ဝေ့လင်းရှိူ့သည် နှစ်သစ်ကူးပြီးနောက် အသက် ၁၉ နှစ်သာ ရှိသေးသည်။ ဤအသက်အရွယ်ဖြင့် သူက Xiucai စာမေးပွဲကို ဖြေဆိုအောင်မြင်နိုင်ခြင်းမှာ အလွန်ကောင်းနေပြီဖြစ်သည်။ အကယ်၍ သူသည် ဆရာကောင်းတစ်ဦးကိုသာ ရှာနိုင်ပြီး နှစ်အနည်းငယ် စာထပ်သင်လိုက်လျှင် Juren စာမေးပွဲများကို အောင်မြင်အောင် ဖြေဆိုနိုင်လိမ့်မည်ဟု ကြီးကြီးမားမား မျှော်လင့်နိုင်သည်။
ကျိုးစုန်သည် အလွန်စိတ်ကျေနပ်မိသော်ငြား အနည်းငယ်လည်း အဆင်မပြေဖြစ်မိသည်။
သူသည် ဤတူလေးကို အလွန်နည်းပါးစွာသာ အာရုံစိုက်မိနေခဲ့သည်။
ဤအခိုက်တွင် ဝေ့လင်းရှိူ့က အားတက်သရော ပြောနေဆဲဖြစ်သည် : “ ကျွန်တော် Xiucai ဖြစ်နိုင်လာတာက အစ်ကိုယန်ရဲ့ ကျေးဇူးကြောင့်ပဲ! ကျွန်တော်က စာသင်တဲ့နေရာမှာ မတော်ဘူးလို့ အမြဲတွေးခဲ့ပေမယ့် အစ်ကိုယန်က နေ့တိုင်း ကျွန်တော်ကို စာအုပ်တွေ အတင်းအလွတ်ကျက်ခိုင်းခဲ့တယ်။ အလွတ်ကျက်ပြီးတော့ အခု ကျွန်တော် အလွတ်လည်း ပြန်ဆိုနိုင်ပြီ! ”
“ အစ်ကိုယန်က ကျွန်တော့်အတွက် မှတ်စုတွေလည်း ရေးပေးတယ်! ”
“ အစ်ကိုယန်က ကျွန်တော့်ကို ကျောင်းတောင် ပို့ပေးတယ်! ”
…
ဝေ့လင်းရှိူ့သည် ယနေ့တွင် တကယ်ပင် အလွန်ပျော်ရွှင်နေသည်။ သူသည် ယန်ကျင်းဇီကလည်း သူ့ကို သဘောကျကြောင်း ရုတ်တရက် သိလိုက်ရပြီး သူ့တွင် နောက်ထပ်မိသားစုဝင်တစ်ဦးလည်း ရှိလာသောကြောင့် ဖြစ်သည်။
ပိုအရေးကြီးသည်မှာ... သူသည် ယန်ကျင်းဇီအကြောင်းကို အမြဲကြွားဝါချင်နေပြီး ယန်ကျင်းဇီက သူ့အပေါ် မည်မျှကောင်းကြောင်း လူအများကို သိစေချင်နေမိသည်။ သို့သော် သူက ဘယ်သူ့ကိုမှ မပြောပြနိုင်ပေ။
ယခုမူ သူ့စကားကို နားထောင်နိုင်သော လူတစ်ဦး ရှိလာပြီး ဤလူက သူနှင့် ယန်ကျင်းဇီတို့၏ ဆက်ဆံရေးကိုလည်း သိရှိပြီးဖြစ်သဖြင့် သူသည် ကိစ္စကောင်းများ အားလုံးကို ပြောပြနေသည်။
ကျိုးစုန် : “ ... ”
ကျိုးစုန်သည် သူ့တူကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်နေသည်။
သူ မလာခင်က သူသည် ယန်တဟာ လူယုတ်မာအစစ်ဟု တွေးခဲ့သည်။ သူ့တူကို ယန်တက ဖမ်းဆီးထားသည်ဟုလည်း သူ တွေးမိသည်။ အကယ်၍ ယန်တကသာ သူ့တူကို နာကျင်အောင် တစ်ခုခုလုပ်ခဲ့လျှင်... သူသည် ၎င်းကို သူကိုယ်တိုင်ပင် လုပ်စရာမလိုဘဲ ငွေသုံးပြီး ယန်တနှင့် အာဃာတရှိသူများကို ခိုင်းလိုက်ရုံဖြင့် ယန်တကို သင်ခန်းစာပေးနိုင်သည်။
ရလဒ်ကမူ...
သူသည် ယန်တ၏ သူ့တူအပေါ် ခံစားချက်ကို မသိသေးသော်လည်း သူ့တူက ယန်တကိုသာ မြင်ကြောင်း ထင်ရှားသည်။
သူသာ ယန်တနဲ့ တကယ် ရန်ဖြစ်မယ်ဆိုရင် သူ့တူက ယန်တကို ကူဖို့ ရွေးချယ်လောက်တယ်!
အမှန်ပင်၊ ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီကို ကူညီလိမ့်မည်ဖြစ်သည်။
သူ့တွင် ကျိုးစုန်နှင့်ပတ်သက်၍ ထင်မြင်ချက် မရှိပေ။ ယနေ့မတိုင်ခင်က ကျိုးစုန်ဟာ သူစိမ်းတစ်ယောက်သာ ဖြစ်ခဲ့သည်။ ဘယ်လိုလုပ် သူက ကျိုးစုန်ကို ကူညီနိုင်ပါ့မလဲ?
ဝေ့လင်းရှိူ့သည် ကိစ္စကောင်းများစွာကို ပြောပြီးနောက် ကျိုးစုန်ကို ကြည့်လိုက်သည် : “ ခင်ဗျား... ဘာလို့ ကျွန်တော့်ဆီ လာတာလဲ? ”
ကျိုးစုန်သည် သူဟာ ဝေ့လင်းရှိူ့ကို ဝေ့အိမ်က ချောက်ချပြီး အိမ်မှနှင်ထုတ်ခံရသည်ဟု ထင်မိသောကြောင့်ဟု ချက်ချင်း ပြန်ဖြေသည်။
“ သူတို့ ကျွန်တော့်ကို ချောက်ချတာ အမှန်ပဲ။ ” ဝေ့လင်းရှိူ့က ပြောပြီးနောက် ထိုနေ့မှ အဖြစ်အပျက်များကို ပြောပြသည်။
ကျိုးစုန်က ၎င်းကို ကြားပြီးနောက် အလွန်စိတ်တိုသွားသည် : “ တကယ်ကို မလျော်ကန်တာပဲ! မင်းက သူ့သား။ ငါ တွေးခဲ့တာ... ” သူကိုယ်တိုင်ကလည်း သူ့ဇနီးနှင့် အလွန်ဆိုးရွားသော ဆက်ဆံရေး ရှိသော်ငြား သူ့ကလေးကိုတော့ ဖျက်ဆီးမည်မဟုတ်ပေ။ ဝေ့ကျီယွမ်က ရူးနေတာပဲ! “ ငါသာ သိခဲ့မယ်ဆိုရင် ငါ မင်းကို ဟိုးအရင်ကတည်းက လာခေါ်မှာ! မင်း ကောင်းကောင်းနေနေတယ်လို့ ငါ အမြဲထင်ခဲ့တာ... ”
ကျိုးစုန်သည် သတင်းစုံစမ်းရန်လည်း ယခင်က လူလွှတ်ဖူးသည်။ ထိုအချိန်တွင် သူတို့က တနေကုန် အပြင်တွင် ဆော့ကစားနေသော ဝေ့လင်းရှိူ့ကို တွေ့လာကြပြီး ဝေ့လင်းရှိူ့၌ ကောင်းမွန်သော ဘဝ ရှိနေသည်ဟု သူတို့က တွေးခဲ့ကြသည်။
ကိုယ့်ကလေးကိုပင် ဂရုမစိုက်သော လူတစ်ဦး ရှိလိမ့်မည်ဟု သူသည် မည်သို့မျှ စိတ်ကူးမယဉ်ဖူးခဲ့ပေ။
ကျိုးစုန်က ယခင်အတိတ်မှ အဖြစ်အပျက်များကို ပြောသောအခါ ဝေ့လင်းရှိူ့၏အာရုံကလည်း လှုံ့ဆော်ခံရပြီး အတိတ်အကြောင်း စတင်ပြောပြတော့သည်။
ကျိုးစုန်က သူဟာ နှစ်တိုင်းတွင် နှစ်သစ်ကူးလက်ဆောင်များ ပို့ပေးလေ့ရှိပြီး ဝေ့လင်းရှိူ့ထံသို့ စာများလည်း ရေးပေးသည်ဟု ဆိုသည်။
ဝေ့လင်းရှိူ့က သူ လုံးဝ မသိကြောင်းနှင့် စာတစ်စောင်ကိုပင် မရဖူးကြောင်း ပြောဆိုသည်။
ကျိုးစုန်က သူ့အစ်မတွင် တကယ်ပင် ခန်းဝင်ပစ္စည်းများစွာ ရှိသည်ဟု ဆိုသည်။
ဝေ့လင်းရှိူ့က သူ့မိခင်တွင် ဘာမှမကျန်ရှိတော့ဟု အမြဲထင်ခဲ့ကြောင်း ပြောဆိုသည်။
…
သူတို့ဟာ စကားပြောနေကြစဉ်တွင် နှစ်ဦးစလုံး၌ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုခြင်း ခံစားချက်ကို ရရှိလာကြသည်။
ယန်ကျင်းဇီသည် သူ့ဘေးမှ လူနှစ်ယောက် စကားပြောနေသည်ကို နားထောင်နေသော်လည်း တစ်ခုခုကို တွေးနေမိသည်။
မူလဇာတ်ကြောင်းတွင် မူလပိုင်ရှင်က နောက်ရက်အနည်းငယ်အကြာ၌ သေဆုံးသွားခဲ့သည်။
သူသာ အထင်မမှားလျှင်... မူလပိုင်ရှင်ကို ကျိုးစုန်က သတ်ပစ်လိုက်ခြင်း ဖြစ်နိုင်သည်...
သူ ရုတ်တရက်ကြီး ဒီဦးလေးအပေါ် ခံစားချက်ကောင်းသွားပြီ!
ဝေ့လင်းရှိူ့နှင့် ကျိုးစုန်တို့က စကားပြောနေကြပြီး သူက ကြားဖြတ်မပြောနိုင်ပေ။ ယန်ကျင်းဇီက ဆိုသည် : “ ဦးလေးက အဝေးကနေ လာတယ်။ စားပြီးပြီလား? ကျွန်တော် စားစရာတစ်ခုခု သွားလုပ်လိုက်ရမလား? ”
“ အဟမ်း... ကျေးဇူးတင်ပါတယ်။ ” ကျိုးစုန်သည် ယနေ့တွင် အမှန်ပင် လုံးဝ မစားရသေးပေ။ သူ အခု ဗိုက်ဆာနေပြီ...
တကယ်တော့ အချိန်အကြာကြီး လူးလှိမ့်နေသော ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့ပင် ဗိုက်ဆာနေကြပြီဖြစ်သည်။
ယန်ကျင်းဇီက ပြုံးပြီး အိမ်ရှေ့ခန်း၏ ဘေးအခြမ်းသို့ တိုက်ရိုက်သွားကာ ဟင်းချက်ရန် ပြင်ဆင်သည်။
ဆိုင်ရှင်ဝေ့သည် သူ့အတွက် ဆန်၊ ဟင်းသီးဟင်းရွက်များနှင့် အသားအချို့ကိုပင် ပြင်ဆင်ပေးထားသည်။ ထိုမျှတင်မက ယခုအခါ သူ့တွင် အိုးနှစ်အိုး ရှိနေပြီဖြစ်ရာ သူသည် တစ်ချိန်တည်းတွင် အိုးနှစ်အိုးဖြင့် ချက်ပြုတ်နိုင်ပြီဖြစ်သည်...
“ အစ်ကိုယန်၊ ငါ မီးလာမွှေးပေးမယ်။ ” ဝေ့လင်းရှိူ့က အမြန်ပြောလိုက်သည်။ သူသည် ယန်ကျင်းဇီနှင့်အတူ ဤနေရာတွင် နေရသည်ကို ကျင့်သားရနေပြီဖြစ်၏။ ချက်ပြုတ်သောအခါ အမြဲတစေပင် သူက မီးထိန်းသူ ဖြစ်ပြီး ယန်ကျင်းဇီက မီးဖိုချောင်တာဝန်ယူသည်။
“ သခင်လေး၊ သခင်နဲ့ စကားပြောနေပါ။ ကျွန်တော် မီးမွှေးလိုက်မယ်။ ” အိမ်ထိန်းက အမြန်ပြောကာ ယန်ကျင်းဇီ ကိုင်ပေါက်ထားသော ငယ်သားအနည်းငယ်ကို အတူခေါ်သွားသည်။ သူတို့သည် စကားတစ်ခွန်းကိုပင် မပြောဘဲ ဘေးတွင် ရပ်ကာ ယန်ကျင်းဇီအတွက် မီးမွှေးလိုက်ကြသည်။
ဤသည်ကို တွေ့သော် ဝေ့လင်းရှိူ့က မေးသည် : “ မင်းတို့ ချက်ပြုတ်တတ်လား? ” သူတို့က ချက်ပြုတ်တတ်တယ်ဆိုရင် ပိုကောင်းတယ်!
အိမ်ထိန်းက အနည်းငယ် ကူကယ်ရာမဲ့သွားသည် : “ လူတိုင်းက အိမ်မှာ ချက်ပြုတ်ကြတယ်... ” ဤလူများဟာ ထမင်းချက်ရမည်ဆိုလျှင် အဆင်ပြေသော်လည်း အခြားအရာများတွင်...
“ ငါ လုပ်ပါ့မယ်။ ” ယန်ကျင်းဇီ ပြုံးလိုက်သည်။ သူသည် စားသောက်ဆိုင်များတွင် သွားစားလေ့ရှိပြီး အခြားသူများ၏ ဟင်းချက်နည်းကိုလည်း အာရုံစိုက်ထားခဲ့သည်။ ယခုဆိုလျှင် သူ့လက်ရာက ပိုပိုပြီး ကောင်းလာပြီဖြစ်သည်။
ထို့ပြင် အကူအညီရှိနေရာ ဟင်းတစ်ခွက် ချက်ဖို့ရန် အားသိပ်ထုတ်စရာမလိုတော့ချေ။
တစ်အိုးတွင် ထမင်းချက်ပြီး ကျန်တစ်အိုးတွင် ဆီထည့်သည်။ ယန်ကျင်းဇီသည် သူ ကျွမ်းကျင်ရာဖြစ်သော ဝက်သားနှင့် ကြက်ဥကို ဦးစွာ မွှေကြော်ကြော်ပြီး အစိမ်းရောင်အသီးအရွက် နှစ်မျိုးကို အမြန်မွှေကြော်ကာ စွပ်ပြုတ်တစ်ခွက်ကို ချက်သည်။
ထို့အပြင် သူသည် ထမင်းချက်နေစဉ်တွင် ပေါင်းခွက်ဖြင့် အသားတုံးငယ်များကို ပေါင်းထားသည်။ စုစုပေါင်း ဟင်းလေးခွက်နှင့် စွပ်ပြုတ်တစ်ခွက်တို့ ရှိလာပြီး ဤဟင်းပွဲများ၏ ပမာဏများမှာ မသေးငယ်ချေ။
ယန်ကျင်းဇီသည် ဟင်းပွဲအားလုံးကို နှစ်စုခွဲလိုက်သည်။ တစ်စုမှာ အိမ်ထိန်းနှင့် အခြားသူများအတွက် ဖြစ်ပြီး ကျန်တစ်စုမှာ သူ၊ ဝေ့လင်းရှိူ့နှင့် ကျိုးစုန်တို့အတွက် ဖြစ်သည်။
“ အစ်ကိုယန်က အံ့ဩစရာကောင်းတယ်၊ ဟင်းချက်တာ အရမ်းအရသာရှိတယ်။ ကျွန်တော် ဝေ့အိမ်က ထွက်လာပြီးတော့ အစ်ကိုယန်နဲ့ အတူနေခဲ့တာ။ အစ်ကိုယန်က ကျွန်တော့်အတွက် ချက်ပြုတ်ပေးတယ်။ ” ဝေ့လင်းရှိူ့က ကျိုးစုန်ကို ပြောပြသည်။
ကျိုးစုန်သည် ကြက်ဥမွှေကြော်ကို တစ်ကိုက်ကိုက်လိုက်ပြီးနောက် ယန်ကျင်းဇီကို လှမ်းကြည့်လိုက်သော်လည်း ဘာမှမပြောပေ။
ယန်ကျင်းဇီ ချက်ထားသော အစားအစာက အရသာသိပ်မရှိဘဲ အနည်းဆုံးတော့ စားသောက်ဆိုင်မှ စားစရာလောက်ပင် မကောင်းမွန်ချေ။ သို့သော် ၎င်းက သူ့ထမင်းချက်ထက်တော့ သာသည်။ အဆုံး၌မူ ယန်ကျင်းဇီက ဆီထည့်ရန် ဆန္ဒရှိနေ၏။
ယန်ကျင်းဇီက ပညာရှင်တစ်ဦး ဖြစ်ပြီး ဤကဲ့သို့ ချက်ပြုတ်ရန် လိုလားသည်... ကျိုးစုန်သည် ဤလူက အရမ်းကောင်းသည်ဟု ဝန်ခံမိသည်။
ထို့အပြင် သူသည် ယခင်က ယန်ကျင်းဇီကို အထင်လွဲခဲ့ပြီး ယန်ကျင်းဇီက လောင်းကစားဝိုင်း လူမိုက်ဟုပင် ပြောမိခဲ့သည်... သူသည် အနည်းငယ်လည်း ရှက်ရွံ့နေသောကြောင့် တိတ်တဆိတ်သာ စားနေသည်။
ထို့နောက်... ထမင်းသုံးပန်းကန်ကို ဆက်တိုက်စားကာ အနည်းငယ် စိတ်မကျေနပ်သေးသော ယန်ကျင်းဇီကို သူ တွေ့လိုက်ရသည်။
ကျိုးစုန် : “ ... ” ဒီလူက စာပေပညာရှင်နဲ့ တကယ် မတူဘူး!
စကားမစပ်၊ သူတို့က ရိက္ခာခြောက်များကို ယူလာခြင်းမှာ ကောင်းမွန်သော ကိစ္စ ဖြစ်သည်။ မဟုတ်လျှင် ဤလူအများအပြားအတွက် ထမင်းတစ်အိုးက စားဖို့ မလုံလောက်ချေ။
အားလုံး စားပြီးကြသောအခါ နံနက်စောစောပင် ဖြစ်နေပြီဖြစ်သည်။
ယန်ကျင်းဇီက ပြောသည် : “ နောက်ကျနေပြီ။ ဦးလေး သွားအိပ်ချင်လား? ”
မနေ့ညက မအိပ်ထားသော ကျိုးစုန်ကို မဆိုနှင့်၊ လူများသည် ဗိုက်ပြည့်သောအခါ အိပ်ချင်လာကြသည်။ သူက သဘောတူသည် : “ ကောင်းပြီ ”
စကားပြောပြီးနောက် သူသည် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဝေ့လင်းရှိူ့က သူနှင့် အချိန်အတော်ကြာ စကားပြောခဲ့ပြီး သူ့ကို ဦးလေးဟု အကြိမ်အနည်းငယ်ပင် မခေါ်ခဲ့ချေ။ သို့သော် ဤယန်ကျင်းဇီ၏နှုတ်တွင် “ဦးလေး” ဖြင့် ပြည့်နေသည်...
“ ကျွန်တော့်အခန်းထဲမှာ အိပ်လို့ရတယ်... အခြားသူတွေ အနားယူချင်ရင်တော့ တံခါးရွက်တွေကို သုံးလို့ရတယ်။ ” ဝေ့လင်းရှိူ့သည် ထကာ အိမ်ပိုင်ရှင်ကဲ့သို့ ပြုမူလျက် ဧည့်သည်များကို စတင်ဧည့်ခံသည်။
ကျိုးစုန် ခေါ်လာသော အစေခံလေးဦးသည် ဝေ့လင်းရှိူ့ ယခင်က အိပ်ခဲ့သော တံခါးရွက်များကို ကောက်ယူ၍ ထိုင်ခုံနှစ်လုံးပေါ်တွင် တင်ကာ အိမ်ထိန်းအတွက် ခုတင်စီစဉ်သည်။ သူတို့အတွက်မူ သူတို့သည် မီးဖိုချောင်မှ ကောက်ရိုးအချို့ကို ယူပြီး ကြမ်းပြင်ပေါ်တွင် ဖြန့်ခင်းထားလိုက်ကြသည်။
ဝေ့လင်းရှိူ့က ကျိုးစုန်ကို သူ့အခန်းထဲသို့ ခေါ်သွားသည် : “ ဦးလေး၊ ဒါ ကျွန်တော့်အခန်းပါ။ သဘောမကျမဖြစ်ပါနဲ့။ ”
“ ဒါ မင်းအခန်းလား? ” ကျိုးစုန်သည် ယခင်က ဤအခန်းဟာ လွတ်နေကြောင်း သတိရသွားသည်။ ဒါဆို သူ့တူလေးက...
“ ကျွန်တော့်ဘက်က စပြီး အစ်ကိုယန်ကို သွားရှာတာပါ။ ” ဝေ့လင်းရှိူ့က တည့်ပြောသည် : ” ကျွန်တော် ဝေ့အိမ်ကနေ မထွက်လာခင်ကတည်းက သူ့ကို သဘောကျခဲ့တယ်။ သူ ဒီနေ့ သဘောတူတဲ့အထိ အများကြီး အားထုတ်ခဲ့ရတယ်... ”
ဝေ့လင်းရှိူ့သည် ကျိုးစုန်က သူနှင့် ယန်ကျင်းဇီတို့အကြောင်းကြောင့် မပျော်ရွှင်လောက်မှန်း သိသဖြင့် သူသည် ပြတ်ပြတ်သားသား ရှင်းလင်းထားရပေမည်။
ကျိုးစုန် : “ ... ” ဒါက သူ တွေးထားတာနဲ့ လုံးဝ မတူဘူး!
သို့သော်လည်း ၎င်းက အံ့ဩစရာတော့ မဟုတ်ချေ။
ဤာန်ကျင်းဇီက ဗဟုသုတကြွယ်ဝရုံတင်မကဘဲ ဟင်းချက်ရန်လည်း ဆန္ဒရှိကာ သူ့ပုံစံက ရက်စက်ပုံပေါ်လျှင်တောင်မှ... သို့ရာတွင် ဤလူက သူ့တူနှင့် တွေ့သောအခါ လုံးဝ မကြမ်းတမ်းပေ။ ယင်းကား သဘာဝကျစွာပင် လူများကို ခံစားချက်ကောင်းစေသည်။
ကျိုးစုန်သည် လှဲချလိုက်ပြီး စိတ်ရှုပ်ထွေးလျက် အိပ်ပျော်သွားသည်။
သူသည် ယခုချိန်တွင် စိတ်ရှုပ်နေသေးသော်လည်း သူ့တူက အဆင်ပြေပြီး Xiucai အဖြစ်လည်း အသိအမှတ်ပြုခံပြီးပြီ ဖြစ်သည်... သူသည် တဖြည်းဖြည်း စိတ်သက်သာရာရပြီး မကြာမီ အိပ်မောကျသွား၏။
ဤအချိန်တွင် ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့ကလည်း အခန်းထဲသို့ ဝင်လာကြသော်ငြား သူတို့တွင် အိပ်ချင်စိတ် မရှိပေ။
ယခုအခါ အခန်းထဲတွင် ဖယောင်းတိုင်များနှင့် ထိန်လင်းနေပြီး ဝေ့လင်းရှိူ့၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရကာ ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို ကြည့်နေလျက် မရယ်ဘဲ မနေနိုင် : “ ဘယ်လိုလုပ် မင်း... ခုနက အဲ့လိုနည်းလမ်းမျိုးကို တွေးမိတာလဲ? ”
သူသည် ဝေ့လင်းရှိူ့က သူ့ကိုယ်သူ အမှတ်အသားပြုနေသည်ကို တွေ့ရသောအခါ သူ၏ ရယ်ချင်စိတ်ကို မထိန်းထားနိုင်ပေ။
ဘာလို့ ဝေ့လင်းရှိူ့က အရမ်းချစ်စရာကောင်းတာလဲ!
ထိုအချိန်တွင် သူသည် အသံထွက်မိလျှင် ဝေ့လင်းရှိူ့ ရှက်သွားမည်ကို ကြောက်ရွံ့လျက် တကယ် တောင့်ခံထားခဲ့သည်။ သူသည် မနက်ဖြန်ကျလျှင် ဝေ့လင်းရှိူ့နှင့် မည်သို့ပူးပေါင်း၍ သူက တာဝန်ယူရန် ဆန္ဒရှိကြောင်းကို ဝေ့လင်းရှိူ့အား ပြောပြရန်ပင် စဉ်းစားခဲ့၏။
မမျှော်လင့်ထားစွာ ဝေ့လင်းရှိူ့က ဓားကို အမှန်တကယ် သုံးရန် ကြံစည်ခဲ့သည်။ သူသည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ စကားပြောကာ တားမြစ်လိုက်ရသည်။
ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီ ရယ်မောနေသည်ကို တွေ့ကာ သူ့မျက်နှာမှာ နီမြန်းလာသည် : “ မင်း... မင်း... ” သူက ဒီကိစ္စကို တမင်မေ့ပစ်ထားတာတောင် ယန်ကျင်းဇီက အထူးတလည် ထပ်ပြောတယ်!
ပြီးနောက်... ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီကို ကြည့်လိုက်သည် : “ မင်း အရက်မူးနေဟန်ဆောင်တယ်! ဘာလို့ မင်း အရက်မူးနေသလို ဟန်ဆောင်နေတာလဲ? ”
ယန်ကျင်းဇီက ဆိုသည် : “ မင်းကို အခွင့်ကောင်းယူဖို့။ ”
ဝေ့လင်းရှိူ့ : “ ... ” သူ့မျက်နှာမှာ ပို၍ပင် နီမြန်းလာသည်။
ယန်ကျင်းဇီက ထပ်ပြောသည် : “ မင်းကိုယ်ပေါ်က သဲလွန်စတွေအကုန်လုံး အတုတွေပဲ။ မင်း ငါ့ကို မင်းအတွက် တကယ့်အမှတ်အသစ်အချို့ လုပ်ပေးစေချင်လား? ”
ဝေ့လင်းရှိူ့က ဘာမှမပြောဘဲ ခေါင်းသာ ညိတ်ပြသည်။
ယန်ကျင်းဇီသည် လူကို တန်းခုန်အုပ်လိုက်သည်။
ကျိုးစုန်က ဒီရောက်နေတော့ အဆုံးအထိ လုပ်ဖို့ မဖြစ်နိုင်ပေမယ့် အချင်းချင်း ကူညီဖို့တော့ ဖြစ်နိုင်သေးတယ်!
ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို နမ်းဖို့ ဖိထားပြီး ဝေ့လင်းရှိူ့က ရုတ်တရက် ပြောလာသည် : “ ငါ ခုနက အရမ်းကြောက်ခဲ့တယ်။ မနက်ဖြန်ကျရင် မင်း ငါ့ကို အထင်သေးမှာ ကြောက်လို့။ ”
“ ကိုယ်က မင်းကို ဘယ်လိုလုပ် အထင်သေးနိုင်မှာလဲ၊ ကိုယ် မင်းကို ပိုင်ဆိုင်ဖို့ စောင့်တောင် မစောင့်နိုင်ဘူး! ” ယန်ကျင်းဇီက ဆက်ပြောသည် : “ ကိုယ်က မင်းကို ကိုယ့်တစ်သက်လုံး သဘောကျသွားမှာ။ မင်းတစ်ယောက်တည်းကိုပဲ သဘောကျမယ်။ ” သူ ပထမဆုံး ကူးပြောင်းလာစဉ်က သူ့တွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များသာ ရှိပြီး သူ့ခေါင်းထဲတွင် ဆဲဆိုစကားများနှင့်သာ ပြည့်နေသည်။ သူသည် ရန်ဖြစ်ခြင်းမှလွဲ၍ ဘာမှမသိဘဲ စကားချိုချိုများကိုလည်း မပြောနိုင်ခဲ့ပေ။
နောက်ပိုင်းတွင် သူတို့သည် စာလေ့လာနေပြီး အလုပ်များနေသောကြောင့် လိုက်လျောညီထွေ နေထိုင်ပုံကို သတ်မှတ်ပြီးနောက် သူသည် ၎င်းကို မည်သို့ချိုးဖျက်ရမည်အား မသိရှိခဲ့။
ယခုမှသာ သူသည် သူတို့ကြားမှ / စက္ကူပြတင်းကို ထိုးဖောက်လိုက်နိုင်ပြီး / အသက်ပြန်ရှင်လာသကဲ့သို့ ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
“ မင်း အနာဂတ်မှာ လက်မထပ်ဘူးလား? ” ဝေ့လင်းရှိူ့က မေးသည်။
“ ကိုယ် မင်းနဲ့ပဲ အတူရှိနေချင်တယ်။ သူများတွေကို ဘယ်တော့မှ မထိဘူး။ ” ယန်ကျင်းဇီက ဆိုသည် : “ မင်းအတွက်လည်း အတူတူပဲ။ မင်း အနာဂတ်မှာ လက်ထပ်လို့မရဘူး! ”
ဝေ့လင်းရှိူ့သည် အစပြု၍ ယန်ကျင်းဇီကို နမ်းလိုက်သည် : “ အင်း! ”
သူသည် ယခုမှစ၍ ဘာလုပ်ရမည်ကို တွေးမိခဲ့သည်။
ယန်ကျင်းဇီက သူ့ကို မကြိုက်ဘဲ မောင်းထုတ်လိုက်လိမ့်နိုင်သည်။
ယန်ကျင်းဇီက သူ့ကို သဘောမကျတာမျိုး မဖြစ်ဘဲ သူ့ကို အနားတွင် ထားသည်မှာလည်း ဖြစ်နိုင်သော်ငြား ယန်ကျင်းဇီက ဇနီးတစ်ဦးကို လက်ထပ်ယူ၍ ကလေးများ လိုချင်နေလိမ့်ဦးမည်။
ဒါပေမယ့် ယန်ကျင်းဇီက လက်မထပ်တော့ဘဲ သူနဲ့ပဲ အမြဲရှိနေမယ်လို့ တကယ် ပြောလာတယ်!
ဒါက တကယ် အရမ်းကောင်းတာပဲ!
ဝေ့လင်းရှိူ့သည် ပိုပို၍ တက်ကြွလာသည်။
ယန်ကျင်းဇီ... နည်းနည်းတော့ လွှမ်းမိုးခံလိုက်ရတယ်! ကြည့်ရသည်မှာ အနာဂတ်တွင် သူသည် စာအုပ်များ ပိုဖတ်၍ စကားချိုချိုများကို ထပ်သင်ယူကာ အချစ်ကဗျာများကို အလွတ်ကျက်ထားရမည့်ပုံပေါ်သည်။
ဤသို့တွေးလျက် ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့၏နားနားသို့ တိုးကပ်လိုက်သည် : “ တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးဖို့ မဆုံးရှုံးရလေအောင် မင်းရဲ့နှလုံးသားက ကိုယ့်နှလုံးသားနဲ့ ထပ်တူကျဖို့ပဲ ကိုယ် မျှော်လင့်တယ်။ ”
ဝေ့လင်းရှိူ့သည် ခေါင်းမီးတောက်သကဲ့သို့ ခံစားလိုက်ရသည်။
ဘာလို့ သူ့ဦးလေးက ဒီကို မနေ့ညက ရောက်လာတာလဲ! ဘယ်လိုလုပ် ဒီလောက်တောင် အရမ်းတိုက်ဆိုင်ရတာလဲ?
သူသည် မချုပ်တည်းနိုင်ဘဲ ယန်ကျင်းဇီ၏ ခန္ဓာကိုယ်ကို စုပ်နမ်းလိုက်ကာ အမှတ်တရအဖြစ် အမှတ်အချို့ကို ချန်ရစ်ချင်သည်။ ရလဒ်ကမူ ယန်ကျင်းဇီ၏ အသားအရည်က ကြမ်းတမ်းပြီး မာကျစ်နေသဖြင့် အမှတ်တစ်ခုကိုပင် သူ မချန်နိုင်ပေ...
ယန်ကျင်းဇီ တိတ်တဆိတ် ရယ်လိုက်သည်။
ဤညတွင် ယန်ကျင်းဇီ၌ မိုးလင်းခါနီးအထိ အလွန်သာယာသော အချိန်တစ်ချိန် ရှိခဲ့ပြီး ထို့နောက်မှသာ သူသည် ဝေ့လင်းရှိူ့ကို သူ့ရင်ခွင်ထဲတွင် ထည့်၍ အတူအိပ်ကြသည်။
သူနှင့် ဝေ့လင်းရှိူ့တို့သည် အပြင်မှ အသံကြောင့် နိုးလာပြီး သူတို့ အိပ်ရာထချိန်တွင် နေ့လယ်ပင် ရောက်လုနီးပါး ဖြစ်၏။
သူတို့သည် အတူတူ ထွက်လာကြပြီးနောက် မသေမျိုးရှစ်ပါး စားပွဲပေါ်ရှိ ဟင်းပွဲများစွာကို တွေ့လိုက်ရကာ ကျိုးစုန်က စားပွဲတွင် ယာဂု သောက်နေသည်။
ကျိုးမိသားစု၏ အိမ်ထိန်းသည် စောစောနိုးပြီး အစေခံများကို အိမ်ရှေ့ခန်းရှိ မီးဖိုနှင့် ယာဂုချက်ခိုင်းကာ သူတို့ကို အနီးအနားရှိ လယ်သမားအိမ်သို့ စေလွှတ်၍ စားစရာတစ်ခုခု ဝယ်ခိုင်းခဲ့သည်။
ဤအချိန်တွင် စားပွဲပေါ်၌ အရွက်ချဉ်များ၊ ဘဲဥဆားနယ်များနှင့် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားပြီး ပူနေသေးသော ကြက်သားနှပ်တို့ ရှိနေသည်။
ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့ အတူထလာသည်ကို တွေ့သော် ကျိုးစုန်၏ မျက်နှာအမူအရာမှာ အစပိုင်းတွင် အနည်းငယ် ပြောင်းလဲသွားပြီးနောက် သူ့အမူအရာမှာ အမြန်ပြန်လျော့သွားသည် : “ နှစ်ယောက်လုံး နိုးလာပြီ... လာပြီး တစ်ခုခုစား။ ”
“ ဦးလေး၊ ကောင်းသော မနက်ခင်းပါ။ ” ယန်ကျင်းဇီက ပြုံးကာ ပြောသည် : “ အရင်ဆေးကြောပြီးမှ လာစားပါ့မယ်။ ”
စကားပြောပြီးနောက် သူသည် ဝေ့လင်းရှိူ့ကို ခေါ်ကာ ဆေးကြောရန် အပြင်ထွက်သွားသည်။
သူတို့သည် မနေ့ကမှ သူတို့၏ဆက်ဆံရေးကို အတည်ပြုပြီးဖြစ်ရာ ယနေ့ သူတို့ ဘာလုပ်ရမည်နှင့်ပတ်သက်ပြီး အလွန်စိတ်လှုပ်ရှားနေကြသည်။
ဝေ့လင်းရှိူ့က ပလုတ်ကျင်းရည်ကို လောင်းချလိုက်ပြီး ယန်ကျင်းဇီက သူ့အတွက် တဘက်များကို ရေညှစ်ပေးသည်။ မျက်နှာသစ်ပြီးနောက် ယန်ကျင်းဇီက တီးတိုးဆိုသည် : / “ ပေါ်ထွန်းလာတဲ့ အဖြူရောင်လက မင်းရဲ့ တောက်ပနေတဲ့ အလှတရားပါပဲ။ ‘ကိုယ့်နှလုံးသား ဝါးမျိုခံရတဲ့အထိ’ မန္တန်တွေနဲ့ ကိုယ့်ကို ချည်နှောင်လို့ထားလေတယ်။ ” /
ဝေ့လင်းရှိူ့က ရှက်သွေးဖြာသွားပြီး အသံတိုးတိုးဖြင့် ပြန်လည်တီးတိုးဆိုသည် : / “ မိုးသောက်ယံမှာ မိုးကောင်းကင်ကို
မော့ကြည့်မယ်။ နေဝင်ရီတရောမှာ တိမ်တွေကို ကြည့်ရှုမယ်။ ” / လမ်းလျှောက်နေချိန်မှာလည်း မင်းအကြောင်း တွေးနေပြီး ထိုင်နေချိန်မှာလည်း မင်းအကြောင်း တွေးနေမယ်။
ကျိုးစုန် : “ ... ” သူ့ယာဂုက နည်းနည်းချဉ်တယ်လို့ သူ ဘာကြောင့် ခံစားရတာပါလိမ့်?