အပိုင်း ၁၈၃ (Extra-9)
Viewers 26k

Part 183 (extra 9)


ဝမ်ယွီက သူမလက်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်လေသည်။သူ့မျက်လုံးထဲရော သူ့ရင်ထဲတွင်ပါ သူမတစ်ယောက်တည်းသာရှိပေသည်။

သူက ချောင်းဟန့်လိုက်ကာ ပြောလာတော့သည်။


‘‘ဒါက မင်းကိုစိတ်ချစေ‌ချင်လို့တင်မဟုတ်ဘူး ကိုယ်ကိုယ်တိုင်လည်း စိတ်ချလက်ချဖြစ်ချင်လို့ပါ ။ကိုယ်ကမင်းအကြောင်းသိတယ်လေ၊ အခုလည်းကြည့်ပါအုံး ကိုယ်ကမင်းအပေါ်အရမ်းကောင်းတာဘဲလို့ မင်းခံစားသွားရပြီမဟုတ်လားဒီလိုနဲ့မင်းက ကိုယ်မျှော်လင့်ထားတဲ့အတိုင်းဘဲ နေသွားတော့မှာလေ ဟုတ်တယ်မလား ’’


ဉာဏ်နီဉာဏ်နက်များသော အကြည့်တချက်က သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွားကာ ရယ်ချင်စိတ်နှင့် ချစ်မြတ်နိုးမှုတို့လည်း ပါရှိနေပေသည်။


ချီကျန်းကျန်းက ကြောင်သွားတော့သည်။


ဧည့်သည်တွေက အံ့ဩနေတာကနေ သတိပြန်ဝင်လာပြီးတဲ့အခါ တချို့တလေးက အသံနိမ့်နိမ့်နဲ့ ဆွေးနွေးလာကြတော့သည်။


‘‘ဝမ်ယွီကတော့ တကယ့်ကိုရူးနေတာဘဲ ’’


‘‘သူဘာလို့ ဒီလိုလုပ်တာပါလိမ့်၊ သူ့မှာအခြားစီးပွားရေး အစီအစဉ်များရှိနေလို့လား ’’


‘‘မင်း အရမ်းတွေးလွန်းသွားပြီ၊ ဒီအတိုင်းသူက ချီကျန်းကျန်းကို အရမ်းချစ်လို့လေ ’’


‘‘သူက ချီကျန်းကျန်းကို အရမ်းချစ်နေတာဘဲ၊သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုတောင် လက်လွှတ်ဖို့ဆန္ဒရှိတယ် ’’


‘‘ဒါက တကယ့်ကို မမျှော်လင့်ထားမိဘူး ’’


‘‘တကယ်လို့ အနာဂတ်မှာ ချီကျန်းကျန်းက အခြားအတွေးမျိုးရှိလာခဲ့ရင် ဝမ်ယွီက ယွီတင်းကိုပြန်ယူပြီး အခြေအနေကိုထိန်းချုပ်နိုင်တယ်ဆိုရင်တောင်မှ သူအများကြီး ခံစားရလိမ့်မယ်’’


‘‘သူက ချီကျန်းကျန်းကို ဒီလောက်တောင်ယုံရလား ’’


‘‘ဝမ်ယွီက အရမ်းကိုစိတ်ခံစားချက်ပြင်းထန်လွန်းတယ်၊ အရင်တုန်းက ချီကျန်းကျန်း နေမကောင်းဖြစ်နေတာကြောင့် သူက ကုမ္ပဏီကိုမလာဘဲ ဆေးရုံမှာဘဲ တနေ့လုံး နေခဲ့တာလေ ’’


‘‘ငါတကယ်ဘဲ ချီကျန်းကျန်းကို မနာလိုဖြစ်လာပြီ ’’


‘‘ဝမ်ယွီက ဝမ်မိသားစုနဲ့ဘာဆက်နွယ်မှ မရှိတော့ဘူး ၊သူကပုံမှန်အားဖြင့်ဆို အကြင်နာမဲ့တတ်တယ်၊ သူ့ရဲ့တစ်ခုတည်းသော အားနည်းချက်က ချီကျန်းကျန်းဘဲ ဟုတ်တယ်မလား’’


‘‘အဲ့ဒီအကြောင်းပြောရမယ်ဆို ဝမ်ယွီက ဝမ်မိသားစုရဲ့ အကြီးဆုံးသားလေ၊ တကယ်လို့ ဝမ်မိသားစုသာ သူ့ကို ဆိုးဆိုးဝါးဝါး မဆက်ဆံခဲ့ရင်

သူတို့က ဒီလိုအခြေအနေထိ ကျဆင်းသွားမှာ မဟုတ်ဘူး၊ ဝမ်ယွီက စိတ်ခံစားချက်ပြင်းထန်တဲ့လူမျိုးလေ ၊တကယ်လို့ ဝမ်မိသားစုကသာ သူ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ရင် အခုချိန်မှာ သူတို့ဘဝက သာယာနေလောက်ပြီ ’’


‘‘ဟုတ်တယ်၊ သူတို့လက်ထပ်ပွဲလုပ်နေတာ ဝမ်မိသားစုက ဘယ်သူမှမလာဘူး ဝမ်စီစီကလွဲလို့ပေါ့ သူမက ဂုဏ်သရေရှိသတို့သမီးရဲ့ အရံလေ。。。’’


‘‘ရှူးးးငါအခုဘဲ အပြင်ဘက်မှာဝမ်မိသားစုကို တွေ့လိုက်တယ် ’’


‘‘တကယ်ကြီးလား ’’


‘‘ဝမ်မိသားစုက အိမ်ပြောင်းသွားတာ အချိန်အတော်ကြာပြီ၊ အခုချိန်မှာ သူတို့တွေဘာများလုပ်နေမလဲ မသိဘူး ’’


‘‘သူတို့က ဘာများ လုပ်နိုင်မှာမို့လို့လဲ နောင်တရနေကြမှာပေါ့၊ သူတို့နေရာမှာငါသာဆိုရင် နောင်တရလွန်းလို့ ငါ့အူတွေတောင် အစိမ်းရောင်ပြောင်းနေလောက်ပြီ ’’


...


နောင်တလား。。。


ဝမ်ကျင်စန်းနဲ့ ရှုဝေကိုမပြောနဲ့၊ ဝမ်ရိရန်တောင်မှ နောင်တရနေလေသည်။


Cမြို့မှာ နေထိုင်နေရတဲ့ သူတို့ဘဝက ထင်သလောက်မကောင်းနေချေ။ဝမ်ယွီက သူတို့နောက်ကိုမလိုက်တော့သလို သူတို့ဘယ်မှာဆိုတာကိုလည်း ဂရုမစိုက်တော့ပေ။ဒါကြောင့်မို့လို့ ဝမ်မိသားစုက Cမြို့တော်တွင် ဖိနှိပ်မှုအများအပြားကိုတော့ မခံရတော့ပေ။


ဒါပေမယ့် အဲ့ဒါက သူတို့ရဲ့အခြေအနေကပိုကောင်းလာနိုင်တယ်လို့တော့ မဆိုလိုပေ။


သူ့အသက်အစောပိုင်းနှစ်တွေမှာဆို ဝမ်ကျင်စန်းက သူ့စကားတလုံးနဲ့တင် အရာရာပြီးမြောက်နေခဲ့တဲ့ ယောက်ျားမျိုးဖြစ်သည်။အခုတော့ သူကမသန်မစွမ်းဖြစ်သွားကာ မလှုပ်ရှားနိုင်ဘဲ ဆေးရုံကုတင်ပေါ်တွင်သာ လှဲနေ‌ရတဲ့အခါမှာတော့ သဘာဝကျကျပင် သူ့စိတ်နေစိတ်ထားက ဆိုးရွားလာတော့သည်။သူသဘောမကျတာတခုခုရှိတာနဲ့ ပစ္စည်းတွေကိုပစ်ပေါက်ရိုက်ခွဲတာကို အများအပြားလုပ်‌လာလေသည်။


ဒါပေမယ့် သူကမသန်မစွမ်းဖြစ်နေကာ ခေါင်းနဲ့ လက်တစ်ဖက်ဘဲလှုပ်နိုင်ပေသည်။အရာရာတိုင်းကို သူ မပစ်ပေါက်နိုင်ပေ။သူ့ရဲ့ အရိုးပေါ်အရေတင်နေတဲ့ ခန္ဓာကိုယ်ကိုသာ ခံနိုင်ရည်ရှိအောင်ထောက်ပံ့နေရပြီး မှုန်းမှိုင်းနေတဲ့မျက်နှာနဲ့ ကျိန်ဆဲနေရုံသာတတ်နိုင်လေသည်။


အစပိုင်းမှာတော့ ရှုဝေကသူ့ကိုဂရုတစိုက်ပြုစုပေးပေမယ့် နောက်ပိုင်းမှာတော့ သူမက အဲ့လိုမလုပ်လာတော့ချေ။


ဝမ်မိသားစုက ထွက်လာတဲ့အခါ သူတို့ရောင်းလို့ရနိုင်သော လက်ဝတ်ရတနာများကို ယူခဲ့ကြ‌လေသည်။ဝမ်စီစီကလည်း အခါအားလျော်စွာ ပိုက်ဆံပို့လာတာမျိုးရှိပေသည်။ဒါပေမယ့်လည်း ကောင်းကောင်းမွန်မွန်ဘဝမှာ နေရတာကိုအသားကျနေတဲ့ ဝမ်မိသားစုအတွက်တော့ ဒါကအသုံးပြုရတာနည်းနေပေသည်။


ဝမ်ကျင်စန်းက ရှုဝေရဲ့ဘဝကို အရင်ကလို အထောက်ပံ့မပေးနိုင်တော့တာကြောင့် သူမကလည်း ဝမ်ကျင်စန်းကို အရင်ကလိုမျိုး မဆက်ဆံတော့ပေ။


တကယ်လို့ ဝမ်ကျင်စန်းရဲ့ ဆေးဖိုးဝါးခတွေအတွက် ဝမ်ယွီကပေးလာတဲ့ အချက်သာမရှိဘူးဆိုရင် သူမက ဝမ်ကျင်စန်းအတွက် ဆေးတောင်ဝယ်ပေးမှာမဟုတ်ပေ။


အစမှာတော့ ဝမ်ကျင်စန်းက ဝမ်ယွီကို ဆူပူ‌နေတုန်းဖြစ်သည်။နောက်ပိုင်းမှာတော့ ဝမ်ယွီက သူ့သားဖြစ်တာကြောင့် သူ့ကိုဂရုစိုက်ပေးသင့်တယ်လို့ အော်ဟစ်လာလေသည်။ဒီနေ့လို အခြေအနေမျိုးနဲ့ အဆုံးသတ်သွားရတာ အဲ့ဒါတွေအကုန် ရှုဝေရဲ့ အပြစ်ဘဲ。。。


ရှုဝေက ဘာမှလွန်လွန်ကဲကဲ မဖြစ်လာစေချင်ပေ။ သူက သူမကအဓိကတရားခံလို့ ဆူငေါက်လာခဲ့ပေသည်။တကယ်လို့ သူသာအရည်အချင်းရှိရင် ဝမ်ယွီကို မမွေးခဲ့သင့်ပေ။အဲ့လိုမှမဟုတ်ရင် သူမဝမ်ရိရန်ကိုမွေးလာတဲ့အခါ သူတို့ကရန်သူတွေဖြစ်လာကာ ဆက်ပြီးတော့လည်းဖြစ်နေအုံးမှာဖြစ်သည်။


သူတို့နှစ်ယောက်က အချင်းချင်းဆူငေါက်ဆဲဆိုနေကြကာ အိမ်ကတချိန်လုံးအနားမရဘဲ ပွက်လောရိုက်နေပေသည်။


တကယ်လို့ရှုဝေသာ အသက်ကြီးပြီးအားနည်းမနေဘူး၊ ဝမ်ရိရန်ကလည်း ရှိမနေဘူးဆိုရင် သူမကချက်ချင်းဘဲကွာရှင်းလိုက်ကာ ဒီလိုဆင်းရဲတဲ့ဘဝမှာ ဆက်နေမှာမဟုတ်တော့ပေ။


ဒါပေမယ့် တကယ်လို့ သူမဆက်နေဖြစ်ရင်တောင် အချိန်အကြာကြီးဖိနှိပ်ထားရတာကြောင့် သူမကပိုပြီး ရက်စက်လာ‌လေသည်။သူမရဲ့ သွေးသားရင်းဆိုရင်တောင် အချိန်ရှိတိုင်း ဒေါသတကြီးဆူငေါက်နေပေသည်။


ဝမ်ရိရန်က အိမ်မှာနေရတဲ့ သူ့ရဲ့နေ့ရက်တွေက အရမ်းကိုနာကျင်ရတယ်လို့ ခံစားနေရပေသည်။


သူက အပြင်ထွက်ကာ အလုပ်တခုလောက်ရှာချင်ပေမယ့်လည်း သူက ဘာမှမဟုတ်သောလူတစ်ယောက်ဖြစ်မနေပေ။လူတွေက သူ့အခြေအနေကို သိလိုက်ရတာနဲ့ တပြိုင်နက် သေချာပေါက်သူတို့က အလုပ်မခန့်ချင်တော့ပေ။


သူက အိမ်မှာမနေချင်တာကြောင့် သူ့လိုအပ်ချက်တွေကို နှိမ့်လိုက်ရုံသာရှိတော့သည်။


ဒါပေမယ့်လည်း သူမသိလိုက်ဘဲ အလုပ်ခန့်ချင်တဲ့ ကုမ္ပဏီတခုရှိလာရင်တောင်မှ တစုံတယောက်က သူ့ကိုလာနှုတ်ဆက်လိုက်တာနဲ့ သူကအလုပ်ပြုတ်သွားမှာဖြစ်သည်။


သူ့ကိုဖိနှိပ်နေတဲ့ လူတွေက ဝမ်ယွီရဲ့လူတွေမဟုတ်ပေ။အမှန်တကယ်တော့ အဲ့ဒါက သူငယ်ချင်းဆိုပြီး သူမျက်နှာသာ‌ပေးတာလိုချင်လို့ သူ့နောက်လိုက်နေတဲ့ လူတစ်စုပင်ဖြစ်သည်။သူတို့က သူ့ကိုရိုက်ချကာ အဆင့်မြင့်ပြီး အင်အားကြီးခဲ့တဲ့ လူတစ်ယောက်က သူတို့အောက်မှာ နင်းခြေခံနေရတာကို ပျော်ရွှင်ကြလေသည်။


သူက ပြန်ပြီးထူထောင်လာချင်ပေသည်။သုံးကြိမ်လောက်သူကြိုးစားခဲ့ပေမယ့် သူ့မှာရှိနေတဲ့ ပိုက်ဆံအနည်းငယ်ပါ ဆုံးရှူံးသွားရုံတင်မကဘဲ အကြွေးတွေကိုပါ ထပ်ပြီးခေါင်းခံရပြန်သည်။


အဲ့ဒီအခါမှသာ ဝမ်ရိရန်ကသိလာခဲ့လေသည်。。。


ဒီလိုအချိန်တွေတုန်းက ဝမ်ယွီရဲ့ဘဝက ဘယ်လိုဖြစ်နေခဲ့မလဲ 

ဒီလိုအခြေအနေကနေ ကုတ်ခြစ်ပြီးစတင်လာနိုင်ဖို့ သူကဘယ်လောက်တောင် အင်အားကြီးနေခဲ့တာလဲ


 ဝမ်ယွီကိုအထင်သေးနေကျဖြစ်တဲ့သူက အခုတော့ဝမ်ယွီရဲ့ ဆံပင်တမွှေးကိုတောင် မယှဉ်နိုင်ခဲ့ပေ။


ပြီးတော့ အန်းချင်ယုက。。。


ဒီနာမည်ကိုသူတွေးလိုက်တဲ့ အချိန်မှာဘဲ သူ့ဘေးမှာရှိနေတဲ့လူက စူးရှရက်စက်နေသော အသံဖြင့် ပြောလာလေသည်


‘‘ဝမ်ရိရန် နင်ချီကျန်းကျန်းကို ဘယ်လောက်ဘဲစောင့်ကြည့်နေပါစေ သူကနင့်ကိုပြန်ကြည့်လာမှာမဟုတ်ဘူး ။ဒီလိုခမ်းနားကြီးကျယ်နေတာကို နင်ကြည့်လိုက်တာနဲ့တင် ဝမ်ယွီကသူမအပေါ် ဘယ်လောက်ကောင်းလဲ နင်သိလာလိမ့်မယ် နင်သူ့ကိုဘယ်လောက်ဘဲကြိုက်ကြိုက် သူကပြန်ကြိုက်လာမှာမဟုတ်ဘူး ’’


သူမအသံက ထက်ရှနေပေမယ့်လည်း မနာလိုဖြစ်နေတဲ့ အရိပ်အယောင်များပါနေလေသည် ။


ဘယ်လိုတောင် မနာလို‌စရာကောင်းလိုက်တဲ့ လက်ထပ်ပွဲလဲ၊ ပြောရမယ်ဆိုရင် သူမလက်ထပ်ပွဲက ချီကျန်းကျန်းနဲ့ယှဉ်ရင် အများကြီးကွာခြားနေခဲ့တာ၊ အဲ့ဒါက အဆင်ပြေသေးပေသည်။သူမရဲ့လက်ထပ်ပွဲက မီးတွင်းထဲခုန်ဆင်းသလို ဖြစ်သွားပေမယ့် ချီကျန်းကျန်းကတော့ ပျော်ရွှင်မှု အသိုက်အမြုံထဲကို သွားရတော့မှာဖြစ်သည်။


အခုချိန်တွင် အန်းချင်ယုက လက်ထပ်ပွဲမှာ ဝမ်ယွီဘာပြောခဲ့သလဲဆိုတာကို မသိသေးပေ ။အဲ့လိုမှမဟုတ်ရင်တော့ သူမက မနာလိုဖြစ်လွန်းလို့ ရူးသွားလောက်ပေသည်။


သူမရှေ့မှာရှိနေတဲ့ ဝမ်ရိရန်က အများကြီးပြောင်းလဲသွားပေသည်။တစ်နှစ်တောင် မကြာသေးတဲ့အချိန်မှာ သူက ကိုယ်အလေးချိန်အများကြီး ကျသွားလေသည်။သူ့မျက်လုံးက ကြာရှည်စွာမခံမရပ်နိုင်ဖြစ်နေခဲ့ရသကဲ့သို့ မြူမှုန်များဖြင့် ‌ပြည့်နေပေသည်။သူတို့ရင်ဆိုင်ခဲ့ရတဲ့ ကြိုတင်မမြင်နိုင်သော ကိစ္စရပ်များကြောင့် ဒီယောက်ျားကို ပြိုလဲသွားတာကနေ ပြန်ကောင်းလာအောင် မလုပ်နိုင်သေးချေ။


မူလအားဖြင့် ဝမ်ရိရန်က ခန့်ညားကာအပြောချို လူရည်လည်သော ယောက်ျားမျိုးဖြစ်သည်။သူတို့အသိုင်းအဝိုင်းထဲမှာဆို မရေတွက်နိုင်အောင် အမျိုးသမီးတွေက သူ့ကိုကြိုက်နှစ်သက်ကြကာ လွန်ကဲစွာပင် လိုက်ကြလေသည်။အဲ့လိုမှမဟုတ်ရင် အဲ့ဒီအချိန်တုန်းက ချီကျန်းကျန်းက သူ့ကိုအရူးအမူးဖြစ်ခဲ့မှာ မဟုတ်ပေ။


အခုတော့ ဝမ်ရိရန်ကအရင်လို အပြောချိုပြီး လူရည်မလည်တော့ချေ။ သူ့ရဲ့ခန့်ညားမှုတွေက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာတော့သည်။

သူ့မုတ်ဆိတ်မွှေးတွေက မရိတ်သင်ထားကာ မျက်လုံးအောက်တွင်လည်း အနက်ရောင်အဝိုင်းများရှိနေလေသည်။ပြီးတော့ သူ့အဝတ်များကလည်း တွန့်ကြေနေပေသည်။သူ့ကို အတိတ်က ဝမ်ရိရန်နှင့် ပြန်တွဲပြီး မြင်ယောင်ကြည့်ဖို့ ခက်ခဲပေသည်။


အခုချိန်မှာ သူကချီကျန်းကျန်းရှေ့မှာ မတ်တပ်သွားရပ်နေရင်တောင် သူမက သူ့ကိုမှတ်မိနိုင်မှာ မဟုတ်ပေ။


သူမပြောတာကိုကြားလိုက်ရတဲ့အခါ ဝမ်ရိရန်ကလှည်းကြည့်လာပေမယ့် ဘာမှမပြောလာပေ။သူက စကားအနည်းငယ်သာပြောတတ်သော ယောက်ျားကဲ့သို့ ဖြစ်ပေါ်လာပုံပေါ်လေသည်။


ဒါပေမယ့် သူကဘာမှမပြောလာတာက နာခံနေတာကြောင့်မဟုတ်ဘဲ သူကစိတ်အနှောင့်ယှက် အဖြစ်မခံနိုင်တာကြောင့်သာဖြစ်သည်။


ဒီမိန်းမရဲ့ စကားလုံးထက်ထက်တွေနဲ့ ဆိုလိုချင်နေတာကို သူသိထားပြီးသားဖြစ်ပေသည်။


အထူးသဖြင့် သူမနဲ့ရှုဝေရန်ဖြစ်နေတုန်း မတော်တဆ ကလေးပျက်ကျသွားပြီးကတည်းက ဖြစ်သည်။သူမခန္ဓာကိုယ်က ထိခိုက်သွားကာ ဘဝတစ်လျှောက်လုံးမှာ သူမအတွက်နောက်တစ်ကြိမ် ကလေးရလာဖို့က မဖြစ်နိုင်တော့ပေ။သူမက အရင်ကထက်ပိုပြီးတောင် ပြောင်းလဲလာတော့သည်။


သူမက အဆက်မပြတ်ဘဲ ဝမ်မိသားစုကို လှောင်နေကာ ဝမ်ကျင်စန်းကိုတောင် လေးစားမှုမရှိတော့ပေ။


ဒါကြောင့် ရှုဝေကတောင် သူ့ကိုကွာရှင်းပြီး ဝမ်မိသားစုကနေ ထုတ်ပစ်လိုက်ဖို့ ဝမ်ရိရန်ကို မေးလာခဲ့ပေသည်။


ဒါပေမယ့် ထူးဆန်းတဲ့အရာက အန်းချင်ယုက မထွက်သွားတော့ပေ။


ဝမ်ရိရန်ကလည်း သူမကို မောင်းထုတ်မနေတော့ချေ။


အန်းချင်ယုရဲ့ ပင်ကိုစရိုက်က အပြင်းအထန်ပင် ပြောင်းလဲလာတော့သည်။အဲ့ဒါက ကြီးကြီးမားမားတော့ မဟုတ်နိုင်ပေမယ့် သူမကသိမ်မွေ့ပြီး နူးညံ့သလို ဟန်ဆောင်မနေတော့ချေ။သူမရဲ့ အကျည်းတန်တဲ့ တကယ့်အရောင်စစ်ကို ထုတ်ပြလာလေသည်။


ထို့​ပြင် သူမရဲ့သွင်ပြင်ကပါအများကြီး ပြောင်းလဲသွားတာကို သူမသိပေသည်။


အန်းချင်ယုက မှန်ကိုတောင်မကြည့်ရဲတော့ပေ။


သူမက မှန်ထဲက အိုစာနေတဲ့ မိန်းမကို မမှတ်မိလုနီးပါးပင် ဖြစ်သွားရပေသည်။


xxxxxx