အပိုင်း ၈
Viewers 18k

Chapter 8


ချိုချဉ်ဘူးကို ပြန်ကြည့်နေရသည့် အကြောင်းပြချက်တစ်ခုက သူမက စနစ်ထံမှ ချိုချဉ်များကို အမှတ်နှင့် ဘယ်လိုလဲလှယ်ရမလဲ တွေးနေသေး၍ဖြစ်သည်။ အခြားအရာက စနစ်က သူမကို သူတို့တွင် ဘဏ္ဍာရေးချို့တဲ့နေပြီး အမှတ်များက အနုတ်လက္ခဏာပင် ပြနေပြီဟု ပြောခဲ့၍ဖြစ်သည်။ အရင်ကလို သူမလဲချင်တာနှင့် လဲ၍မရတော့ပြီဖြစ်သောကြောင့် ခြိုးခြံချွေတာရတော့မည် ဖြစ်သည်။ သူမ ပိုစားလေလေ သူမ၏ ချိုချဉ်များက ကုန်လေလေဖြစ်ကာ အကုန်လုံးကုန်သွားပါက သူမတွင် ချိုချဉ်များ ထပ်ရှိလာမည် မဟုတ်တော့ပေ။


အစက ကျန်းရှောင်မန်က အနုတ်လက္ခဏာဆိုသည်မှာ ဘာကိုဆိုလိုသလဲ မသိခဲ့ပေ။ သူမက ထပ်တိုးလာပြီဖြစ်သော အမှတ်ပြဘားတန်းကို လက်ညှိုးထိုးကာပြောလိုက်သည်။

"သမီးတို့မှာ အမှတ်တွေအများကြီး ကျန်ပါသေးတယ်... အရင်က ၆ပဲရှိပေမဲ့ အခုတော့ ၉နှစ်ခုတောင် ရှိနေပြီ ပြီးတော့ ၄တစ်ခုပါ ပါသေးတယ်... အဲ့တာဆို ဘယ်လောက်တောင် ရှိနေပြီလဲ...."


"ကိုးရာကိုးဆယ့်လေးမှတ်...."

စနစ်က အံကြိတ်သံကြီးနှင့် ပြန်ဖြေလိုက်သည်။

"ပိုင်ရှင် ငါတို့မှာ အမှတ်တွေအများကြီးမရှိရုံတင်မဘူး... ငါနှစ်ပေါင်းများစွာ စုဆောင်းခဲ့ရတဲ့ အမှတ်တွေကိုတောင် မင်းကို ပေးလိုက်သေးတယ်... ၉၉၄ရှေ့က အနုတ်လက္ခဏာကို ကြည့်လိုက်စမ်းပါ.... မင်းမှာ အမှတ်မကျန်တော့တဲ့အပြင် ငါ့ကိုတောင် အကြွေးတင်နေသေးတာလေ... အနာဂတ်မှာ ပြန်ဆပ်ရမယ်မှတ်...."


စနစ်က အဆက်မပြတ် အလေးအနက်ပြောတော့သည်။

"ပိုင်ရှင် မင်းငါ့အမှတ်တွေကို ပြန်ပေးရမှာနော်... ကိုယ်ချေးထားတာတွေကိုယ် ပြန်ဆပ်ရင် အနာဂတ်မှာ ထပ်ချေးဖို့လည်း ခက်မှာမဟုတ်တော့ဘူး... လူဆိုတာ ရိုးသားဖြောင့်မတ်ရမယ်..."


ကျန်းရှောင်မန်လေးက မျက်လုံးများ တောက်ပလာပြီး ခေါင်းလေးကုတ်ရင်း မေးလိုက်သည်။

"ဒါဆိုရင် သမီး အမှတ်တွေပြန်ပေးရင်... အနာဂတ်မှာ ပြန်ချေးလို့ရတယ်ပေါ့နော်..."


"မရဘူး..."

စနစ်က ပြောလိုက်သည်။

"စနစ်ဆီမှာ အမှတ်တွေ မရှိတော့ဘူး...."


သူက သူမကို အကြွေးပြန်ဆပ်ရန် သတိပေးပြောကြားသည် ဖြစ်ပြီး အကြွေးပေါ်အကြွေးဆင့်ကာ ထပ်ချေးစေရန် မဟုတ်ပေ။ စနစ်ခင်ဗျာ ကျန်းရှောင်မန် ထူးဆန်းသည့် အတွေးအခေါ်များ ထပ်ရလာမည်ကိုကြောက်၍ စကားပင် မပြောရဲတော့ချေ။


ကျန်းရှောင်မ ကိုယ့်ရင်ဘတ်ကို ပုတ်၍ ကတိပေးလိုက်သည်။

"ဦးဦးစနစ်က လူကောင်းတစ်ယောက်ပဲ... သမီးရဲ့ ဦးလေးကိုလည်း ကယ်ပေးသေးတယ်... သမီးဒါကို မှတ်ထားပါ့မယ်... လုံးဝမေ့မသွားစေရဘူး... ဦးဦးကို ချိုချဉ်ကျွေးမယ်နော်...."


သူမ ချိုချဉ်တစ်ခုကို အလွန်အမင်း ဂရုတစိုက်ကောက်လိုက်ပြီး စနစ်နှင့်အတူ မျှစားရန် ကြံရွယ်လိုက်သည်။


"ငါ အကြိမ်ရေအများကြီး ပြောခဲ့ပြီးပြီလေ.."

စနစ် သက်ပြင်းချလိုက်သည်။

"စနစ်က စားဖို့ မလိုဘူးလို့...."


အိုး.... ဟုတ်သားပဲ... သူမ မေ့တော့မလို့.....


ကျန်းရှောင်မန်က ချိုချဉ်ကို ဖောက်ပြီး ပျော်ပျော်ရွှင်ရွှင်ပြောလိုက်သည်။

"ရပါတယ်... ဦးဦးကြည့်လို့ရအောင် သမီးကစားပြမယ်လေ... အနာဂတ်မှာ သမီးက ဦးဦးကို အခြားဟာတွေစားဖို့ ခေါ်သွားပေးမယ်... အရမ်းအရသာရှိတာတွေကျွေးမှာနော်..."


စနစ်က လုံးဝပျော်ရွှင်မလာပေ။


ကျန်းရှောင်မန်က ချိုချဉ်တစ်ခုသာစားလိုက်ပြီး သံသေတ္တာလေးကို ဂရုတစိုက် ပြန်ဖွက်လိုက်သည်။


"ဘွားဘွားက ပြောတယ် ဦးလေးက ဆေးတွေသောက်ရမယ်တဲ့.... ဆေးတွေက ခါးတယ်လေ... သမီးဒါတွေကို ဦးလေးဖို့ ချန်ထားပေးလိုက်မယ်... ဒါဆို သူအိမ်ပြန်ရောက်တာနဲ့ ထပ်ပြီး ထွက်မပြေးတော့ပဲနေမှာ...."


မြို့ထဲတွင် တရုတ်ဆေးဝါးဆရာဝန်အိုကြီး တစ်ယောက်ရှိသည်။ ဆေးခန်းသွားပြီး ဆေးထိုးရမည်နှင့် ယှဉ်လျှင် ဘွားဘွားက တရုတ်ဆေးဆရာဝန်အိုကြီးကိုသာ ယုံပေသည်။ ကျန်းရှောင်မန် ခေါင်းကိုက်သည်ဖြစ်စေ ဖျားသည်ဖြစ်စေ ဘွားဘွား၏ ပထမဆုံးရွေးချယ်မှုက ထိုဆရာဝန်အိုကြီးထံ သွားရန်သာဖြစ်သည်။


သူဖော်စပ်ပေးသည့် ဆေးများက အလွန့်အလွန် ခါးသက်ပေသည်။ အချိန်တိုင်း ကျန်းရှောင်မန်က နှာခေါင်းကို အရင်ပိတ်ပြီး စိတ်မပါလက်မပါ မျိုချရသည်။ ၎င်းက ခါးသက်ပြီး ပြင်းရှကာ မနှစ်မြို့ဖွယ်ကောင်းလှသည်။ အရမ်းခါးလွန်း၍ မျက်ရည်များပင် ဝဲသွားရပြီး အခါးပျောက်စေရန် ချိုချဉ်များစားမှသာ အဆင်ပြေသွားလေ့ရှိသည်။


သူမ၏ စိတ်ထဲတွင် ဆေးဆိုသည်မှာ အလွန်ခါးသည့် အရာသာဖြစ်သည်။


သူမ ရက်ပေါင်းများစွာ ချိုချဉ်မစားရသေးသည်ဖြစ်၍ ထပ်စားချင်သေးသော်လည်း သူမကိုယ်သူမထိန်းပြီး ထပ်မစားတော့ရန် ကြိုးစားနေရသည်။


ဦးလေး၏ အဖျားက ပြင်းထန်သည် ဖြစ်ရာ သူ၏ဆေးများကလည်း အလွန့်အလွန်ခါးပေလိမ့်မည်။ သူမ ကျန်ချိုချဉ်များကို ဦးလေးအတွက် ချန်ထားပေးချင်သည်။


စနစ်က သူခေါင်းကိုက်နေပြီဟု ခံစားလိုက်ရသည်။ သေချာစဉ်းစားကြည့်လျှင် သူက သူမကို ချိုချဉ်ဝယ်ရန် တစ်မှတ်၊ နှစ်မှတ်မျှချေးပေးနိုင်သေးပေသည်။

ကလေးတစ်ယောက်အတွက် ချိုချဉ်မစားရဘူးဆိုတာက သနားစရာ အရမ်းကောင်းတယ်မလား.... သူ့ရဲ ပိုင်ရှင်က ဘယ်တုန်းကများ ဒီလိုနာကျင်မှုမျိုးကို ခံစားဖူးလို့လဲ....


စနစ်က ကျန်းရှောင်မန်ကို အမှတ်နှစ်မှတ်ပေးရန် ကြိုးစားနေသော်လည်း သူမက ခေါင်းခါ၍ ငြင်းနေလေသည်။


သူမက မျက်ရည်များဝဲနေပြီဖြစ်သော်လည်း တင်းခံ၍ ခပ်တိုးတိုးသာရှိုက်နေလေသည်။

"ဦးဦးက သမီးကို ပြန်ပေးခိုင်းမယ် ဆိုရင်ကော.... သမီးမှာ ဦးဦးကို ပြန်ပေးစရာ တစ်မှတ်မှ မရှိတော့ဘူး.... ဘွားဘွားကလည်း အိမ်မှာ မရှိဘူး.... သမီး ဘွားဘွားအတွက် ပြဿနာတွေ ထပ်ရှာထားလို့ မရဘူး...."


"ပိုင်ရှင်ရယ် ဘာမှမဖြစ်ပါဘူး.... အမှတ်နှစ်မှတ်ချေးတာက ဘွားဘွားအတွက် ပြဿနာမဖြစ်စေဘူးလေ.... "

စနစ်က အလွန်ကြင်နာတတ်ပေသည်။