Chapter 11
သူမ၏နှာခေါင်းလေးနှင့် မျက်လုံးလေးများမှာ ငိုနေသောကြောင့် နီရဲနေကာ အလွန်သနားစဖွယ်ကောင်းနေသည်။
ကျန်းရှင်း ချက်ချင်း ရှေ့သို့ ခပ်မြန်မြန်ပြေးထွက်သွားသည်မှာ ဓားထိုးခံရ၍ ဆေးရုံတက်ရာမှ အခုမှအိပ်ပြန်လာသည့်လူနှင့် တူပင်မတူချေ။
"ရှောင်မန်လေး ဘာလို့ငိုနေတာလဲ.. သမီးကို ဘယ်သူအနိုင်ကျင့်လို့လဲ...."
ကျန်းရှင်းက ကွေးညွတ်လိုက်ကာ ကျန်းရှောင်မန်ကို ချီလိုက်ရန် လုပ်လိုက်သော်လည်း သူလှုပ်လိုက်သည်နှင့် ဗိုက်ကိုနာကျင်သွားစေကာ 'အိုင်းယိုး'ဟုအော်ရင်း လက်လျှော့လိုက်ရသည်။
"ဦးလေးက သမီးအတွက် သူ့ကို ပြန်ရိုက်ပေးမယ်...."
"နင်အခုထိလုပ်ရဲသေးတာလား...."
ကျန်းဟွေ့မိန် ပြေးထွက်လာပြီး လူနာများကို မရိုက်သင့်ကြောင်း ပြန်သတိရသွား၍ ခေါင်းသာခေါက်လိုက်သည်။
"အနာဂတ်မှာ ရန်မဖြစ်ရတော့ဘူး...ငါ့အတွက် ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ လိမ္မာပေးစမ်းပါ..."
ကျန်းရှင်း ပါးစပ်ပိတ်နေရန်သာ ရွေးချယ်လိုက်သည်။
"သမီး... သမီး..."
ကျန်းရှောင်မန် သူမဦးလေး၏ခြေထောက်ကိုဖက်၍ မသဲမကွဲပြောလိုက်သည်။
"သမီး ဦးလေးကို အရမ်သတိရလို့...."
အမှန်တကယ်တွင် သူမ ကြည့်ပင် မကြည့်လိုက်ရသည့် အမှတ်များအတွက် ငိုနေခြင်းဖြစ်သည်။ ယခုတွင် သူမ ကျိုးဟိုင်ယန်၏ ခံစားချက်ကို နားလည်သွားပြီဖြစ်သည်။
သူမအကြွေးအကြောင်းနှင့် သူများကို ရိုက်လိုက်ကြောင်း ပြေပြ၍မရပေ။
ကျန်းဟွေ့မိန်က လက်တစ်ဖက်တွင် ကလေးကိုလက်တွဲ၍ နောင်တစ်ဘက်တွင် ထိုင်ခုံလေးကိုကိုင်ပြီး အိမ်ထဲဝင်လိုက်သည်။
သူမအိမ်ပြန်မရောက်သည်မှာ ဆယ်ရက်နီးပါးရှိပြီဖြစ်သည်။ အိမ်ထဲတွင် ရှုပ်ပွနေမည်ဟု ထင်ထားသော်လည်း တံခါးဖွင့်လိုက်သောအခါတွင် သန့်ရှင်း သပ်ရပ်နေကြောင်း မြင်လိုက်ရသည်။
စားပွဲပေါ်တွင် ဖုန်တစ်စက်မရှိသလို ကုတင်ပေါ်တွင်လည်း စောင်၊ ခြင်ထောင်များက သပ်ရပ်စွာရှိနေသည်။
"အိုး...."
ကျန်းဟွေ့မိန် အလွန်ပျော်သွားခဲ့သည်။
"ငါ့ရဲ့ အသည်းကျော်လေးက အရမ်းသိတတ်တာပဲ...တစ်ချို့လူတွေနဲ့များ ကွာပ...လူ့ သက်တမ်းရဲ့ တစ်ဝက်တောင် အသက်ရှင်လာခဲ့ပြီးပြီကို အခုထိ မသိတတ်သေးဘူး...."
ထိုသို့ဖြစ်နေသည်မှာ ကျန်းရှောင်မန်လေး သန့်ရှင်းရေး လုပ်ထား၍ဖြစ်သည်မှန်း သိသာလှပေသည်။
ကျန်းရှင်းက ယခုတစ်ခေါက်ဖြစ်သည့် ကိစ္စက အလွန်ပြင်းထန်သွားမှန်း သိသလို သူကိုယ်တိုင်လည်း စိတ်ဒဏ်ရာရသွားခဲ့ပြီဖြစ်သည်။ သူဘာမှပြန်မပြောရဲဘဲ ရယ်ကျဲကျဲသာလုပ်နေလိုက်သည်။
"ဟုတ်ပါ့... ငါတို့ရှောင်လေးကတော့ အနာဂတ်မှာအရမ်းတော်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်လာမှာ... ကြည့်စမ်းပါဦး သူသန့်ရှင်းရေးလုပ်ထားတာ တောက်ပြောင်နေတာပဲ...."
ကျန်းရှောင်မန်လေးက ချီးကျူးခံလိုက်ရ၍ ပြုံးသွားတော့သည်။
ခဏအကြာတွင် သူမ၏ဦးလေးကို ခပ်တိုးတိုးမေးလိုက်သည်။
"ဦးလေး တံမြက်စည်းကြယ်ဆိုတာ ဘာလဲဟင်...."
ကျန်းရှင်း သူမပြောသည်ကို ကြားသောအခါ မျက်နှာတည်တင်းသွားသည်။ ထို့နောက် ကျန်းရှောင်မန်၏ ထိုင်ခုံသေးသေးလေးကို သူ့ခန္ဓာကိုယ်ကြီးဖြင့် တက်ထိုင်ပြီး လဲလုမတတ်ဖြစ်သွားသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းပြီးသော အခါတွင် သူမကို မေးလိုက်သည်။
"သမီး ဘယ်ကနေကြားလာတာလဲ...."
"ကျိုးဟိုင်ယန်ပြောပြတာ..."
ကျန်းရှောင်မန် နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။
"သူက သမီးကိုဆူတယ်.. ဒါပေမဲ့ သမီးသူ့ကို ပြန်ပေးဆပ်ခိုင်းလိုက်တယ်...."
သူမ၏ မျက်လုံးထဲတွင် စိတ်ကျေနပ်မှုအရိပ်အယောင်တို့ ရှိနေဆဲပင်။ သူမ၏ ခေါင်းလေးကို အလျှင်အမြန်အလုပ်ပေးပြီး ကျန်းရှင်းနားထဲသို့ တိုးတိုးလေးကပ်ပြောလိုက်သည်။
"ဦးလေး ဘွားဘွားကိုမပြောပြရဘူးနော်... ဘွားဘွားသာသိရင် သမီးကိုရိုက်မှာ..."
ကျန်းရှင်းကလည်း သူမကို တုပကာ တိုးတိုးလေးပြောလိုက်သည်။
"နားလည်တယ်..."
"ဒါဆို တံမြက်စည်းကြယ်ဆိုတာဘာလဲဟင်..."
ကျန်းရှောင်မန်က အတော်လေးသိချင်နေပေသည်။
ကျန်းရှင်းက သူမကို မေးခွန်းတစ်ခုသာ ပြန်မေးလာသည်။
"ရှောင်မန် သမီးအိမ်ကိုသန့်ရှင်းရေးလုပ်ရင် ကြမ်းပြင်ကို တံမြက်စည်းနဲ့လှဲတယ်မလား..."
"ဟုတ်ကဲ့..."
"တံမြက်စည်းဆိုတာ အိမ်ရဲ့ အမှိုက်တွေ ဖုန်တွေကို လှဲထုတ်ပစ်နိုင်တယ်မလား..."
"ဟုတ်ကဲ့..."
"တံမြက်စည်းကြယ်ဆိုတာက အိမ်တွေကို လှဲကျင်းတာအတွက် အထူးပြုတဲ့ ကောင်းကင်ဘုံက မသေမျိုးတစ်ပါးပဲ... အိမ်ကို တံမြက်စည်းလှဲလိုက်ရင် သမီး အခုအိမ်ကို လှည်းကျင်းထားသလို ကြမ်းပြင်တွေက တောက်ပြောင်သွားတယ်လေ.... ကျိုးဟိုင်ယန် သမီးကိုချီးကျူးနေတာပါ... တံမြက်စည်းကြယ်ဆိုတာ ကံကောင်းတဲ့ ကြယ်လေးလေ... အဲ့တာက အသစ်တစ်ဖန်မွေးဖွားခြင်းနဲ့ အသစ်စတင်ခြင်းကို ကိုယ်စားပြုတာလေ မမိုက်ဘူးလား...."
ကျန်းရှောင်မန် လက်ခုပ်တီး၍ပျော်ပျော်ကြီးပြောလိုက်သည်။
"ဒါဆို သူကသမီးကို မသေမျိုးလို့ခေါ်တာပေါ့နော်...."
"ဒါပေါ့..."
"ဒါဆိုရင် မနက်ဖြန်ကြရင် သူ့ကို ပြန်တောင်းပန်ရမယ်..."
"မလိုပါဘူး...."
မူလက ကျန်းရှောင်မန်လေးက ငွေကုန်စေတဲ့ ပစ္စည်း၏ အဓိပ္ပါယ်ကိုပါ မေးချင်သေးသော်လည်း သူမက သူမကြုံရသည့် အရာတိုင်းဆီမှ အေးဆေးသင်ယူနိုင်သည့် ကလေးတစ်ယောက်ဖြစ်နေနေသည်။
တံမြက်စည်းကြယ်ဆိုသည်က မသေမျိုးကို ရည်ညွှန်းလျှင် ငွေကုန်စေတဲ့ပစ္စည်းတွင်က ပစ္စည်းဟု မရည်ညွှန်းပဲ လူကိုရည်ညွှန်းခြင်းသာ ဖြစ်ရပေမည်။
အခြားလူတွေကို ပိုက်ဆံပေးတယ်ဆိုမှတော့ ကြွယ်ဝချမ်းသာခြင်းကလေးငယ်လို့ ပြောချင်တာမဟုတ်ဘူးလား...
ဘုရားရေ... ကျိုးဟိုင်ယန်က သူမကို အရမ်းမြှောက်ထားတာပဲ... ဘွားဘွားကတောင် သူမကို ချစ်စရာကောင်းတဲ့ ကံကောင်းစေတဲ့ အရုပ်လေးလို့ပဲခေါ်တာ... မသေမျိုးတစ်ပါးလို့ မခေါ်ဖူးဘူး....
ကျန်းရှောင်မန်လေးက ရည်မှန်းချက်အပြည့်ဖြင့် လက်သီးတင်းတင်းဆုပ်ကာ ပြောလိုက်သည်။
"ဦးလေး.. သမီး အနာဂတ်မှာ အလုပ်ကြိုးစားပြီး ပိုက်ဆံရှာမယ်... ပြီးရင် အရမ်းချမ်းသာတဲ့ ကြွယ်ဝချမ်းသာခြင်း ကလေးငယ်ဖြစ်လာစေရမယ်...."
ကျန်းရှင်းက သူမလေး ဘာတွေတွေးနေသလဲ မသိသော်ငြားလည်း ရေလိုက်ငါးလိုက် လုပ်ပေးလိုက်သည်။
"ကောင်းပြီလေ... သမီးက ကြွယ်ဝချမ်းသာခြင်းကလေးငယ်ဆိုရင်... ဦးလေးက... ဦးလေးက ကြွယ်ဝချမ်းသာခြင်း နတ်ဘုရားပေါ့... ဦးလေးချမ်းသာလာရင် သမီးကို ပြည်ပကတင်သွင်းတဲ့ ချောကလက်သုံးဘူးဝယ်ပေးမယ်..."
သူပြောလိုက်ပြီးသည်နှင့် ကျန်းဟွေ့မိန်က သူ့လက်ထဲသို့ ဟင်းသီးဟင်းရွက် လက်တစ်ဆုပ်ထည့်ပေးလိုက်သည်။
"အခုထိ ကြွယ်ဝချမ်းသာခြင်း နတ်ဘုရားလို့ ပြောနေသေးတာလား... သွား ဆန်သွားဆေးပြီး အသီးအရွက်တွေ သွားနွှင်ချေ...."
ကျန်းရှင်း ကူကယ်ရာမဲ့သွားခဲ့သည်။ ထို့နောက် သူနှင့် ကျန်းရှောင်မန်တို့ ရေမြောင်းနားတွင် စောင့်ကြောင့်လေး ထိုင်လိုက်သည်။ လူကြီးတစ်ယောက်နှင့် ကလေးမလေးတစ်ယောက်က ဟင်းသီးဟင်းရွက်များဆေးရင်း ညစာအတွင်ပြင်ဆင်နေကြသည်။
သူဆေးရုံတက်နေသည်မှာ အလွန်ကြာသွားပြီဖြစ်၍ အိမ်ချက်ဟင်းများကို အတော်လေးလွမ်းနေပြီဖြစ်သည်။