Chapter 6
"သမီးဆီက ဝယ်ချင်တဲ့လူကိုသွားရှာမလို့...."
ကျန်းရှောင်မန် သူမ၏ပါးဖောင်းဖောင်းလေးအပေါ် မျက်ရည်စက်တို့ ကျဆင်းလာပြီး သနားချင်စဖွယ်ကောင်းအောင် ငိုကြေးလာသည်။
"ဝယ်ချင်တဲ့လူ တစ်ယောက်ယောက်တော့ ရှိကိုရှိမှာပဲလေ...."
"!!!"
စနစ်က ချက်ချင်းပြောလိုက်သည်။
"မရဘူး...အခုချက်ချင်း ပြန်ထားလိုက်..."
ကျန်းရှောင်မန် သူမ၏ပါးစပ်လေးကို အုပ်လိုက်ပြီး ဘာမှမကြားလိုက်သလို ဟန်ဆောင်လိုက်သည်။ သူမစိတ်ထဲတွင် ခပ်တိုးတိုးလေးပြောနေသည်။
"တစ်ဖက်လူက သင့်ကိုကားပြောဖို့ ငြင်းဆိုပါတယ်.... တစ်ဖက်လူက သင့်ကိုစကားပြောဖို့ ငြင်းဆိုပါတယ်.... တစ်ဖက်လူက သင့်ကိုစကားပြောဖို့ ငြင်းဆိုပါတယ်...."
"..."
စနစ်ခင်ဗျာ ကူကယ်ရာမဲ့သွားရရှာသည်။ သို့သော် သူ ကျန်းရှောင်မန်ကို အရေးကြီးပစ္စည်းကို ရောင်းချခွင့် မပြုနိုင်ပေ။
"ပိုင်ရှင်ရဲ့ ဦးလေးကို ငါကယ်ပေးနိုင်ပါတယ်..."
ကျန်းရှောင်မန်က ပြန်ပင်လှည့်မကြည့်၍ စနစ်အတော်လေး စိုးရိမ်ပူပန်နေ ပြီဖြစ်သည်။
ကျန်းရှောင်မန် ထိုကျောက်စိမ်းဆွဲပြားကို ရောင်းနိုင်မည်မှာ သံသယဝင်စရာပင်မလိုပေ။
ကျန်းရှောင်မန် သူမ၏နှုတ်ခမ်းလေးကို ကိုက်ကာ ခဏမျှ ချီတုံချတုံဖြစ်သွားသော်လည်း ခဏအကြာတွင် ငိုကြွေးရင်း မေးလိုက်သည်။
"ဒါပေမဲ့... သမီးက ဦးဦးစနစ်ကို အတင်းအကြပ်မလုပ်ခိုင်းစေချင်ဘူး... ဘွားဘွားကပြောတယ် အတင်းခူးထားတဲ့ ဖရဲသီးက မချိုဘူးတဲ့လေ... သမီး ရွာလူကြီးအိမ်ကိုသွားလိုက်မယ်... သူ့မိသားစုက ချမ်းသာတယ်လေ... ဒီကျောက်စိမ်းက လှပြီးတော့ အဖိုးတန်တယ်ဆိုမှတော့ သူဒါကိုကြိုက်မယ်ဆိုတာ သေချာတယ်..."
"မဟုတ်ဘူး... မဟုတ်ဘူး.... မဟုတ်ပါဘူး... ပိုင်ရှင်ရယ် ငါအတင်းအကြပ်လုပ်ရတာ မဟုတ်ရပါဘူး... မြန်မြန်လေး ပြန်ထားလိုက်ပါ...."
စနစ်က စက်ရုပ်အသံဖြစ်နေသော်လည်း အလျှင်လိုနေသော အသံဖြင့်ပြောလိုက်သည်။
"ပြီးတော့ ပိုက်ဆံက မင်းဦးလေးရဲ့အသက်ကို ရက်နည်းနည်းလောက်ပဲ ဆွဲဆန့်ပေးနိုင်မှာ.. ငါကသူ့ကို ကျန်းမာတဲ့ ဘဝကိုပေးနိုင်ပါတယ်..."
ဦးလေးဆိုသည်မှာ ဘယ်သောအခါမှ တရားဝင်ပေါ်ထွက်လာခဲ့သူ မဟုတ်ပေ။ မူလဇာတ်ကြောင်းတွင် သူက နာမည်တောင်မရှိသည့် အမြှောက်စာဇာတ်ကောင်လေးဖြစ်သည်။ အမှတ်လုံလုံလောက်လောက်ရှိလျှင် စနစ်က အမြှောက်စာဇာတ်ကောင်လေးတစ်ယောက်၏ နောက်ခံအချက်အလက်များကို ပြောင်းလဲပေးနိုင်သည့် လုပ်ပိုင်ခွင့်ရှိပေသည်။ ယှဉ်ကြည့်မည်ဆိုပါက အဓိကဇာတ်ကွက်တွင်ပါရမည့် ပစ္စည်း၏ပျောက်ဆုံးမှုအတွက် အပြစ်ဒဏ်က ပိုမိုကြီးမားလေသည်။
ကျန်းရှောင်မန်တွင် အမှတ်လုံလုံလောက်လောက် မရှိသော်လည်း ကိစ္စမရှိပေ။ သူ အမှတ်တစ်ချို့ကို အရင်ချေးပေးပြီး နောက်မှ ပြန်ဆပ်ခိုင်း၍ရလေသည်။
"တကယ်လားဟင်..."
ကျန်းရှောင်မန် မရေမရာဖြစ်စွာမေးလိုက်သည်။
"တကယ်ပေါ့..."
စနစ် လုံးဝကို ကူကယ်ရာမဲ့သွားရသည်။
"ဒါပေမဲ့... ငါဒီတစ်ခေါက်ပဲ ကူညီပေးနိုင်မယ်နော်... နောက်တစ်ခေါက်ဆို မရတော့ဘူး..."
ကျန်းရှောင်မန်၏ မျက်ရည်များက အပြုံးလေးအဖြစ် ပြောင်းလဲသွားသည်။
"ဦးဦးစနစ်က တကယ့်ကို လူကောင်းတစ်ယောက်ပဲ... ဦးဦးက သမီးရဲ့ ထာဝရ သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်သွားပြီ...."
"စနစ်က သူငယ်ချင်းမလိုအပ်ပါဘူး..."
ပြီးတော့ လူကောင်းလည်းမဟုတ်ဘူး....
———
ကျန်းဟွေ့မိန် မြို့ရှိ ဆေးရုံကို ရောက်နေသည်မှာ နှစ်ရက်ရှိသွားပြီဖြစ်သည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း ကျန်းရှင်းက ICUထဲ နှစ်ခေါက်မျှဝင်ခဲ့ရပြီး နောက်ဆုံးလက်ကျန်ထွက်သက်တစ်ခုသာ ကျန်တော့သည်။ ဆရာဝန်ကလည်း ကျန်းဟွေ့မိန်ကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရန် ပြောခဲ့သည်။
သူမ၏ ဤသားက ငယ်ငယ်ကတည်းက လိမ္မာသူမဟုတ်ခဲ့သလို သူမဘယ်လောက် ပြောဆိုဆုံးမသည်ဖြစ်စေ နားမထောင်သူဖြစ်သည်။ သူမအောင်မြင်ရင်လည်း ကိစ္စမရှိပေ။ ကျန်းဟွေ့မိန်က သူ့ကို အခြားလူများထက် တော်နေထက်နေရန် မမျှော်လင့်ပေ။ သူ့ကို တည်ငြိမ်ပြီး အိန္ဒြေရသည့် ဘဝလေးတစ်ခုကိုသာ ပိုင်ဆိုင် စေလိုခြင်းဖြစ်သည်။ သို့သော် ယခုတွင် သူထိုသို့ပင် မလုပ်နိုင်လောက်တော့ပေ။
သူမ၏သား ကိုမာဝင်နေသည့် နှစ်ရက်အတွင်း ရဲသားကြီးများက သူမကို မေးခွန်းများမေးခဲ့သည်။ ကျန်းဟွေ့မိန်က သူတို့ကို ဘာတွေဖြစ်ခဲ့သလဲဟု မေးသော်လည်း စုံစမ်းနေဆဲကာလအတွင်းသာ ရှိသေး၍ နောက်မှ အသေးစိတ် အချက်အလက်များကို ပြောပြမည်ဟုပြောခဲ့သည်။ ကျန်းဟွေ့မိန်သိသည့် တစ်ခုတည်းသောအရာမှာ သူ့သားက တစ်စုံတစ်ယောက်နှင့် ရန်ဖြစ်ခဲ့သည် ဆိုသောအရာသာဖြစ်သည်။
ရဲတွေတောင် ပါလာတယ်ဆိုတော့... ပြဿနာက ဘယ်လောက်တောင် ပြင်းထန်လို့လဲ..
ကျန်းဟွေ့မိန် ကောင်းကင်ကြီး ပြိုကျလာသလိုပင် ခံစားနေရသည်။
ကျန်းဟွေ့မိန်က ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေသော သူမ၏ သားဖြစ်သူကို ကြည့်၍ အံတင်းတင်းကြိတ်ပြီး ခပ်တိုးတိုးပြောနေသည်။
"ငါ နင့်ကို နင့်သူငယ်ချင်းတွေက လူကောင်းတွေမဟုတ်ဘူး သူတို့နဲ့ထပ်မပေါင်းနဲ့တော့လို့ မပြောခဲ့ဘူးလား... ဒါပေမဲ့ နင်နားမထောင်ခဲ့ဘူးလေ... အခုတော့ ဘယ်လိုဖြစ်သွားပြီလဲ... နင့်ဘဝကြီး အဆုံးသတ်လုနီးပါး ဖြစ်နေပြီလေ... သူငယ်ချင်းတွေဆိုတာ အမေ့လောက်အရေးကြီးလို့လား... အနာဂတ်မှာ ငါဘယ်လိုအသက်ရှင်ရတော့မှာလဲ...."
ကျန်းဟွေ့မိန် ရှိုက်ငိုနေသည်။
"နင်အခုချက်ချင်းမျက်လုံးဖွင့်ရင်ဖွင့် မဖွင့်ရင် ငါ့သားအဖြစ်က စွန့်လွှတ်လိုက်တော့မှာနော်... နင့်ကိုမြေလည်းမမြှုပ်ပေးဘူး... မီးသင်္ဂြိုဟ်ပြီး နင့်ရဲ့ပြာတွေကို ကျဲချပစ်မှာ...."
ထိုအချိန်တွင် သေလုနီးပါးဖြစ်နေပြီး မည်သည့်အချိန်တွင် မဆိုသေသွားနိုင်သည်ဟူသော ကျန်းရှင်းက ရုတ်တရက်ထထိုင်လာပြီး ကျန်းဟွေ့မိန်ကို ကြောက်လန့်စွာ ကြည့်သည်။
"အမေရယ်... အရမ်းကြမ်းတမ်းတာပဲဗျာ... ကျွန်တော်ကဖြင့် မသေသေးပါဘူး... ကျွန်တော့်ရဲ့အရိုးပြာတွေကို ကျဲချပစ်ချင်နေပြီလား...."
ကျန်းဟွေ့မိန် တောင့်ခဲသွားကာ ဝမ်းပန်းတသာ အော်ဟစ်လိုက်သည်။
"ဘုရားရေ... ဘုရားရေ... ဆရာဝန်... ဆရာဝန်... မြန်မြန်လာပါဦး... ကျွန်မသား နိုးလာပြီ...."