Chapter 31
Viewers 2k

📽️Chapter 31

အခြေအနေ : အငိုသန်လေးအကြောင်း သိလိုက်ရခြင်း



ရန်ရှူက အချိန်အတော်ကြာ ဆံပင်တု ဝတ်ထားရပြီးနောက် ဦးရေပြားပေါ်တွင် အမှန်ပင် နာကျင်နေခဲ့ရသည်။ သို့သော်လည်း စန့်ရှန်းက နှိပ်နယ်ပေးနေသဖြင့် သက်တောင့်သက်သာ ဖြစ်လာရသည်။ 


သူ စန့်ရှန်းကို မော့ကြည့်ကာ မေးလိုက်သည်။

"မနက်ဖြန် ထွက်သွားတော့မှာလား…" 


"အင်း... မနက်ဖြန် မနက်ကျသွားမယ်... အစည်းအဝေးပြီးရင် ဟို့မော့အိမ်ကို သွားရလောက်တယ်... မကြာခင် သူတို့ ပြည်ပကို သွားရတော့မှာဆိုတော့... သာ့ကောကို မင်းအိမ်ကို ခေါ်သွားပေးရမှာ... ဒီကာလအတွင်း ကိုယ် သူ့ကို အစာကျွေးထားပေးမယ်လေ…" 


"အိုး…" 


ရန်ရှူကို ဆံပင် ကူမှုတ်ပေးပြီးနောက် စန့်ရှန်းက သူ့ဆံပင်ကို လေမှုတ်လိုက်သည်။ 


ရန်ရှူက ခုံပေါ်တွင် ထိုင်နေပြီး သူ့ရေချိုးဝတ်ရုံကို အဆက်မပြတ် ဆွဲနေခဲ့သည်။

"ဆံပင်လေမှုတ်နေတဲ့အချိန်ကို ဘာလို့ အဝတ်အစားတွေ ဝတ်ထားရသေးတာလဲ…"


ဖြုန်းတီးလိုက်တာ... 

ရန်ရှူက သူ့မျက်နှာကို စန့်ရှန်း၏ လည်တိုင်ထက်တွင် ခေါင်းအုံးသဖွယ် ခေါင်းစိုက်ထားသည်။ 


စန့်ရှန်းက မရှောင်ဘဲ ဆက်မှုတ်နေခဲ့သည်။ 


လေမှုတ်စက်ကို ပြန်ထားချိန်တွင် ရန်ရှူက စန့်ရှန်းအပေါ် ချက်ချင်း ခုန်တက်လာပြီး စန့်ရှန်းက ရန်ရှူကို ရေချိုးခန်းထဲမှ သယ်ထုတ်ပေးလာခဲ့သည်။  


သူက ရန်ရှူကို ကုတင်ပေါ်သို့ ချပေးလိုက်ပြီးနောက် ရန်ရှူဘေးတွင် ဝင်လှဲလိုက်လေသည်။ 


ရန်ရှူက စောင်အောက်တွင် စန့်ရှန်း၏ လည်တိုင်ကို ဖက်လိုက်ပြီးနောက် မေးသည်။

"ငါ ပြင်ပေးထားတဲ့ တရုတ်တိုင်းရင်းဆေးကို သောက်လိုက်သေးလား... သူက ခန္ဓာကိုယ်ကို တဖြည်းဖြည်း အားပြန်ပြည့်စေလိမ့်မယ်... အလျင်လိုစရာ မလိုဘူး…" 


”…” 

စန့်ရှန်းက လေးလံနေသော နှလုံးသားလေးဖြင့် အသက်ပြင်းပြင်း ရှူလိုက်သည်။ 


ရန်ရှူက ထောက်ထားညှာတာတတ်ဟန်ဖြင့် ပုခုံးပေါ် ပုတ်ပေးလိုက်သည်။

"အဆင်ပြေပါတယ်... အိပ်ရအောင်…" 


ထို့နောက် အခြားကိစ္စများအကြောင်း မပြောတော့ဘဲ အိပ်ရန် ကြိုးစားလိုက်လေတော့သည်။ 


စန့်ရှန်းက မီးပိတ်ရန် လက်မြှောက်လိုက်ပြီးနောက် ရန်ရှူကို ရင်ခွင်ထဲသို့ ထည့်ကာ ဖက်ထားလိုက်သည်။ 


*****


ဆွေ့ဟို့ယွီ၏ ဖုန်းမှ မြည်သံ ထွက်ပေါ်လာသည်။ သူ ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်၏။ 


လတ်တလောတွင် ရန်ရှူထံမှ စာရောက်လာတိုင်း နှလုံးခုန်သံပင် စည်းချက်လွဲသွားရသည်။ 


စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးနောက် Wechatကို ဖွင့်ကာ မက်ဆေခ်ျ့ကို ဖတ်လိုက်သည်။ 

[အစ်ကိုယွီ... အစ်ကိုလည်း ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ်နော်... အစ်ကိုက ငယ်ရွယ်ပြီး အားအင်ပြည်ဝနေတုန်း ဆိုပေမယ့် ဂရုစိုက်ဖို့ လိုတုန်းပဲ…] 


ဆွေ့ဟို့ယွီက မည်သည့်အတွက်ကြောင့် ထိုကောင်လေးက ရုတ်တရက် ထိုစကား ပြောလာသည်ကို မသိပသော်လည်း စာပြန်ပို့နေဆဲပင်။ 

[အိုကေ] 


ဒေါသမထွက်နဲ့ ဒါရန်ရှူပဲ: [အစ်ကိုယွီ...ရိုက်ကွင်းကို ဘယ်တော့မှလာလည်မှာလဲ…] 


ဆွေဟို့ယွီ: [တစ်ပတ်လောက်နေရင်လို့ မှန်းထားတာပဲ... ဒီည ဟို့မော့နဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ရှိသေးတယ်... ဒီရက်အတွင်း ပြိုင်ပွဲပြိုင်ဖို့ ပြည်ပထွက်ရဦးမှာ...] 


[ T/N - ရန်ရှူရဲ့ contact nameကို ဆွေ့ဟို့ယွီက 'ဒေါသမထွက်နဲ့ ဒါရန်ရှူပဲ'ဆိုပြီး မှတ်ထားတာပါ🤣 ]


ဒေါသမထွက်နဲ့ ဒါရန်ရှူပဲ: [အိုကေ... ရိုက်ကွင်းကို အကြောင်းကြား ထားလိုက်မယ်…] 


ဆွေ့ဟို့ယွီ: [ကောင်းပြီလေ…] 


ဒေါသမထွက်နဲ့ ဒါရန်ရှူပဲ: [ဒီည အစ်ကိုတို့ လိုက်ဖ်ကို ကြည့်ဖို့ အချိန်ဖယ်ထားလိုက်မယ်... စိတ်မလှုပ်ရှားနဲ့နော်... တိုက်ရိုက်ထုတ်လွှင့်ရင် လုပ်ချင်တာ လုပ်လို့ရတယ်... သူတို့က နိုင်ငံအတွက် ဂုဏ်သတင်း ယူလာပေးတဲ့ အားကစားသမားတွေဆို အရမ်း သည်းခံပေးကြတယ်... အလိုတောင် လိုက်ပေးကြဦးမယ်…] 


ဆွေ့ဟို့ယွီ: [အင်း... မင်းအကြောင်း မေးရင် ဘယ်လို ဖြေရမလဲ…] 


ဒေါသမထွက်နဲ့ ဒါရန်ရှူပဲ: [အမှန်အတိုင်းဖြေလေ... ဘာပဲဖြစ်ဖြစ် အစ်ကိုက မကောင်းပြောစရာမှ မရှိတာ... မဟုတ်ရင် နောက်ပိုင်း ကားတွေ လှိမ့်သွားရင် ပိုဆိုးလာလိမ့်မယ်... ဒါပေါ့... နည်းနည်းတော့ ချိန်ဆကြည့်ပေါ့…] 


ဆွေ့ဟို့ယွီ: [ဒါဆိုလည်း အိုကေလေ…] 


ဆွေ့ဟို့ယွီ ဖုန်းချလိုက်သည်နှင့် တံခါးဘဲလ်မြည်သံ ကြားလိုက်ရသည်။ တံခါးဆီ လျှောက်လာသောအခါ ဟို့မော့က တံခါးဖွင့်ပေးပြီးသား ဖြစ်နေပြီး ဝင်လာသူမှာ စန့်ရှန်း ဖြစ်ကြောင်း သတိပြုလိုက်မိသည်။ ဆွေ့ဟို့ယွီက စန့်ရှန်းကို ခေါင်းညိတ်ပြလိုက်ပြီးနောက် အားကစားခန်းထဲသို့ ဝင်သွားလိုက်သည်။ 


သူနှင့် စန့်ရှန်းကြား ဆက်ဆံရေးက သာမန်မျှသာ ဖြစ်သည်။ 


တစ်ခါတစ်ရံ ရန်ရှူက စန့်ရှန်းနှင့် ရန်ဖြစ်တတ်သော်လည်း ဆွေ့ဟို့ယွီနှင့် စန့်ရှန်းက မည်မျှပင် ရင်းနှီးပါစေ နောက်ပြောင်ကျီစယ်နိုင်သည့် အခြေအနေသို့ ရောက်မလာနိုင်ခဲ့ပေ။ 


သေချာပေါက်ပင် ယင်းက ရန်ရှူ ဟို့မော့ကို သဘောမကျသည်ကြောင့် မဟုတ်ဘဲ ရန်ရှူမှ သူ့အစ်ကိုယွီမှာ ဝက်တစ်ကောင်ထံမှ အနိုင်ကျင့်ခံနေရသည်ဟု ခံစားနေရသည့်အတွက်ကြောင့်သာ ဖြစ်သည်။ 


ဟို့မော့က စန့်ရှန်း အိမ်ထဲဝင်လာသည်ကို ကြည့်နေရင်း မေးလိုက်သည်။

"ဘာလို့ ရောက်လာတာလဲ…" 


"ဒီနေ့ အနီးအနားမှာ အစည်းအဝေးတစ်ခု ရှိလို့ ပြီးတာနဲ့ မင်းတို့နဲ့လည်း နီးပါတယ်ဆိုပြီး ဝင်လာကြည့်တာ...  ကြောင်လည်း လာယူရဦးမှာဆိုတော့ မင်းရော ဘာတွေ လိုသေးလဲ…"

စန့်ရှန်းက ကိုယ်တိုင် ကိုယ်ကျ ဝင်လာသည်။


"ငါလိုအပ်တာက ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့ပဲ…"

ဟို့မော့က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"မင်းရဲ့ ရန်ရှူကို ထိန်းထား... သူက အရမ်း စိတ်ရှုပ်ဖို့ကောင်းတယ်…" 


"နောက်ထပ် ရက်နည်းနည်းလောက်တော့ ငြိမ်နေဦးမှာပါ…"

စန့်ရှန်း ဝဝင်လာပြီးနောက် ဧည့်ခန်းထဲသို့ အေးအေးဆေး ဝင်သွားပြီး ကိုယ်တိုင်ပင် ရေတစ်ခွက် ငှဲ့ကာ သောက်လိုက်သည်။ 


ဟို့မော့က သူ့နောက်မှ လိုက်လာ၍ မေးလိုက်သည်။

"မင်းတို့ ပြန်တွဲကြပြီမို့လို့လား…"


စန့်ရှန်းက အတွေးနက်သွားပြီး သူနှင့် ရန်ရှူကြား လတ်တလော ဆက်ဆံရေးကို မည်သို့ ရှင်းပြရမည်ကိုပင် မသိတော့ပေ။ 


ထိုသို့ တိတ်ဆိတ်သွားမှုကြောင့် ဟို့မော့လည်း နားလည်မှုလွဲသွားပြီး သူတို့တွေ ပြန်တွဲကြလေပြီဟု တွေးမိသွားသဖြင့် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ 

"အားလုံး ပြီးဆုံးသွားပြီကိုး…" 


စန့်ရှန်းက ရေတစ်ငုံ သောက်ကာ မေးလိုက်သည်။

"ဘာကိစ္စကိုလဲ…" 


"ရန်ရှူက တကယ် စိတ်ရှုပ်စရာ ကောင်းတယ်ကွ... ငါတို့နှစ်ယောက် တရုတ်ကို ပြန်လာတာနဲ့ ရန်ရှူက သေချာပေါက် ငါတို့အိမ်ကို လာပြီး သောက်မယ်... သောက်ပြီးရင် ငိုမယ်... ပြီးရင် သူ့အစ်ကိုယွီကို မင်းကို သွားရိုက်ပေးဖို့ ပြောမယ်... သူက ဆွေ့ဟို့ယွီကို မင်းကို ရှာဖို့ ကူညီပေးစေချင်နေတာ မဟုတ်ဘူးလား... ကံမကောင်းချင်တော့ ဆွေ့ဟို့ယွီကလည်း ဒါကို နားမလည်ဘူးလေ…" 


စန့်ရှန်း တီးတိုးရယ်မောလိုက်သည်။

"သူက အချိန်တိုင်း ငိုတာလား…" 


"အေးလေ... သူက အားရပါးရကို ငိုတာ... အချဲ့ကားဆုံးကလေ သုံးရက်လုံးလုံး ငိုပြီး အဲ့သုံးရက်အတွင်း အချိန်မှန် စားနိုင်ပြီးတော့ စားရင်လည်း ရပ်လိုက်တယ်... စားပြီးမှ ဆက်ငိုတာ... ငိုလို့ ပင်ပန်းပြီဆို ရန်ရှူက ခဏလောက်နားပြီးမှ ဆက်ငိုတာကွ…" 


စန့်ရှန်းက ရန်ရှူ ထိုမျှလောက် ငိုနိုင်သည်ကို ကြားလိုက်ရသောအခါ စိတ်မကောင်း ဖြစ်သွားရသဖြင့် မေးလိုက်သည်။

"ဘာလို့ ငါ့ကို မပြောပြခဲ့တာလဲ…" 


"အရိပ်အမြွက် ပေးခဲ့သေးတာပဲ... တစ်ခါက

သူ ငိုလွန်းလို့ ခေါင်းပါကိုက်တယ်... ဒါကြောင့် မင်းကို ခုတလော ညစာလာစားပါလားလို့ စာပို့သေးတာပဲ... မင်းက အလုပ်များနေတယ်လို့ ပြောခဲ့တာလေ…" 


"ရန်ရှူ ရှိနေတယ်လို့ ပြောရင် လာမှာပေါ့…" 


"သူက ပြောခွင့်မပေးဘူးကွ... ဒါက ကသိကအောက် ဖြစ်ရလိမ့်မယ်တဲ့... သူငါ့ကို သတ်ရင်သတ်၊ မဟုတ်ရင် မင်းကို သတ်မယ်လို့ ချိန်းခြောက်ခဲ့တာလေ…" 


စန့်ရှန်းက နောက်ထပ် ရေတစ်ခွက် ထပ်သောက်လိုက်သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူကသာ ခံစားခဲ့ရသူ ဖြစ်သည်ဟု တွေးမိခဲ့သည်။ ကြည့်ရသည်မှာ ရန်ရှူသည်လည်း တောင့်ခံထားခဲ့ရပုံပေါ်သည်။ 


ထိုအခိုက်တွင် ရုတ်တရက် ကျေနပ်သွားလေသည်။ ထိုနှစ်နှစ်ကို သတိရမိတိုင်း ရန်ရှူ ရှိနေပြီး သူ၏ ပူဆွေးသောကများကို တုံ့ပြန်ပေးနေသည့်အလားပင်။ 


သူက ဟို့မော့ကို ကြည့်ကာ တီးတိုး ရယ်လိုက်ပြီးနောက် မေးလိုက်သည်။

"ကြည့်ရတာ မင်းတို့ တော်တော်လေး ခါးသီးခဲ့ကြပုံပဲ…" 


"ဒါပေါ့... ဆွေ့ဟို့ယွီက သူငိုပြီးတိုင်း အိပ်ပျော်သွားအောင် ချော့သိပ်ပေးခဲ့ရတာ... မလုပ်ပေးရင် မအိပ်ဘူး.. ငါတောင် ဒီလိုမျိုး တစ်ခါမှ အဆက်ဆံ မခံရဖူးဘူး... ဆွေ့ဟို့ယွီက ငါ့ကို တစ်ခါမှ ဒီလိုမျိုး မဆက်ခံခဲ့ဘူးကွ..." 


“လျော်ကြေးအနေနဲ့ မင်းတို့ကို လက်ဆောင်ပေးမယ်လေ…"

စန့်ရှန်း ပြောလိုက်ပြီးနောက် ဖုန်းမျက်နှာပြင်ကို လက်ဖြင့် ခေါက်လိုက်သည်။ 


ဟို့မော့က မနေနိုင်ဘဲ မေးလိုက်သည်။

"ဆွေ့ဟို့ယွီနဲ့ ငါက ဘာမှ မလိုအပ်ပါဘူး... မင်းက ဘာတွေ ပေးမှာမို့လဲ... နျူကလီးယား လက်နက်လား…" 


စန့်ရှန်းက ဖုန်းကို ကောက်ကိုင်ကာ ဟို့မော့ကို ပြလိုက်သည်။

"အင်း... နောက်ဆို ဒီဂြိုလ်နှစ်ခုက မင်းတို့အပိုင်ပဲ... ဆွေ့ဟို့ယွီ နာမည်အောက်မှာ ထားလည်း ရတယ်နော်…" 


ဟို့မော့က ဖုန်းမျက်နှာပြင်ကို ပျင်းစရာကောင်းသည် မျက်နှာဖြင့် ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးမှ ဖုန်းမျက်နှာပြင်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဆွေ့ဟို့ယွီနဲ့ ငါက ဘာလို့ တအား ဝေးနေရတာလဲ…" 


"ဒါက ရန်ရှူကို ချော့ဖို့အတွက် မင်းရဲ့ လှည့်ကွက်များ ဖြစ်နေမလား…" 


"အင်း... ကောင်းကင်ပေါ်မှာ သူ့နာမည်နဲ့ ဂြိုလ်လေးခု ရှိနေပြီးသားပါ…" 


"သူတို့အားလုံးက နာမည်အတူတူ ရှိလို့ ရတယ်လား…" 


"သူတို့တွေက ရန်ရှူ၊ ရန်ရှူက ချစ်စရာကောင်းတယ်၊ ရန်ရှူ စိတ်မဆိုးပါနဲ့၊ ရန်ရှူက အကောင်းဆုံးပဲ လေ…" 


ဟို့မော့က နားထောင်ပြီးနောက် အချိန်အတော်ကြာအောင် ပြောစရာမဲ့သွားပြီးမှ မေးလိုက်သည်။

"သူကရော နာမည်အားလုံးကို ကြိုက်တယ်တဲ့လား…"


"ပထမနှစ်ခုက အဆင်ပြေပါတယ်... နောက်နှစ်ခုက သိပ်မကြိုက်ဘူး... ဒါပေမယ့် သူက အကြိမ်ရေအများကြီး စိတ်ဆိုးတတ်တဲ့သူဆိုတော့ ဂြိုလ်နာမည်ပေးတဲ့ နည်းလမ်းကို နှစ်ခါလောက်ပဲ သုံးလိုက်ရတယ်…" 


ဟို့မော့ လက်မြှောက်ကာ စန့်ရှန်း၏ ရေခွက်ကို ဆွဲယူလိုက်သည်။

"အရင် သွားတော့... ငါတို့ ပြည်ပမထွက်ခင် တစ်ရက်ကျမှ ငါတို့ လိုချင်တဲ့ဟာကို ပို့လိုက်မယ်... မင်း ရန်ရှူနဲ့ဆက်ဆံရေးကို ပြုပြင်သင့်နေပြီ... မင်းတို့နှစ်ယောက်တည့်ရင် ငါတို့အားလုံး အဆင်ပြေတယ်... မင်းတို့ ရန်ဖြစ်ရင် ကပ်ဘေးဆိုက်တာ ငါတို့ပဲ…"


"သိပါပြီ... ဒါဆို သွားတော့မယ်…"

စန့်ရှန်းက ဆက်မနေတော့ဘဲ အိမ်ကို တစ်ယောက်တည်း ပြန်သွားသည်။ 


တရုတ်တိုင်းရင်းဆေးကို သောက်ရန် အိမ်ပြန်ရမည်ပင်။ 


ဆွေ့ဟို့ယွီ၏ တိုက်ရိုက်ထုတ်လွှင့်မှု လူသိများစေရန် ရန်ရှူက ဝေ့ပေါ်တွင် အထူးတလှယ် ပိုစ့်တင်ကာ သူ့အစ်ကိုယွီ လိုက်ဖ်လွှင့်တော့မည် ဖြစ်ကြောင်း လူတိုင်းကို အသိပေးခဲ့သည်။ 


အဆုံးတွင် သူကိုယ်တိုင်က ကျောက်တုံးကို ခြေဖြင့်တိုက်မိသွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို မဝင်ရောက်နိုင်တော့ပေ။ ထိုအကြောင်းကြောင့် သူနှင့် ရှောင်ချီက ဖုန်းထဲသို့ ဝင်ရောက်နိုင်ရန် အလှည့်ကျ ကြိုးစားခဲ့ကြရသည်။ 


ရန်ရှူ ဝင်၍ရသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု စတင်နေပြီး ဟို့မော့က လေ့ကျင့်ရေးလုပ်ငန်းစဥ်ကို ရှင်းပြနေခဲ့သည်။ 


ကျားကုတ်ကျားခဲ ဝင်လာနိုင်သော်လည်း သူတွေ့လိုက်ရသည်က ဟို့မောင့် ဖြစ်နေသည်။ ရန်ရှူ အလွန် မပျော်မရွှင် ဖြစ်သွားသဖြင့် မှတ်ချက်တစ်ခု ရေးလိုက်သည်: [အစ်ကိုယွီကို တွေ့ချင်တယ်…] 


စကားပြောပြီးသွားသောအခါ အထူးပြုလုပ်ချက် လက်ဆောင်များ အတွဲလိုက်ပစ်လွှင့်လိုက်လေသည်။ 


[ဦးလေးကတော့ ကျယ်လောင်တဲ့ ကလစ်တစ်ချက်နဲ့ ပွဲဦးထွက်ပါပြီ…] 


[အစ်ကိုယွီသာ တိုက်ရိုက်ထုတ်လွှင့်မှု အကောင့် ရှိရင် ထိပ်ဆုံးက နံပါတ်တစ် ညီနောင်လေးက ငါတို့ ရှူရှူ ဖြစ်နေမှာ သေချာပေါက်ပဲ…] 


ရန်ရှူ၏ အသံနှင့် လက်ဆောင်များကို တွေ့လိုက်ရသည်ကြောင့် ဖြစ်မည်။ တိုက်ရိုက်ထုတ်လွှင့်မှု အဖွဲ့က ကင်မရာကို ချိန်ညှိပေးလိုက်ရာ ဘေးတွင်ထိုင်နေသည့် ဆွေ့ဟို့ယွီပါ ပါဝင်လာခဲ့သည်။ 


[အစ်ကိုယွီက တကယ့်ကို အသားဖြူပြီးတော့ ခြေတံရှည်တွေနဲ့ တကယ်လှတာ…] 


[အစ်ကိုယွီကို အဝေးခေါ်သွားရင် ရှူရှူက လိုက်မှာသေချာတယ်…] 


[ဦးလေးရဲ့ အာရုံစိုက်တာကို ရဖို့ ဘယ်လို လုပ်မလဲ... အစ်ကိုယွီကို ဆဲပါ…] 


[စစ်သည်တော်ရေ.... လုပ်ရဲလား…] 


[ဟားဟားဟား... မလုပ်ရဲပါဘူး…]


ရန်ရှူက ဖုန်းကိုင်ထားရင်း တိုက်ရိုက်ထုတ်လွှင့်မှုကို တစ်ခဏမျှ ကြည့်နေခဲ့သည်။ တင်ဆက်သူက အဆုံးတွင် ဆွေ့ဟို့ယွီအား အင်တာဗျူး စလုပ်ခဲ့သဖြင့် ရန်ရှူက အထူးပြုလုပ်ချက်လက်ဆောင်များ ပစ်လွှင့်ပေးလိုက်လေသည်။ 


ထိုအဖြစ်က အခြားဖန်များကို အားတက်စေ၍ထင်သည်။ ယင်းကို မြင်လိုက်ရသော ဖန်များစွာက လက်ဆောင်များအတွက် မဲပေးစနစ်များ စတင် လုပ်ဆောင်လေတော့သည်။ ချက်ချင်းဆိုသလို တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် အလွန်အမင်း စည်ကား သက်ဝင်နေလေတော့သည်။ 


အကျိုးသင့်အကြောင်းသင့် ပြောရလျှင် ဆွေ့ဟို့ယွီက ဟို့မော့ထက် ကျော်ကြားမှု နိမ့်သင့်ပေသည်။ 


ဟို့မော့က တစ်ဦးချင်းနှင့် နှစ်ယောက်တွဲ  နှစ်ခုလုံးတွင် တော်ပြီး အထူးသဖြင့် ပွဲတိုင်းနိုင်ခဲ့သည့် ဂုဏ်ပြုမှုလည်း ရထားသေးသည်။ သူ၏ ရုပ်ရည်အသွင်အပြင်ကလည်း ကြည့်ကောင်းနေပြီး ကိုယ်ရည်ကိုယ်သွေးကလည်း ချစ်မွှေးပါသူ ဖြစ်၏။ 


ထိုအခိုက် ဆွေ့ဟို့ယွီမှာ အမျိုးသား နှစ်ယောက်တွဲတွင်သာ ပါဝင်ခဲ့ပြီး အခြား ကစားနည်းများတွင် မပါဝင်ခဲ့သဖြင့် သူအပေါ် လူသိများမှုက အကန့်အသတ် ရှိနေသည်။ 


သို့သော်ငြား ဆွေ့ဟို့ယွီ၏ ကျော်ကြားမှုက အလွန်မြင့်မားနေဆဲ ဖြစ်ပြီး အဓိက အကြောင်းအရင်းမှာ သူက အလွန် သန်မာနေ၍ဖြစ်ပြီး ရုပ်ရည်ကလည်း အလွန်ချောမောသည်ကြောင့် ဖြစ်သည်။ မျက်ခုံးနှင့် မျက်လုံးများက အလွန် နူးညံ့နေပြီး မည်သည့် အပြစ်အနာအဆာမှ မတွေ့နိုင်ပေ။ 


ထို့အပြင် ဆွေ့ဟို့ယွီနှင့် ဟို့မော့တို့က CPဖန်များစွာ ရှိနေပြီး ဟို့မော့နှင့်အတူ ကင်မရာထက်တွင် မကြာခဏ ပါလာတတ်သည်။ 


ရန်ရှူက အမြဲတမ်း ဆွေ့ဟို့ယွီအကြောင်း ပြောနေတတ်သည့်အချက်ကိုကား ပြောစရာပင် မလိုတော့‌ပေ။ ထို့ကြောင့် ဆွေ့ဟို့ယွီက လူသိများလာရခြင်း ဖြစ်လေသည်။ 


ဆွေ့ဟို့ယွီ၏ အင်တာဗျူးချိန် ရောက်လာသောအခါ နေ့စဥ်လေ့ကျင့်ရေးများနှင့် အစောပိုင်း အတွေ့အကြုံများကို အကြမ်းဖျဥ်း ပြောပြခဲ့သည်။ 


နောက်ပိုင်း အဆင့်များတွင် ထင်ထားသည့်အတိုင်း ရန်ရှူလည်း ထည့်ပြောခံခဲ့ရသည်။ အဆုံးတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသူ အများစုမှာ သူနှင့် ပို၍ သက်ဆိုင်ကြလေသည်။ 


ဆွေ့ဟို့ယွီက သာမန်အသံအနေအထားဖြင့် ပြောလိုက်သည်။

"ရန်ရှူနဲ့ ကျွန်တော်က ကလေးဘဝကတည်းက သိခဲ့ကြတာလေ... အဲ့ဒီအချိန်တုန်းက ကျွန်တော်က အပိုအတန်းတွေလည်း အများကြီး စာရင်းပေးရတော့ အက၊ အသံ၊ သီချင်း အများကြီး သင်ခဲ့ရသေးတယ်... အဲ့ဒီကတည်းက သိခဲ့ကြတာပါ…" 


"အဲ့ဒီအချိန်တုန်းက လူတွေရဲ့ မျက်လုံးထဲမှာ ကျွန်တော်က သာမန် ကလေးတစ်ယောက် မဟုတ်ခဲ့ဘူး... စိတ်တိုလွယ်ပြီး ထိန်းမနိုင်တဲ့ ကလေးတစ်ယောက်ပေါ့... သူတစ်ယောက်တည်းကပဲ ကျွန်တော်နဲ့ အတူ ကစားပေးခဲ့တာပါ... ကျွန်တော်တို့က သူ့အိမ်ထဲမှာ အတူတူ ကစားလို့မရခဲ့ဘူး...  သူ့ကို  အိမ်ထဲမှာ ပိတ်ထားပြီး အပြင်ထွက်ဖို့ ခွင့်မပြုတဲ့အခါဆို အိမ်ကနေ ထွက်ပြေးလာပြီး ကျွန်တော့်ဆီ လာတတ်တယ်…" 



📽️