Chapter 5
ထိုအရာများက သူမ၏ လျှို့ဝှက်စုဆောင်းရာလေးများဖြစ်ကြပေသည်။ သူမ စနစ်ဆီမှ လဲလှယ်ထားခဲ့သော ချိုချဉ်များအားလုံးကို မစားနိုင်ပေ။ ထို့ကြောင့် ဘွားဘွားက သူမကို ချိုချဉ်မကျွေးသည့်အချိန်တွင် အရံသင့်စားရန် တစ်ခုခုရှိနေရန်အတွက် သိမ်းထားလိုက်သည်။ သူမထိုသို့ သိမ်းထားသည်ကို ကိုယ့်ကိုကိုယ် ဉာဏ်ကောင်းလွန်းလှသည်ဟု တွေးလိုက်မိသည်။ ယခုတွင် သူမစုဆောင်းထားသော ချိုချဉ်များက အသုံးဝင်လာလေပြီ။
ကျန်းရှောင်မန်လေး၏အသံက ရိုးသားမှုတို့ ပြည့်လျှံနေသည်။ စနစ်က ခဏမျှတိတ်ဆိတ်သွားပြီး အေးစက်စွာ ငြင်းဆန်လိုက်သည်။
"ငါမလိုချင်ဘူး..."
"ဘာလို့လဲ...."
ကျန်းရှောင်မန် မေးလိုက်သည်။
"စနစ်ဆိုတာက စားဖို့မလိုအပ်ဘူး... ဒီတော့ ချိုချဉ်တွေက ငါ့အတွက် အသုံးမလိုဘူး... ပြီးတော့ ဒီချိုချဉ်တွေက မင်းငါ့ဆီကနေ လဲထားခဲ့တာတွေလေ. အခုတော့ အမှတ်တွေနဲ့ ပြန်လဲချင်လို့ ရမယ်တဲ့လား...."
ကျန်းရှောင်မန်လေး စိတ်ရှုပ်ထွေးသွားရပြန်သည်။
"သမီးရဲ့အမှတ်တွေနဲ့ ဦးဦးရဲ့ချိုချဉ်တွေလဲလို့ရတယ်လေ... အခုကြတော့ သမီးရဲ့ချိုချဉ်တွေနဲ့ ဦးဦးရဲ့အမှတ်တွေကြတော့ ဘာလို့လဲလို့ရမတာလဲ..."
ပုံမှန်ဆိုလျှင် အိမ်၌ဆန်မရှိတော့လျှင် ဘွားဘွားက အိမ်နီးချင်းအဘွားအိမ်ကို သွား၍ ပြောင်းဆန်နှင့် လဲလေ့ရှိသည်။ အကယ်၍ သူမပြောင်းဖူးပေါင်မုန့် စားချင်ပြီး အိမ်တွင်လည်း ဆန်အပိုအလျှံလေးများရှိလျှင် ဆန်နှင့် ပြောင်းဆန်ကိုလဲလေ့ရှိသည်။
ဒါနဲ့အတူတူပဲ မဟုတ်ဘူးလား... ဘာလို့အလုပ်မဖြစ်ရတာလဲ...
စနစ်ခင်ဗျာ ခေါင်းပင်ကိုက်သွားရသည်။ သူကဲ့သို့သော AIပင်လျှင် ရူးတော့မည်ဟုခံစားနေရသော်လည်း အပြင်းအထန်ငြင်းဆန်နေပေသည်။
"မရဘူး..."
သူ၏ အတွေးအခေါ် ပရိုဂရမ်ပင် ရှုပ်ထွေးစပြုလာသော်လည်း အလျှော့မပေးပဲ ငြင်းဆိုလေသည်။
"မရဘူး...."
ကျန်းရှောင်မန် မျက်တောင်ခတ်လိုက်ပြီး မျက်ရည်များထပ်မံကျဆင်းလာပြန်သည်။
စနစ်က ခဏမျှတိတ်ဆိတ်သွားပြီး ၎င်း၏ ဧရာမဗဟုသုတကိုအခြေခံပြီးသင့်တော်ဆီလျှော်သော ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့သွားခဲ့သည်။
"အောင်မြင်တဲ့ လဲလှယ်ခြင်းဆိုတာ လဲလှယ်သူနှစ်ဦးနှစ်ဘက်လုံးက တစ်ယောက်ဆီရဲ့ ကုန်ပစ္စည်းရဲ့ တန်ဖိုးကို သဘောကျလက်ခံတာမျိုးပါ... မင်း ငါ့ရဲ့ချိုချဉ်တွေနဲ့ လဲလှယ်ချင်တုန်းက ငါကမင်းရဲ့အမှတ်တွေကို အသိအမှတ်ပြုလက်ခံပြီး လိုချင်ခဲ့တယ်... ဒါကြောင့် လဲလှယ်မှုက ချောချောမွေ့မွေ့ပြီးဆုံးသွားခဲ့တယ်... ဒါပေမဲ့ အခု မင်းကငါ့ရဲ့အမှတ်တွေကို လိုချင်တယ် ဒါပေမဲ့ ငါကတော့ မင်းရဲ့ချိုချဉ်တွေရဲ့ တန်ဖိုးကို သဘောတူလက်မခံနိုင်ဘူး... ပိုင်ရှင်ရဲ့ချိုချဉ်တွေအပေါ် လုံးဝစိတ်ဝင်စားမှုမရှိသလို ငါ့အတွက်ချိုချဉ်တွေဆိုတာ တန်ဖိုးမရှိတဲ့အရာတွေမလို့ ပိုင်ရှင်နဲ့ အလဲအလှယ်လုပ်ဖို့ ငြင်းဆိုတာပါ...."
ကျန်းရှောင်မန်က ဉာဏ်ကောင်းသည့် ကလေးမလေးတစ်ယောက်ဖြစ်သည်။ စနစ်က သူမကို ရှင်းပြနေကြောင်းကို နားလည်ပြီး ထိုရှင်းပြချက်ပေါ် အခြေခံ၍ အချို့အချက်များကို နားလည်ပေသည်။
"သမီးနားလည်ပြီ...."
ကျန်းရှောင်မန် တွေးစစဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
စနစ်က သူအိပ်ဖို့မလို၊ စားဖိုမလို၊ အဝတ်အစားဝတ်ဖို့ မလိုကြောင်း အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးသည်။ ယခု ကျန်းရှောင်မန်က ထိုအရာများကို သတိရသွားတော့သည်။
စနစ်က ချိုချဉ်စားရန် လိုအပ်သည့် ကလေးများနှင့် မတူပေ။
စနစ်ခင်ဗျာ နောက်ဆုံးတော့ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ ကလေးတစ်ယောက်ကို စောင့်ရှောင့်ရခြင်းမှာ အတော်လေး ခက်ခဲလှပေသည်။ သို့သော် ပျော်ရွှင်စရာလည်းကောင်းလှကြောင်း တဖြေးဖြေးသိလာရသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းရှောင်မန်မှ သူ၏ စုဆောင်းထားသောရတနာလေးများထဲကို ထပ်မံမွှေနှောက်၍ သံဘူးထောင့်ရှိ လခြမ်းသဏ္ဌာန် ကျောကစိမ်းဆွဲပြားလေးကို ထုတ်ယူလာ၍ဖြစ်သည်။
"သမီးဒါနဲ့ အမှတ်တွေနဲ့ လဲမယ်...."
ကျန်းရှောင်မန်၏ ဖြူဖွေးဖောင်းတုတ်နေသော လက်ကလေးက ကျောက်စိမ်းဆွဲပြားကို တင်းတင်းကိုင်ထားသည်။
၎င်းက အလွန်အရေအသွေးမြင့်သော ကျောက်စိမ်းကလေးဖြစ်ပြီး နေရောင်အောက်တွင် တောက်ပစွာလင်းလက်နေသည်။
စနစ်က အော်ဟစ်လိုက်သည်။
"အဲ့တစ်ခုနဲ့လည်း လဲလို့မရဘူး...".
ကျန်းရှောင်မန် အနည်းငယ်ဒေါသထွက်လာလေပြီ။
"ဒါကရော အဖိုးမတန်ပြန်ဘူးလား... ဦးဦးပဲ သမီးကို ဒါလေးကိုဖွက်ခိုင်းထားတာလေ..."
"အဲ့တာက အဖိုးတန်တာပေါ့...."
စနစ်က စိုးရိမ်ပူပန်စွာ ပြောလာသည်။
"ဒါက မင်းရဲ့အနာဂတ်ဇာတ်ကြောင်းအတွက် အရေးအကြီးဆုံးအရာပဲလေ... ဒါနဲ့လဲလို့မရဘူး...."
ဒါက သူမရဲ့ချမ်းသာတဲ့ မိဘတွေနဲ့ ဆက်နွယ်မှုအကြောင်း သက်သေပြနိုင်တဲ့ တစ်ခုတည်းသောအရာလေ.. အဖိုးမတန်ပဲနေပါ့မလား...
သူ ကျန်းရှောင်မန်နှင့် ပထမဆုံး ချိတ်ဆက်မိသည့် နေ့ကတည်းက စနစ်က သူမကို ထိုကျောက်စိမ်းဆွဲပြားကို သေသေချာချာသိမ်းထားရန်နှင့် အနာဂတ်တွင် ထိုအရာကိုကောင်းကောင်း အသုံးချရမည် ဖြစ်ကြောင်း ခက်ခက်ခဲခဲပြောခဲ့ရသည်။
"ဒါကအဖိုးတန်တယ်ဆိုရင်... ဘာလို့အမှတ်တွေနဲ့ လဲလို့မရတာလဲ.."
ကျန်းရှောင်မန် စိုးရိမ်ပူပန်စွာ ငိုကြွေးလာတော့သည်။
"ဒီတိုင်းမရတာ...."
စနစ်က ပြတ်ပြတ်သားသားပြောလာသည်။
"ပိုင်ရှင်နဲ့ ပစ္စည်းလဲလှယ်ဖို့ ငြင်းဆိုပါတယ်..."
"ဘာလို့လဲ...."
ကျန်းရှောင်မန် စိုးရိမ်တကြီးထပ်ငိုလာပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် စနစ်က သူမမေးခွန်းကို သင့်လျှော်အောင်မဖြေနိုင်တော့၍ မဖြေပေးတော့ပေ။
[တစ်ဖက်လူက သင့်ကိုစကားပြောဖို့ ငြင်းဆိုပါတယ်....]
[တစ်ဖက်လူက သင့်ကိုစကားပြောဖို့ ငြင်းဆိုပါတယ်....]
[တစ်ဖက်လူက သင့်ကိုစကားပြောဖို့ ငြင်းဆိုပါတယ်....]
အေးစက်နေသော စက်ရုပ်အသံတစ်ခုက သူမခေါင်းထဲတွင် မြည်ဟီးလာခဲ့သည်။ စနစ်က ကျန်းရှောင်မန်၏ စကားများကို လုံးဝမကြားရဟန် သေချင်ယောင်သာ ဟန်ဆောင်နေလိုက်တော့သည်။
ကျန်းရှောင်မန် နောက်ဆုံးတွင် အငိုတိတ်သွားခဲ့သည်။ မျက်ရည်များကို သူမ၏ လက်သေးသေးလေးဖြင့် သုတ်လိုက်ပြီး ကျောက်စိမ်းဆွဲပြားကို ကိုင်၍ အပြင်သို့တစ်ယောက်တည်းထွက်လိုက်တော့သည်။ သူမ၏ ခြေထောက်လေးများက တိုတိုလေးဖြစ်ကာ သူမကိုယ်တိုင်ကလည်း သေးသေးလေးသာရှိသေး၍ အမြန်လမ်းမလျှောက်နိုင်ပေ။ ထို့ကြောင့် သူမကချက်ချင်းလက်ငင်းချွေးထွက်လာသော်လည်း လမ်းလျှောက်နေသည်ကို မရပ်လိုက်ပေ။
နောက်ဆုံးတွင် စနစ်လည်း မနေနိုင်တော့ဘဲ မေးလိုက်ရတော့သည်။
"ပိုင်ရှင် ဘာတွေလုပ်နေတာလဲ...."