အပိုင်း ၁၄
Viewers 14k

Chapter 14


ကိစ္စများက အတော်လေးရှုပ်ထွေးပြီး ရင်ဖိုစရာကောင်းလှသည်။


ကျန်းရှင်းက သူ့အဖွဲ့သား ညီအစ်ကိုများနှင့် ရှုပ်ရှုပ်ရှုပ်ရှုပ် လုပ်ရသည်ကို ကြိုက်သော်လည်း မကောင်းသည့်အရာများမလုပ်ပေ။ သူ၏ ညီအစ်ကိုအများစုမှ အိမ်နီးပတ်ဝန်းကျင်မှသာ ဖြစ်သည်။ သူတို့ကအချင်းချင်း တိုက်ခိုက်ကြသော်လည်း စည်းမကျော်ကြသလို ဓားများသေနတ်များလည်း မသုံးကြပေ။ အကယ်၍ သူတို့သာ အမှန်တကယ် မသန်မစွမ်းဖြစ်အောင် သို့မဟုတ် သေအောင်ချကြပါက မှန်တကယ် မသင့်မမြတ်ဖြစ်သွားနိုင်သည်။


လွန်ခဲ့သည့် ဆယ်ရက်ခန့်က ကိစ္စတစ်ခုဖြစ်ခဲ့သည်။ ထိုအချိန်က ကျန်းရှင်းက အိမ်မပြန်တာကြာ၍ အိမ်ပြန်ချင်စိတ်ပေါ်လာနေချိန်ဖြစ်သည်။


တိုက်တိုက်ဆိုင်ဆိုင် မြို့ကနေ ရွာကို ပြန်ရန် ဘတ်စကားလွတ်သွားခဲ့သည်။ စိတ်ဓာတ်ကျကျဖြင့် ဖြတ်သွားဖြတ်လာကားကိုတားပြီး သူ၏ရွာဘက်ကိုသွားပါက ကားကြုံစီး၍ရမလားဟု မေးခဲ့သည်။ ကမ္ဘာပေါ်တွင် စိတ်ကောင်းနှလုံးကောင်း ရှိသည့်လူက ပေါများမည်မဟုတ်ပေ။ ထို့ကြောင့် သူကားခပေးရန်ပါ တွေးပြီးသားဖြစ်သည်။


ဒရိုက်ဘာ၏မျက်နှာက ရုပ်ဆိုးသွားကာ ပြာနှမ်းသွားခဲ့သည်။ ကျန်းရှင်းကိုကြည့်ပြီး ဒေါသတကြီး ထွက်သွားဟုပြောခဲ့သည်။ ဘေးဘက်ရှိ ယာဉ်ထိန်းရဲများက သူတို့ကို ယာဉ်လမ်းကြောကို ပိတ်ထားမိ၍ လာရောက်ဆူပူခဲ့ကြသည်။ ဒရိုက်ဘာက ရဲများနှင့် ပြဿနာမဖြစ်ချင်၍ ကျန်းရှင်းကို ကားပေါ်တင်ကာ ချက်ချင်းမောင်းထွက်သွားခဲ့သည်။


သူတို့သွားလေလေ သွားနေသည့်လမ်းက ပိုမိုမရင်းနှီးသလိုဖြစ်လာလေလေဖြစ်ကာ အိမ်မှ ပိုပိုဝေးလာကြောင်း သိလိုက်ရသည်။ ကျန်းရှင်းက မည်မျှပင် သတိမမူတတ်သူဖြစ်ပါစေ တစ်ခုခုမှားနေကြောင်း သိလိုက်ရသည်။


"အစ်ကိုကြီး... လမ်းမှားနေတာလား...."


"အစ်ကိုကြီး... ဒါရွာပြန်တဲ့လမ်းမဟုတ်ဘူးနော်..."


"အစ်ကိုကြီး မြေပုံကြည့်ပါဦး.. အစ်ကိုကြီးလမ်းမှားနေတာလားလို့...အစ်ကိုကြီး..."


"ပါးစပ်ပိတ်စမ်း...."

အခြားတစ်ယောက်က သည်းမခံနိုင်တော့ပေ။ ခပ်တောင့်တောင့်လူနှစ်ယောက် ပေါ်လာပြီး ကျန်းရှင်းကို ကြိုးချည်ကာ ကားနောက်ဖုံးထဲထည့်လိုက်သည်။


ထိုထဲတွင် ကျန်းရှင်းတစ်ယောက်တည်းမဟုတ်ဘဲ ကောင်လေးတစ်ယောက်ပါရှိနေသည်။


ကျန်းရှင်းက လူကုန်ကူးသည့် ကားထဲရောက်သွားခဲ့ခြင်းဖြစ်သည်။


"ကံကောင်းစွာနဲ့... ကျွန်တော်က သတ္တိရှိပြီး အရည်အချင်းရှိတဲ့လူဖြစ်နေလို့ပေါ့... မဟုတ်ရင် အိမ်ပြန်လာနိုင်မှာမဟုတ်ဘူး..."

ကျန်းရှင်းက ထိုကိစ္စကြောင့် ကြောက်သွားခဲ့ပြီး မှန်ကန်ဖြောင့်မတ်ကာ ဒေါသတကြီးဖြစ်နေသည့် လေသံဖြင့် ပြောလိုက်သည်။

"အမေရယ်... ပြောစမ်းပါဦး.. အခုခေတ်လူမှုအသိုင်းအဝိုင်းက လူတွေရဲ့စိတ်ကို ဒီလောက်အထိ ဆိုးညစ်အောင်လုပ်သွားနိုင်ပြီလား... အဲ့ကလေးက ကျွန်တော်နဲ့တွေ့သွားလို့ ကံကောင်းသွားတာ... မဟုတ်ရင် ဘယ်ကိုခေါ်သွားခံရမလဲဆိုတာတောင် သိလိုက်မှာ မဟုတ်ဘူး... အဲ့ကောင်လေးကြည့်ရတာ စကားမပြောနိုင်တဲ့ပုံပဲ... သူ့ကိုမြင်လိုက်တော့ ရှောင်မန်ငယ်ငယ်ကပုံကို သွားသတိရလိုက်တာပဲ.. အဲ့တုန်းက ရှောင်မန်က ကြောက်လန့်ရင်တောင် 'အားအား..'လို့ပဲ အော်နိုင်တာ... အရမ်းသနားဖို့ကောင်းတာပဲ..."


ကျန်းဟွေ့မိန်က မျက်နှာသေဖြင့် နားထောင်နေပြီး သူ့စကားဆုံးသည်နှင့်မေးလိုက်သည်။

"အိုး... ဒါဆိုရင်...အဲ့ ကလေးကရော..."


"ကျွန်တော်တော့... သူလွတ်သွားပြီ ထင်တာပဲ.... ကျွန်တော် လူဆိုးတွေနဲ့ ချနေတုန်း သူ့ကို အရင်ပြေးဖို့ ပြောလိုက်တာ... ကျွန်တော်က တရားမျှတမှုအတွက် ရဲရဲရင့်ရင့်လုပ်ဆောင်ခဲ့တယ်လို့ ပြောရင်တောင် မလွန်ဘူးမလား...."


ကျန်းရှောင်မန်၏ မျက်လုံးလေးများက ပြူးကျယ်သွားကာ "ဝိုး...."ဟုအော်ရင်း လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။

"ဦးလေးက အံ့ဩဖို့ကောင်းလိုက်တာ..."


"ပုံပြင်တွေပြောတဲ့နေရာတော့ အရမ်းတော်တာပဲနော်..."

ကျန်းဟွေ့မိန်က မျက်စိလှန်လိုက်ကာ သူ၏ပါဖောမန့်ကို ကြားဝင်ဖျက်ဆီးလိုက်သည်။

"နင်ပြောတဲ့ မဟုတ်သုက္ခတွေကို ရှောင်မန်ကလွဲလို့ ဘယ်သူကများ ယုံမှာတဲ့လဲ..."


ကျန်းရှင်းက သူ့ခေါင်းသူပွတ်ရင်း သက်ပြင်းချကာ ထပ်မရှင်းပြတော့ပေ။


သူလည်း ထိုကောင်လေး အန္တရာယ်ကြားမှ အမှန်တကယ်လွတ်မြောက်သွားလား မသိပေ။ အကယ်၍ မလွတ်မြောက်ခဲ့လျှင် သူ၏ 'တရားမျှတမှုအတွက်ရဲရင့်စွာ တိုက်ခိုက်ခဲ့သည့်' လုပ်ရပ်ကို အောင်မြင်သည်ဟု ပြောမရပေ။ ထို့အပြင် ထိုအချိန်က သူ့တွင် ဓားသာမက ဘာကိုမှမပါခဲ့ချေ။


သူခေါင်းငုံ့ ကြည့်လိုက်သောအခါ ကျန်းရှောင်မန်က သူပြောပြသည်ကို ပုံပြင်ဟု သဘောထားပြီး စိတ်အားထက်သန်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။


ကျန်းရှင်း ရယ်ရခက် ငိုရခက်ဖြစ်သွားခဲ့သည်။ သူမကို ချီလိုက်ပြီး သူ့ဒူးနှစ်ဖက်ပေါ် တင်ရင်းမေးလိုက်သည်။

"ငါ့ရဲ့ ရှောင်မန်လေးက ကံကောင်းတဲ့ကြယ်လေးပဲ.. အနာဂတ်မှာ သေချာပေါက်ကို အံ့ဩစရာကောင်းတဲ့လူ ဖြစ်လာမှာ..."


ကျန်းရှောင်မန်က လက်သီးလက်မောင်းတန်းပြီး ပြန်ပြောလိုက်သည်။

"သမီးက အံ့ဩစရာကောင်းတဲ့လူပဲလေ... စနစ်ကပြောတယ် သမီးရဲ့ ဖြစ်တည်မှုက အစားထိုးမရဘူးတဲ့... ကမ္ဘာပေါ်မှာ အသုံးအဝင်ဆုံးလူတဲ့... သမီးသာမရှိရင် ကမ္ဘာကြီးက ဘာမှမလုပ်နိုင်ဘူးတဲ့လေ..."


စနစ်က ဤသို့သာတွေးလိုက်သည်။

"ပိုင်ရှင် ပျော်နေသမျှပေါ့..."


ကျန်းရှင်းက ကျယ်ကျယ်လောင်လောင်ရယ်မောလိုက်ပြီး သူမပြောသည်ကို သဘောတူလိုက်သည်။


စနစ်အကြောင်းကိုတော့ မမေးတော့ပေ။


ကျန်းရှောင်မန်က တစ်ခါတစ်ရံ စနစ်နှင့် အခြားရှင်းပြမရသော အရာများကို ပြောတတ်သည်။ ကျန်းဟွေ့မိန်က နတ်ဆရာကိုခေါ်၍ အပနှင်ခဲ့သော်လည်း ဘာမှမထူးခဲ့ပေ။


ထိုစနစ်ဆိုသည်မှာ သူမ၏သူငယ်ချင်း သို့မဟုတ် တိရိစ္ဆာန်ငယ်လေးတစ်ကောင်ကောင်လည်း ဖြစ်နိုင်လေသည်။