Chapter 10
ကျန်းရှောင်မန်က အမှတ်များ အလွန်လိုအပ်နေသလို ကျိုးဟိုင်ယန်ကိုဒေါသထွက်ပြီး ရိုက်နှက်ပစ်ချင်နေသည်။
"ငါ့ဘွားဘွားကပြောတယ်... သူမကြာခင်ပြန်လာခဲ့မယ်တဲ့... သူခဏနေ ပြန်လာရင် နင့်ကို ရိုက်ခိုင်းဖို့ ပြောမှာ...."
ကျန်းရှောင်မန်လေးက အလွန်မတရားသလို ခံစားလိုက်ရပြီး တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာသည်။
သူမက ငွေကုန်ကုန်စေတဲ့ ပစ္စည်းတစ်ခု မဟုတ်သလို တံမြက်စည်းကြယ်လည်း မဟုတ်ပေ။ ဘွားဘွားက သူမကိုချစ်စရာအကောင်းဆုံး ကလေးလေးတစ်ယောက်ဖြစ်ပြီး အနွေးဂွမ်းကပ်လေး(1)ဟုပင် ပြောသေးသည်။
စနစ်က သူမကိုခပ်မြန်မြန်သတိပေးလိုက်သည်။
"ပိုင်ရှင် တခြားသူတစ်ယောက်ရဲ့ လက်ကိုငှားပြီး ဖြေရှင်းလို့မရဘူးနော်... မဟုတ်ရင် အမှတ်တွေရမှာမဟုတ်ဘူး..."
ဒါဆို သူမဘာလုပ်ရမှာလဲ.... သူမက ကျိုးဟိုင်ယန်ကို မချနိုင်ဘူးလေ...
သူက အရပ်အရမ်းရှည်ပြီး သန်မာတယ်... သူမရဲ့ပေါင်လုံးတစ်ခုဆိုတာက သူ့ရဲ့ အဆီတွေပြည့်နေတဲ့ လက်မောင်းတစ်ဖက်လောက်ပဲ ရှိတာလေ...
"ပိုင်ရှင်.. မင်းရဲ့ ဉာဏ်ကောင်းတဲ့ ခေါင်းလေးကို အသုံးချလိုက်ပါ... မင်းက ကမ္ဘာလောကကြီးမှာ အတော်ဆုံးလို့ ကိုယ့်ကိုကိုယ် ယုံကြည်နေမှရမယ်... မင်းက ဗီလိန်မလေးလေ မင်းလုပ်နိုင်ပါတယ်...."
စနစ်က သူမကို အားပေးအားမြှောက်ပြုလေသည်။
ကျန်းရှောင်မန်က နှာခေါင်းလေးရှုတ်လိုက်ကာ သူမရှေ့ရှိ ကျိုးဟိုင်ယန်ကို ကြည့်ပြီး မေးလိုက်သည်။
"နင်ချိုချဉ်စားချင်လား...."
ဒါပေါ့... သူစားချင်တာပေါ့...
ဘယ်ကလေးကများ ချိုချဉ်မကြိုက်ပဲနေမှာလဲ... သူတို့ကို ချိုချဉ်ပေးရင် လမ်းတောင်ပျောက်နိုင်သေးတယ်.... အဲ့လိုမှမဟုတ်ရင် လူကြီးတွေက ကလေးတွေကို သူစိမ်းတွေဆီက ချိုချဉ်မယူရဘူးလို့ ပြောမှာလဲ...
လောဘကြီးသည့် ကလေးများဆိုလျှင် ချိုချဉ်တစ်ခုဖြင့်ပင် ပြန်ပေးဆွဲခံရနိုင်သည်။
ကံဆိုးစွာဖြင့် ကျိုးဟိုင်ယန်က ထိုကဲ့သို့သော ကလေးမျိုး ဖြစ်နေသည်။
ကျိုးဟိုင်ယန် ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါဆို ငါ့ဆံပင်ကို အရင်လွှတ်.... ပြီးမှ ငါနင့်ကို ချိုချဉ်ပေးမယ်..."
ကျန်းရှောင်မန် ပြောလိုက်သည်။
နောက်ဆုံးတွင် ကျန်းရှောင်မန်လေး သူမ၏ ကြက်တောင်စည်းနှစ်ဖက်ကို ကယ်တင်နိုင်လိုက်ပြီ ဖြစ်သည်။
သူမ၏ ခေါင်းလေးကို ထိကြည့်လိုက်သောအခါ မူလကအချိုးညီညီစည်းထားသော ဆံပင်လေးနှစ်ဖက်တွင် တစ်ခုကရွဲ့စောင်းနေပြီဖြစ်သည်။ ၎င်းတို့က အခုတွင် လုံးဝချစ်စရာမကောင်းတော့ပေ။
ကျန်းရှောင်မန်က ဒေါသထွက်ထွက်ဖြင့် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး ခဏနေလျှင် သူ့ကိုရိုက်ပစ်ရမည်ဟု တွေးနေလိုက်သည်။
"နင်တစ်ယောက်ယောက်ရဲ့ အစားအစာကိုယူရင် နင့်ပါးစပ်က နူးညံ့သွားရတယ်... တစ်ယောက်ယောက်ရဲ့ လက်ဆောင်ကိုယူရင် နင့်လက်တွေ တိုသွားတတ်ရတယ်...နင် ငါ့ချိုချဉ်ကို စားမယ်ဆိုရင် ငါ့ကို ရိုက်လို့ မရတော့ဘူးနော်...."
ကျိုးဟိုင်ယန်က သူချိုချဉ်စားရတော့မည်ဟု ကြားလိုက်ရ၍ ရင်ဘတ်ကိုပုတ်၍ ကတိပေးလိုက်သည်။
"စိတ်မပူပါနဲ့... ငါကလေးတွေကို ဘယ်တော့မှ မရိုက်ဘူး...."
စနစ်က သူမကို ပြောထားခဲ့ဖူးသည့်စကားများက အများကြီးရှိသော်လည်း ကျန်းရှောင်မန် နားမလည်ပေ။ ထို့ကြောင့် သူမနားလည်သည့် စကားလုံးများကိုသာ ရွေးချယ်၍ ပြောလိုက်သည်။
ထိုစကားလုံးများကလည်း အသုံးဝင်သွားပုံပင်။
စနစ်က ထိုစကားများကို ဘဝ၏အဆိုအမိန့်များဟု ပြောသည်မှာ အံ့ဩစရာပင် မရှိတော့ချေ။
သူမ၏ ဉာဏ်ကောင်းသည့် ခေါင်းလေးက သူမသင်ယူဖူးသမျှကို အသုံးချနိုင်ရန် နည်းလမ်းရှာနိုင်၍ သူမက အလွန်အံ့ဩစရာကောင်းပေသည်။
ကျန်းရှောင်မန်က သံသေတ္တာထဲရှိ အဝါဖျော့ရောင် ချိုချဉ်လေးကို ထုတ်ပြီး ကျိုးဟိုင်ယန် လက်ထဲ ထည့်ပေးလိုက်သည်။ သူ့မျက်လုံးများက တောက်ပသွားကာ အခွံချွတ်၍ သူ့ပါးစပ်ထဲ ထည့်လိုက်သည်။
ထို့နောက်...
ဒုန်း
ကျန်းရှောင်မန်က သူ့ခေါင်းကို ရိုက်ချလိုက်သည်။
ကျိုးဟိုင်ယန်က ဤကဲ့သို့ ဖြစ်လာမည်ဟု မထင်မိ၍ ယာယီမျှ ကြောင်အသွားကာ သူ့ပါးစပ်ထဲရှိ ချိုချဉ်ကိုလည်း မျိုချမိသွားသည်
"ဝါး......"
သူ၏ မျက်လုံးကြီးများနှင့် သူမ၏ မျက်လုံးလေးများက စက္ကန့်အနည်းငယ်မျှ အကြည့်ချင်း ဆုံသွားပြီးနောက် ကျိုးဟိုင်ယန်က ကမ္ဘာမြေတုန်ဟီးလောက်သည့် ငိုသံကြီးဖြင့် ငိုကြွေးတော့သည်။
"နင် ငါ့ကို ဘာလို့ရိုက်တာလဲ..."
ကျန်းရှောင်မန်၏ ခွန်အားမှာ ကြောင်ပေါက်လေးတစ်ကောင်မျှသာ ရှိပြီး လုံးဝမနာကျင်စေနိုင်ပေ။ သူဝမ်းနည်းရသည့် အကြောင်းအရင်းမှာ ချိုချဉ်ကြောင့် ဖြစ်သည်။
သူ အရသာပင်မခံရသေးမီ မျိုချမိသွားလေပြီ။
သူငိုနေသည်ကို ကြည့်ပြီး ကျန်းရှောင်မန်က နှုတ်ခမ်းစေ့လိုက်ကာ "ဝါး"ကနဲ ငိုလိုက်ပြီး သူ့ထက် မျက်ရည်များ ပြင်းပြင်းထန်ထန် ကျဆင်းလာသည်။
"ငါလည်း မလုပ်ချင်ပါဘူး.... နင်က ငါ့ဆံပင်ကိုလည်း ဆွဲတယ်... ငါ့ကိုလည်း ဆူတယ်လေ... ငါ... ငါ... ငါ...ငါနင့်ကို မုန်းတယ်.... ဘာပဲဖြစ်ဖြစ် နင်ငါ့ချိုချဉ်ကို စားထားတော့ ငါ့ကိုရိုက်လို့မရဘူး...."
ကျိုးဟိုင်ယန်က ဒေါသတကြီးခြေဆောင့်ကာ တဝါးဝါးငိုရင်း မျက်ရည်များကျဆင်းကာ ထွက်ပြေးသွားလေသည်။
[ဒင်း ဒေါင်... တာဝန်ပြီးမြောက်သွားလို့ ဂုဏ်ယူပါတယ်... ဆုလဒ် : ၁၀မှတ်]
ကျန်းရှောင်မန်က သူမ မကြားရသည်မှာ အလွန်ကြာပြီဖြစ်သော စနစ်၏ ဆုပေးသံကို ကြားလိုက်သောအခါ ချက်ချင်း အငိုတိတ်သွားခဲ့သည်။
မျက်ရည်ဥဥများက သူမ၏မျက်တောင် ကော့ကော့များတွင် တွဲခိုနေသေးသော်လည်း သုတ်လိုက်ရန် အချိန်မရှိသေးပေ။ သူမက အမှတ်ဘားတန်းမှ သူမ ကြိုးစားပမ်းစား ရှာထားသည့် အမှတ်လေး ဆယ်မှတ်ကို ကြည့်လိုက်သည်။
သို့သော် ထိုအမှတ်လေးများကို သူမလက်ထဲတွင် ကြာကြာမကိုင်ရသေးမီ သုညအဖြစ်ပြောင်းလဲသွားပြီး အကြွေးပေးရမည့် အမှတ်နေရာတွင် -၉၉၄မှ -၉၈၄အဖြစ် ပြောင်းလဲသွားသည်။
အရာရာတိုင်းက လျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။
ကျန်းရှောင်မန်လေး တောင့်ခဲသွားကာ မျက်ရည်များက ဆည်ကာတာကျိုးသလို ထပ်ကျလာတော့သည်။
ဒါက ပိုက်ဆံအကြွေးတင်ရတဲ့ ခံစားချက်လား...
အရမ်းကို မသက်မသာခံစားရတာပဲ...
သူမ ကြိုးကြိုးစားစားရှာထားတဲ့ ဆယ်မှတ်ကလေးက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားရပြီ...
စနစ်က ပြောလိုက်သည်။
"မင်းအကြွေးတင်ထားတဲ့အရာကို ပြန်ပေးတယ်ဆိုတာ ဖြစ်သင့်တဲ့ အရာပဲ... ပြန်မပေးဘူးဆိုတာက အရှက်မရှိလို့ပဲ..."
ကျန်းရှောင်မန် "ဝူး...ဝူး...ဝူး...ဝူး...ဝူး..."
-
ကျန်းဟွေ့မိန်နှင့် ကျန်းရှင်းတို့ ပြန်လာသောအခါ ကျန်းရှောင်မန်လေး လမ်းဘေးတွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။ သူမလက်ထဲတွင် သံသေတ္တာလေးကို ကိုင်ထားပြီး သနားစဖွယ်ငိုကြွေးနေရှာသည်။ သူမ၏ မျက်နှာလေးပေါ်တွင် မျက်ရည်စီးကြောင်းများရှိနေပြီး သနားဖို့ကောင်းအောင် ရှိုက်နေလေသည်။
T/N -
1.အနွေးဂွမ်းကပ်လေးဆိုတာက အနွေးဂွမ်းကပ်တွေက ဆောင်းရာသီမှာ မရှိမဖြစ်ပြီး နှလုံးသားထဲထိပါ နွေးထွေးစေတာလို့ တင်စားတာပါ