part-19
နောက်တနေ့မနက်၌ယွမ်ရှစိတ်ခွန်အားအပြည့်ဖြင့်ဖြစ်နေပေပြီ။ သူမနှင့်ပေါက်စီလုံးလေးတို့အခန်းထဲမှထွက်လာသည်နှင့်စုန့်ထင်ရှန်းကိုတွေ့လိုက်ရသည်။သူတို့မိသားစုသုံးယောက်ဓာတ်လှေကားဖြင့်ဆင်းလာပြီးဟိုတယ်၏စားသောက်ခန်းထဲသို့သွားကာ အေးအေးဆေးဆေးမနက်စာစားလိုက်ကြသည်။
သူတို့ညနေပိုင်းမှပြန်ရန်စီစဉ်ထားခဲ့သောကြောင့်
ကလေးလေးစုန့်ကိုအလည်အပတ်လိုက်ပို့ရန်အချိန်ရနေပေသေးသည်။
တကယ်တမ်းပြောရမည်ဆိုလျှင်နွေရာသီသည်အလည်ပတ်ခရီးထွက်ရန်အတွက်သင့်တော်သည့်အချိန်တော့မဟုတ်ပေ။အပြင်ဘက်၌အလွန်ပင်ပူပြင်းနေပြီးအပူချိန်၁၀၄ဒီဂရီဖာရင်ဟိုက်လောက်ရှိမည်ဟုသူမခန့်မှန်းမိသည်။သို့သော်လဲ ထိုမျှမြင့်မားသည့်အပူချိန်ကို မိုးလေဝသဌာနက
တရားဝင်ကြော်ညာထားခြင်းမရှိပေ။ သူမမြင့်မားသောအပူချိန်ကြောင့်ပင်ပန်းနွမ်းနယ်လာသလိုပင်ခံစားမိသည်။သူမစုန့်ထင်ရှန်းဘက်သို့လှည့်ကြည့်လိုက်သည့်အချိန်၌ ထိုသူကအေးမြလတ်ဆတ်သောနေရာတခုတွင် ရပ်နေသကဲ့သို့ပင်ရှိနေသေးကြောင်းတွေ့လိုက်ရသည်။
သူကတော်တော်လေးကိုချွေးထွက်ခဲတာပဲဘယ်လောက်တောင်မနာလိုစရာကောင်းလိုက်လဲ။
ကလေးလေးစုန့်ကိုကြည့်လိုက်ချိန်၌သူ့၏ပါးပြင်လေးများကနီရဲနေပေပြီကလေးများက အအေးဒဏ်ထက်အပူချိန်ကိုပို၍ခံစားလွယ်ကြသည်။သို့သော်ထိုမျှပြင်းထန်သောအပူချိန်အောက်တွင်ပင်ကလေးလေးစုန့်ကစိတ်လှုပ်ရှားတက်ကြွနေဆဲဖြစ်သည်။
ထို့နောက်သူမတို့အပန်းဖြေဉယျာဉ်တခုကိုသွားရောက်လည်ပတ်ရန်စီစဉ်ထားခဲ့သော်လဲ
ယခုသည်နွေရာသီအားလပ်ချိန်ဖြစ်သောကြောင့်လူများပြည့်သိပ်နေပေလိမ့်မည်။ထို့ပြင်ကလေးလေးစုန့်ကလဲထိုဉယျာဉ်၌အချို့သောဆော့ကစားရာနေရာများအတွက်မသင့်တော်သေးပေ။ ထို့ကြောင့်သူမနှင့်စုန့်ထင်ရှန်းတို့က ထိုနေရာသို့သွားရောက်ရန်ပယ်ဖျက်လိုက်သည်။
ပေါက်စီလုံးလေးကသူမတို့၏ကြားတွင်ရှိနေသောကြောင့်စုန့်ထင်ရှန်းအနားနားမှာရှိနေခြင်းကိုစိတ်ကသိကအောက်မခံစားရတော့ပေ။
သို့သော်လဲတယောက်နဲ့တယောက်စကားစမြည်ပြောရန်မကြိုးစားကြပေ။ အကယ်၍ပြောစရာရှိလာရင်တောင်တိုတိုတုတ်တုတ်သာပြောလိမ့်မည်ဖြစ်သည်။
ယွမ်ရှ၏လက်ထဲ၌လေပန်ကာလေးတခုကိုကိုင်ဆောင်ထားလေသည်။ထိုပန်ကာကထိရောက်မှုမရှိသော်လဲ ဘာမှမရှိခြင်းထက်ပို၍ကောင်းပေသည်။ကံကောင်းထောက်မစွာဖြင့်သူမကမိတ်ကပ်ထူထူမပြင်ဆင်ထားခဲ့ပေ။
ထိုသို့သာပြင်ဆင်ထားပါက အပြင်ဘက်ရှိအပူချိန်ကြောင့်သူမ၏မိတ်ကပ်များအရည်ပျော်သွားပေလိမ့်မည်။
စုန့်ထင်ရှန်းသည် ကလေးလေးစုန့်ကိုပြုစုစောက်ရှောက်ရာတွင်သူမထက်ပို၍စိတ်ရှည်ပြီးပို၍အတွေ့ကြုံများစွာရှိနေသည်ကိုသူမသတိပြုမိလိုက်သည်။
သူမကမူ ဒီနေရာသို့ကူးပြောင်းလာမှသာလျှင်ပထမဦးဆုံးအကြိမ်အဖြစ်မိခင်ဖြစ်ဖူးခြင်းဖြစ်သည်။သူမသည်မူလကမ္ဘာတွင်မကြာသေးခင်ကမှဘွဲ့ရထားသော
လူငယ်တစ်ဦးသာဖြစ်သည်။ သူမက ကလေးလေးစုန့်နှင့်လိုက်လျောညီထွေပေါင်းသင်းဆက်ဆံနိုင်ပြီးသူနှင့်အတူကစားပေးနိုင်သော်လဲပြုစုစောင့်ရှောက်ရာတွင်မူစုန့်ထင်ရှန်းကိုမမှီပေ။
နေ့လည်ခင်းသို့ရောက်ချိန်၌မြင့်မားလှသောအပူချိန်ကြောင့်သူတို့စားချင်သောက်ချင်စိတ်များပျောက်နေပေသည်။ ထို့ကြောင့်စားသောက်ဆိုင်တဆိုင်သို့သွားမည့်အစားအဆင်ပြေသည့်စားစရာတခုကိုသာစားလိုက်ကြသည်။
စုန့်ထင်ရှန်းလက်မှနာရီကိုကြည့်လိုက်ပြီးမေးလိုက်သည်။
"လေယာဉ်ချိန်ကဘယ်ချိန်လဲ...ဒီအချိန်ကအသွားအလာများတဲ့အချိန်ဆိုတော့လမ်းပိတ်နေလိမ့်မယ်..."
ယွမ်ရှခဏမျှကြောင်အသွားပြီးနောက်ခေါင်းအသာခါယမ်းရင်းပြောလိုက်သည်။
"ကျွန်မတို့လေယာဉ်နဲ့မပြန်ဘူး..."
စုန့်ထင်ရှန်းခေါင်းညိမ့်ပြပြီးဆက်ပြောလိုက်သည်။
"ဒါဆိုရင် ကျည်ဆန်ရထားနဲ့ပြန်မှာလား အခုငါတို့ရောက်နေတဲ့နေရာကရထားဘူတာနဲ့လှမ်းနေတယ်..."
"မဟုတ်ဘူးကျွန်မတို့ ကျည်ဆန်ရထားနဲ့လဲမပြန်ဘူး..."
နောက်ဆုံး၌စုန့်ထင်ရှန်းယွမ်ရှကိုလှမ်းကြည့်လာလေသည်သူခဏမျှတိတ်ဆိတ်နေပြီးနောက်ထပ်မေးလိုက်သည်။
"ဒီလိုဆိုတော့ မင်းလက်မှတ်မဖြတ်ထားဘူးလား..."
"ကျွန်မလက်မှတ်ဖြတ်ထားတာပေါ့..."
ယွမ်ရှသူမ၏ဖုန်းကိုဆွဲထုတ်ပြီးပြောလိုက်သည်။
"ကျွန်မ၅နာရီ၄၅အတွက် ရိုးရိုးရထားလက်မှတ်ဝယ်ထားတယ်..."
ယွမ်ရှကသေချာစဉ်းစား၍ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။စုန့်ထင်ရှန်းကလေဆိပ်သို့သွားရာလမ်းတွင်ကားအက်စီးဒင့်ဖြစ်ခဲ့ခြင်းဖြစ်သည်ထို့ကြောင့်သူမတို့သေချာပေါက်လေယာဉ်ဖြင့်ပြန်၍မရပေ။လေကြောင်းပျံသန်းခြင်း၏လုံခြုံရေးအမျိုးမျိုးအကြောင်းကိုသူမလေ့လာထားခဲ့ပြီးပြီဖြစ်သော်လဲ စိတ်ထဲ၌စိုးရွံ့နေမိတုန်းပဲဖြစ်သည်။
ဒါဆိုရင်ဘာကြောင့်ရထားလက်မှတ်ဖြတ်တာလဲ...
ထိုအတွက်တော့သူမရှင်းပြစရာစကားလုံးမရှိပေ။သို့သော်လဲသူမ၏စိတ်ထဲ၌ရထားကိုပို၍ယုံကြည်မိပေသည်။ရထားကမြန်နှုန်းမြင့်သောလေယာဉ်၊ ကျည်ဆန်ရထားတို့ထက်စာလျှင်ပို၍စိတ်ချရသည်ဟုထင်မိလေသည်။
စုန့်ထင်ရှန်း"..."