Chapter 4
ကျန်းဟွေ့မိန် အေးခဲသွားကာ နေရာတင် မေ့လဲကျလုနီးပါးဖြစ်သွားခဲ့သည်။
သူမ၏မူးဝေနေသောစိတ်ထဲတွင် စိုးရိမ်ပူပန်မှုနှင့် ဒေါသတို့ ရောထွေးနေသည်။ သူမက သူမသားကို ကောင်းမွန်သည့်အရာများကို ရရှိအောင် မကြိုးစား၍ မုန်းပေသည်။ သူနှင့် သူ၏မကောင်းသည့် သူငယ်ချင်းအုပ်စုက ကောင်းသည့်ကိစ္စဆိုမလုပ်ပဲ ပြဿအမြဲရှာတတ်ကြသည်။ ယခုတွင် သူမပါ ထိုကိစ္စထဲ ဆွဲသွင်းခံလိုက်ရပြီဖြစ်သည်။
ကျန်းဟွေ့မိန် အိမ်သို့မြန်မြန်ပြန်၍ သူမ၏ပစ္စည်းများကို ထုတ်ပိုးကာ စုထားသမျှအကုန်ယူခဲ့လိုက်သည်။ ထိုသည်ကိုပင် လုံလောက်သေးမည် မထင်၍ အိမ်နီးချင်းများထံကပါ ချေးငှားလိုက်သည်။
အိမ်နီးချင်းဆိုသည်က သူမနှင့် မကြာခဏစကားပြောတတ်သည့် သူငယ်ချင်းဟောင်းတစ်ယောက်ဖြစ်သည်။ ယခု ကျန်းမိသားစု ပြဿနာတက်ချိန်တွင် သူမက ဘာမှမပြောတော့ဘူး ယွမ်နှစ်ထောင်ချေးပေးလိုက်သည်။
"အစ်မကြီး... အရမ်းမစိုးရိမ်နဲ့... သူအဆင်ပြေလောက်မှာပါ... သူဆေးကုသပြီးတာနဲ့ ဒီကိုသာပြန်ခေါ်လာခဲ့တော့... အနာဂတ်မှာ သူ့ကိုစည်းကမ်းတင်းကြပ်ပြီး ပြဿနာမရှာခိုင်းနဲ့တော့...."
ကျန်းဟွေ့မိန် ခေါင်းငြိမ့်ကာ မျက်ရည်အဝိုင်းသာဖြင့် ပြန်ပြောလိုက်သည်။
"ငါ့အစား ရှောင်မန်လေးကို ကြည့်ပေးထားပါဦးနော်... သူက အရမ်းကို လိမ္မာတဲ့ကလေးမလေးပါ... ငါနောက် ရက်နည်းနည်းကြာရင် ပြန်လာခဲ့မှာပါ...."
ထိုအိမ်နီးချင်းက လုံးဝစနိုးစနောင့်မဖြစ်ပေ။
ကျန်းရှောင်မန်က ဆေးရုံလိုက်သွားချင်သော်လည်း ယခုအချိန်တွင် ကျန်းဟွေ့မိန်က သူမကို ဂရုမစိုက်နိုင်ပေ။ ထို့ကြောင့် သူမကို အိမ်တွင်သာနေရန် အဆက်မပြတ်ပြောခဲ့ပြီး ဘယ်မှမသွားရန်ပြောခဲ့သည်။
အခြားရွေးချယ်စရာမရှိ၍ ကျန်းရှောင်မန် လုပ်နိုင်သည်မှာ တံခါးဝတွင် ထိုင်ပြီး ငိုရုံသာတတ်နိုင်သည်။
သူမငိုသည့် အချိန်တွင် အခြားကလေးများလို အော်ဟစ်ခြင်းမရှိပေ။ သူမ၏မျက်ရည်များကို တိတ်တဆိတ်ကျဆင်းစေပြီး သူမ၏မျက်တောင်ထူထူများက မျက်ရည်များတွဲခိုနေကာ ခပ်ဖွဖွသာ ရှိုက်ငိုလေသည်။ ထိုသည်ကို ကြည့်မိသည့် မည်သူမဆို သနားသွားမည်သာဖြစ်သည်။
အိမ်နီးချင်းအဘွားကလည်း ကျန်းရှောင်မန်လေး ကြီးပြင်းလာသည်ကို ကြည့်ခဲ့ရသူဖြစ်သည်။ သူမလေးက အလွန်လိမ္မာပြီး နာခံတတ်ကာ သူမ၏မျက်နှာလေးကလည်း ဖြူဖွေးနူးညံ့နေကာ ကျောက်စိမ်းတုံးလေးပေါ်တွင် အနီရောင် ပေါင်ဒါဆင်မြန်းထားသကဲ့သို့ ချစ်စဖွယ်လေးဖြစ်သည်။ ဤမြို့ရှိ အခြားကလေးများက သူမလောက် ကြည့်မကောင်းလှပေ။ သူမလေး ဤကဲ့သို့ ငိုနေသည်ကို မြင်ပြီး သူမပါ စိတ်လက်မချမ်းမသာဖြစ်လာမိပြီး သက်ပြင်းချလိုက်သည်။
"ရှောင်မန်လေးက လိမ္မာပါတယ်... ဟုတ်တယ်မလား... သမီးတို့ မိသားစုရဲ့ ဘဝက မကြာခင် ပိုပြီးခက်ခဲကြမ်းတမ်းတော့မှာ ဘွားဘွားကို စိတ်တိုအောင် မလုပ်နဲ့တော့နော် သိလား..."
ထိုသို့ပြောပြီး ဝေါ်ဝေါ်ထို့(1)တစ်ခုကို ကျန်းရှောင်မန်လက်ထဲ ထည့်ပေးပြီး ချော့လိုက်သည်။
ကျန်းရှောင်မန်က ခေါင်းလေး ငြိမ့်ကာ သူမကို ကျေးဇူးတင်လိုက်သည်။
သူမထွက်သွားပြီးနောက်တွင် ကျန်းရှောင်မန်က စနစ်ကိုမေးလိုက်သည်။
"ဦးဦးစနစ်... သမီးရဲ့ဦးလေး ပြန်လာမှာလားဟင်...."
စနစ်ဆိုသည်က ခံစားချက်မဲ့သည့် စနစ်သာဖြစ်၍ အမှန်အတိုင်းဖြေလိုက်သည်။
"ပြန်မလာဘူး...."
"ဒါပေမဲ့ ဘွားဘွားက သူ့ကို ကူညီပေးဖို့ သွားပြီလေ...."
စနစ်က အေးစက်စွာဆက်ပြောလိုက်သည်။
"မင်းရဲ့အဘွားက သူ့ရဲ့ အခေါင်းဖိုးကိုပါ ယူသွားခဲ့တာ... ဒါပေမဲ့ မလုံလောက်သေးဘူး... အနာဂတ်မှာ မင်းရဲ့ဘဝက ပိုပိုပြီး ခက်ခဲဆင်းရဲပြီး စိတ်သောကရောက်ရတော့မှာ...."
ကျန်းရှောင်မန်က အခေါင်းဖိုးဆိုသည်ကို နားမလည်ပေ။ ခက်ခဲသည့် အချိန်များဆိုသည်ကိုလည်း နားမလည်ပေ။ အဘွားက သူမကိုစိတ်သောက ရောက်ရသည့် အရာများအကြောင်း တစ်ခါမှ မငြီးငြူပြခဲ့ဖူးချေ။
ကျန်းရှောင်မန်၏ ဦးနှောက်လေးက စတင်တွေးတောလိုက်သော်လည်း သူမက ရိုးရိုးရှင်းရှင်း အဖြေတစ်ခုကိုသာ စဉ်းစားမိသွားသည်။
"သမီးတို့ ပိုက်ဆံတွေ လုံလောက်ရင် ဦးလေးက မသေတော့ဘူးမလား..."
"အဲ့တာက သူ့ကို အသက်နည်းနည်းပိုရှည်အောင်ပဲ လုပ်ပေးနိုင်မှာ...."
ပိုက်ဆံဖြင့် အသက်ကိုဝယ်ယူခြင်းဖြစ်သည်။ သိပ္ပံပညာကိုအသုံးပြုပြီး အကောင်းဆုံးသော ဆေးပညာပစ္စည်းများဖြင့် အသက်ရှည်အောင်ပြုလုပ်၍ ရပေသည်။ သို့သော် ၎င်းက အသက်ကို ခဏမျှဆွဲဆန့်ထားခြင်းသာဖြစ်သည်။
အချိန်စေ့သည်နှင့် သေရမည့်လူက သေမည်သာဖြစ်သည်။
စနစ်ကပြောသည်ကို ကြားသောအခါ ကျန်းရှောင်မန်၏မျက်နှာလေးက ချက်ချင်းဝင်းပလာပြီး မေးလိုက်သည်။
"ဦးဦး စနစ်မှာ ပိုက်ဆံရှိလာဟင်...."
"ရှိတယ်... မင်းရဲ့ အမှတ်တွေနဲ့ လဲပေးလို့ရတယ်..."
စနစ်တွင် ပိုက်ဆံများရှိပေသည်။ ၎င်း၏ လဲလှယ်မှုနှုန်းဖြင့် ပိုက်ဆံဆိုသည်မှာ တန်ဖိုးပင် မရှိပေ။ အဘယ်ကြောင့်ဆိုသော် အစီအစဉ်အတိုင်း ကျန်းရှောင်မန် သူမမိဘအိမ် ပြန်ရောက်သည့် အချိန်မှ စနစ်နှင့် ချိတ်ဆက်မိလျှင် သူမတွင်ချို့တဲ့နေသည့် အရာမှာ အချစ်နှင့် ကိုယ်ကိုကိုယ်တန်ဖိုးထားလေးစားမှုသာဖြစ်ပြီး ပိုက်ဆံက အပေါဆုံးသာဖြစ်သည်။ ယခုလက်ရှိ ငယ်ရွယ်နေဆဲဖြစ်သော ဗီလိန်မလေးအတွက် ပိုက်ဆံဆိုသည်မှာ ချိုချဉ်ဝယ်လို့ရသည့် အရာသာဖြစ်သည်။ သူမစိတ်ထဲတွင် ပိုက်ဆံက ချိုချဉ်များလောက် အရေးမပါပေ။ ထို့ကြောင့် ကျန်းရှောင်မန်က စနစ်ဆီက ပိုက်ဆံလဲရန် တစ်ခါမှ မတွေးမိခြင်းဖြစ်သည်။
ယခုတွင် ကျန်းရှောင်မန်က ဘာလုပ်ရမလဲသိသွားပြီဖြစ်သည်။ သူမ အမှတ်များကို ပိုက်ဆံဖြင့် လဲလိုက်ပါက သူမ၏ဦးလေးကို ကယ်နိုင်သွားမည်ဖြစ်သည်။
သို့သော်...
စနစ်က ချက်ချင်းလက်ငင်း သူမခေါင်းပေါ်ရေအေးများ လောင်းချလိုက်သည်။
"ပိုင်ရှင်မှာ.. အမှတ်လုံလုံလောက်လောက်မရှိပါဘူး..."
အိုး.. အိုး...ဟုတ်သားပဲ သူမမှာ အမှတ် တစ်မှတ်မှ မရှိတော့ဘူးလေ.... သူမအတွက် အမှတ်တွေ ရလာဖို့က ခက်လိုက်တာနော်....
ကျန်းရှောင်မန်က စနစ်၏စကားကို စိတ်ထဲပင် မထားဘဲ အိမ်ထဲပြေးဝင်သွားလိုက်သည်။
သူမစုဆောင်း ကွယ်ဝှက်ထားသည်များကို ထုတ်ကာ သံသေတ္တာတစ်ခုထဲမှ အရောင်စုံချိုချဉ်လက်တစ်ဆုပ်ကို ထုတ်ပေးလိုက်သည်။
"သမီး ဒီချိုချဉ်တွေကို အမှတ်တွေနဲ့လဲမယ်...."
T/N -
1. ဝေါ်ဝေါ်ထို့ (wowotou) ဆိုတာကပြောင်းဖူး ပေါင်မုန့်ပေါင်းပါ။
အသံထွက်မှားယွင်းသည်ရှိသော် လာပြောပေးပါ ပြင်ပေးပါမယ်... google translateကအသံကို ယူထားတာပါ...