Chapter 28
Viewers 3k

📽️Chapter 28

အခြေအနေ: ဟိုတယ်ကို ပြန်မယ် 



ထိုသူက စန့်ရှန်း ဖြစ်ပြီး စန့်မိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူပင်။ လျို့ရွှမ်းက ထိုသူအား သာမန်ရုပ်ရည်သာ ရှိသော စပွန်ဆာတစ်ယောက်ဟု တွေးထားသော်လည်း ထိုမျှလောက်အထိ ချောမောနေမည်ဟု မထင်ထားခဲ့ပေ။ 


လျို့ရွှမ်းက ရန်ရှူအား သူနှင့်အတူ အမှန်ပင် သရုပ်ဆောင်စေချင်ခဲ့ပြီး ထိုမက်ဆေချ့်က သွေးတိုးစမ်းခြင်းသာ ဖြစ်သည်။ 


ရန်ရှူ၏တုံ့ပြန်မှုက သူ့အတွေးများ မှန်သွားသည်ဟု သက်သေပြနေပြီး ရန်ရှူမှာ စန့်ရှန်းနှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခု ရှိနေခဲ့သည်။ 


ရန်ရှူ၏ ဒဏ္ဍာရီလာရည်းစားဟောင်းကြီးက စန့်ရှန်း ဖြစ်နေနိုင်သည်။ စန့်ရှန်းဟု ပြောလျှင် သူ အံ့သြမိမည် မဟုတ်ပေ။ ထူးကဲသူများက ထူးကဲသူများနှင့် တွဲမိသွားသည်က သာမန်သာ ဖြစ်သည်။ 


ဒါကို ဘယ်လိုလုပ်ရမလဲဆိုတော့... 


တစ်ခါလမ်းခွဲပြီးရင် နောက်တစ်ခါ ထပ်ပြီး လမ်းခွဲနိုင်တာပဲလေ... 


ရန်ရှူနှင့် စန့်ရှန်းတို့ ကားထဲသို့ ရောက်သောအခါ စန့်ရှန်းက သာမန်ကာလျှံကာ မေးလိုက်သည်။

"ဘာလို့ ဒေါသထွက်နေတာလဲ…" 


ရန်ရှူက သူ့ဖုန်းကို ထိုးပြလိုက်သည်။

"အဲ့ဒီကောင်စုတ်လေးက ငါ့ကို သူနဲ့အတူ ဇာတ်ညွှန်း လေ့ကျင့်ဖို့ ပြောတယ်လေ... ငါက ချစ်ခန်းကြိုက်ခန်းတွေအားလုံး ငြင်းထားတာကို... သူက မင်းနာမည်ကိုတောင် သုံးပြီး ခြိမ်းခြောက်လာတာ…" 


စန့်ရှန်းက တစ်ကြိမ်သာ ကြည့်လိုက်ပြီးနောက် ဖုန်းပြန်ပေးလိုက်သည်။ သူက ယင်းကို ဂရုထားပုံမပေါ်ဘဲ ပြောလိုက်သည်။

"ကိုယ်တို့ လင်းရှီကို သွားကြမှာ... ခဏလောက်ကြာမယ်... မင်းလည်း တစ်ရေးလောက် အိပ်လို့ရတာပေါ့…" 


ရန်ရှူက စန့်ရှန်း၏ ဆိုလိုရင်းကို သဘောပေါက်သည်။ သူ ယခင်ကလည်း မကြာခဏ ကြုံဖူးပြီးသားပင်။ 


ပထမဆုံး ဟိုတယ်ကို စောင့်နေမည့် ပါပါရာဇီများကို ရှောင်ရန်နှင့် နောက်တွင် ကားနောက်လိုက်လာမည့် ပါပါရာဇီများကို ရှောင်ရန် ဖြစ်သည်။ 


နောက်မှသာ ဟိုတယ်သို့ သွားနိုင်မည်ဖြစ်သည်။ 


စန့်ရှန်းက ထိုကိစ္စများတွင် အတော်လေး ကျွမ်းကျင်သည်။ 


ပုံမှန်အားဖြင့် ထိုလုပ်ငန်းစဥ်က အချိန်အတော်ယူရသဖြင့် ရန်ရှူက ထိုအခွင့်အရေးတွင် တစ်ရေးအိပ်နိုင်သည်။ 


ရန်ရှူက အမှန်ပင် ပင်ပန်းနေသည်။ ရေကူးပြီးနောက် တောင်လည်း တက်ခဲ့ရသေးသည်။ ကျွန်းက ကြီးလွန်းလှသဖြင့် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများလည်း လုပ်ခဲ့ရသေးသည်။ သူက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သည်တိုင် တောင့်မခံနိုင်တော့ပေ။ 


သူ့လက်ကို မြှောက်ကာ စန့်ရှန်း၏ပုခုံးတွင် ဖုန်များ ရှိနေသည့်အလား ခါလိုက်သေးသည်။ ထို့နောက် ထိုပုခုံးပေါ်တွင် မှီကာ မျက်လုံးများ မှိတ်ကျသွားလေသည်။ 


စန့်ရှန်းက ထိုအပြုအမူကို တွေ့သည့်အခါ စိတ်မဆိုးသွားဘဲ အိပ်ခိုင်းထားပြီး သူကမူ လက်ထဲတွင် tablet ကို ကိုင်ကာ အလုပ်ဆက်လုပ်နေခဲ့သည်။ 


ရန်ရှူ မျက်လုံးပြန်ဖွင့်လိုက်ချိန်၌ သူက စန့်ရှန်း၏ ပေါင်ပေါ်တွင် လှဲလျောင်းနေပြီးသား ဖြစ်နေသည်။ 


စန့်ရှန်းက လက်ထဲတွင် tabletကိုင်လျက် အစီရင်ခံစာများ ကြည့်နေခဲ့သည်။ 


သူမျက်လုံးများကို မှေးကျဥ်း၍ ကားပြတင်းကို ကြည့်လိုက်ရာ ကားရပ်ထားပြီး ကားမှန်က အဟလေးတစ်ခု ချထားကြောင်း တွေ့လိုက်ရသည်။ သူ့ကို ဘဘာဝကျကျ နိုးလာရန် စောင့်နေပုံရလေသည်။ ရန်ရှူ အလွန် ဒေါသထွက်သွားသည်။


ရန်ရှူ အသိပြန်ဝင်လာသောအခါ ငေါက်ကနဲ ထထိုင်၍ စန့်ရှန်းအား ပြောလိုက်သည်။

"ဟိုတယ်ကို သွားမယ်…" 


"ကောင်းပြီလေ…"


ရန်ရှူက maskတစ်ခုနှင့် ခေါင်းကို လုံအောင် ဖုံးထားသော ဦးထုပ်တစ်လုံး ဆောင်းထားသော်ငြား စန့်ရှန်းဘေးမှ လျှောက်လာသောအခါ လွန်စွာ မျက်စိဖမ်းစားဖွယ်ရာ ဖြစ်နေဆဲပင်။ 


အဓိကအကြောင်းအရင်းမှာ စန့်ရှန်းက ရုပ်ချောလွန်းနေ၍ ဖြစ်ပြီး နှစ်ခါပြန်မကြည့်မိရန် ခက်ခဲပေလိမ့်မည်။ ထိုသူဘေးတွင် ထူးထူးဆန်းဆန်း ဖုံးအုပ်ထားသော လူထူးဆန်းတစ်ယောက် ရှိနေသည် ဟူသော အချက်ကိုကား ဆိုဖွယ်ရာ မရှိတော့ပေ။ 


နှစ်ယောက်သားက presidential suiteကို ရောက်သွားသောအခါ ရန်ရှူ ရပ်သွားပြီး စန့်ရှန်းအား လှည့်ကြည့်လိုက်သည်။ 


စန့်ရှန်းက အလွန် တည်ငြိမ်နေသည်။ သူက လက်ထဲတွင် လက်တော့ပ်အိတ်ကိုင်၍ ဝင်လာပြီး ရုံးခန်းဧရိယာထဲတွင် အလုပ်စလုပ်လေတော့သည်။ 


ရန်ရှူမှာ အခန်းထဲတွင် တစ်ယောက်တည်း အနားယူ နေရလေသည်။ သူ့ဖုန်းကို ထုတ်၍ ဆွေ့ဟို့ယွီထံ စာပို့လိုက်သည်။

[အစ်ကိုယွီ... ဟိုစန့်ခွေးသူခိုးကောင်ကလေ... ကျွန်တော့်ကို ဟိုတယ်ခေါ်လာပြီး suiteအခန်းတစ်ခုတောင် ငှားလိုက်သေးတယ်... သူက ဘာဖြစ်ချင်နေတာများလဲ…] 


အစ်ကိုယွီက ပန်းလေးလိုလှတယ်: [1.] 


RS: [ကျွန်တော် သိပြီ... သူက ကျွန်တော့်ဘက်က စလာစေချင်တာနေမယ်... ဒါဆို... ကိစ္စမရှိပါဘူး…] 


အစ်ကိုယွီက ပန်းလေးလိုလှတယ်: [1.] 


RS: [ သတိပေးလို့ ကျေးဇူးပါအစ်ကိုယွီ... ကျွန်တော် အခုပဲ သူ့ကို သွားပြီး သန့်စင်ပေးလိုက်မယ်…] 


အစ်ကိုယွီက ပန်းလေးလိုလှတယ်: [လုပ်စမ်းပါ…] 


ရန်ရှူက တစ်ခုခု ရှာနေသည့်အလား စန့်ရှန်း၏ ခုံကို ဖြတ်သွားသည်။ 


စန့်ရှန်းက ထိုအခိုက်တွင် မှတ်ဥာဏ်ကောင်းပြနေသည်။ 

"ရေခဲသေတ္တာက ဧည့်ခန်းထဲမှာ…" 


ရန်ရှူက ထိုအခွင့်အရေးကို ယူကာ ပြောလိုက်သည်။ 

"အိုး... ကော်ဖီစက်က ဘယ်မှာပါလိမ့်…"


စန့်ရှန်းက မအံ့သြဘဲ မနေနိုင်တော့ပေ။

"ညဘက်ကြီး ကော်ဖီသောက်မလို့လား…" 


"ဇာတ်ညွှန်း ဖတ်ရဦးမှာ..." 


"ခဏလေး…"

စန့်ရှန်း ပြန်ဖြေပြီးနောက် လက်ချောင်းများက ကီးဘုတ်ပေါ်တွင် တတောက်တောက် ရိုက်လိုက်သည်။ နှစ်မိနစ် သုံးမိနစ်မျှ စောင့်ဆိုင်းပြီးနောက် စန့်ရှန်း ထရပ်လာပြီး ရန်ရှူအတွက် ကော်ဖီဖျော်ပေးလာသည်။ 


ရန်ရှူက ကော်ဖီခွက်ကို ကိုင်ကာ မှုတ်လိုက်ပြီးနောက် မေးလိုက်သည်။

"ဘယ်အချိန် ရေချိုးမှာလဲ…" 


"လုပ်စရာလေးတွေ ရှိသေးတယ်... အရင် သွားချိုးလိုက်လေ…" 


"တကယ်ကြီး ရေချိုးရုံပဲလား…" 


ထိုမေးခွန်းကို ကြားသောအခါ ပြန်ထိုင်ပြီးသွားပြီ ဖြစ်သော စန့်ရှန်းက တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် ကီးဘုတ်ကို ခပ်မြန်မြန် ဆက်ရိုက်လေတော့သည်။ 

"မင်းလုပ်ချင်တာလုပ်လေ…" 


"ကျွတ်စ်…" 


ရန်ရှူက လက်ထဲတွင် ကော်ဖီခွက်ကိုင်လျက် ထွက်သွားသည်။ အိပ်ခန်းထဲသို့ ဝင်လာသောအခါ ကော်ဖီခွက်ကိုချထားလိုက်သည်။ ယင်းကို တစ်ငုံပင် မသောက်တော့ဘဲ ရေချိုးခန်းထဲသို့ တန်းဝင်သွားသည်။ ရေချိုးခန်းထဲမှ ထွက်လာသောအခါ ဟိုတယ်၏ ရေချိုးဝတ်စုံကို ရင်ဘတ်ခပ်ဟဟဖြင့် ဝတ်လာခဲ့သည်။ ထို့နောက် အခန်းထဲမှ ထွက်လာပြီး စန့်ရှန်းထံ လျှောက်လာ၍ မေးလိုက်သည်။

"မပြီးသေးဘူးလား…" 


"အင်း…" 


ရန်ရှူက စန့်ရှန်းလေးတွင် ရပ်လိုက်သည်။ သုံးလေးပတ်လောက် ပတ်ပြလိုက်သော်လည်း စန့်ရှန်းက မော့ပင်မကြည့်လာခဲ့ပေ။ 


ရင်ဘတ်ဟပြဲက ဘာမှ မထိရောက်ဘူးလား... 


သူချက်ချင်းပင် ထိုင်ခုံဆီသို့ပါ သွားထိုင်ချလိုက်ပြီး ခြေထောက်ကို စန့်ရှန်း၏ ပေါင်ပေါ်သို့ တင်လိုက်သည်။

"ဒီနေ့ ကျောက်တောင် တက်ခဲ့ရတာ... ခြေထောက်တွေ အရမ်း နာနေတယ်... ငါ့ကို နှိပ်ပေးပါလား…" 


စန့်ရှန်းက ရန်ရှူ၏ ခြေထောက်လေး၊  ဖြူဖွေးလှပသော ခြေဖဝါးလေးကို ကြည့်လိုက်ပြီး အကြည့်များက အနက်ရောင် ဘောင်းဘီများအပေါ် အဆုံးသတ်သွားကာ ရန်ရှူ၏ လက်များက ခြေထောက်လေးများအပေါ် ခပ်ဖွဖွလေး ဖိနှိပ်နေခဲ့သည်။  


သို့သော်ငြား စန့်ရှန်းက ချက်ချင်း မလှုပ်ရှားပေ။ 


ဒီလို မဖြစ်သင့်ဘူးလေ... 


စန့်ရှန်းက နှာဘူးကောင်ကြီးဖြစ်သည်။ ခြေထောက်များကို ထိန်းချုပ်ရသည်ကို သဘောကျနှစ်ခြိုက်သူပင်။ 


တိုက်ဆိုင်စွာပင် သူ့ခြေထောက်များက စန့်ရှန်း၏ အကြိုက်နှင့် ကိုက်ညီနေပြီး ယင်းတို့ကို သူ့ရှေ့တွင်လည်း ပြထားပြီးသား ဖြစ်သည်။ 


စန့်ရှန်းက ဘာလို့ မလှုပ်ရတာလဲ... 


ရန်ရှူမှာ ရှေ့ဆက်တိုးရလေတော့သည်။

"ငါ့လက်ကောက်ဝတ်ကလည်း နာနေတာ... ငါ့ကို ကူပြီး နှိပ်ပေးပါလား…" 


မထင်မှတ်ထားစွာပင် စန့်ရှန်းက သူ့ခြေချင်းဝတ်ကို ဆွဲယူကာ ဖယ်လိုက်ပြီးနောက် ပြောလိုက်သည်။

"အနှိပ်ပညာရှင် ခေါ်ပေးမယ်…"


ရန်ရှူက သဘာဝကျကျပင် ပယ်ချလိုက်သည်။

"ငါ မင်းနဲ့ အတူ ဟိုတယ်မှာ ရှိနေတာ မပေါ်သွားလောက်ဘူးလား…" 


"မျက်စိမမြင်တဲ့ အနှိပ်ပညာရှင် ရှာပေးမယ်…" 


"ဒါပေမယ့်... ငါ့အသံ..." 


"မျက်စိမမြင် နားလည်းမကြား စကားလည်း မပြောတတ်တဲ့သူ..." 


"..."

ရန်ရှူ ဒေါသတကြီး ထရပ်ကာ ဖိနပ်စီးလိုက်ပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွားလေသည်။

"မလိုဘူး…" 


စန့်ရှန်းက ရန်ရှူ ထွက်သွားသည်ကို လိုက်ကြည်နေခဲ့သည်။ သူ ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် အလုပ်ဆက်လုပ်လေတော့သည်။


*****


အခန်းထဲတွင် ရန်ရှူက ဒေါသထွက်ရလွန်းသဖြင့် ဖိနပ်များကို ကန်ထုတ်လိုက်သည်။ ဖုန်းကိုထုတ်ကာ ကုတင်ပေါ်တွင် လှဲလျောင်းလျက် ဆွေ့ဟို့ယွီထံ စာပို့လိုက်သည်။ 

[သူ မလှုပ်ရှားဘူး... ခွေးသူခိုးကောင်... ကျွန်တော့်အကြံ အလုပ်မဖြစ်ဘူး…] 


အစ်ကိုယွီက ပန်းလေးလိုလှတယ်: [1.] 


RS: [အစ်ကိုပြောကြည့်... သူ့ကို တည့်တည့် သွားပြောလိုက်ရမလား…] 


အစ်ကိုယွီက ပန်းလေးလိုလှတယ်: [မင်းရဲ့ သဘောပေါက်နိုင်စွမ်းက တော်တော်လေး ကောင်းတာပဲ…] 


RS: [ဟုတ်ပြီ... လုပ်တာပေါ့…] 


ရန်ရှူက သတ္တိများ စုစည်းကာ အိပ်ရာပေါ်မှ ထွက်လာခဲ့သည်။ ဖိနပ်များကို နေရာအနှံ့ လိုက်မရှာခဲ့ရပါက ဤတစ်ကြိမ် ထွက်လာချိန်၌ အလွန် ကျော့ရှင်းနေပေလိမ့်မည်။ 


သူက စန့်ရှန်းထံ ရောက်လာ၍ တိုက်ရိုက်မေးလိုက်သည်။ 

"မအိပ်သေးဘူးလား…" 


"မင်း စောစော အိပ်ရာဝင်နှင့်လေ... ကိုယ်အလုပ်တွေက နောက်ကျတဲ့အထိ မပြီးမှာ စိုးတယ်…" 


ရန်ရှူက စိတ်မကျေမချမ်းဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းတို့တွေ လူထပ်မငှားနိုင်တော့ဘူးလား... မင်းက စီအီးအို မဟုတ်ဘူးလား... ဘာလို့ ဒီလောက်ကြီး အလုပ်များနေရတာလဲ…" 


“စီအီးအို အစစ်က ကိုယ့်အဖေ... ကိုယ့်အဖေက ကိုယ့်ကို လေ့ကျင့်ပေးတာလည်း ဖြစ်မယ်... ကိုယ့်အပေါ် လှည့်ကွက်တွေ သုံးနေတာလည်း ဟုတ်ရင်ဟုတ်မှာပေါ့... ကိုယ့်ကို ချပေးလာတဲ့ အလုပ်တွေက အရမ်းခက်တာ... ကိုယ် တကယ့်ကို အလုပ်များနေတာ… မင်းသွားအိပ်တော့လေ…" 


"ငါ အိပ်လို့မရဘူး…"

ရန်ရှူက ဘေးတွင် ရပ်နေပြီး ထွက်လည်းမသွားသလို ဆက်လည်း မနေခဲ့ပေ။ သူ မေးလိုက်သည်။

"ဒါဆို မင်းအတွက် မီးအိမ်လေး ဖွင့်ပေးထားရမှာလား…" 


“ရတယ်... ကိုယ် တခြားအခန်းမှာ အိပ်မှာ…" 


ရန်ရှူက စန့်ရှန်း၏ နားရွက်ကို သွားဆွဲလိုက်သည်။ သူက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။

"ငါနဲ့ အတူအိပ်ရမှာ ဒီလောက် ချိုမြိန်ပြီး လှပနေတာကို မင်းကတော့ ကြည့်ပါဦး... ငါ့ကို ဘယ်လို မျက်နှာလုပ်ရမှန်းတောင် မသိဘူး…" 


"မင်းက စောင်ကို ကန်ထုတ်တယ်လေ…" 


"မင်း ကင်းကောင်လိုကောင်... မင်းငါ့ကို ဖက်ထားတုန်းကတော့ ငါဘာမှ မပြောခဲ့ရဘဲနဲ့... ဒီအကြောင်း ပြောရဲသေးတာလား…" 


"အနာဂတ်မှာ ကိုယ်တတ်နိုင်သမျှ ပြောင်းလဲနိုင်အောင် ကြိုးစားကြည့်မယ်... အရင်ဆုံး အနားယူလိုက်တော့…" 

စန့်ရှန်းက ဖြေပြီးသွားသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး ဗီဒီယိုကော အစည်းအဝေးကို ချိတ်ဆက်လိုက်သည်။ 


ရန်ရှူက ထွက်သွားပြီးနောက် အခန်းထဲက ကုတင်ပေါ်တွင် ပြန်လှဲချလိုက်သည်။ 

ငါ ဖတ်ဖို့ လုပ်နေတာ ဘာဇာတ်ညွှန်းပါလိမ့်... ငါ ဇာတ်ညွှန်းလေးတစ်ခုတောင် ယူမလာဘူးလေ... 


သူ ဖုန်းကို ထုတ်ကာ ဆွေ့ဟို့ယွီထံ စာပို့လိုက်သည်။ 

[အစ်ကိုယွီ... ခွေးသူခိုးကောင်က လွန်လွန်းသွားပြီ…] 


အစ်ကိုယွီက ပန်းလေးလိုလှတယ်: [ငါက အိပ်ရာပေါ်က သူငယ်ချင်းလေးကိုပဲ လိုချင်တယ်... ပြန်ပြီးတော့ မတွဲနိုင်ဘူး ဆိုတာမျိုးလား…] 


RS: [မဟုတ်ဘူး... သူက အခု ကျွန်တော့်ခန္ဓာကိုယ်ကို စိတ်မဝင်စားတော့တာ... အခုလည်း တစ်ယောက်ယောက်နဲ့ ဗီဒီယိုကော အစည်းအဝေး လုပ်နေတယ်…] 


အစ်ကိုယွီက ပန်းလေးလိုလှတယ်: [အိုး…] 


RS: [ကျွန်တော် စိတ်ကုန်နေပြီ...]


အစ်ကိုယွီက ပန်းလေးလိုလှတယ်:[ငါလည်း အလုပ်များတော့မယ်…] 


RS: [ညဘက်ကြီး ဘာလုပ်နေတာလဲ…] 


အစ်ကိုယွီက ပန်းလေးလိုလှတယ်: [ညဆို အလုပ်များတယ်…] 


ရန်ရှူက အကြိမ်တစ်ထောင်မျှ အပစ်ခံလိုက်ရသကဲ့သို့ ဖုန်းကို ကြည့်နေမိသည်။ 


သူ့ဖုန်းကို ပြန်ချကာ ဟို့ယွီနှင့် ဟို့မော့တို့ကဲ့သို့ တည်တည်ငြိမ်ငြိမ် အတူရှိနေရလျှင် ကောင်းမည်ဟု တွေးခဲ့သော်လည်း ယခုတွင်မူ စန့်ရှန်း၏ ခပ်ရှောင်ရှောင်အပြုအမူက သူ့အား ခေါင်းကုတ်မိသွားစေသည်။ အမှန်ပင် မသက်မသာလည်း ဖြစ်ရသည်။ 


သို့သော်လည်း ဒေါသစိတ်ကို ထိန်းရန် ထိုအကြောင်းကို မစဥ်းစားသင့်တော့ပေ။ 


မစဥ်းစားနဲ့တော့... 


အားလုံးက လှည့်စားမှုတွေပဲ... 


သူက လုပ်တောင် မလုပ်ချင်တော့ဘူး.... 


ဒီအရှင်သခင်ကြီးက ဘုရင်ပဲ ပြီးတော့ သူ့လက်ရာတွေကလည်း တောက်ပနေတယ်... 


ဤညက ရန်ရှူအတွက် ခက်ခဲခဲ့ရသည်။ 


ရန်ရှူက အိပ်ရာပေါ်တွင် ပက်လက်လှဲနေခဲ့သည်။ 


ကော်ဖီ မသောက်ခဲ့သော်ငြား မျက်လုံးများက ပြူးကျယ် တောက်ပနေခဲ့ပြီး အလွန်အမင်း အားအင်ပြည့်ဝနေခဲ့လေသည်။ 


အချိန်အတော်လေး ကြာပြီးသွားသောအခါ အပြင်ဘက်မှ အသံများ ကြားလိုက်ရသဖြင့် အာရုံ စိုက်မိသွားပြီး အချက်အလက် တစ်ခုလေး လွတ်သွားမည်ကိုပင် စိုးရိမ်နေသည့်အလား အသက်အောင့်မိသွားစေသည်။ 


ဘေးအခန်းမှ အသံကိုလည်း ဝိုးတဝါး ကြားလိုက်ရပြီးနောက် တစ်ခဏမျှ စောင့်ဆိုင်းပြီးသောအခါ အသံထွက်မလာတော့ပေ။ 


စန့်ရှန်းက ဆေးကြောပြီးသွားတော့ တကယ်ကြီး အဲ့အခန်းမှာ အိပ်ခဲ့တာပေါ့လေ... 


စန့်ရှန်း... ဒီကောင်က ငါ့ကိုမပြဘဲ တိတ်တိတ်လေး ရေချိုးတဲ့အပြင် တစ်ယောက်တည်း အိပ်လိုက်သေးတယ်... 


ငါ ဒီမှာ အိပ်နေတယ်ဆိုတာကို သိနေတာတောင် လာမကြည့်ခဲ့ဘူး... 


ရန်ရှူ အိပ်မရနိုင်ခဲ့ပေ။ 


သူ ဆိုးဆိုးဝါးဝါး အိပ်မပျော်နိုင် ဖြစ်ခဲ့ရသည်။


သူက စန့်ရှန်းအား နှလုံးသားထဲတွင် အကြိမ်ရှစ်ရာမက ကျိန်ဆဲနေခဲ့သည်။ 


အိပ်ရာပေါ်တွင် ဟိုလှိမ့်သည်လှိမ့်ဖြင့် အချိန်မည်မျှ ကုန်သွားသည်ကိုပင် မသိနိုင်တော့ပေ။ ဖုန်းကို ကောက်ကိုင်ကြည့်လိုက်ရာ မနက် လေးနာရီလောက်ပင် ရှိနေခဲ့လေပြီ။ 


သူ ချက်ချင်း ထရပ်လိုက်ပြီး အခန်းထဲမှ ခိုးကြောင်ခိုးဝှက် ထွက်လာခဲ့သည်။ အသံမထွက်မိစေရန် ခြေဗလာဖြင့်သာ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ရန်ရှူက စန့်ရှန်း၏ အခန်းဝတွင် ခြေဖျားထောက်လျက် တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ 


ယင်းက အမှန်ပင် ပွင့်သွားသဖြင့် ချက်ချင်း အပျော်လွန်သွားလေသည်။ 


စန့်ရှန်း အိပ်ပျော်သွားပြီး မကြာမီ အသံတစ်ခု ကြားလိုက်ရသည်။ ယင်းက ရန်ရှူ ဖြစ်ကြောင်း သိနေသဖြင့် မလှုပ်ဘဲ ငြိမ်နေခဲ့သည်။ ရန်ရှူ ဘာတွေများ လုပ်လာမလဲဟု သိချင်နေမိခဲ့၏။ 


သို့သော်ငြား ရန်ရှူက စောင်ကိုမကာ သူ့ဘေးတွင် ဝင်မအိပ်လာဘဲ ကုတင်ကို တစ်ပတ်ပတ်ကာ အိပ်ရာဘေးတွင် ထိုင်ချလိုက်သည်။ သူ့လက်ကို ဆွဲယူကာ သူ၏သွေးခုန်နှုန်းကို တိတ်တဆိတ် စမ်းသပ်လိုက်လေသည်။  


စန့်ရှန်း နားမလည်နိုင်ပေ။ 


သူ စဥ်းစား၍မရ ဖြစ်နေခဲ့၏။ 


ထိုစဥ် စန့်ရှန်းတစ်ယောက် ရန်ရှူ၏ ဖုန်းမျက်နှာပြင်ကို ဝိုးတဝါး တွေ့လိုက်ရသည်။ သူ့မျက်လုံးများကို မှေးကြည့်လိုက်ရာ ရန်ရှူတစ်ယောက် 'ကျောက်ကပ်အားနည်းနေသူတစ်ယောက်ရဲ့ သွေးခုန်နှုန်းက ဘာဖြစ်မလဲ' ဟု ရှာဖွေထားပြီး သူ့သွေးခုန်နှုန်း စမ်းပေးနေခြင်း ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ 


စန့်ရှန်း: "…"


သူနှင့် ရန်ရှူတို့က မည်သည့်အခါမှ လိုင်းတစ်ခုတည်း မဟုတ်ကြောင်း တွေ့ခဲ့ရပြီး ရန်ရှူအား လက်မြှောက်နေရဆဲပင်။ 


စန့်ရှန်း တစ်ခဏမျှ စောင့်လိုက်သည်။ 


သို့သော်ငြား ရန်ရှူက ခြေဖွဖွနင်းကာ ထွက်သွားပြီး တံခါးကိုပင် မမေ့မလျော့ ပိတ်ပေးခဲ့သေးသည်။  


ရန်ရှူ ထွက်သွားသောအခါ စန့်ရှန်းသည်လည်း အိပ်မပျော် ရောဂါ ရသွားသည်။ သူက ကျောက်ကပ်အားနည်းနေခြင်း မဟုတ်ဘဲ ရန်ရှူ့ထံမှ အချော့ခံရန် မျှော်လင့်နေခြင်းသာ ဖြစ်ကြောင်း မည်သို့ရှင်းပြရမည်ကိုပင် မသိတော့ပေ။ 




📽️