အပိုင်း ၁၆
Viewers 14k

Chapter 16


သူတို့အားလုံးက ကျန်းရှင်းက မလိမ္မာပဲ ရန်ဖြစ်ရင်း ဓားထိုးခံရသည်ဟု ထင်ခဲ့ကြသည်။ အချို့ အတင်းပြောသော လူများကဆိုလျှင် သူငယ်ငယ်က လိမ္မာသည့် ကလေးဖြစ်သော်လည်း ယခုတွင် လူဆိုးဖြစ်လာပြီး သူ့ဘဝက အဆုံးသတ်ပြီဟူသော ပုံပြင်များကိုပင် လျှောက်ပြောကြသေးသည်။


သို့သော် ဆုငွေယွမ်တစ်သောင်းကို မြင်သောအခါ ဓားထိုးခံရသူက သူတို့သာ ဖြစ်ပါစေဟု ဆုတောင်းနေမိကြသည်။


တစ်ချက်အထိုး ခံရပြီး ယွမ်တစ်သောင်းရသည်မှာ တန်လှပေသည်။ မည်သို့ပင်ဆိုစေ  လယ်ကွင်းထဲတွင် အလုပ်လုပ်လျှင် တစ်ခါတစ်ရံ၌ ပေါက်ပြားဖြင့် ခုတ်မိတတ်သည်။ ထိုအခါတွင် ပိုက်ဆံမရရုံမျှမက အလုပ်ပင် နှောင့်နှေးရသေးသည်။


ရဲစွမ်းသတ္တိရှိပြီးတရားမျှတမှုကို လက်ကိုင်ထားသူဟူသော ဂုဏ်ပုဒ်က ကောင်းလှသည်။


ကျိုးဟိုင်ယန်၏ မိသားစုကလည်း လာရောက်စပ်စုသော လူများထဲတွင် ပါဝင်လေသည်။


ကျိုးဟိုင်ယန်၏ အဖေက ကျန်းရှင်းထက် အသက်အနည်းငယ် ကြီးရုံမျှမက သူနှင့် အတူတူကြီးပြင်းလာသူဖြစ်ပေသည်။ ရဲသားများက ကျန်းရှင်းကို သတင်းစာထဲတွင် ထည့်၍ ချီးမွမ်းမည်ဖြစ်ကာ ဆုငွေယွမ်တစ်သောင်းချီးမြှင့်သည်ကို မြင်သည်နှင့် မနာလိုဖြစ်လာရသည်။

"ဒီကလေး ကျန်းရှင်းကတော့... ငါဖြင့် သူ့ကို အရမ်းကို အလားအလာကောင်းမှန်း မထင်ထားခဲ့မိဘူး...."


ထိုသည်ကို ကျိုးဟိုင်ယန်၏ အမေကြားသောအခါ သူမနှလုံးသားထဲတွင် မလွယ်ကူမှုနှင့် ချဉ်တူးနေသော ခံစားချက်ကို ရလိုက်သည်။ သူမယောက်ျား၏ နားရွက်ကို ဆွဲလိမ်ကာ အိမ်သို့ ပြန်ဆွဲခေါ်သွားလိုက်သည်။

"အခြားလူတွေမှာ အလားအလာရှိတာ ရှင်နဲ့ဘာဆိုင်လဲ... မြန်မြန် အိမ်ပြန်ပြီး ကျုပ်အတွက် အလုပ်လုပ်ပေးစမ်းပါ...."


"အလားအလာရှိတယ်... အလားအလာရှိတယ်နဲ့... ကျန်းရှင်းကတောင် အလားအလာရှိလိုက်သေးတယ်..."


အဲ့အဖွားကြီးရဲ့ အမြှီးကတော့ ကောင်းကင်ပေါ်အထိ ထောင်တက်နေတော့မှာပဲ....


ပြီးတော့ ယွမ်တစ်သောင်းကလည်း ရလိုက်သေးတယ်...


ငါလည်း လိုချင်တယ်...


ကျန်းရှင်း၏ ဒဏ်ရာများအတွက် ကုသစရိတ်ကို ပေးပြီးနောက်တွင် ရဲများက ပြန်သွားကြသည်။ သူတို့ မပြန်ခင် သူ့ကို ကျန်းမာရေးကောင်းစေရန် ပစ္စည်းအချို့ကိုပေးခဲ့ကြသည်။


ကျန်းရှင်းက ၎င်းကို ဖွင့်လိုက်ပြီး ကျန်းရှောင်မန်ကို သကြားအမှုန့်တစ်ထုတ်ပေးလိုက်သည်။

"ဒါစားပြီး သွားကစားနော်..."


ချိုလိုက်တာ... အရမ်းချိုတာပဲ... 


သူမ၏ မျက်လုံးလေးများက ချက်ချင်း တောက်ပလာကာ သကြားစားသည့်နေရာတွင်သာ အာရုံစိုက်နေတော့သည်။


ကျန်းရှင်း၏ ဆုကြေးငွေယွမ်တစ်သောင်းက သူ့လက်ထဲတွင် ပူအောင် မကိုင်ရသေးခင် ကျန်းဟွေ့မိန်က သိမ်းသွားပြီဖြစ်သည်။


သူမက ပြောသေးသည်။

"ငါဒီငွေတွေကို နင့်အတွက် ကိုင်ပေးထားမယ်... ဒါမှ နင်ဟိုပစ်ဒီပစ်လျှောက် ပစ်မနေမှာ... ငါက တစ်ဆင့်တောင်မကျန်အောင် သုံးသင့်တဲ့နေရာမှာ သုံးပေးမယ်... ဘာမှမပြောသေးနဲ့ဦး ငါ ဘေးအိမ်က အန်တီဆီက နှစ်ထောင်ချေးထားတယ်... နင် အန္တရာယ်ဖြစ်နေတုန်းက လူတိုင်းက ကူညီဖို့ လက်တွန့်နေခဲ့ကြတာ...ဒီတော့ ကျေးဇူးမမေ့ရဘူး ပြန်ဆပ်ရမယ်..."


ကိုယ်ချေးထားသည်ကို ပြန်ဆပ်ရသည်မှာ ဖြစ်သင့်သည့် အရာသာဖြစ်သည်။ ကျန်းရှင်းက ဘာမှမပြောလိုက်ပေ။


သူကယ်လိုက်သည့် ကလေးက အန္တရယ်ထဲမှ လွတ်သွား၍ ကျန်းရှင်းက နောင်မရခဲ့ပေ။ သူ၏ [ရဲစွမ်းသတ္တိရှိပြီးတရားမျှတမှုကို လက်ကိုင်ထားသူ] ဟူသော စာတန်းကိုကြည့်ပြီး အိမ်နီးချင်းများ၏ မယုံကြည်နိုင်ဟန် ထိတ်လန့်သွားသည့် အမူအယာကို ပြန်မြင်ယောင်ရင်း တိတ်တခိုးရယ်နေမိသည်။ ဤတစ်ကြိမ်မျှ သူက ချီးကျူးခံရပြီး မနာလိုမှုတို့ကို ခံစားလိုက်ရပြီဖြစ်သည်။


ထိုသည်က သူ့ကို စိတ်ကျေနပ်ပြီး ပီတိဖြစ်စေသည်။ တံစိုးလက်ဆောင် ပစ္စည်းများဖြစ်သည့် ငွေနှင့် အခြားအရာများကို သူကဲ့သို့သော ကြီးမြတ်သည့် ယောက်ျားတစ်ယောက်က မလိုအပ်ပေ။


ကျန်းရှင်းက လက်သာရမ်းပြလိုက်သည်။

"ကျွန်တော် အမေပြောတာ နားထောင်မယ်..."


သူမလက်ထဲရှိ ပိုက်ဆံများကြောင့် ကျန်းဟွေ့မိန်က အတော်လေး စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။ သူမ ဤပိုက်ဆံများကို မသုံးရဲပေ။ သူမသာ လုပ်နိုင်လျှင် ၎င်းတို့ကို တစ်နေရာရာတွင် ဌာပနာပြီး သစ်သားချောင်းအချို့စိုက်ထူကာ အနာဂတ် မျိုးဆက်များကို လေးလေးစားစား ကြည့်စေချင်သည်။


ပြီးတော့ ဒီပိုက်ဆံတွေက အသက်တစ်ချောင်းနဲ့ လဲလှယ်ခဲ့ရတာ... အရမ်းကို ဈေးကြီးတယ်...


ကျန်းဟွေ့မိန် အံတင်းတင်းကြိတ်လိုက်သော်လည်း ထိုသို့ မလုပ်နိုင်ပေ။ လူတိုင်း၏ ဘဝက မလွယ်ကူ၍ သူမ ပိုက်ဆံအရင်ပြန်ဆပ်ရမည် ဖြစ်သည်။ ပိုက်ဆံဖွက်ရန် နေရာကောင်းကောင်းရှာပြီးနောက်တွင် သူမ ယွမ်နှစ်ထောင်ကို ထုတ်ယူလိုက်သည်။


"ရှောင်မန်... သမီးရဲ့ ဦးလေးကို နည်းနည်း စောင့် ကြည့်ထားဦး ...ဘွားဘွား ပိုက်ဆံပြန်သွားဆပ်လိုက်ဦးမယ်..."

ပိုက်ဆံပြန်ဆပ်ရုံမျှမက ကျေးဇူးတင်လက်ဆောင်လေးပါပေးပြီး သူမ၏ သူငယ်ချင်းအိုကြီးကို ကံကောင်းမှုအချို့ ဝေမျှပေးမည် ဖြစ်သည်။


ကျန်းရှောင်မန်၏ ပါးစပ်တစ်ဝိုက်တွင် သကြားမှုန့်တို့ ကပ်တွယ်နေပြီး မုတ်ဆိတ်မွေးအလား ဖြစ်နေသည်။ သူမ အလုပ်ရှုပ်နေသော်လည်း လက်မြှောက်၍ ပြန်လည်တုန့်ပြန်လိုက်သည်။ ထို့နောက် သကြားမှုန်များကို မှုတ်ထုတ်လိုက်ပြီး အဆက်မပြတ် နှာချေမိသွားစေသည်။


ထိုအချိန်တွင် စနစ်က ရုတ်တရက်ကြီး တာဝန်တစ်ခုပေးလာသည်။


[တာဝန်:

ပိုက်ဆံပြန်ဆပ်ဖို့ကို တားဖို့ နည်းလမ်းရှာပါ...


လူဆိုးက လူဆိုးလို ပြုမူသင့်ပါတယ်...


ဆုလဒ် : ၂၀မှတ်]