Part 191 (extra - 17)
မှတ်ဉာဏ်တွေထဲကနေ ပြန်ထွက်လာပြီးနောက် ချီကျန်းကျန်းက ဝမ်ယွီကိုကြည့်လိုက်ကာ သေချာနေသောအသံဖြင့်ပြောလာလေသည်
‘‘ယွီယွီ စိတ်မပူပါနဲ့ ဒါကတကယ်ကိုအဆင်ပြေပါတယ် ’’
ဝမ်ယွီက ခေါင်းငြိတ်ကာ ပြန်တုံ့ပြန်လိုက်တော့သည်။
အဲ့ဒီအချိန်တွင် ဝမ်နျန်ကရောက်လာတော့သည်။
‘‘မေမေ ၊မေမေ’’ အပြင်လူတွေရှေ့က တည်ငြိမ်မှုနဲ့ ယှဉ်ရင် ဝမ်နျန်က ချီကျန်းကျန်းရှေ့မှာတော့ တတွတ်တွတ်ပြောနေတတ်တဲ့ ကြက်တူရွေးလေးလိုပင်ဖြစ်သည်။
အထဲဝင်လာပြီးတာနဲ့ သူက သူ့အမေကိုအကြိမ်အနည်းငယ်ခေါ်လိုက်ပြီးမှသာ ဝမ်ယွီကို ကို့ရိုးကားရားနဲ့ ခေါ်လာတော့သည်
‘‘ဖေဖေ ’’
ဝမ်ယွီက ခေါင်းညိတ်ပြလိုက်ကာ ဘာမှမပြောလာပေ။
‘‘အမ် နျန်နျန် အခုကကျောင်းလွှတ်တဲ့အချိန်မရောက်သေးဘူးမဟုတ်လား၊ ဘယ်လိုဖြစ်လို့အစောကြီးပြန်ရောက်လာတာလဲ ’’
ချီကျန်းကျန်းက သူမဗိုက်ကိုထိန်းကိုင်ပြီး အချိန်ကိုကြည့်လိုက်ကာ မေးလိုက်လေသည်။
ဝမ်နျန်က အလေးအနက်ကိုရှင်းပြလာတော့သည်
‘‘ဘာလို့လဲဆိုတော့ သားကဒိုင်ယာရီရေးတာပြီးသွားလို့လေ ဆရာမကစောစောလွှတ်ပေးလိုက်တာ’’
‘‘အိုးး’’ ချီကျန်းကျန်းက ပြန်တုံ့ပြန်လိုက်ကာ ဘာမှမပြောတော့ပေ ။
သူမက ဝမ်နျန်ကိုဖက်ရန် လုပ်လိုက်လေသည်။
ဒါပေမယ့် သူမရဲ့ဝမ်းဗိုက်ကြီးကြောင့် အဲ့ဒါကနည်းနည်းတော့ အဆင်မပြေဖြစ်ရပေသည်။
ဝမ်နျန်က သူမကိုထိမိသွားမှာကြောက်လို့ မလှုပ်ရဲပေ။
‘‘မေမေ ဒီနေ့ရော ညီမလေးက လိမ်မာရဲ့လား’’
ဝမ်နျန်က လက်မြှောက်လိုက်ကာ ချီကျန်းကျန်းရဲ့ ဗိုက်ကိုညင်သာစွာထိကြည့်လိုက်လေသည်။
သူကအရမ်းထက်မြက်ပေမယ့်လည်း ဘာလို့သူ့အမေရဲ့ ဗိုက်ဖောင်းဖောင်းထဲမှာ ညီမလေးကရှိနေတာလဲဆိုတာ နားမလည်နိုင်ပေ။
ဒါပေမယ့်သူကထပ်မမေးနေတော့ပေ။ ဘာလို့လဲဆိုတော့ သေချာပေါက်ကို အနာဂတ်မှာသိလာမှာဘဲဖြစ်သည်။
‘‘အရမ်းလိမ္မာပါတယ်၊ ညီမလေးက နျန်နျန်လိုဘဲ လိမ္မာတယ် ’’
ချီကျန်းကျန်းအသံက နူးညံ့မှုတွေပါနေကာ ဝမ်နျန်ရဲ့ခေါင်းကို ညင်ညင်သာသာပုတ်လိုက်လေသည်။
ဝမ်နျန်က သူမဗိုက်ကိုထိလိုက်ကာ အလေးအနက်ပြောလာလေသည်
‘‘ညီမလေးရေ ၊အပြင်ထွက်လာတဲ့အခါ မေမေ့ကို သက်တောင့်သက်သာမဖြစ်အောင် မလုပ်ရဘူးနော်၊ မဟုတ်လို့ကတော့ ကိုကိုက ညီမလေးရဲ့ တင်ပါးသေးသေးလေးကိုရိုက်မှာ ’’
သူက သူမကိုစိုက်ကြည့်လိုက်ကာ ပေါက်စီလုံးလေးလို သူ့မျက်နှာသေးသေးလေးက ခက်ထန်သောအကြည့်လေးကို တင်ထားလေသည်။
ချီကျန်းကျန်းက မတတ်နိုင်ဘဲရယ်လိုက်တော့သည်။
‘‘စိတ်မပူပါနဲ့ နျန်နျန် ညီမလေးက ချင့်ချိန်တတ်ပါ
တယ် ’’
ချီကျန်းကျန်းက ချီးမွမ်းလိုက်လေသည်
ဒါပေမယ့် ဒီ'ချင့်ချိန်တတ်တဲ့' ညီမလေးက လောကကြီးထဲကို ဒီညမှာဘဲ စောစောစီးစီးထွက်လာလိမ့်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။
ချီကျန်းကျန်းက မီးဖွားခန်းထဲကို ဝင်သွားတဲ့အချိန်မှာ
ဝမ်ယွီနဲ့ဝမ်နျန်က အပြင်မှာစောင့်နေကြလေသည်။
အဖေနဲ့သား နှစ်ယောက်သား အတူတူထိုင်နေကြကာ မီးဖွားခန်းကို စိုးရိမ်နေသောမျက်နှာများနှင့် ကြည့်နေကြတော့သည်။
သူနာပြုတယောက်က သူတို့ကိုလာပြီးသတိပေးလာလေသည်။ ဝမ်ယွီက ဝမ်နျန်ကိုတွေးမိသွားကာ အက်ရှနေသောအသံဖြင့် ပြောလာတော့သည်
‘‘နျန်နျန် သားအရင်သွားပြီးအိပ်တော့လေ ၊ အဖေကဒီမှာဆက်စောင့်ကြည့်လိုက်အုံးမယ် ’’
‘‘မရဘူး ၊သားလည်းဒီမှာဘဲနေချင်တယ် ’’
ဝမ်နျန်က ပြန်ခုခံပြောလာလေသည်။
ဝမ်ယွီကလည်း ဘာမှထပ်မပြောနေတော့ပေ။
သူ့စိတ်က အခုချိန်မှာ ဗလာဖြစ်နေပေသည်။သူက စိုးရိမ်ဖို့ဘဲသိကာ အခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။
ပြီးတော့ ဝမ်နျန်ကလည်း ကိုယ်ပိုင်အတွေးနဲ့ ယောက်ျားတစ်ယောက်ပင်ဖြစ်သည်။သူက အထဲသွားပြီး မအိပ်ချင်ပေ။သူက သူ့အမေနဲ့ညီမလေးဘေးတွင်သာ ရှိနေချင်ပေသည်။သူ့ကို သူလေးစားပေးသင့်သည်။
ဝမ်ယွီကအဲ့ဒါပြီးတော့ တနှစ်လောက်ကြာသွားသလိုပင် ခံစားလိုက်ရတော့သည်။
ဝမ်နျန်ကို မွေးတုန်းကဆို သူကမီးဖွားခန်းထဲမှာ ကလေးမွေးတဲ့ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ရတာဖြစ်သည်။အဲ့ဒီအချိန်တုန်းကဆို သူကပြိုလဲကျတော့မလိုပင်ဖြစ်သည်။
ချီကျန်းကျန်းက ကလေးမွေးပြီး ဝမ်ယွီကိုတွေ့လိုက်ရတဲ့အခါ သူ့မျက်နှာက မျက်ရည်တွေနဲ့ ဖုံးနေရုံတင်မကဘဲ သူ့လက်တွေကပါ သွေးထွက်နေသည်ကိုတွေ့လိုက်ရပေသည်။
အဲ့ဒါကြောင့်မို့လို့ သူမကဒုတိယကလေးမွေးတဲ့အခါ သူ့ကိုအထဲလိုက်ခွင့်မပြုတော့ပေ။ပြီးတော့ ဝမ်နျန်ကလည်း အပြင်မှာဆိုတော့ ဂရုစိုက်ပေးဖို့လိုပေသည်။ချီကျန်းကျန်းက မီးဖွားခန်းထဲကို တယောက်တည်းဝင်သွားခဲ့ပေသည်။
ဝမ်ယွီက အခုချိန်မှာ သူမဘယ်လောက်တောင်နာကျင်နေရမလဲဆိုတာ သိပေသည်။တကယ်လို့ဒါကိုသာ မနာကျင်ဘူးလို့ပြောမယ်ဆိုရင် နာကျင်မှုဆိုတာရှိတော့မှာမဟုတ်ပေ။ သူကမမြင်နေရရင်တောင်မှ ရင်ကွဲသလိုခံစားနေရပေသည်။
သူမသေချာပေါက် ကလေးထပ်ယူလို့ မရတော့ဘူး
ဝမ်ယွီက ကျိန်ဆိုလိုက်လေသည်။
တကယ်တော့ ဒီကလေးက မွေးရတာ အတော်လေး လွယ်ကူပေသည်။ကလေးကမကြီးပေ။
ညဆယ့်နှစ်နာရီကျော်ပြီး မနက်စောစောအချိန်လောက်မှ မီးဖွားခန်းတံခါးကပွင့်လာကာ သူနာပြုက ကလေးကိုချီထုတ်လာတော့သည်။
‘‘ဂုဏ်ယူပါတယ်ရှင် အဲ့ဒါက 2.5kg ရှိတဲ့သမီးလေး
ပါ ’’
ဝမ်ယွီနဲ့ ဝမ်နျန်၊လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက်တို့က သူနာပြုရှေ့ကိုအလျင်အမြန်ဘဲ ပြေးလာကြတော့သည်။ဝမ်ယွီက စိုးရိမ်တကြီးနဲ့မေးလာလေသည်
‘‘ကျန်းကျန်းဘယ်မှာလဲ၊ ကျန်းကျန်းအဆင်ပြေရဲ့
လား ’’
စိုးရိမ်နေပြီး ပူပန်နေတဲ့ လူကြီးနဲ့ ကလေးတို့ရဲ့ အမူအရာက သူနာပြုကို အနည်းငယ် ကြက်သေ
သေသွားစေလေသည်။အဲ့ဒီနောက်မှ သူမကအပြုံးတခုကိုဖော်ပြလိုက်တော့သည်
‘‘မိခင်ကနေကောင်းပါတယ်၊သူမက ကျန်းမာပြီးတော့ ဒေါင်ဒေါင်မြည်ပါဘဲ ’’
သူနာပြုက သူမရင်ထဲတွင် သက်ပြင်းချလိုက်တော့သည်။ဒီမိသားစုက တကယ့်ကိုနွေးထွေးပြီးတော့ ပျော်ရွှင်စရာကောင်းပေသည်။
ချီကျန်းကျန်းက အိပ်ပျော်သွားတာဖြစ်သည်။သူမနိုးလာတဲ့အချိန်မှာ ဝမ်ယွီကသူမအိပ်ရာဘေးမှာစောင့်နေပြီး သူမကိုမျက်တောင်မခတ်ဘဲ ကြည့်နေတာကိုတွေ့လိုက်ရလေသည်။
သူမနိုးလာတာကို မြင်တဲ့အခါ သူ့နှုတ်ခမ်းထောင့်တွေက တွန့်တက်လာကာ အပြုံးတစ်ခုကိုဖော်ပြလာတော့သည်။
‘‘ကလေးတွေက ဘယ်မှာလဲ ’’
ချီကျန်းကျန်းက မေးလိုက်လေသည်။
‘‘သားကြီးကိုတော့ထွက်သွားပြီးနားဖို့ ကိုယ် ပြောထားတယ် သူကအခု အခြားအခန်းမှာအိပ်နေတယ် ’’
ဝမ်ယွီက ဘေးကိုကြည့်လိုက်ကာ ညင်သာစွာပြောလာလေသည်
‘‘ဒုတိယကလေးကတော့ အိပ်နေတုန်းဘဲ၊ ကလေးမလေးက ကျန်းမာရေးကောင်းပါတယ်’’
ချီကျန်းကျန်းက ကလေးကိုကြည့်လိုက်လေသည်။
အခုမှမွေးလာတဲ့ကလေးက အရမ်းအရမ်းကိုသေးပေသည်။အဲ့ဒါကို ကြည့်ကောင်းတယ်လို့ပြောလို့မရပေမယ့် ချီကျန်းကျန်းရဲ့ရင်ထဲမှာ နွေးထွေးသွားတော့သည်။
သူမက ကလေးကိုကြည့်လိုက်ပြီး နူးညံ့စွာပြောလိုက်လေသည်
‘‘ဆွေ့ဆွေ့၊ ရှင်သူ့ကို ဆွေ့ဆွေ့ လို့ ခေါ်ပေးလို့ရမလား’’
‘‘ဟုတ်ပါပြီ ’’
သူက သူမကို ဘယ်တော့မှငြင်းဆန်မှာမဟုတ်ပေ။
ချီကျန်းကျန်းက ပြုံးလိုက်တော့သည်။နျန်နျန်၊
ဆွေ့ဆွေ့နဲ့ ဝမ်ယွီတို့က သူမရဲ့ရိုးသားစစ်မှန်ဆုံးသော တောင်းတမှုများပင်ဖြစ်ပေသည်။
သူတို့က သူမဘဝမှာ ဂရုအစိုက်ရဆုံးလူသုံးယောက်လည်း ဖြစ်ကြပေသည်။
xxxxxx