Chapter 13
ပုံမှန်ဆိုလျှင် ကျောင်းရှောင်မန်က ကျန်းရှင်း၏ အလုပ်များကို ကူလုပ်ပေးလေ့မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဘွားဘွားက ဦးလေးကို သူ့အလုပ်သူလုပ်သင့်သည်ဟု ပြောခဲ့ဖူး၍ဖြစ်သည်။ သူက အသက်ကြီးပြီဖြစ်၍ ဆက်ပြီး အလိုလိုက်တော့၍ မရတော့ပေ။
သို့သော် ယခုတွင် ဦးလေးက နေမကောင်းဖြစ်နေ၍ သူ့ကို အနည်းငယ် အလိုလိုက်ပေးသင့်လေသည်။ ထို့ကြောင့် ကျန်းရှောင်မန်က ထရပ်ကာ သူမ၏အရပ်ထပ် ရှည်သော တံမြက်စည်းကို ယူလိုက်သည်။ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားနေရဆဲဖြစ်၍ ပြောလိုက်သည်။
"ဒါပေမဲ့... ဦးလေးရယ်... ဦးလေးမနေ့ကလဲဝတ်တဲ့ အဝတ်က အင်္ကျီလေးတစ်ထည်တည်းလေ ဘွားဘွားကလည်း ကိုယ့်ဘာသာလျှော်လို့ ပြောထားတာကို..."
"ဦးလေးက အသက်ကြီးပြီလေ... ပြီးတော့ ဦးလေးဗိုက်ထဲမှာ ကလေးလေးရှိတော့ အဝတ်လျှော်လို့ မရဘူး..."
ကျန်းရှောင်မန်လေးက တုံးအစွာ ခေါင်းငြိမ့်ပြလိုက်သည်။
"အိုး..."
ကျန်းဟွေ့မိန်က သည်းမခံနိုင်တော့ပေ။ သူမ အိမ်ထဲသို့ ပြေးဝင်လာပြီး ကျန်းရှင်း၏ နားရွက်ကို လိမ်ဆွဲကာ ကျိန်ဆဲလေတော့သည်။
"ဒီသောက်ကလေးကတော့ အခုထိ ပေါက်ကရတွေ လုပ်နေတုန်းပဲ... ဒီလောက် ကြီးနေပြီကို ရှောင်မန်လေးကို အနိုင်ကျင့်နေသေးတယ်... နင်မရှက်ဘူးလား... အင်္ကျီလေးတစ်ထည်လျှော်တာနဲ့ သေသွားမှာလား...."
ကျန်းရှင်းက အမြဲတမ်းပြင်းပြင်းထန်ထန် အရိုက်ခံနေကြဖြစ်သည်။ ထို့ကြောင့် သူ၏အမေက သူ့နားရွက်ကို လိမ်ဆွဲသောအခါ ချက်ချင်း အကျယ်ကြီး အော်လေတြောသည်။
"အားယိုး...."
"ဘွားဘွား... ဦးလေးကို မဆူပါနဲ့... ဦးလေးဗိုက်ထဲမှာ ကလေးလေးရှိနေသေးတယ်လေ..."
ကျန်းရှောင်မန်က ကြောက်လန့်သွားပြီး သူမလက်ထဲမှ တံမြက်စည်းကို ဘေးကို လွှင့်ပစ်လိုက်ကာ ကျန်းရှင်း၏ဗိုက်ကို လက်ဖြင့် ကာကွယ်ပေးလိုက်သည်။
ဗိုက်ထဲတွင် ကလေးလေးရှိနေလျှင် အဆူခံရ၍၊ အရိုက်ခံရ၍မဖြစ်ကြောင်း သူမသိပေသည်။
သာ့ကျုး၏မိန်းမဗိုက်ထဲတွင် ကလေးလေးရှိစဉ်က သူမ၏ ယောက္ခမက ကိုယ်ဝန်ပျက်ကျသွားတတ်သည်ဟု ပြောပြ မဆူမဆဲပေ။
ကျန်းရှောင်မန်က ထိုသည်ကို ဥပမာယူ၍ သင်ကြားခဲ့သည်။
"ဘာ.."
ကျန်းဟွေ့မိန် အော်လိုက်သည်။
"ရှောင်မန် အရူးလုပ်မခံစမ်းနဲ့... သူ့ဗိုက်ထဲမှာ ဘယ်လိုလုပ်ပြီး ကလေးလေးရှိရမှာလဲ... အဲ့လောက်ဖောင်းနေတာ သေးတွေချေးတွေ ရှိလို့ပဲ... လူပျင်းတွေရဲ့ ဗိုက်ထဲမှာ သေးတွေချေးတွေ အများကြီးရှိတယ်..."
"ဦးလေးက ကလေးလေးတွေ မမွေးနိုင်ဘူးပေါ့လေ...."
ကျန်းရှောင်မန် အံ့ဩသွားကာ ပါးစပ်ကလေး ဟောင်းလောင်းဖြစ်သွားသည်။
သူမ၏ မျက်နှာလေးပေါ်တွင် ထိတ်လန့်သွားမှုနှင့် ဆုံးရှုံးသွားမှုတို့ ပြည့်နှက်နေပြီး လှည့်စားခံရ၍ ဒေါသထွက်လာသည်။
ကျန်းဟွေ့မိန် ကျန်းရှင်းကို အထင်တသေးဖြင့် နှာခေါင်းရှုတ်လိုက်သည်။
"မိန်းမတောင် မရှာနိုင်ဘဲနဲ့ ကလေးလိုချင်သေးတယ်လား... အိပ်မက်ထဲမှာပဲ ရလိမ့်မယ်..."
ကျန်းရှောင်မန်က သူမဦးလေးက လိမ်နိုင်သော်လည်း သူမဘွားဘွားက သူမကို ဘယ်သောအခါမှ လိမ်မည် မဟုတ်ကြောင်း သိပေသည်။
"ဝူး...."
ကျန်းရှောင်မန် ကျယ်လောင်စွာ အော်ငိုလိုက်သည်။
"ဦးလေးက သမီးကို လိမ်တယ်...."
သူမ အလွန်ဝမ်းနည်းနေသည်။ သူမက သူမနှင့်အတူ ကစားရန် မောင်လေးနှင့် ညီမလေးတစ်ယောက်ရလာမည်ဟု ထင်ခဲ့သည်။ ကျန်းရှောင်မန်၏ အကောင်းဆုံးသူငယ်ချင်းက စနစ်ဖြစ်သော်လည်း ၎င်းက ထိကိုင်၍မရသလို မြင်လည်းမမြင်ရပေ။ ၎င်းက သူမနှင့်အတူ ပျော်ပျော်ကြီးကစားနိုင်မည့် ကလေးတစ်ယောက်မဟုတ်ပေ။
ကျန်းရှင်းက အပြစ်မကင်းဟန်ဖြင့် သူ၏ဗိုက်ကို ကိုင်ပြီး မျက်နှာလွှဲနေလိုက်သည်။
ကျန်းရှောင်မန် အကြာကြီးအော်ငိုပြီးနောက်တွင် သူ့ကို ဒေါသထွက်လာကာ လျစ်လျူရှုထားလိုက်တော့သည်။ ကျန်းရှင်းက ရွေးချယ်စရာမရှိဘဲ သူမကိုချော့ရတော့သည်။
"ဟုတ်ပါပြီ... ဦးလေးရဲ့ အမှားပါ... ဟုတ်ပြီလား... ဘိုးဘေးလေးရယ်..."
"လူလိမ်..."
ကျန်းရှောင်မန် သူ့အပေါ် တံတွေးထွေးလိုက်သည်။
"စနစ်ကပြောတယ် ဆိုးတဲ့ကလေးတွေကပဲ သူများတွေကို လှည့်စားတာတဲ့..."
"ဒါဆို ဦးလေးက ဆိုးတဲ့ကလေးပေါ့..."
"လူလိမ်... ဦးလေးကဖြင့် အသက်ကြီးနေပြီကို..."
ကျန်းရှင်းက ချက်ချင်းအော်လိုက်သည်။
"အိုင်းယိုး...ကောင်မလေး မင်းကများ ဦးလေးကို အသက်ကြီးနေပြီလို့ ခေါ်ရဲတယ်ပေါ့လေ..."
ကျန်းရှောင်မိန်က အလွန်ဒေါသထွက်နေပြီး သူ့ကို တစ်နေ့လုံး လျစ်လျူရှုထားလိုက်သည်။ သူ၏ အင်္ကျီကိုလည်း မလျှော်ပေးခဲ့ပေ။
ကျန်းရှင်းက သူမကို ညစာစားချိန်တွင် ငါးစွပ်ပြုတ်တစ်ပန်းကန်ပေးလိုက်ပြီးမှ နောက်ဆုံးတွင် ချော့၍ရသွားခဲ့ပေသည်။
ညနေခင်းတွင် မိသားစုသုံးယောက်က ခြံဝင်းထဲတွင် လေညင်းခံနေလိုက်ကြသည်။ ကျန်းရှင်းက နေမကောင်းသည်ကို အကြောင်းပြ၍ ကျန်းရှောင်မန်ကို သူ့ကိုယပ်ခတ်ပေးခိုင်းလိုက်သည်။ သို့သော် ကျန်းဟွေ့မိန်က သူမ၏ လက်ထဲမှ သစ်ရွက်ယပ်တောင်ကို ကိုင်လိုက်သည်။
"ရှောင်မန်... သူပြောတာနားမထောင်နဲ့... သူက အရိုက်ခံချင်နေတာ..."
ကောင်းကင်နှင့် မြေပြင်က ကြီးသော်လည်း ဘွားဘွား၏ဩဇာ ပိုကြီးပေသည်။ ထို့ကြောင့် ကျန်းရှောင်မန်က ယပ်တောင်ကို နာနာခံခံလေးပေးလိုက်သည်။
ကျန်းဟွေ့မိန်က ဆက်ပြောပြန်သည်။
"ရှင်းရှင်း... အမေသားကို တောင်းဆိုတယ်လို့ သဘောထားပြီး... အနာဂတ်မှာ ပြဿနာမရှာပါနဲ့တော့လား... အနာဂတ်မှာ အမေတို့ မိသားစုလေးတစ်ခုလို သင့်သင့်မြတ်မြတ်နေကြတာပေါ့... မဟုတ်ရင် အမေသေရင်တောင်မှ စိတ်ချလက်ချ မျက်လုံးမှိတ်နိုင်မှာမပါဘူး... အိမ်နီးချင်းတွေက ဘာမှမပြောပေမဲ့.. သားဘာသာ မြင်နိုင်ပါတယ်... သားဆီ ဘယ်သူလာလည်လဲ.. လူနာလာမေးလဲ... သူတို့အားလုံး သားကိုကြောက်နေကြတာ... အမေတို့ မိသားစုက အကုန်လုံးက လူကောင်းတွေလေ... ပြဿနာမရှာတော့ဘဲနဲ့ ဘိုးဘေးတွေကို အရှက်ရအောင် မလုပ်ပါနဲ့တော့လား... မဟုတ်ရင် အမေသေသွားလို့ သားအဖေနဲ့တွေ့ရင် ဘယ်လို မျက်နှာပြရဲတော့မှာ မဟုတ်ဘူး.... အမေ့ကို မိသားစုကို မျက်နှာပျက်အောင် အသုံးမျကတဲ့သားကို ပျိုးထောင်ခဲ့တယ်ဆိုပြီး ဆူပူပြီး ရိုက်လိမ့်မယ်... "
ကျန်းရှောင်မန်၏ ရှေ့တွင် သူမ ရှင်းရှင်းလင်းလင်း မပြောနိုင်၍ ကျန်းဟွေ့မိန်က ငြင်ငြင်သာသာပြောနေရသည်။ သူမက သူ့ကို မကောင်းသည့် အဖွဲ့အစည်းများနှင့် မပတ်သတ်ဘဲ မည်သည့်ဒုစရိုက်မှမလုပ်ဘဲ လူကောင်းသာလုပ်ရန် ပြောနေခြင်းဖြစ်သည်။
ကျန်းရှင်းက အမှန်တကယ် တုတ်ချောင်းတစ်ချောင်းဖြစ်နေမယ်လို့ သူမ ဘယ်လိုလုပ်သိမှာလဲ.... သူက နားမလည်တဲ့အပြင်ကို ဂရုမစိုက်ပဲ မေးလိုက်သေးတယ်...
"အိမ်နီးချင်းတွေက ကျွန်တော့်ကို ဘာလို့ကြောက်ရမှာလဲ...ပြီးတော့ အမေကပဲ အဖေ့ကို လိုက်ဖမ်းပြီး ရိုက်နေကြလေ... အဖေက အမေ့ကို ဘယ်လိုလုပ် ရိုက်ရဲမှာလဲ..."
ကျန်းဟွေ့မိန် မျက်နှာကြီးမဲသွားသည်။ သူမဒေါသထွက်လာပြီး သူ့ခေါင်းကို ခွဲကာ အထဲတွင် ရေများသာရှိနေသလားဟု ကြည့်ချင်မိသွားသည်။
ကျန်းရှောင်မန်ကသာ သေသေချာချာတွေးတောပြီး ဉာဏ်ကောင်းစွာဖြင့် ခပ်မြန်မြန် ပြောလာသည်။
"ဦးလေး... ဘွားဘွားက ဦးလေးကို နောက်ထပ် ပြဿနာမရှာစေချင်တော့တာပါ... အနာဂတ်မှာ ဦးလေးက သမီးပြောတာနားထောင်ရမယ်နော်... ဦးလေးက မကောင်းတာတွေ လုပ်လို့မရတော့ဘူးနော်... လူဆိုးတွေပဲ မကောင်းတာတွေ လုပ်တာ..."
ကျန်းဟွေ့မိန်က ချက်ချင်းလက်ငင်း သဘောတူလာသည်။
"ဟုတ်တယ်... ရှောင်မန်ပြောတာပဲ နားထောင်လိုက်..."
ကျန်းရှင်းက နောက်ဆုံးမှ နားလည်သွားလေသည်။ သူက အတော်လေး မတရားသလို ခံစားလိုက်ရပြီး စိတ်လှုပ်တရှား အော်ပြောလိုက်သည်။
"အမေရယ် ကျွန်တော်က လူလိမ္မာလေးမဟုတ်ပေမဲ့ နိုင်ငံသားကောင်းတစ်ယောက်ပါဗျာ.. မကောင်းတာတွေမလုပ်ပါဘူး... ပြီးတော့ ကျွန်တော် ဒဏ်ရာရတာ ရန်ဖြစ်လို့ရတာမဟုတ်ဘူး... လူတစ်ယောက်ကို ကယ်ရင်း ရလာတာပါ..."