Chapter 27
Viewers 3k

📽️Chapter 27



လှေပေါ် ထိုင်ပြီးနောက် သူ တွေးလိုက်မိသည်။

ငါ ခုဏက စန့်ရှန်းနာမည်ကို ခေါ်မိသွားတာလား... 


ငါ့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုနဲ့ အချစ်ရေးကို ဖော်ပြမိသွားပြီလား... 


မဟုတ်သေးပါဘူး... ငါက အခု စင်ဂယ်ပဲလေ... ငါနဲ့ စန့်ရှန်းတို့က အခုထိ ပြန်မတွဲကြသေးတဲ့ဟာ... 


သူက ထိုအော်သံကို ဖျက်ပစ်ရန် ရိုက်ကူးရေးအဖွဲ့သားများနှင့် မည်သို့ ဆက်သွယ်ရမည်ဟု တွေးနေစဥ်မှာပင် အသင်းဖော်များက လှေလှော်ရင်း မေးလာသည်။

“ခုဏက မင်းအော်လိုက်တာကို ရိုက်ကူးရေးအဖွဲ့က ဖျက်ပစ်ဖို့ လိုမယ်ထင်တယ်... ကြည်ရတာ မင်း ဆဲလိုက်တဲ့ပုံပဲ... ဒါနဲ့ မင်းက ဘာတွေအော်သွားတာတုန်း... ဘယ်သူမှ သေသေချာချာ မကြားလိုက်ကြဘူး…" 


"အိုး... ဆဲသံ တသီတတန်းကြီးပါ့... ဒါပေမယ့် နည်းနည်း ညစ်ညမ်းတယ်... ပိတ်ထားသင့်တဲ့ မကောင်းတဲ့ စကားလုံးတွေပါပဲ…" 


"ဂရိုဂရမ်ရဲ့ နာမည်ကြီးအသံပိတ်သူဆိုတဲ့ အတိုင်းပဲ…" 


အခြားသူများက သေသေချာချာ မကြားလိုက်ကြသည်တိုင် ရန်ရှူ စိုးရိမ်နေဆဲ ဖြစ်သည်။ ပရိုဂရမ်ရိုက်ကူးရေး ပြီးသွားလျှင် အဖွဲ့ကို ဆက်သွယ်ကာ ထိုစကားများကို ဖျက်ပစ်ရန် နည်းလမ်းရှာရမည်။ 


ထိုသို့မဟုတ်ဘဲ စန့်ရှန်း၏အမည်ကို နည်းပညာဘုရင်ကြီးများက ခွဲခြမ်းစိတ်ဖြာကြလျှင် ဒုက္ခရောက်ရပေတော့မည်။ 


ရိုက်ကူးရေးပထမပိုင်းပြီးသည့်အခါ ရန်ရှူက စောင်ခြုံထားရင်း အနားယူသည့်နေရာတွင် ပင်ပန်းနွမ်းနယ်စွာ ထိုင်နေခဲ့သညသည်။ 


လျို့ရွှမ်းက ပုံမှန် အဝတ်အစားများ လဲလှယ်ထားပြီးသား ဖြစ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ 


ရန်ရှူကို မြင်သောအခါ မေးလာ၏။

"အစ်ကိုရန်... အစ်ကို ခြေချော်သွားပြီးတော့ မင်းသမီးလေးလို အဖမ်းခံလိုက်ရတယ်လို့ ကြားတယ်... အစ်ကိုကတော့ ထင်ထားတဲ့ အတိုင်းပဲ…" 


"..." ရန်ရှူ စကားပြောချင်စိတ် မရှိတော့ပေ။ 


သူတို့က နောက်ဆုံးနေရာသို့ လှော်ခတ်ပြီးနောက် ကျောက်တောင်တက်ရသည့် တာဝန်လည်း ရှိနေသေးသည်။ 


ရန်ရှူမှာ သူ့ခန္ဓာကိုယ်က ပို၍ ပြောင်းလွယ်ပြင်လွယ် ရှိသည်ဟု တွေးမိသဖြင့် သူကပင် လက်ဦးမှုယူကာ ကိရိယာများ တပ်ဆင်လိုက်ပြီး သဲလွန်စရှာရန် ကျောက်တောင်ပေါ် တက်လိုက်သည်။ 


စိတ်မကောင်းစရာ ဖြစ်သွားသည်က လမ်းတစ်ဝက်တွင် ခြေချော်ပြီး ခပ်လှမ်းလှမ်းသို့ ပြုတ်ကျလာခဲ့သည်သာပင်။  


အောစ့်စီတစ်ယောက် သူ့ကို လာဖမ်းသည်ကိုလည်း သတိပြုမိသည်။ သူသာ အဖမ်းခံလိုက်ရပါက သေချာပေါက်ပင် မင်းသမီးလေးကို ချီထားသည့် အနေအထား ဖြစ်သွားပေတော့မည်။ 


သို့သော်ငြား ရန်ရှူက ပို၍ပင် တတ်နိုင်သေးသည်။ သူက လေ့ကျင့်ထားခဲ့၏။ 


သူက ချက်ချင်းပင် ကျွမ်းထိုး၍ အောစ့်စီ၏ အကူအညီကို ရှောင်ကာ ကြိုးကို ဖမ်းဆွဲလိုက်၏။ ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်က သူ့ကို လာကူညီပေးခဲ့ပြီး ရစ်ပတ်ထားသော ကြိုးကိုပြန်ဖြည်ရန် အချိန်အတော်လေး ကြာသွားခဲ့သည်။ 


ရန်ရှူက ကသိကအောက် ဖြစ်မိနေသည်။ အမှန်တွင် သူ့ကိုယ်ပေါ်၌ အကာအကွယ် ဂီယာများ တပ်ဆင်ထားခြင်း ဖြစ်ရာ အောက်ကျသွားခဲ့လျှင်ပင် ပြဿနာ မရှိပေ။ အောစ့်စီက အတော်လေး စိတ်ဆိုးသွားလေသည်။ 


ထိုကမ်းလှမ်းချက်က ရန်ရှူအား အောစ့်စ်မှ တစ်ခုခုကို တမင်တကာ ရောင်းချရန် သူ့အား အသုံးပြုနေခြင်း မဟုတ်လျှင် သူ့အပေါ် အာရုံစိုက်လာစေလိုခြင်း ဖြစ်မည်ဟု ခန့်မှန်းရသည်။ 


သို့သော်ငြား အခြားလူများအပေါ် မကောင်းစိတ်ဖြင့် ခန့်မှန်းခြင်း ဖြစ်နေသည်ကြောင့် မကြာမီ ထိုအတွေးများကို ပြန်ခေါက်ထားလိုက်သည်။ ရည်ရွယ်ချက်ကောင်းများလည်း ဖြစ်နိုင်သေးပေသည်။ 


လျို့ရွှမ်းက စကားထပ်မပြောတော့ဘဲ သတိပေးလိုက်သည်။

"ဒီည ဒင်နာ ရှိသေးတယ်လေ... အဝတ်စောစော လဲထားလိုက်တာ ကောင်းမယ်…" 


"အင်း…"

ရန်ရှူ ထရပ်ကာ ရှောင်ချီကို ခေါ်၍ အဝတ်လဲရန် သွားလိုက်သည်။ 


လျို့ရွှမ်းက သူထွက်သွားသည်ကို ကြည့်ကာ လက်ထောက်ကို မေးလိုက်သည်။

"ရန်ရှူဘေးနားမှာ ဘာလို့ ဒီလိုခပ်လန်းလန်း ကောင်လေးတစ်ယောက်ပဲ ရှိနေရတာလဲ…" 


"ရန်ရှူက ကပ်ဖို့ မလွယ်ဘူးလို့ ကြားထားတယ်... အဲ့ဒီကောင်လေးက ခံနိုင်ရည် ရှိသားပဲ…" 


"ဘာလို့ ကပ်ဖို့ မလွယ်တာလဲ…"

သူက ရန်ရှူကို မသိသည့်အလား မေးလိုက်သည်။ 


“သူက စိတ်တိုလွယ်တယ်လို့ ကြားဖူးတယ်…" 


"စက္ကူကျားလောက်ပါပဲကွာ... ပါးစပ်ဆိုးရုံတင်ပါ... သူ့ပါးစပ်ကို အုပ်ထားရင် ဖြစ်တာပဲ…" 


သူ့လက်ထောက်လေးက ထိုစကားကို ပြန်မဖြေရဲပေ။ 


လျို့ရွှမ်းက အောစ့်စီထံ မေးဆတ်ပြလိုက်သည်။

"အဲ့ဒီ ကပြားမော်ဒယ်ရဲ့ ဇစ်မြစ်က ဘာလဲ…" 


"သူက နာမည်မကြီးပါဘူး... အသစ်လေးပဲ ရှိသေးတယ်…" 


"အိုး…" 


ရန်ရှူက ထမင်းစားစားပွဲတွင် ဝင်ထိုင်ရင်း စန့်ရှန်းထံ စာပို့နေသည်။ 

[ရိုက်ကူးရေးအဖွဲ့ကို ဆက်သွယ်လိုက်... မင်း လိုင်းပေါ်မှာ ရှိလား... အဲ့ဒီအပိုင်းကို ဖျက်လို့ရမလား…] 


X: [အင်း... ကိုယ်အခုပဲ ကြည့်နေတာ…] 


RS: [ဘာကြည့်နေတာလဲ...] 


X: [မင်းများ ကိုယ့်နာမည် ခေါ်မလားလို့ ကြည့်နေတာလေ…] 


ရန်ရှူ ဖုန်းကို စားပွဲပေါ်သို့ ပစ်တင်ကာ အသံတိတ်ဆဲရေးလိုက်သည်။ 


ဒီကောင်ရဲ့ နာမည်ကို ဘာလို့ ခေါ်မိပါလိမ့်... 


အစ်ကိုယွီလို့ ခေါ်လို့လည်း ရတာပဲကို...


ထိုအခိုက် အောစ့်စီက မျက်မှန်ကို ပင့်ကာ ရန်ရှူအား ခွက်ချင်း တိုက်လာသည်။

"မစ္စတာရန်... ဒီတစ်ခေါက် ဆုရအောင် မကူညီနိုင်ခဲ့လို့ စိတ်မကောင်းပါဘူး... ခွက်ချင်း တိုက်ပါရစေ…" 


ရန်ရှူက အော့စ်စီကို မော့ကြည့်ရင်း တုံ့ဆိုင်းနေမိသည်။ သို့သော်ငြား တစ်ခဏအကြာတွင် သူ့ဝိုင်ခွက်ကို သောက်လိုက်၏။ 


အောစ့်စီက ရန်ရှူဘေးတွင် ထိုင်နေလေရာ ရန်ရှူအတွက် ဝိုင်ထည့်ပေးလိုက်ပြီး သူ့ရှေ့တွင် ချကာ မေးလိုက်သည်။ 

"တစ်ချိန်လုံး သောက်မလို့လား…" 


"ငါက အရက်သောက်ရတာ သိပ်မကြိုက်ဘူး…"

ရန်ရှူ ခပ်အေးအေး ပြန်ဖြေလိုက်သည်။ 


"အိုး... ဆောရီးပါ…"

အောစ့်စီက အားလျော့သွားသော်ငြား မေးလိုက်သေးသည်။

"မစ္စတာရန် Wechat အပ်လို့ရမလား…" 


"သူ့ကို အပ်အပ် မအပ်အပ် ဘာမှ မထူးဘူးနော်…"

လျို့ရွှမ်းက သူတို့၏ စကားဝိုင်းကို နားထောင်နေခဲ့ပုံရပြီး ချက်ချင်း ဝင်နှောင့်လိုက်သည်။

"အဆုံးကျ... မင်းသူ့ဆီ စာတစ်စောင်ပို့လိုက်ရင်တောင် သူက အလုပ်ရှုပ်ခံပြီး ပြန်ပို့မှာ မဟုတ်ဘူး…" 


လျို့ရွှမ်း စကားဝင်ပြောသည်ကို မြင်သောအခါ အောစ့်စီက ခြောက်ကပ်ကပ် ရယ်လိုက်ပြီး စကားဆက်မပြောတော့ပေ။ သို့သော်ငြား ရန်ရှူကို မည်သို့ အရက်ထပ်တိုက်ရမည်ကို တွေးနေသည့်အလား ဝိုင်ခွက်ကို လက်ထဲတွင် ကိုင်ထားဆဲ ဖြစ်သည်။ ထို့အပြင် ရန်ရှူက မသောက်တတ်လျှင်လည်း ရန်ရှူနှင့် ပို၍ ရင်းနှီးကျွမ်းဝင်ခွင့်ရရန် မည်သို့ ဆောင်ရွက်ရမည်ကို တွေးနေခြင်း ဖြစ်မည်။ ထိုမှသာ အစီအစဥ် ကြိုချထားနိုင်မည် ဖြစ်၏။ ဓါတ်ပုံဆရာက သူတို့နှစ်ယောက်၏ပုံကို ရိုက်ယူလိုက်သည်။ 


ထိုအခိုက်တွင် ရန်ရှူက ထရပ်လာကာ အပြင်သို့ လျှောက်လာပြီးနောက် တစ်ချိန်တည်းမှာပင် ပြောလိုက်သည်။ 

"ကျွန်တော့်ရဲ့ ဘောစ့် ရောက်နေတယ်... သူ ဒါရိုက်တာကို သွားတွေ့နေလို့ သွားပြီး အဖော်လုပ်ပေးလိုက်ဦးမယ်…" 


ရန်ရှူက ပြောပြီးသည်နှင့် ဖုန်းကို ကိုင်ကာ အလျင်အမြန် ထွက်သွားလေသည်။ 


စန့်ရှန်းက လတ်တလောတွင် သူနှင့် လာတွေ့တိုင်း ဝရုန်းသုန်းကား ဖြစ်နေတတ်သည်။ အဆုံးတွင် သူက ရန်ရှူ၏ ဘောစ့် ဖြစ်နေဆဲပင်။ 


ရန်ရှူ ထွက်သွားသည်ကို မြင်သောအခါ အောစ့်စီိက ဆောက်တည်ရာမရ ဖြစ်သွားသည်။ သူက မသိစိတ်အရ မေးလိုက်သည်။

"မစ္စတာရန် ပြန်လာဦးမှာလား…" 


လျို့ရွှမ်းက ဝိုင်တစ်ငုံသောက်ကာ အောစ့်စီကို အပြုံးလေးတစ်ခုဖြင့် ကြည့်လိုက်ပြီး ရန်ရှူအစား ပြန်ဖြေပေးလိုက်သည်။

"သူလား... ဘယ်သူ သိမှာလဲ... တကယ်တမ်းကျ သူက လူထူးဆန်းတစ်ယောက်ပဲလေ…" 


အောစ့်စီက ဝိုင်ခွက်ကို အချိန်အကြာကြီး ကြောင်ငေးနေပြီးမှ ဖုန်းထုတ်ကာ သူ့ကို ဆက်သွယ်ထားသူထံ စာပို့လိုက်သည်။ 


ထိုအခိုက်တွင် လျို့ရွှမ်းက သူ့အား မေးလိုက်သည်။

"မော်ဒယ်တစ်ယောက်က နာမည်ကျော်လာဖို့ ခက်ခဲလို့လား... ပြောချင်တာက မင်းအနေနဲ့ လူတွေ အာရုံစိုက်တာခံရဖို့ ကောလဟာလတွေထဲ ပါဝင်ဖို့ လိုသေးလို့လား…" 


"ဟမ်…"

အောစ့်စီ အံ့အားသင့်သွားသည်။ 


"လူမှန်ကို ရွေးဖို့လည်း လိုသေးတယ်... ရန်ရှူလိုလူကိုသာ မှားရွေးမိရင် မင်းအတွက် အဆုံးသတ်သွားမယ်... ရန်ရှူ မင်းကို ကြိမ်းမောင်းလိုက်ရင် ဖျော်ဖြေရေးလောကထဲ ထပ်နေလို့ ရတော့မှာ မဟုတ်ဘူး... သူကြိမ်းမောင်းခဲ့တဲ့ နောက်ဆုံးတစ်ယောက်ဆို အခုထိ နလန်ပြန်မထူနိုင်သေးဘူး…" 


“…” 

အောစ့်စီမှာ ပြန်ဖြေစရာ စကားပင် မရှိတော့ပေ။ 


ထိုအခိုက် ရန်ရှူက တံခါးကို တွန်းဖွင့်၍ သီးသန့်ခန်းထဲ ဝင်လာခဲ့သည်။ ပတ်ဝန်းကျင်အခြေအနေ ရှင်းမရှင်း မသိရသေးမီမှာပင် လူတစ်ယောက်က သူ့လက်မောင်းကို ဆွဲယူလိုက်ပြီးနောက် အနမ်းတစ်ပွင့်ပါ နောက်ဆက်တွဲပါလာလေသည်။ 


စကားလုံးများ မပါသေးဘဲ သေသေချာချာ မမြင်ရသေးသည့်တိုင် သူ့ကို ရစ်ပတ်ထားသည့် ထိုသူ၏ လက်မောင်းမှ ခွန်အားနှင့် ထိုသူ၏ ကိုယ်နံ့ကို ရင်းနှီးနေခဲ့သည်။ 


သူက ပူးပေါင်းဆောင်ရွက်ကာ ပြန်နမ်းပေးလိုက်ပြီးနောက် လက်များကို စန့်ရှန်း၏ လည်တိုင်ထက်တွင် တွဲချိတ်လိုက်သည်။ သူက ခြေဖျားပင် ထောက်လိုက်သေးပြီး စန့်ရှန်းထက်ပင် တက်ကြွနေခဲ့သည်။ 


စန့်ရှန်း သူ့ကို မလွှတ်ပေးမီအထိ အတော်လေး ကြာရှည်ခဲ့လေသည်။ 


သူက စန့်ရှန်း၏ ပုခုံးကို ဖက်ကာ မေးလိုက်သည်။ 

"ဒါရိုက်တာ ဘယ်မှာလဲ... သူ့ကို တွေ့ဖို့ လာတာမဟုတ်ဘူးလား…" 


"သူက ကိုယ့်ကို တွေ့တော့ အရမ်း စိတ်လှုပ်ရှားနေတာလေ... ပြီးတော့ ပစ္စည်းတွေယူဖို့ ကားဆီ သွားတယ်... အဲ့ဒါတွေက တီဗီရုပ်သံတွေမှာ ပြဖို့ရှိတဲ့ ရှိုးတွေပဲ... ကိုယ့်ကို ရင်းနှီးမြှုပ်နှံစေချင်တာ ထင်တယ်…" 


"ငါ့အတွက် နေရာတစ်ခု စီစဥ်ပေးနိုင်လား…" 


"မင်းစိတ်ဝင်စားသရွေ့ပေါ့…" 


နှစ်ယောက်သားက သီးသန့်ခန်းလေးထဲတွင် ထိုင်လိုက်ကြပြီး ရန်ရှူက မော်နီတာတစ်ခု ရှိမရှိ စစ်ဆေးကြည့်လိုက်သည်။ 


စန့်ရှန်းက သူစဥ်းစားနေသည့်အရာကို သိသဖြင့် ပြောလိုက်သည်။

"မရှိဘူး... ကိုယ်ကြည့်ပြီးသွားပြီ…" 


"အို့…"


ဒါရိုက်တာက တစ်ခဏအကြာမှ ရောက်လာမည် ဖြစ်ပြီး ရန်ရှူ အော်လိုက်သည့်အခန်းကို အသံပိတ်ထား၍ ရနိုင်မည်ဟု ဖော်ပြထားသည်။ ရန်ရှူက အဆဲစကားလုံးများ ဆက်တိုက်ပစ်လွှတ်သည့်သဘော ဖြစ်သွားမည်ပင်။ 


ထိုအဖြေကြားရမှ ရန်ရှူ စိတ်အေးသွားသည်။


သို့သော်ငြား ဖုန်းကောက်ယူလိုက်သောအခါ လျို့ရွှမ်းထံမှ စာဝင်လာသည်ကို တွေလိုက်ရလေသည်။ 

[အစ်ကိုရန်... အစ်ကို့ဘောစ့်နာမည်က စန့်ရှန်းလို့ ကြားမိတယ်…] 


လျို့ရွှမ်း: [ကျွန်တော်နဲ့ ဒရာမာတစ်ခု ရိုက်မလား…] 


ရန်ရှူ: “…”


ရန်ရှူက ထိုစာကို တွေ့လိုက်ရသောအခါ မတုန်လှုပ်သွားဘဲ စန့်ရှန်းမှ ဒါရိုက်တာနှင့် ဆွေးနွေးနေသည်ကို စောင့်ပြီးမှ ထွက်လာခဲ့ကြသည်။ 


ဆွေးနွေးမှုရလဒ်က ပြီးပြည်စုံလှသည်။ 


အသံအုပ်မည့်အကြောင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး သူတို့ကလည်း လုပ်ပေးမည့်အကြောင်း အာမခံသည်။ 


သို့သော်ငြား ဒါရိုက်တာနှင့် အဖွဲ့သားများ ပို၍ ပူးပေါင်းဆောင်ရွက်ပေးစေရန် စန့်ရှန်းက reality showများထဲမှ တစ်ခုတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး ရန်ရှူက ပထမဆုံးအပိုင်း၏ ဧည့်သည်ဖြစ်လာပေလိမ့်မည်။ 


reality show၏ ကြည့်ရှုသူများမှာ အတိတ်ကို တသသ ဖြစ်တတ်ကြသူများ ဖြစ်ပြီး အထူးသဖြင့် မူလသရုပ်ဆောင်များကို ကြိုက်ကြသူများပင်။ ယင်းက အချစ်ဦးအရှုပ်အထွေးနှင့်ပင် တူနေသေးသည်။ 


Reality show၏ ပထမပိုင်းမှာသာ ပေါ်လာနိုင်ပါက ရန်ရှူသည်လည်း လရောင်ဖြူများထဲမှ တစ်ယောက် ဖြစ်လာပေလိမ့်မည်။ 


ခြွင်းချက်အချို့ကလည်း ရှိနေသေးသည်။ ဤရှိုး၏ ပါဝင်သူများက နောက်ပိုင်းတွင် ခွာပြဲကြပါက ဖန်များကလည်း ရှိုးထုတ်လွှင့်မှုကို ရပ်တန့်ရန် ဆန္ဒပြုကြပေလိမ့်မည်။ 


ရန်ရှူက ထွက်မသွားမီ ဦးဆုံး ဒေါသတကြီးဖြင့် အပြင်ထွက်သွားသည်။ သူက သီးသန့်ခန်း၏ ဘေးခန်းသို့ သွားလိုက်သောအခါ အခြား အမြဲတမ်း ပါဝင်သူနှစ်ယောက်နှင့် အရက်သောက်နေဆဲ ဖြစ်သော လျို့ရွှမ်းအား တွေ့လိုက်ရသည်။ 


သူ ချက်ချင်းလျှောက်လာပြီး လျို့ရွှမ်း၏ ခေါင်းကို ပုတ်လိုက်သည်။ 


လျို့ရွှမ်းက အရိုက်ခံလိုက်ရသည်ကြောင့် ယိုင်သွားပြီး ရန်ရှူကို တအံ့တသြ မော့ကြည့်လိုက်သည်။ 


ရန်ရှူက ပျာယာခတ်မသွားဘဲ ယုံကြည်ချက်ရှိရှိ အော်လိုက်သည်။

"မင်းကို သင်ခန်းစာ ကောင်းကောင်း ပေးဖို့ ရောက်တာတာ... မင်းကို ငါ ဘယ်လောက်တန်ဖိုးထားသလဲ ပြမလို့လေ…" 


လျို့ရွှမ်းက ရန်ရှူ ဒေါသထိန်းထားနေရသည်ကို တွေ့လိုက်ရသည်။ သူ စိတ်ဆိုးရမည့်အစား ရယ်မောလိုက်ပြီး အသံကို မြှင့်ကာ အပြစ်ကင်းသည့်ပုံစံလေးဖြင့် ကြည့်၍ မေးလိုက်သည်။

"အစ်ကိုရန်ကလည်း... ဘာလို့ စိတ်ဆိုးနေရတာလဲလို့... ကျွန်တော်က အစ်ကိုနဲ့ ပူးပေါင်းချင်ရုံကို…" 


"ငါ့ကို အရူးလို့ ထင်နေတာလား... ငါက မင်းဘယ်လို ခြိမ်းခြောက်ချင်နေတယ်ဆိုတာကို မတွေ့နိုင်ဘူးပေါ့လေ.. မင်းကို ပြောလိုက်မယ်... မင်းရဲ့ လှည့်ကွက်လေးတွေလောက်က အသုံးမဝင်ဘူး... ငါဒီနေရာကို ငါ့ရဲ့ ကိုယ်ပိုင်ကြိုးစားမှုနဲ့ ရောက်လာတာလို့ တကယ်ပဲ တွေးတယ်လား…" 


ဤနေရာတွင် အခြားလူနှစ်ယောက်လည်း ရှိနေပြီး ရန်ရှူက သူတို့ကို တိုက်ရိုက်မပြောသော်လည်း ရိုင်းပြနေဆဲပင်။


ဤနှစ်ပေါင်းများစွာအတွင်း အရှုပ်တော်ပုံတစ်ခုမှ မရှိရခြင်းမှာ သူကိုယ်တိုင်ကောင်းစွာ ဖုံးကွယ်ထားနိုင်သည်ကြောင့် ဖြစ်နိုင်မည်လားဟု ပြောလိုနေခြင်း ဖြစ်သည်။ သဘာဝကျကျပင် စန့်ရှန်းက စန့်မိသားစုအရှိန်အဝါဖြင့် ဖုံးကွယ်ပေးထားခဲ့ခြင်းဖြစ်သည်။ 


လျို့ရွှမ်းသာ ထိုခြိမ်းခြောက်မှုကို အသုံးပြုခဲ့ပါက ရန်ရှူကိုသာမက စန့်ရှန်းကိုပါ စော်ကားမိသွားပေမည်။ 


စန့်ရှန်းထံတွင် အာမခံချက်ရှိသည်။ 


လျို့ရွှမ်းက သူပြောသည့်စကားကို လက်ခံကြောင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလိုက်သည်။

"အိုး... ဒေါသမထွက်ပါနဲ့... ကျွန်တော်ကလည်း အလောတကြီး ပြောမိသွားတာ... အစ်ကို့ကို ဇာတ်ညွှန်း ပေးပြီးတော့ သေသေချာချာ စဥ်းစားကြည့်ခဲ့သေးလား…" 


"ပေးစရာကို မလိုတာ... ငါကြည့်တောင် ကြည့်မှာ မဟုတ်ဘူး…"

ရန်ရှူ ပြောပြီးနောက် လှည့်ထွက်သွားသည်။ 


အခြားဧည့်သည်နှစ်ယောက်မှာ အကြောင်းအရင်းကို မသိသဖြင့် လျို့ရွှမ်းအား အသံတိုးတိုးဖြင့် မေးလိုက်ကြသည်။ 

"ဘယ်လို အခြေအနေကြီးလဲ…" 


လျို့ရွှမ်းက အသံတိုးတိုးဖြင့် ပြောပြလိုက်သည်။

"ကျွန်တော် အစ်ကိုရန်ကို ထန်ကျိုက်ဒရာမာတစ်ခုမှာ တွဲဖက်အနေနဲ့ ပါဖို့ မေးထားတာလေ... နည်းနည်းတော့ ချစ်ခန်းကြိုက်ခန်းလေးတွေပါတယ်... ရလဒ်ကတော့ အစ်ကိုရန် စိတ်ဆိုးသွားတာပဲ…" 


[T/N - ထန်ကျိုက်ဆိုတာက သန်းမေ့ဝတ္ထုတွေကို live actionပြန်ရိုက်တဲ့ dramaတွေကို ပြောတာပါ]


"ဒီလိုအလုပ်မျိုးကို မိတ်ဆက်ပေးဖို့ဆိုတာ မင်းလို စစ်သားလေးတစ်ယောက်အတွက် အမြင်မရှိတာပဲနော်... မင်းက မကြည့်တတ်သေးဘူး…" 


"ဟုတ်ပါပြီ... ဟုတ်ပါပြီ…" 


လျို့ရွှမ်းက ဖန်ခွက်ကိုမြှောက်ကာ သောက်နေရင်း ရန်ရှူတစ်ယောက် သီးသန့်ခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ 


သီးသန့်ခန်းအပြင်ဘက်တွင် အရပ်ရှည်ပြီး အတော်လေး ချောမောလှသော လူတစ်ယောက်က စောင့်ဆိုင်းနေခဲ့သည်။ 


သုံးဖက်မြင် အရိပ်တစ်ဝက်က အမှောင်ထုထဲတွင် ထိုးထွင်လာနေပြီး လှစ်ဟနေသော မျက်နှာတစ်ဝက်ကို ပို၍ နက်ရှိုင်းသွားစေခဲ့သည်။ 


ထိုလူက မျက်လုံးပင့်လိုက်သောအခါ အရက်သောက်နေသော လျို့ရွှမ်းနှင့် ဆုံတွေ့သွားသည်။ ထိုသူ၏ မျက်လုံးများက အမှောင်ထဲက ဝံပုလွေတစ်ကောင်သဖွယ် ဖြစ်နေပြီး အေးစက်စူးရှကာ သတိပေးချက်များ ပါဝင်နေသည်။ 


လျို့ရွှမ်း ယင်းကို မြင်နိူင်ပေသည်။ 


ထိုမျက်လုံးများက စူးရှနေပြီး ထိုသူ့လက်ထဲတွင် အသက်အချို့ကို ဆုပ်ကိုင်ထားသည်ဟု ပြောရလျှင် လူအများ ယုံကြည်ကြပေမည်။



📽️