာမို့ သူမျက်လုံးပင့်တာနဲ့ မြင်နိုင်အောင်…" 


ဟို့မော့က တိုက်တွန်းမနေတော့ဘဲ ပြောလိုက်သည်။ 

"ဧည့်သည်ခန်းထဲမှာ နေမှာမလား... ဧည့်သည်ခန်းထဲကို လိုက်ပို့ပေးမယ်…" 


"အစ်ကိုယွီနဲ့ နေမှာ…" 


“မင်း မကောင်းတဲ့ကောင်…"

ဟို့မော့က ချက်ချင်း ဆူပူကြိမ်းမောင်းလာသည်။

" ငါ တစ်နှစ်လုံး သူနဲ့အတူ ပြိုင်ပွဲတွေ အမျိုးစုံ ပြိုင်လာခဲ့ရတာ... အပိုအလိုကိစ္စတွေ ဘာမှ လုပ်လို့ရခဲ့တာ မဟုတ်ဘူး... ကြားထဲ ရက်နည်းနည်းလောက်လေးပဲ နားရတာကို အလိုက်ကို မသိဘူး... မင်း ပြဿနာ ရှာနေတာလား…" 


အားလုံး သိနေသောအရာကို "မရပ်မနား" လုပ်ပြီးနောက် ဆွေ့ဟို့ယွီမှာ ထိုင်ခုံပေါ်တွင် ခြေပစ်လက်ပစ် ထိုင်နေရသည့်ပုံစံကို ကြည့်ခြင်းအားဖြင့် ရန်ရှူမှာ ထိုသူတို့ ပြိုင်ပွဲဝင်စဥ်ကာလအတွင်း ရဲတင်းလွန်းသောအပြုအမူများ ပြုလုပ်ခဲ့ပါက ပြိုင်ပွဲအပေါ် သေချာပေါက် ထိခိုက်နိုင်ကြောင်း သိလိုက်ရသည်။ 


ရန်ရှူက အဆတစ်သောင်းခန့် စိတ်မကြည်မလင် ဖြစ်သွားလေသည်။

"ငါက အစ်ကိုယွီကို တစ်နှစ်မှာ အကြိမ်နည်းနည်းလောက်ပဲ တွေ့ရတာ.... မင်းက တစ်နှစ်လုံး တွေ့နေရတာလေ... ရက်တွေ ဘယ်လောက်ကျန်ဦးမှာမို့လဲ... အဆိုးဆုံးတော့ အစ်ကိုယွီကို အလည်မှာထားပြီး ငါတို့သုံးယောက် အတူအိပ်ကြရုံပေါ့…" 


ဟို့မော့မှာ ပန်းများကို ပြန်ချကာ ရန်ရှူအား ထိတ်လန့်စွာ ကြည့်လိုက်သည်။

"မင်းဘေးမှာ စန့်ရှန်းပါ ဝင်အိပ်ဖို့ လိုသေးလား... ဒါမှမဟုတ်ရင် မျိုးဆက်လေးဆက်လောက် ခေါင်မိုးတစ်ခုတည်းအောက်မှာ နေဖို့ လိုတာလား…" 


"သောက်ကျိုးနည်း..."

ရန်ရှူက ရယ်ချင်လာရသည်။ 

"မိသားစု သုံးယောက်ဆိုရင်ကို အဆင်ပြေနေပါပြီ…" 


ထိုအချိန်၌ ဇာတ်တိုက်ထားသည့်အလား တံခါးဘဲလ် မြည်လာခဲ့သည်။ 



📽️