Chapter 20
Viewers 1k

📽️Chapter 20

အခြေအနေ : သဝန်တိုခြင်း (၂)



ဟို့မော့က ပန်းများကို ချကာ တံခါးသွားဖွင့်ပေးလိုက်သည်။ တံခါးဖွင့်လိုက်သောအခါ တံခါးဝတွင် စန့်ရှန်း ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ သူ့မျက်လုံးများက ရန်ရှူအထဲတွင် ရှိမရှိ အတည်ပြုနေသည့်အလား တံခါးဝမှ ရှူးဖိနပ်များကို ကြည့်လိုက်သေးသည်။ 


ဟို့မော့သည်လည်း သူ့ကို ကြည့်နေပြီးနောက် မေးလာသည်။

"လက်ဗလာနဲ့ လာတာလား…" 


"အင်း... ပစ္စည်းတွေ ဝယ်ရမှာ ပျင်းလို့... မင်းဆီ ငွေလွှဲပေးမယ်ဆိုရင်ရော... တစ်သိန်းဆို လောက်လား…" 


"အမြင် မရှိလိုက်တာ…"


နှစ်ယောက်သားက စကားပြောရင်း အိမ်ထဲသို့ ဝင်လာကြသည်။ ဟို့မော့က တမင်တကာ လုပ်သည်လား မသိရသော်လည်း စန့်ရှန်းကို ပန်းများ ချထားသည့် နေရာသို့ ခေါ်သွားကာ ပြပေးလိုက်သည်။ 

"ရန်ရှူက အစ်ကိုယွီကို ပန်းကိုးဆယ့်ကိုးပွင့်ပေးတယ်... သူ မင်းကို တစ်ပွင့်လေးတောင် ပေးဖူးလား…" 


စန့်ရှန်း: “… “ 


ဟို့မော့က တောက်ပစွာ ပြုံးလိုက်ပြီး သူ၏ ဖြူဖွေးအေးစက်နေသော အသားအရည်သည်ပင် မီးရောင်အောက်၌ ပို၍ပင် တောက်ပလာခဲ့သည်။

"မဖြစ်နိုင်လိုက်တာ... မဖြစ်နိုင်လိုက်တာ... သူမင်းနဲ့ တွဲတာ နှစ်တွေ အကြာကြီးကို ပန်းလေးတစ်ပွင့်တောင် မပေးဖူးဘူးပေါ့…" 


စန့်ရှန်းက ဟို့မော့ကို ကြည့်က မျက်ခုံးပင့်ပြလိုက်သည်။

 â€œâ€Śâ€ 


ဟို့မော့ ဆက်ပြောနေသည်။

"ရန်ရှူက အစ်ကိုယွီနဲ့ အိပ်ချင်တယ်လို့ ပြောနေတာ ငါကလည်း မလိုချင်ဘူးလေ... သူက ငါတို့ကြား လာအိပ်ချင်နေတယ်... သူ့ဘေးမှာ ငါသွားအိပ်ဖို့ မသင့်တော်ဘူးမလား…" 


စန့်ရှန်း: “…” 


ဟို့မော့က ဘာတစ်ခုမှ မသိသေးပုံဖြင့် မေးလိုက်သည်။ 

"စကားမစပ်... မင်းတို့က အခု ပြတ်နေတာလား... တွဲနေတာလား…" 


စန့်ရှန်း၏ အသံက ပိုပို၍ နိမ့်ဆင်းလာသည်။

"အိမ်မှာ ငါးမိနစ်လောက်လေး မရှိလိုက်တာနဲ့ ပြောစရာ ရသွားပြီလား ငါ့လူ…" 


ဟို့မော့ နားလည်သွားသည်။

"သြော် ပြတ်နေတုန်းပဲကိုး…" 


စန့်ရှန်းနှင့် ဟို့မော့တို့ ဘေးချင်းကပ်လျက်ဖြင့် အိမ်ထဲ ဝင်လာသောအခါ ရန်ရှူနှင့် ဆွေ့ဟို့ယွီတို့က အတူတကွ စကားပြောနေကြလေသည်။ 


ရန်ရှူက စန့်ရှန်းကို တွေ့သောအခါ ချက်ချင်းဆိုသလို မကျေမနပ်ဖြင့် မေးလိုက်သည်။

"ညကြီး ဒီကို ဘာလာလုပ်တာလဲ…" 


စန့်ရှန်းက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။ 

"မင်း ဆွေ့ဟို့ယွီကို ပေးတဲ့ ပန်းတွေက မပွင့်ခင် လှသလားဆိုတာ လာကြည့်တာ…" 


ရန်ရှူ ဆွေ့ဟို့ယွီ၏ လက်မောင်းကို တွန်းကာ လောဆော်လိုက်သည်။

"အစ်ကိုယွီ... သူ့ကိုရိုက်…" 


ဆွေ့ဟို့ယွီက မလှုပ်ပေ။

"မနက်ဖြန် လူပိုများလာမှ…" 


ဟို့မော့က မီးဖိုချောင်ထဲသို့ ဝင်ကာ ညစာပြင်ဆင်နေသည်။ 


စန့်ရှန်းက အနောက်တိုင်းကုတ်အင်္ကျီကို ချွတ်၍ အေပရွန် ကောက်ယူကာ ဝတ်လိုက်သည်။ 


ထို့နောက် ဟို့မော့အား မေးလိုက်သည်။

"ဘာကူပေးရမလဲ…"


"ပန်းကန်တွေ ဆေးပေး…"

အထက်ပုဂ္ဂိုလ်နှစ်ယောက်မှာ မီးဖိုချောင်ထဲတွင် အလုပ်များနေကြသည်။ 


ထိုအခိုက် ရန်ရှူနှင့် ဆွေ့ဟို့ယွီတို့သည်ကား ဧည့်ခန်းထဲတွင် ထိုင်ကာ စကားဆက်ပြောနေကြသည်။ စန့်ရှန်း ရောက်လာသောအခါ ရန်ရှူက ပြောလက်စ စကားကို ရပ်ကာ ကြောင်ဖမ်းသည့် စွန့်စားမှုအကြောင်း ပြောပြနေခဲ့သည်။ 


ညစာ ချက်ပြီးသွားသောအခါ ရန်ရှူက ထမင်းစားပွဲတွင် ထိုင်၍ ဆွေ့ဟို့ယွီအား စိုက်ကြည့်နေခဲ့သည်။


ဆွေ့ဟို့ယွီက စိုက်ကြည့်ခံနေရသဖြင့် မသက်မသာ ဖြစ်လာပြီးနောက် မေးလိုက်သည်။

"ဘာလုပ်နေတာလဲ…" 


ရန်ရှူက ချဥ်စူးနေသော မုန်လာဥနီလေးကဲ့သို့ ချန်တူးတူးဖြင့် ပြောလိုက်သည်။

"အစ်ကို ဘယ်အသီးအရွက်ကို အရင်ရွေးမလဲ ကြည့်နေတာ..." 


ဆွေ့ဟို့ယွီက ထိုကဲ့သို့သော ကလေးဆန်လှသည့် တိုက်ပွဲမျိုးက နှစ်ပေါင်းများစွာထိ ကျန်ရှိနေဦးမည်ဟု မထင်ထားခဲ့ပေ။ 


"ငါ့ကိုယ်ငါ ဂရုမစိုက်ဘဲ နေတာ မဟုတ်ပါဘူးကွာ... ကိုယ့်ဘာသာ စားလို့မရဘူးလား…"

ဆွေ့ဟို့ယွီက ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။ 


ရန်ရှူက ဆွေ့ဟို့ယွီက အသားတစ်ဖတ် ထည့်ပေးလိုက်သည်။

"ကျွန်တော် ထည့်ပေးတာစား…" 


ဟို့မော့သည်လည်း အကျောမခံရရေးအတွက် ဆွေ့ဟို့ယွီပန်းကန်ထဲသို့ အသားတစ်ဖတ် ထည့်ပေးလိုက်သည်။

"ကိုယ့် ကျွေးတာစား…" 


ဆွေ့ဟို့ယွီ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ 


တစ်ဖက်တွင်မူ စန့်ရှန်းက စားပွဲတွင် ဝင်ထိုင်နေပြီး သူတို့သုံးဦးသားကို မဆိုင်သူတစ်ယောက်ကဲ့သို့ ကြည်နေခဲ့လေသည်။ 


ဆွေ့ဟို့ယွီက စကားလမ်းကြောင်း ပြောင်းလိုက်ရသည်။ 

"ညစာစားပြီးရင် မာကျောက်ကစားကြမလား…" 


ဟို့မော့က ငြင်းစရာမရှိပေ။


စန့်ရှန်းတစ်ယောက်တည်းကသာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ 

ဒီနေ့ လာကို မလာခဲ့သင့်တာ... 


ဆွေ့ဟို့ယွီနှင့် ဟို့မော့တို့အိမ်၏ မြေအောက်ထပ်တွင် စစ်တုရင် ကျားကွက်ကစားသည့်အခန်းတစ်ခု ပါပြီး မာကျောက်စားပွဲတစ်ခုနှင့် ကတ်ကစားသည့် ကစားခုံတစ်ခု ရှိနေခဲ့သည်။ 


လေးယောက်သား အဆင်သင့်ဖြစ်သောအခါ မာကျောက်စားပွဲတွင် ဝင်ထိုင်လိုက်ကြသည်။ 


ကတ်ကစားပွဲအတွင်း အနည်းငယ် ခက်ခဲရုန်းကန်ရခြင်းမျိုးလည်း ရှိသည်။ 


စန့်ရှန်းနှင့် ဆွေ့ဟို့ယွီတို့မှာ သူတို့၏ ကောင်လေးများ အနိုင်ရရေးအတွက် အစွမ်းကုန် ကြိုးစားပေးကြမည့် တူညီသော စရိုက်တစ်ခု ရှိကြပေသည်။ 


သို့သော် ဟို့မော့၏ ခက်ခဲမှုက ပိုနိမ့်သည်။  


အဆုံးတွင် ဟို့မော့က သင်ယူခြင်း နတ်ဘုရားတစ်ယောက်ဖြစ်ပြီး ဆွေ့ဟို့ယွီလည်း ထို့အတူပင်။ နှစ်ယောက်လုံးက အလွန် ထက်မြက်ကြသည်။ ဟို့မော့သာ အရိပ်အယောင်ပြနေသရွေ့ ဆွေ့ဟို့ယွီ နားလည်သွားကာ ယင်းကိုအသုံးပြုလိုက်ပြီးနောက် ကတ်ဆွဲလိုက်မည် ဖြစ်သည်။ 


သို့သော် ရန်ရှူကမူ အလွန်ကွာခြားသည်။   


သူက လေးယောက်ထဲတွင် အလေးအနက် အဖြစ်ဆုံးပင်။ ပွဲစဥ်တစ်လျှောက်လုံး သေသေချာချာ နှံ့နှံ့စပ်စပ် စဥ်းစားတတ်ကာ ကတ်ဆွဲနေစဥ် အကြာကြီး တုန့်ဆိုင်းနေတတ်သည်။ 


ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် မေးခွန်းလွှာများ ဖြေနေရသည့်အလား အပြင်းအထန် ကြိုးစားတတ်သည်။ 


ထို့နောက် ရှုံးသွားခြင်းနှင့်သာ အဆုံးသတ်တတ်ပေသည်။ 


စန့်ရှန်းမှ ရန်ရှူအား ဗြောင်ကျကျ မီးတို့ပေးသည့်တိုင် ရန်ရှူကမူ အခွင့်အရေးကို လွဲချော်သွားမြဲ ဖြစ်ပေသည်။ 


နောက်ထပ် နှစ်ကျော့ပြီးမှ ရန်ရှူ ရုတ်တရက် အသိဝင်လာသည်

"ဟေး... မဟုတ်သေးဘူးလေ... သေစမ်း... ခုဏက..." 


ထိုအချိန်၌ စန့်ရှန်းသည်လည်း မကူပေးနိုင်တော့ချေ။


ကစားပွဲအချို့ ကစားပြီးနောက် ရန်ရှူ ဒေါသထွက်လာကာ ဆွေ့ဟို့ယွီအား ကြည့်လိုက်သည်။

"အစ်ကိုယွီ..." 


ထိုစကားကို ကြားသောအခါ ဟို့မော့ ရယ်မောကာ ရန်ရှူအား ပြောလိုက်သည်။

"ဒီလိုကိစ္စမှာ အစ်ကိုယွီကို အကူအညီတောင်းလည်း အသုံးမဝင်ဘူးနော်... အစ်ကိုယွီရဲ့ အဘိဓာန်မှာ ဒီလိုစကားလုံး မရှိဘူး…" 


ရန်ရှူက စန့်ရှန်းဘက်ကိုသာ လှမ်းကြည့်နိုင်ပြီး စန့်ရှန်းမှာ ရည်းစားဟောင်းတစ်ယောက်သာ ဖြစ်၍ အခြားသူများထံမှ အကူအညီတောင်း၍ မရနိုင်ဟု တွေးမိသဖြင့် ပို၍ပင် ဒေါသထွက်လာရလေတော့သည်။ 


စန့်ရှန်းက ရန်ရှူအား ကြည့်ကာ တိုက်ပွဲဝင်စိတ်အပြည့်ဖြင့် ချီဟွားဟွားလေးက ဒေါသကြီးသည့် ပါပီလေးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့နေရသဖြင့် မကြည့်ရက်တော့ပေ။

"ဆက်ကစားလေ... မင်းရှုံးရင် ကိုယ် ယွမ်နှစ်သောင်း ဆုပေးမယ်…"


"ကျွတ်..."

ရန်ရှူက ကတ်များကို လက်လှမ်းလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"ဒီနေ့ မင်းကို ဒေဝါလီ ခံရအောင် လုပ်ပစ်မယ်…" 


"ဟုတ်ပါပြီ... လုပ်ပါ…"

လေးယောက်သားက ညဆယ့်တစ်နာရီ ထိုးသည်အထိ ကစားခဲ့ကြပြီး စန့်ရှန်းက အဆုံးတွင် ရန်ရှူအား ယွမ်တစ်သိန်းရှစ်သောင်း ဆုပေးလိုက်ရလေသည်။ 


ရန်ရှူက ငွေများကို ယူပြီးနောက် အတော်လေး ပျော်ရွှင်သွားပြီး ဆွေ့ဟို့ယွီနှင့် အတူအိပ်မည့်အကြောင်း စပြောလာပြန်သည်။ 


ဟို့မော့က ထပ်ပြီး မကန့်ကွက်တော့သော်လည်း စားပွဲပေါ်မှ စန့်ရှန်း၏ဖုန်းကို တိတ်တိတ်လေး ယူလိုက်သည်။ သူက ရန်ရှူ၏မွေးနေ့ဖြင့် အစမ်းနှိပ်ကြည့်လိုက်ရာ ဖုန်းမျက်နှာပြင် ပွင့်သွားလေသည်။ 


ဆွေ့ဟို့ယွီက ရန်ရှူ၏ မွေးနေ့ကို နှစ်တိုင်း ဆုတောင်းပေးနေကျဖြစ်၍ သူ မမှတ်မိရန် ခက်လှသည်။ 


ဖုန်းမျက်နှာပြင်ကို တစ်ခဏမျှ တတောက်တောက် ခေါက်လိုက်ပြီးနောက် စန့်ရှန်းထံ ပြန်ပေးလိုက်သည်။

"စန့်ရှန်း...  မင်းရဲ့ Wechatမှာ အောက်ပုဂ္ဂိုလ်လေးတွေ နည်းနည်းလောက် ထည့်ထားပေးတယ်နော်…" 


တစ်အိမ်လုံး ချက်ချင်း တိတ်ဆိတ်သွားလေသည်။ 


စောင်ပိုက်ထားရင်း မာစတာအိပ်ခန်းသို့ သွားမည်တကဲကဲ ဖြစ်နေသည့် ရန်ရှူသည်လည်း ငြိမ်ကျသွားသည်။


ရေချိုးခန်းထဲမှ ထွက်လာသည့် စန့်ရှန်းက ပဟေဠိ ဖြစ်သွားပုံရလေသည်။ သူက တစ်ရှုးတစ်ရွက်ကို ဆွဲကာ ရေစိုနေသည့် လက်ကို သုတ်လိုက်ပြီးနောက် ဖုန်းကို ကောက်ကိုင်၍ ကြည့်လိုက်သည်။ ထို့နောက် မေးလိုက်၏။

"ဘယ်မှာ အပ်ထားတာလဲ…" 


"Wechatအကောင့်မှာ...တခြားသူတွေ ရှာမတွေ့အောင် သူတို့ထဲက အချို့ရဲ့ ဖရန့်ဖြစ်တဲ့ အချက်အလက်တွေလည်း ဖျက်ပေးထားတယ်…" 


"ငါ့ရဲ့ အလုပ် Wechatအကောင့်လား... အဲ့ထဲမှာ လူနှစ်ထောင်ကျော်တောင် ရှိတယ်…" 


စန့်ရှန်းက ပြောလိုက်ပြီးနောက် Wechatသူငယ်ချင်းများ စာရင်းကို အကြည့်တစ်ချက်နှင့် လှန်လှောကြည့်လိုက်သည်။ 


Wechatဖရန့်တစ်ယောက် ဝင်လာသောအခါ သူနှင့် အလိုအလျောက် ဆက်သွယ်နိုင်မည် ဖြစ်ပြီး မက်ဆေချ့်က စာဝင်ပုံး၏ ထိပ်ဆုံးတွင် တန်းရောက်လာနိုင်သည့် အကြောင်းအရင်းကြောင့် ဖြစ်သည်။ 


သို့သော်လည်း ဟို့မော့က သေချာ လုပ်ထားခဲ့သည်။ စန့်ရှန်း၏ မက်ဆေခ်ျ့အားလုံးကို ဖျက်ထားသဖြင့် အသစ်အပ်ထားသောသူလေးများမှာ စန့်ရှန်း၏ဖရန့်စာရင်းတွင် တိတ်တဆိတ် ပုန်းကွယ်နေကြလေသည်။ 


ရန်ရှူက ချက်ချင်းဆိုသလို ဟို့မော့ကို လက်ညှိုးထိုးကာ ဆွေ့ဟို့ယွီအား တိုင်ပြောလိုက်သည်။

"အစ်ကိုယွီ... သူ့ရဲ့ Wechatထဲမှာ ဘော်တွန်တွေ အများကြီးပဲ ရှိနေတယ်…" 


”ရှန်းက အခုစင်ဂယ် ဖြစ်နေပြီလေ... သူတို့နဲ့ ဆက်သွယ်ချင်ရင်တောင် ကိစ္စမရှိဘူးမလား…"

ဟို့မော့က သာမန်ကာလျှံကာ ပြောနေသည့်အလား ပြောလိုက်သည်။

"အဆုံးကျတော့ ဒီလောကကြီးက နေရာတိုင်းမှာ ပြန့်ကျဲနေတာလေ... စန့်ရှန်းရဲ့ တစ်ဦးတည်းအခြေခံတိုက်ကွက်က အခုထိ ရေပန်းစားနေတုန်းပဲနော်…" 


ဟို့မော့ စကားပြောပြီးသွားသည်နှင့် အိပ်ခန်းထဲသို့ ဝင်သွားလေသည်။ သူက ဝင်သွားရင်းဖြင့် ဆွေ့ဟို့ယွီ၏ လက်ကိုပါ ဆွဲခေါ်သွားလေသည်။ 


ဆွေ့ဟို့ယွီ တစ်ခဏမျှ တွေးလိုက်ပြီးနောက် ရန်ရှူအား မေးလိုက်သည်။

"ငါနဲ့ အိပ်ဦးမှာလား…" 


"အစ်ကိုယွီ အရင်အိပ်နှင့်ပါ…"

ရန်ရှူက နေရာမှာပင် တောင့်ခဲနေပြီး တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။ 


နှစ်ယောက်သားက သူတို့၏ သက်ဆိုင်ရာ အိပ်ခန်းဆီသို့ ဝင်လာသောအခါ စန့်ရှန်းက သူ့ဖုန်းကို ရန်ရှူထံ ချက်ချင်း ထိုးပေးလိုက်သည်။

"သူ့ကို အပ်ပေးဖို့ ကိုယ်ပြောထားတာ မဟုတ်ဘူး... မနက်ဖြန်ကျရင် ဘယ်နံပါတ်တွေက သူ့သူငယ်ချင်းတွေလဲ မေးပြီး ဖျက်လိုက်မယ်…" 


ရန်ရှူက စန့်ရှန်း၏ ဖုန်းကိုယူကာ စန့်ရှန်း၏ သူငယ်ချင်းစာရင်းကို ကြည့်လိုက်ပြီးနောက် စန့်ရှန်းအား ပြန်ကြည့်လိုက်သည်။ 


ဧည့်သည်ခန်းထဲတွင် ပဋိပက္ခများ စစတင်ခဲ့ပြီဖြစ်သည်။ စန့်ရှန်းက ညဝတ်အင်္ကျီများ လဲလှယ်ထားပြီးသား ဖြစ်သည်။ သူ ဆေးကြောပြီးနောက် အပြင်ထွက်လာသောအခါ ရန်ရှူတစ်ယောက် အိပ်ရာဘေးတွင် ထိုင်၍ သူ၏ Wechatဖရန့်စာရင်းအား အလေးအနက် ရှာကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ ထွက်လာသည်ကို မြင်သောအခါ ရန်ရှူ ချက်ချင်း ရောက်လာပြီး အယ်လ်ဘမ်ထဲမှ screenshotများကို စန့်ရှန်းထံ ပြလိုက်သည်။ "သူက မင်းရဲ့ ဝန်ထမ်းတွေထဲက တစ်ယောက်လား…" 


ထိုအခိုက်တွင် ရန်ရှူ၏ IQမှာ နေရာအမြင့်ဆုံး ယူထားပြီးသား ဖြစ်ကာ ဦးဆုံး screenshot ရိုက်ပြီးမှ နောက်တစ်ခုသို့ သွားရမည်မှန်း သိနေသည်။ 


စန့်ရှန်းက တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

"သူက ပူးပေါင်းထားတဲ့ ကုမ္ပဏီတစ်ခုက လက်ထောက်လေ…" 


"သူကရော…"

ရန်ရှူ နောက်တစ်ပုံ ထပ်ပြလိုက်သည်။ 


စန့်ရှန်းက အသေအချာ ကြည့်လိုက်သော်လည်း မမှတ်မိသဖြင့် ပြောလိုက်သည်။

"မနက်ဖြန်ကျမှ ရှန်းကျွင့်ကျင်းကို မေးပေးမယ်... အရင်ဆုံး နားလိုက်ပါဦး…" 


“ငါ နားတော့မှာ... ဒါပေမယ့် ဒီည ငါဂရုမစိုက်မိတဲ့အချိန်မှ သူတို့ကို မင်းရဲ့ သီးသန့်Wechatအကောင့်ထဲ ပြောင်းမလို့မလား…"

ရန်ရှူက ဒေါသထွက်ရလွန်းသဖြင့် ကမူရှူးထိုး ပြေးလာကာ စန့်ရှန်း၏ ကုတ်အင်္ကျီကော်လံကို သွားဆွဲလိုက်သည်။ 


"မဟုတ်ပါဘူး... မင်း စိတ်ပူရင် အခုချက်ချင်းပဲ ဟို့မော့ကို ဘယ်နံပါတ်တွေ အပ်ထားလဲ သွားမေးပေးမယ်လေ…" 


“မမေးနဲ့တော့... ငါတို့က လမ်းခွဲပြီးပြီ ဘာလို့ မင်းကို စစ်ဆေးနေရဦးမှာလဲ... မင်းက ဆဲဖို့တောင် မတန်တဲ့ မျောက်ခွေးကောင်ပဲ…"

ရန်ရှုက အမုန်းတရားများဖြင့် အံတင်းတင်းကြိတ်လိုက်သည်။

"ဝံပုလွေက များပြီး အသားက နည်းနေတယ်... မင်းက ဟိတ်ကြီးဟန်ကြီး လုပ်နေတာ မဟုတ်ဘူးလား…" 


"မဟုတ်တာ…" 


"စန့်ရှန်း... ငါကလည်း လူတွေအများကြီးဆီကနေ လိုက်ခံနေရတာပါ... ငါ့ကို အရိပ်အယောင်လာပြနေတဲ့ လူတွေမှ အများကြီးပဲ…" 


"..." 


ညနက်သန်းခေါင်အချိန်တွင် ရန်ရှူနှင့် စန့်ရှန်းတို့က အိပ်ယာပေါ်တွင် ဘေးချင်းကပ်ရက် ထိုင်နေခဲ့ကြသည်။ 


ရန်ရှူက စန့်ရှန်း၏ သူငယ်ချင်းစာရင်းကို ရှာကြည့်နေပြီး စန့်ရှန်းကလည်း ရန်ရှူ၏ ဖုန်းကိုယူကာ ရန်ရှူ၏ သူငယ်ချင်းစာရင်းကို လှန်လှောကြည့်နေခဲ့သည်။ 


သူတို့က အချိန်နှင့်အမျှ "ဒါဘယ်သူလဲ"ဟု အချင်းချင်း မေးကြပေလိမ့်မည်။ 


******


မနက်ပိုင်း ရောက်လာသောအခါ ရန်ရှူက ဖုန်းကိုင်ထားလျက် အိပ်ပျော်သွားသည်။


စန့်ရှန်းသည်လည်း အလွန်ပင်ပန်းနေသဖြင့် ရန်ရှူ၏ ဖုန်းကိုချကာ ရန်ရှူအိပ်နေသည့် အနေအထားကို ပြန်ပြင်ပေးလိုက်သည်။ သူ့ကိုယ်ပေါ်ကို စောင်ဖြင့် လွှမ်းလိုက်ပြီးနောက် နှစ်ယောက်သား ပွေ့ဖက်လျက် အိပ်ပျော်သွားကြလေသည်။ 


မနက်စောစောအချိန်တွင် ဆွေ့ဟို့ယွီက ရန်ရှူနှင့် စန့်ရှန်းတို့ မနက်စာ လာစားမည့်အချိန်ကို မစောင့်နိုင်တော့သဖြင့် ဟို့မော့ကို မေးလိုက်သည်။

"မင်း စန့်ရှန်းရဲ့ Wechatကို ဘော်တွန်လေးတွေ ဘယ်လောက်တောင် ထည့်ပေးလိုက်တာလဲ…" 


ဟို့မော့က ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြုံးလိုက်သည်။ 

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ကိုယ့်မှာ ဒီလောက်များတဲ့ လူတွေရဲ့Wechat အကောင့်တွေ ရှိပါ့မလား…" 


ဆွေ့ဟို့ယွီ ပဟေဠိ ဖြစ်သွားသည်။

"ဒါပေမယ့် မင်း စန့်ရှန်းဖုန်းကို အကြာကြီး မွှေနေခဲ့တာလေ…" 


"စန့်ရှန်းရဲ့ သူငယ်ချင်းစာရင်းထဲက လူတချို့ကို ဖျက်လိုက်တာ…" 


"ဒါပေမယ့် စန့်ရှန်းအလုပ်အတွက် အရေးကြီးတဲ့သူတွေ ဖြစ်နေရင်ရော…" 


"အိုး... မဖြစ်ပါဘူး... ဘယ်အကောင့်တွေ ဖျက်ရမလဲဆိုတာ ရှန်းကျွင့်ကျင်းကို မေးလိုက်တာ... တကယ်တော့လည်း ဒီWechatအကောင့်တွေ တော်တော်များများကို ရှန်းကျွင့်ကျင်းကပဲ စီမံပေးရတာလေ…"



📽️