Chapter 12
ကျန်းရှင်း၏ ကျန်းမာရေးက မကောင်းသေးပေ။ ဆရာဝန်က သူ့ခန္ဓာကိုယ်ကို အားပြန်ပြည့်စေရန် အာဟာရဓာတ်များနှင့် ပရိုတင်းဓာတ်များကို လိုအပ်သည်ဟု ပြောခဲ့သည်။ ဆေးရုံမှ အားဖြည့်စာများ ယူလာခဲ့သော်လည်း ကျန်းဟွေ့မိန်က အာဟာရပြန်ပြည့်ရန် အမှန်တကယ်မျက်စိဖြင့်မြင်နိုင် ထိနိုင်သော အစားအသောက်များကို ကျွေးရန် လိုအပ်နေသေးသည်ဟု ထင်မိသည်။
နောက်တစ်နေ့တွင် သူမ ကျောင်းမှအလုပ်များပြီးသည်နှင့် မြစ်ထဲမှ ငါးနှစ်ကောင် ဖမ်းလာခဲ့သည်။
သူမက ငါးများကို ပိုက်ကွန်နှင့် ဖမ်းလာခဲ့ခြင်းဖြစ်ပြီး လတ်ဆတ်လှကာ သန်စွမ်းလှ၍ ၎င်းတို့ကို မြက်နှင့်ချည်၍ အိမ်သို့ ပြန်ယူလာခဲ့သည်။
ငါးတစ်ကောင်ချင်းစီတိုင်းက ဝဖြိုးကာအရသာရှိပုံ ပေါ်နေသည်။
တစ်ကောင်ကို ကျန်းရှင်းအတွက် အနီရောင်ဘယ်ရီသီးနှင့် စွပ်ပြုတ်လုပ်ပေးပြီး နောက်တစ်ကောင်ကို ကျန်းရှောင်မန်အတွက် ချက်ပေးရမည်။ အဆင်ပြေချက်ပဲ....
ငါးနှစ်ကောင်နှင့် အိမ်ပြန်အလာတွင် ကျန်းဟွေ့မိန်က ကျိုးဟိုင်ယန်အမေနှင့် ဆုံခဲ့သည်။
ကျိုးဟိုင်ယန်၏ အမေက ပြောလိုက်သည်။
"အန်တီရေ... မသွားသေးပါနဲ့ဦး... ကျွန်မတို့ ဒီနေ့တွေ့ဖြစ်ပြီဆိုတော့ စကားပြောကြတာပေါ့..."
သူမ၏ လေသံက ဒေါသသံဖြစ်နေပြီး ပြဿနာရှာရန် လာကြောင်း သိသာလှပေသည်။
ကျန်းဟွေ့မိန် မျက်မှောင်ကြုတ်လိုက်သော်လည်း သူမကို မကြောက်ပေ။ ပုံမှန်ဆိုလျှင် အိမ်ခြံစည်းရိုးတွင် ပေါက်သော ဖရုံနွယ်ကို မည်သူ့မြေပေါ်တွင် ပေါက်သည်ဟူ၍ ငြင်းခုန်ကြရင်း သူတို့နှစ်ယောက် တစ်နေ့လုံး စကားများကြဖူးပေသည်။ ကျန်းဟွေ့မိန်တွင် ကျိုးဟိုင်ယန်၏ အမေကိုကိုင်တွယ်ရန် နည်းလမ်းရှိပေသည်။
သူတို့နှစ်ယောက်လုံးက ရပ်ကွက်ထဲမှာဆိုရင် ကြမ်းတမ်းတဲ့ မိန်းမတွေအဖြစ် နာမည်ကြီးတာပဲလေ... ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ ဟမ့်....
"ဘာကိစ္စလဲ ဟိုင်ယန့်အမေရေ... ဒီမိန်းမအိုကြီးက နင့်ကို အမှားလုပ်မိလို့လား...."
"ရှင်က ကျွန်မကို အမှားမလုပ်ထားပါဘူး... ဒါပေမဲ့ ရှင်တို့မိသားစုက ရှောင်မန်ကတော့ တကယ်တော်တာပဲနော်.. အိုင်းယိုး... ငယ်ငယ်လေးပဲရှိသေးပေမဲ့ တော်ချက်ပဲ... မနေ့က သူက ကျွန်မတို့ဟိုင်ယန်ကို ငိုတဲ့အထိ အနိုင်ကျင့်လိုက်တယ်လေ... ကျွန်မသားလေးရဲ့ မျက်လုံးတွေများ နီရဲပြီး နှာခေါင်းတွေတောင်ယောင်ကိုင်းလို့... ကျွန်မဖြင့် သူ့ကို ဒီလောက်အထိ သနားဖို့ကောင်းတဲ့ပုံမျိုး မမြင်ဖူးပါဘူးတော်... သူ့ကို ဘာဖြစ်ခဲ့တာလဲလို့ မေးတော့ ဘာမှပြန်မပြောရှာဘူး... ဒီတော့ နောက်ကွယ်မှာ ရှင်ကသေချာပေါက်ကို ရှိနေမှာပဲ... ကလေးတစ်ယောက်ကိုတောင် အနိုင်ကျင့်တယ်ဆိုတော့ ရှင့်မှာ အရှက်ရောရှိသေးရဲ့လား..."
ကျန်းဟွေ့မိန်က ထိုသို့ကြားရသည်ကို ပျော်ရွှင်နေမိသည်။
"အိုး... ဒါဆို ကလေးနှစ်ယောက် ရန်ဖြစ်ကြတာပေါ့... နင်ပြောတာ နင့်ရဲ့ဟိုင်ယန်ရဲ့ ငါတို့ရှောင်မန်လေးဆီက ငိုတဲ့အထိအနိုင်ကျင့် ခံရတယ်ပေါ့လေ... နင် နင့်ရဲ့ဟိုင်ယန်က အရမ်းဆိုးပြီး သူများကို ရိုက်တဲ့နေရာမှာ တော်တဲ့အကြောင်း ဘယ်လိုလုပ်မသိရတာလဲ..ငါဖြင့် သူ့ကို ငါတို့ရှောင်မန်ကို အနိုင်ကျင့်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး သင်ခန်းစာမပေးရသေးဘူး... နင်က ငါတို့အိမ်တံခါးကို လာခေါက်နေတယ်ပေါ့ ဟုတ်လား..."
ကျန်းဟွေ့မိန် အင်္ကျီလက်ကိုခေါက်တင်လိုက်ပြီး အလွန်ကြမ်းတမ်းကာ ကြောက်စရာကောင်းနေသည်။
ကျိုးဟိုင်ယန်အမေက အနည်းငယ် စိတ်မသန့်ဖြစ်သွားသည်။ ပထမအချက်က သူကကျန်းဟွေ့မိန်ကို မနိုင်ပေ။ ကျန်းဟွေ့မိန်ဖျတ်လတ်စဉ်က မီးဖိုချောင်သုံးဓားကြီးကိုင်၍ သူမယောက်ျားနောက်မှ လိုက်ဖူးသည်ကို မှတ်မိလိုက်သည်။ ထိုသည်ကို မြင်ချိန်က သူမက ကျိုးဟိုင်ယန်အဖေနှင့် လက်ထပ်ပြီးကာစဖြစ်ပြီး ထိုမြင်ကွင်းက သူမမှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်သည်။ ဒုတိယအချက်က သူမမိသားစု၏ဟိုင်ယန်လေးက တကယ့်ကို ပြဿနာအိုးပင်။ သူမကို အခြားကလေးများ၏ မိဘများက အမြဲလာရှာနေကြဖြစ်သော်လည်း ဤသည်က သူမ၏ကလေး ပထမဆုံးအကြိမ် အနိုင်ကျင့်ခံရ၍ တစ်ဖက်ကလေး၏ အုပ်ထိန်းသူကို သွားတွေ့ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
"ကျွန်မ.. ကျွန်မက အခြေအနေပြောပြရုံပဲ... ရှင်က ဘာကိစ္စဒီလောက်တောင် ကြမ်းတမ်းခက်ထန်နေရတာလဲ... အခုခေတ်လူတွေက ယဉ်ကျေးနေကြပြီ.. ရှင်တို့ခေတ်ကလို ရိုင်စိုင်းမနေကြတော့ဘူး..."
ကျိုးဟိုင်ယန်အမေက ချက်ချင်းဇက်ပုသွားသော်လည်း ပါးစပ်က အငြိမ်မနေသေးပေ။
"ကျွန်မက ရှင့်ကို ရှောင်မန်ကို ကောင်းကောင်းသွန်သင်ပေးဖို့လာပြောတာ... ရှင့်သားလို နေ့တိုင်း မဟုတ်တာတွေလုပ်ပြီး လမ်းမလွဲစေနဲ့ပေါ့...."
ကျိုးဟိုင်ယန်အမေ ရှုံးနိမ့်သွားကာ တပ်ပြန်ဆုတ်လိုက်ရသည်။ သို့သော် ကျန်းဟွေ့မိန်သည်လည်း ဒေါသများကို မျိုချပြီး အတော်လေး မကျေမနပ်ဖြစ်နေရသည်။
သူမ ရွာထဲတွင် ထိုကဲ့သို့သော စကားမျိုးကို တစ်ခါမှ မကြားဖူး၍မဟုတ်ဘဲ အမြဲ မသိချင်ယောင်ဆောင်နေခြင်းသာ ဖြစ်သည်။
တစ်စုံတစ်ယောက်နှင့် ရန်ဖြစ်ပြီး ဆေးရုံတက်ရခြင်းမှာ ကောင်းသောအရာမဟုတ်ပေ။ သူတို့သာ စည်းမျဉ်းစည်းကမ်းတင်းကျပ်ပြီး ရိုးရာဓလေ့ကို အလွန်လိုက်နာသော မိသားစုဆိုပါက အခြားသူများနှင့် မျက်နှာချင်းပင် ဆိုင်နိုင်တော့မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် သူတို့က ထိုကဲ့သို့ မဟုတ်ပေ။
ထို့ကြောင့် ကျန်းရှင်းက ယခုအထိ အသက်ရှင်ကာ ကျန်းမာနေဆဲဖြစ်သည်။ သူက သူ့အမေဆီမှ အရိုက်မခံခဲ့ရသော်လည်း ဒဏ်ရာပေါ် ဒဏ်ရာဆင့်သွားခြင်းဖြစ်သည်။
သို့သော်လည်း သစ်ပင်တွင်အခေါက်ရှိသလို လူတွင်လည်း မျက်နှာရှိပေသည်။ သူမ စိတ်မဖိစီးပဲ မနေပါချေ။ ကျိုးဟိုင်ယန်အမေက သူမကို မျက်နှာချင်းဆိုင်လာပြောနေပြီဖြစ်၍ သူမ၏ အိုမင်းနေသော မျက်နှာပင် ထားစရာမရှိတော့သလို ခံစားနေရသည်။
သူမတကယ် တုတ်ချောင်းတစ်ချောင်းကို မွေးမိထားတာပဲ...
သူမတွေးလေလေ ဒေါသထွက်လာလေလေ ဖြစ်ပြီး သူမကို ယခုထိစိတ်ပူအောင်လုပ်နေသေးသော သူမ၏သားကို ရိုက်နှက်ပစ်ချင်လာနေသည်။ သူမ အိမ်သို့ မြန်မြန်လမ်းလျှောက်ပြန်လိုက်ပြီး တံခါးဖွင့်ကာ ဝင်လိုက်သည်နှင့် ကျန်းရှင်းက သူ၏ပူဖောင်းနေသည့်ဗိုက်ကိုလှန်ကာ အမှီကုလားထိုင်ပေါ်တွင် ထိုင်နေရင်း နေပူဆာလှုံနေသည်။ ကျန်းရှောင်မန်လေးက သူမ၏ ထိုင်ခုံသေးသေးကိုယူကာ သူ့ဘေးနားတွင်ထိုင်ရင်း လက်ပေါ် မေးတင်၍ သူ့ကို ကြည့်ပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။
ကျန်းရှောင်မန်က လက်ကလေးဆန့်ထုတ်ကာ ကျန်းရှင်းဗိုက်ကို ထိရင်း မေးလိုက်သည်။
"ဦးလေး.. ဦးလေးဗိုက်ထဲမှာ ကလေးလေးရှိနေတာလားဟင်..."
ထိုသည်ကိုကြားပြီး ကျန်းဟွေ့မိန် ခြေချော်မလိုပင် ဖြစ်သွား သည်။
"ဘေးအိမ်က သာ့ကျူးရဲ့မိန်းမမှာ ကလေးလေးရှိတုန်းကဆိုရင်လည်း သူ့ဗိုက်က ဒီလိုပဲလေ... ဒါပေမဲ့ သူ့ရဲ့ဗိုက်က ဦးလေးထက် အများကြီးကြီးပြီးတော့ အများကြီးပူနေတာ... သူလည်း ဘာမှမလုပ်ပဲ အခုလိုထိုင်နေလေ..."
ကျန်းရှင်း သူ့ဗိုက်သူကိုင်ပြီး ပြုံးလိုက်သည်။
"ဒါပေါ့..."
သူ့ဗိုက်တွင် ခြစ်ရာကြီးရှိနေပြီး သူမကို မမြင်စေချင်၍ သူမပြောသည့်အတိုင်း ရေလိုက်ငါးလိုက်သာ နေပေးလိုက်သည်။ ထို့နောက် ခြံဝန်းထဲကို လက်ညှိုးထိုးလိုက်သည်။
"ခြံဝန်းကို မြန်မြန်လေး သန့်ရှင်းရေးလုပ်လိုက်... အိုး ဟုတ်သားပဲ မနေ့က ဦးလေးရဲ့ အဝတ်တွေလဲ လျှော်လိုက်ဦး... မဟုတ်ရင် သမီးရဲ့ဘွားဘွားက ဦးလေးကို ပျင်းနေလို့ဆိုပြီး ဆူလိမ့်မယ်..."