Chapter 15
မည်သို့ပင်ဆိုစေ ကလေးများက ယခုတင် တစ်စုံတစ်ခုလုပ်ပြီး ခဏနေလျှင် နောက်တစ်မျိုးလုပ်နေတတ်သည်။ သူတို့ ကိုယ်တိုင်ကလွဲ၍ မည်သူကမှ သူတို့ပြောသည်ကို နားမလည်ကြပေ။ ကျန်းရှင်းကလည်း ကျန်းရှောင်မန်ကို အိပ်မက်ယောင်နေသလိုသာ သဘောထားလေသည်။
အဆုံးတွင် သူ့မိသားစု၏ ရှောင်မန်လေးမှာ ပုရွက်ဆိတ်များဖြင့်ပင် သူငယ်ချင်း ဖွဲ့နိုင်သေးပေသည်။
ကျန်းရှင်း၏ ပြန်လည်ကုသနိုင်စွမ်းက အလွန်ကောင်းလှသည်။
ရက်အနည်းငယ်အတွင်းတွင် ဆေးရုံကုတင်ပေါ်တွင် လှဲနေခဲ့ရသော သေလုနီးပါး လူနာတစ်ယောက်မှ ဒဏ်ရာအကုန်လုံးနီးပါး ပျောက်ခါနီးဖြစ်သော လူတစ်ယောက်အဖြစ် ပြောင်းသွားခဲ့သည်။ ထို့အပြင် ခွဲစိတ်ထားသည့် နေရာက အတော်လေး ပြန်လည် ကောင်းမွန်နေလေပြီ။ သူက နဂါးတစ်ကောင်လို ကျားတစ်ကောင်လို ဖျတ်လတ်နေပြီ ဖြစ်သော်လည်း ကျန်းဟွေ့မိန်က သူ့ကို အပြင် မလွှတ်ရဲသေး၍ ကျန်းရှောင်မန်ကို မျက်စိဒေါက်ထောက် ကြည့်ခိုင်းထားလေသည်။
တစ်နေ့တွင် ကျန်းဟွေ့မိန် ကျောင်းတွင် တစ်ယောက်တည်း တံမြက်စည်းလှည်းနေချိန်တွင် တစ်စုံတစ်ယောက် က ပြေးဝင်လာပြီး စိုးရိမ်တကြီး အော်လေသည်။
"အန်တီကျန်းရေ... မကောင်းတော့ဘူး မကောင်းတော့ဘူး... အန်တီ့မိသားစုက ကျန်းရှင်းလေ... ကျန်းရှင်း... အန်တီတို့အိမ်ရှေ့မှာ ရဲတွေရောက်နေတယ်..."
ကျန်းဟွေ့မိန်၏ မျက်လုံးများ မဲမှောင်သွားကာ သူမ၏ခြေထောက်များက ပျော့ခွေသွားခဲ့သည်။ သူမ ချက်ချင်းလက်ငင်းပြေးထွက်သွားက ပြေးနေရင်း ပိုမို စိုးရိမ်လာသည်။
သူမ သား၏ အသက်ကလေးကို အလွန်ကြိုးစား အားထုတ်ပြီးမှ ကယ်ထားရတာ ဖြစ်သည်။
ဆေးရုံက ဆင်းပြီးပြီးချင်း ထောင်ထဲ တန်းဝင်ရတော့မှာလား....
ကျန်းဟွေ့မိန်၏ စိတ်အစုံက လဲပြိုသွားပြီး ဖြူဖျော့နေသော မျက်နှာဖြင့် အိမ်ကို ပြေးလေသည်။
သူမ အိမ်ကို မရောက်သေးမီ ဗျောက်အိုးဖောက်သံတို့ ဆူညံနေသည်ကို ကြားလိုက်ရသည်။
သွားပြီ... သူတို့ သူ့ကိုဖမ်းလိုက်ကြပြီ... သူ့ကို ဖမ်းပြီးလို့ ဗျောက်အိုးတွေတောင် ဖောက်ပြီး ဂုဏ်ပြုနေကြပြီ... သူ ဘယ်လောက်တောင် ပြင်းထန်တဲ့ ပြစ်မှုကို လုပ်ခဲ့တာပါလိမ့်...
လူများစွာက သူမတို့ ခြံဝန်းကို ပတ်လည်ဝိုင်းနေကြပြီး ပွဲကြည့်နေကြသည်။ တံတိုင်းပုတိုလေးနားတွင် ရပ်သူကရပ်၊ လမ်းဘေးတွင် ရပ်သူကရပ်နှင့် နေရာတိုင်းတွင် လူများပြည့်နေသည်။
ကျန်းဟွေ့မိန်၏ မျက်နှာ ဖြူဖျော့သွားကာ ချက်ချင်း လက်ငင်း မျက်ရည်များ ကျလာပြီး အော်လိုက်သည်။
"သား...."
"ကျွန်တော်ဒီမှာဗျို့..."
သူ့အသံက ဘာကိစ္စကြောင့် ပျော်နေပုံ ပေါက်နေရတာလဲ...
သောက်ကောင်လေး... အန္တရာယ်က မျက်စိရှေ့ရောက်နေပြ... သူက ရယ်ရဲသေးတယ်...
ကျန်းဟွေ့မိန် မျက်ရည်များသုတ်ကာ အိမ်ထဲပြေးဝင်လိုက်သည်။ သူမ ခြံဝင်းထဲတွင် ရဲဝတ်စုံဝတ်ထားသော လူများစွာက ရပ်နေကြသည်။
ထို့အပြင် သူမသားက....
သူမတွေးသည်နှင့် ကွာခြားနေကာ သူမထင်နေသလို လက်ထိပ်ခတ်ပြီး အဖမ်းမခံထားရပေ။
သူက "ရဲစွမ်းသတ္တိရှိပြီးတရားမျှတမှုကို လက်ကိုင်ထားသူ"ဟု ရေးထားသော စာတန်းကို လည်ပင်းတွင် ချိတ်ထားသည်။ ရဲသားနှစ်ယောက်ကြားတွင် အရူးလိုပြုံးပြီး ရပ်နေကာ သူတို့နှင့် ဓာတ်ပုံ ရိုက်နေသည်။
ကျန်းရှောင်မန်လေးကလည်း အရူးပေါက်စလေးလို တဖြောင်းဖြောင်း လက်ခုပ်တီးကာ "ဦးလေးက မိုက်လိုက်တာ..."ဟူသော စကားကို တွင်တွင်ပြောနေသည်။
"ဒါ... ဘာတွေဖြစ်နေကြတာလဲ..."
ကျန်းဟွေ့မိန်၏ မျက်လုံးများတွင် မျက်ရည်တို့ပြည့်နေပြီး ကြောင်တောင်တောင် ဖြစ်နေသည်။
"ဘွားဘွား...."
ကျန်းရှောင်မန်က သူမ၏ လက်များကို ကျန်းဟွေ့မိန်၏ လက်မောင်းများတွင် ချိတ်တွယ်ပြီး ခုန်ပေါက်နေသည်။
"ဘွားဘွား... ဦးလေးက အရမ်းမိုက်တာပဲ... ဦးဦးရဲကြီးက ပြောတယ်... ဦးလေးက လူဆိုးတွေကို ဖမ်းပေးခဲ့တယ်တဲ့... သူက သူရဲကောင်းပဲတဲ့... ပြီးတော့ သူ့အကြောင်းကို သတင်းစာပေါ်မှာရေးပေးမှာတဲ့... ဦးလေးက အံ့ဩစရာကြီးနော်...."
ဆာဂျင်တစ်ယောက်က ကျန်းဟွေ့မိန်နားရောက်လာကာ သူမကို ကြည့်လိုက်သည်။ ထို့နောက် ခပ်ဟဟလေးရယ်လိုက်သည်။
"အန်တီ... ကျွန်တော်တို့ ဆေးရုံမှ ဆုံဖူးကြတယ်လေ..."
ကျန်းဟွေ့မိန်က အဆက်မပြတ် ခေါင်းငြိမ့်နေပြီး သူမ၏ ခြေလက်များက တုန်ရီနေသည်။
သူမ သူ့ကို အရင်က မြင်ခဲ့ဖူးသည်။ သို့သော် ထိုအချိန်က ကျန်းဟွေ့မိန်က သူမ၏သား ပြဿနာရှာခဲ့သည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် သူမက ဘာမှမပြောရဲဘဲ အိမ်ပြန်ရောက်သော အခါတွင်လည်း ထိုကိစ္စကို ရင်ထဲတွင်သာ သိမ်းထားခဲ့သည်။
"ဒီလိုပါ... သိပ်မကြာခင်က မစ္စတာကျန်းက ပြန်ပေးဆွဲခံခဲ့ရတဲ့ ကလေးတစ်ယောက်ကို ကယ်ပေးခဲ့တယ်... အခု အဲ့ကလေးက ပြန်နိုးလာပြီး ပြန်ပေးဆွဲတဲ့ လူတွေကိုလည်း ဖမ်းမိသွားခဲ့ပြီ... ဒီတော့ ကျွန်တော်က ဒီကိုလာ အသ်ပေးပြီး ဆုကြေးငွေ လာပေးတာပါ... ကလေးရဲ့ အဖေက ကျွန်တော့်ကို မစ္စတာကျန်းကို ကျေးဇူးတင်ခိုင်းလိုကိတာပါ... သူကိုယ်တိုင် လာချင်ပေမဲ့ ကလေးက အခုထိ ဆေးရုံမှာရှိနေပြီး ကြောက်လန့်နေတုန်းမလို့ ထွက်လာလို့ မရလို့ပါ..."
တော်ပါသေးရဲ့.. သူမက သူမသားလေး တစ်ဘဝလုံး ထောင်ထဲ ဝင်ရတော့မယ် ထင်နေတာ... ကြောက်ဖို့ ကောင်းလိုက်တာ...
ကျန်းဟွေ့မိန် နောက်ဆုံးတွင် ဘာဖြစ်သွားသလဲ သိသွား၍ စိတ်သက်သာရာ ရသွားခဲ့သည်။ သူမနှလုံးသားထဲရှိ ကြိုးလေးက ထောင်းကနဲမြည်အောင် ပြတ်သွားကာ မျက်ရည်များက အထိန်းအကွပ် မရှိအောင်ကျဆင်းလာပြီး သူမမျက်နှာတစ်ခုလုံး မျက်ရည်တို့ စွန်းပေကုန်သည်။
"အန်တီ... ဘာဖြစ်လို့လဲ..."
"အန်... အန်တီအဆင်ပြေပါတယ်... အရမ်းကို ရင်ထဲထိသွားလို့ ငိုမိသွားတာပါ..."
ကျန်းဟွေ့မိန် ရှက်ရှက်ဖြင့် အကြည့်လွှဲလိုက်ရသည်။
"ရဲစွမ်းသတ္တိရှိပြီးတရားမျှတမှုကို လက်ကိုင်ထားသူ" ဟူသော စာတန်းအပြင် ငွေသားဆု ယွမ်တစ်သောင်းကိုလည်း ရသေးသည်။
ရဲသားများက ကျန်းရှင်းလက်ထဲ ပိုက်ဆံလွှဲလိုက်သောအခါ လာရောက်ကြည့်ရှုသူများက အသက်ပြင်းပြင်းရှူသွားမိကြပြီး မနာလိုဖြစ်နေသော မျက်လုံးများဖြင့် ကြည့်လာကြသည်။