အပိုင်း ၃
Viewers 14k

သုံးနှစ်ခွဲအရွယ်ဗီလိန်မလေး (3)


ထိုအချိန်မှစ၍ ကျန်းရှောင်မိန် စနစ်နှင့် အနာဂတ်အကြောင်း လုံးဝထပ်မပြောတော့ပေ။


သူမဘာသာသူမ နည်းလမ်းရှာရတော့သည်။


ကျန်းဟွေ့မိန်က သူမကို ကျောင်းသို့ခေါ်သွားပြီးနောက် ပေါက်စီနှင့် မန်ထိုများ(1) ကိုစတင်၍ ပေါင်းတော့သည်။ ထိုအချိန်တွင် အခြား အဘွားနှစ်ယောက်သည်လည်း ရောက်လာပြီဖြစ်ကာ တစ်ယောက်က ပဲနို့ကြိုပြီး နောက်တစ်ယောက်က အသီးအရွက်များ ရေဆေးလိုက်သည်။ 


ပေါက်စီ ကို အစာသွပ်ရန် ပစ္စည်းများကို ညကတည်းက ပြင်ပြီးသားဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ပေါင်းခံခြင်းထဲ ထည့်လိုက်ရုံသာဖြစ်ပြီး ဘာမှ ဆက်လုပ်စရာမလိုပေ။ ကျန်းဟွေ့မိန် အလုပ်ရှုပ်နေ၍ ကျန်းရှောင်မန်ကို ထမင်းစားစားပွဲတွင် ထိုင်ခိုင်းကာ သူမဘာသာဆော့ခိုင်းထားသည်။


သူမက အလွန်လိမ္မာသည့်ကလေးဖြစ်ပြီး မည်သူ့ကိုမှ စိတ်ပူအောင်မလုပ်ဖူးပေ။ တစ်ခါတစ်ရံတွင် သူမက ထိုသို့တစ်နေကုန် ထိုင်နေရလေ့ရှိသည်။ အခြားလူများက ကျန်းရှောင်မန်ကို လိမ္မာပြီး သိတတ်ကာ ငြိမ်ငြိမ်လေးနေတတ်သည့် ကလေးဟု ပြောကြသည်။ သူမငြိမ်သွားသည့်အချိန်တိုင်း စနစ်နှင့်စကားပြောနေသည်ဖြစ်ကြောင်း သူမသာသိသည်။ 


သို့သော် ယနေ့တွင် သူမအတော်လေး စိတ်ဓာတ်ကျနေသည်။


စနစ်ကလည်း ငြိမ်နေပြီး စကားတစ်လုံးပင် မပြောပေ။ 


ကျန်းရှောင်မန်၏ နူးညံ့ဖြူဖွေးသော မျက်နှာလေးက စိတ်ရှုပ်လွန်း၍ ရှုံ့မဲ့နေသည်။ သူမ၏ဦးလေး ဘယ်ကိုသွား၍ ဘာတွေလုပ်နေမှန်း သူမ မသိပေ။


အဘွားက သူမဦးလေးကို အိမ်ပြန်မလာ၍ အမြဲတမ်းဆူလေ့ရှိပြီး သူမတုတ်ချောင်းတစ်ချောင်း(2)ကိုသာ မွေးခဲ့ရမှာဟု ပြောလေ့ရှိသည်။ သို့သော် ဦးလေးက အိမ်ပြန်လာတိုင်း သူမအတွက် မြို့ပေါ်တွင်သာရှိသော မုန့်များနှင့် ချိုချဉ်များ ဝယ်လာပေးလေ့ရှိသည်။ ထိုအထဲတွင် ချောကလက်ဟုခေါ်သော သူမအကြိုက်ဆုံး မုန့်ပါ ပါလာလေ့ရှိသည်။


ကျန်းရှောင်မိန်က သူ့ကိုအရမ်းချစ်၍ လုံးဝမသေစေချင်ပေ။


"ဘွားဘွား..."

ကျန်းရှောင်မိန် စဉ်းစားမိလေလေ ငြိမ်ငြိမ် မထိုင်နိုင်တော့လေဖြစ်လာသည်။ သူမ မီးဖိုချောင်ဆီသွားကာ တံခါးနားမှနေ၍ မေးလိုက်သည်။

"ဦးဦးက ဘာလို့ပြန်မလာသေးတာလဲဟင်..."


ကျန်းရှောင်မန်ဆီမှ သူမ၏ မသိတတ်သော သားအကြောင်း ကြားလိုက်သောအခါ ချက်ချင်းနှာမှုတ်၍ ပြောလိုက်သည်။

"သူ ပြန်မလာလေ ကောင်းလေပဲ... သူ အပြင်က တစ်နေရာရာမှာ သေနေပြီနေမှာပေါ့... အမြဲတမ်း သူ့ရဲ့မကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ပတ်သွားနေတာ... အပြင်မှာသေနေရင် သူ့အသုဘကို မလုပ်ပေးရလို့ ပိုတောင်ကောင်းသေးတယ်... ဟွန့်..."


သူမ ပုန်မှန်လို ဆူဆဲပြီးနောက်တွင် ကျန်းရှောင်မန်လေးက သနားစရာကောင်းအောင် ငိုနေပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် သူမကိုကြည့်နေသည်။ ကလေးမလေး၏ မျက်လုံးလေးများက ရေစိုနေသောစပျစ်သီးလေးများလို စွတ်စိုနေပြီး ၎င်းက ကျန်းဟွေ့မိန်၏နှလုံးသားကို နာကျင်သွားစေသည်။


"ဘာဖြစ်လို့လဲ..."

ကျန်းဟွေ့မိန် သူမလက်ကိုသုတ်ကာ ကလေးမလေးနား ပြေးသွားလိုက်သည်။


ကျန်းရှောင်မန်လေးက ရှိုက်ငိုရင်း ဖြေလိုက်သည်။

"သမီး...သမီး ဦးဦးကို မသေစေချင်ဘူး... မသေစေချင်ဘူး... ဦးဦးကို အိမ်ပြန်လာစေချင်တယ်... သမီးအိပ်မက်ထဲမှာ ဦးဦးကိုတွေ့ခဲ့တယ်... ကြောက်စရာကြီးပဲ... သမီး... သမီး... သူ့ကို ပြန်လာစေချင်တယ်..."


ကလေးက သနားစရာကောင်းလောက်အောင် ငိုကြွေးနေသဖြင့် ကျန်းဟွေ့မိန်က ဤသို့သာ ပြောလိုက်ရတော့သည်။

"ဟုတ်ပါပြီကွယ်... ဘွားဘွား သူ့ကို မသေခိုင်းတော့ဘူးနော်... ခဏလေးစောင့်ဦး ဘွားဘွား ဒီပေါက်စီတွေ ပေါင်းပြီးတာနဲ့ ဦးဦးကိုဖုန်းခေါ်ပြီး ဘယ်ရောက်နေလဲ မေးလိုက်မယ်နော်...."


ကျန်းရှောင်မိန်က ငိုနေရာမှ ပြုံးသွားပြီး သူမ၏ အဘွားကိုနမ်းလိုက်သည်။


ကျောင်းတွင် ကလေးများများစားစားမရှိ၍ သူမ အများကြီးပြင်ဆင်စရာမလိုပေ။ ကျန်းဟွေ့မိန် ပေါင်းအိုးကို ပိတ်လိုက်ပြီး သိမ်းဆည်းလိုက်တော့သည်။


သူမ၏ ကံဆိုးရှာသည့် သားအကြောင်းကို တွေးမိသောအခါ သူမ စိတ်တိုလာတော့သည်။ သူမ သေချာတွေးကြည့်သောအခါ ယခုအခေါက် သူပြန်လာရန် လိုသေးကြောင်း သိလိုက်ရသည်။ ကျန်းရှင်း ယခု အခေါက် ထွက်သွားသည်မှာ အတော်လေး ကြာနေပြီဖြစ်သည်။


မနက်စာ စားပြီးနောက်တွင် ကျန်းဟွေ့မိန်က ကျန်းရှောင်မန်ကိုခေါ်ကာ ကျောင်းအုပ်ကြီးရုံးခန်းကိုသွား၍ ဖုန်းငှားဆက်လိုက်သည်။


ကျန်းဟွေ့မိန်က ကပ်စေးနှဲသူဖြစ်ကာ အိမ်တွင် ဖုန်းဆက်ရမည့်လူမရှိ၍ ဖုန်းပင်မဝယ်ထားပေ။ သို့သော် ကျန်းရှင်းက ခေတ်စားသည်များနှင့် ဖက်ရှင်တိုင်းကို သဘောကျကာ အခြားအရာများထက် ဖုန်းတစ်လုံးကို ဝယ်ထားသည်။ ထို့ကြောင့်သာ သူ့ကိုဆက်သွယ်ချိန်တိုင်းအဆင်ပြေပြေ ဆက်သွယ်နိုင်ခြင်းဖြစ်သည်။


ဖုန်းဝင်ပြီး ခဏမျှအကြာတွင် တစ်ဖက်မှ ဖုန်းကိုင်လာသည်။


ကျန်းဟွေ့မိန်က ချက်ချင်းလက်ငင်းပြောလိုက်သည်။

"မသိတတ်တဲ့သားမိုက် နင်ဘယ်မှာလဲ... အိမ်ကိုပြန်မလာတော့ဘူးလားပြော... ရှောင်မန်က နင့်ကိုလွမ်းနေပြီတဲ့ အခုဘယ်ကိုရောက်နေပြီလဲ... အိမ်ပြန်လာပြီး နင့်အမေ နင် မြန်မြန်လာတွေ့စမ်းပါ..."


အခြားတစ်ဖက်မှလူက ခဏမျှငြိမ်သက်သွားပြီး အမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

"ဟဲလို အဲ့ဘက်က လူနာရဲ့မိသားစုလားဆိုတာ မေးလို့ရမလားရှင်... ကျေးဇူးပြုပြီး မြို့ကဆေးရုံကို လာခဲ့ပေးပါ... ဖုန်းပိုင်ရှင်က အခုလောလောဆယ် အရေးပေါ်ခန်းထဲမှာ ကုသခံနေရပါတယ်....."


T/N :

1. နှစ်ခုစလုံးက ဘန်းကိတ်တွေပါပဲ။ ပေါက်စီမှာက အဆာသွပ်တာပါပြီး မန်ထိုမှာက အဆာသွပ်တာမပါတာပဲ ကွာပါတယ်

2. တစ်ယောက်ယောက်ကို တုတ်ချောင်းလို့ခေါ်တာက အဲ့လူက တကယ်ကြီး သုံးစားမရတဲ့လူမှခေါ်တာပါ။ အဘွားက သူ့သားကို တကယ့်တုတ်ချောင်းထက်တောင် ဆိုးတယ်လို့ ပြောခဲ့တာပါ။