Chapter 7
ဆရာဝန်က ကျန်းရှင်းကို စစ်ဆေးပြီးနောက်တွင် စိတ်ရှုပ်ထွေးသွားရတော့သည်။
မတိုင်ခင်က သူ၏ အသက်ရှင်နေသည့် လက္ခဏာများက မှိန်ဖျော့သွားကာ အသက်တစ်ချက်ရှူရန်ပင် ခက်ခဲနေခဲ့သည်။ ဆရာဝန်က သူ၏ မိသားစုဝင်ကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရန် ခဏခဏသတိပေးခဲ့သည်။ သို့သော် သူ၏အခြေအနေက ပြောင်းပြန်ဖြစ်ပြီး ပိုကောင်းလာမည်ဟု မမျှော်လင့်ထားမိပေ။
ထိုအကြောင်းကို သေချာတွေးပြီးနောက် အဖြေတစ်ခုကိုသာ ရလိုက်သည်။ ၎င်းက လူငယ်များ၏ အံ့ဩဖွယ်ရာ ကုသနိုင်စွမ်းပင်ဖြစ်သည်။ ၎င်းက အလွန်ထိတ်လန့်ဖွယ်ကောင်းပြီး ဆရာဝန်ခင်ဗျာ သူ့ကိုယ်သူ အိပ်မက်မက်နေသည်ဟုပင် ထင်နေမိသည်။
"အန်တီ့ရဲ့သားက အခုအဆင်ပြေသွားပါပြီ... နောက်ထပ် ရက်နည်းနည်းကြာအောင် အနားယူပြီးလို့ ဘာလက္ခဏာမှ မပြတော့ရင် ဆေးရုံဆင်းလို့ရပါပြီ... ဒဏ်ရာတွေပြန်ပွင့်လာနိုင်လို့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့..."
ကျန်းဟွေ့မိန်၏ တင်းမာနေသော စိတ်နှလုံးက အခုမှ ပြေလျှော့သွားရပြီး ထပ်ကာ ထပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
ဆရာဝန်ထွက်သွားသောအခါ ကျန်းဟွေ့မိန်က မျက်ရည်များသုတ်၍ ပြောလိုက်သည်။
"အနာဂတ်မှာ နင့်ရဲ့သူငယ်ချင်းတွေနဲ့ လျှောက်သွားခွင့်မပြုတော့ဘူး... နင် ငါ့ကို ဘယ်လောက်တောင် ကြောက်သွားစေလဲ ကြည့်လေ... ကံကောင်းလို့ ကောင်းကင်ဘုံက နင့်ကို ကာကွယ်ပေးနေလို့သာပေါ့... မဟုတ်ရင် နင့်ရဲ့ အသက်လေးက ကယ်ဖို့ မဖြစ်နိုင်လောက်ဘူး...."
ကျန်းရှင်း ခပ်တိုးတိုးငြီးတွားလိုက်သည်။
"အမေ.. သားဒီတစ်ခေါက် နားလည်သွားပါပြီ... သားပြဿနာရှာတာ မဟုတ်ရပါဘူး... သားဒီအတိုင်း..."
"ပြဿနာရှာတာမဟုတ်ဘူးတဲ့လား... ပြဿနာရှာတာမဟုတ်ဘူးတဲ့လား... "
ကျန်းဟွေ့မိန် အလွန်ဒေါသထွက်ပြီးသူ့ကို ရိုက်ပစ်ချင်သွားသည်။ သို့သော် သူက လူနာဖြစ်နေ၍ အတင်းစိတ်လျှော့လိုက်ရသည်။
"နင်သက်သာသွားရင် ငါနဲ့ပြန်လိုက်ခဲ့.. ရှောင်မန်လေးက အိမ်မှာတစ်ယောက်တည်း စောင့်နေရရှာတာ..."
ကျန်းရှင်းက ဘာမှထပ်မပြောရဲတော့၍ လိမ်လိမ်မာမာလေး ပါးစပ်ပိတ်ထားလိုက်သည်။
သူ့ဗိုက်တွင် တစ်ဆယ်စင်တီမီတာခန့်ရှိသော ခြစ်ရာကြီးရှိနေပြီး ခေါင်းတွင် အပေါက်တစ်ခု ရှိနေသည်။ ဆရာဝန်က သူခွဲစိတ်ပေးပြီးဖြစ်၍ ဒဏ်ရာတွေတစ်ခုနှင့်တစ်ခု ကပ်မသွားရန် အနည်းငယ် လမ်းလျှောက်ပေးဖို့လိုသည်ဟု ပြောခဲ့သည်။
ကျန်းဟွေ့မိန်က သူ့ကို လမ်းပတ်လျှောက်ပေးချင်သော်လည်း ကျန်းရှင်းက ငြင်းဆိုခဲ့သည်။ သူ ဗိုက်ကို ထိန်းကိုင်၍ IV dripချိတ်ထားသော စင်လေးနှင့်အတူ လူနာဆောင် အပြင်ဘက်တွင် လမ်းလျှောက်နေလိုက်သည်။
သူ၏ပြန်လည်ကုသနိုင်စွမ်းက အလွန်အံ့ဩဖွယ်ပင်ဖြစ်သည်။
သူ၏ပုံမှန်မဟုတ်သည့် လမ်းလျှောက်ပုံကြောင့်သာ မဟုတ်လျှင် သူ၏အပြင်ပိုင်းပုံစံနအရ သူဒဏ်ရာရနေကြောင်း သိနိုင်မည်မဟုတ်ပေ။
ကျန်းဟွေ့မိန်က နောက်ဆုံးတွင် စိတ်သက်သာရာရသွားရပြီး အခြားအရာများလုပ်ရန် အားလပ်သွားတော့သည်။
ကျန်းရှောင်မန်လေးက အိမ်တွင် တစ်ယောက်တည်းကျန်နေခဲ့၍ ကျန်းဟွေ့မိန်သူမကို ဖုန်းဆက်ရန် ဆုံးဖြတ်လိုက်သည်။
"ရှောင်မန်... သမီးလေးအိမ်မှာ ကောင်းကောင်းနေနေရဲ့လား..."
ကျန်းရှောင်မန်က သူမ၏ လက်လေးထဲတွင် ဖုန်းကိုကိုင်ထားသည်။ သူမအဖွား၏ အသံကိုကြားလိုက်သောအခါ သူမ၏ မျက်လုံးလေးများက လခြမ်းသဏ္ဍာန်(1) ကွေးညွတ်သွားသည်။
"သမီး ကောင်းကောင်းနေပါတယ်... သမီးဒီနေ့ ကိုယ့်ဘာသာ အိပ်ရာထပြီး မျက်နှာလည်းသစ်ပြီး သွားလည်းတိုက်တယ်... ကိုယ့်ဘာသာ ဆံပင်ကို နှစ်ဖက်ခွဲစည်းလိုက်သေးတယ်.. သမီးက နှစ်ခုထပ်ပိုပြီး စည်းချင်ပေမဲ့ သမီးလက်တွေက ထပ်ပြီး ဆန့်ထုတ်လို့ မရတော့ဘူးလေ... ဘေးအိမ်က ဘွားဘွားက မနက်က သမီးကို ဝေါ်ဝေါ်ထို့နှစ်ခုပေးတယ်... ဒါပေမဲ့ သမီးနှစ်ခုလုံး မကုန်ဘူး... သမီး နေ့လည်စာအဖြစ် ဆန်ပြုတ် တစ်ပန်းကန်နဲ့ အသီးအရွက်အချဉ်(2) နဲ့စားလိုက်တယ်..."
ကျန်းရှောင်မန်လေးက သူမ၏တစ်နေ့တာ တွေ့ကြုံသမျှကို လိမ်လိမ်မာမာပြန်ပြောပြနေသည်။ ထို့နောက် သူမ၏ နှာခေါင်းလေးကို ရှုံ့လိုက်ပြီး မေးလိုက်သည်။
"ဦးလေးက အိမ်ကို ဘယ်တော့ ပြန်လာမှာလဲဟင်... သမီးဘွားဘွားကို လွမ်းနေပြီ...."
လေးငါးရက်သာ ကြာသေးသော်လည်း ကျန်းရှောင်မန်က အချိန်အတော်ကြီးကြာသွားခဲ့ပြီဟု ခံစားရနေသည်။ စနစ်က သူမကို၎င်းက 'တစ်ရက်ကို တစ်နှစ်လို့ခံစားရတယ်' ဟူသော ခံစားချက်မျိုးဟု ရှင်းပြခဲ့သည်။
ကျန်းရှောင်မန်က တစ်နှစ်ဟု ခံစားရသလား မခံစားရဘူးလား ဆိုသည်ကို နားမလည်ပေ။ သူမသိသည်မှာ ဘွားဘွားနှင့် ဦးလေးတို့ ပြန်မလာသေးသည်ကိုသာ ဖြစ်ပြီး ညတိုင်း အိပ်ခါနီးတွင် ငိုချင်လာသလို ခံစားနေရသည်။
သူမ ဘေးအိမ်က ဘွားဘွားနှင့် အတူမအိပ်ချင်ပေ။ သူမ ကိုယ့်ဘာသာ အိပ်ချင်ပြီး သူမ၏ဦးလေး သူမအတွက် လုပ်ပေးထားသော ကုတင်သေးသေးလေးပေါ်တွင်သာ အိပ်ချင်သည်။ သူမ ကုတင် အစွန်းတစ်ဖက်ဆီက နောက်တစ်ဖက်ဆီသို့ လှိမ့်နေချင်သည်။
"ဘွားဘွား နောက်နှစ်ရက်နေရင် သမီးရဲ့ဦးလေးနဲ့အတူ ပြန်လာခဲ့မယ်နော်... အဲ့အချိန်ရောက်ရင် ဘွားဘွားတို့အတူတူ သူ့ကို အိမ်မှာဆွဲထားကြမယ်..."
ထိုသည်ကို ကြားပြီး ကျန်းရှောင်မန်လေး ပြုံးလိုက်သည်။ ဖုန်းချပြီးနောက်တွင် သူမ၏ဘွားဘွားနှင့် ဦးလေးတို့ ပြန်လာမည့်လက်ကို လက်ချိုး၍ ရေတွက်လိုက်သည်။
စနစ်က သူမ၏ ဦးလေးက ဆေးရုံတွင် တစ်ပတ်ခန့်နေရန် လိုအပ်သည်ဟုပြောခဲ့သည်။
အခု တစ်၊ နှစ်၊ သုံး၊ လေး ဒါမှမဟုတ် ငါးရက် ကုန်သွားပြီဆိုတော့... အား... ရေတွက်ရတာ ခက်လိုက်တာနော်... ဘာပဲဖြစ်ဖြစ် ဘွားဘွားတို့ မကြာခင်ပြန်ရောက်လာတော့မှာဆိုတော့ သူမက လိမ်လိမ်မာမာလေး ထိုင်စောင့်နေရင် ရတာပဲလေ..
သူမ ထိုင်ခုံပေါ်ကိုယ့်ဘာသာ တက်လိုက်ပြီး အံဆွဲထဲမှ ချိုချဉ်များထည့်ထားသော သံဘူးလေးကို ဆွဲထုတ်လိုက်သည်။
အထဲတွင် အရောင်စုံချိုချဉ်များစွာ ရှိနေပြီး ရေတွက်ကြည့်လိုက်သောအခါ ဆယ်လုံးသာကျန်တော့ကြောင်း တွေ့လိုက်ရသည်။
ကျန်းရှောင်မန်က သူမ၏ဦးလေး ဆေရုံမတက်ခင်အထိ ချိုချဉ်များကို မထိဖြစ်သည်မှာ ကြာလှပြီဖြစ်သည်။
T/N -
1. ^_^ ဒီလိုမျိုးလေးမျက်လုံး မှိတ်အောင်ပြုံးတာပါ
2. ဆားစိမ်အသီးအရွက်တွေပါ ဆန်ပြုတ်နဲ့တွဲစားလေ့ရှိပါတယ်