Chapter 17
စနစ်က ပြောသည်။
"ပိုင်ရှင်... လူဆိုးတွေက မကောင်းတာလုပ်ဖို့ အကြောင်းပြချက်မလိုပါဘူး... ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်လိုက်ရင် ယွမ်နှစ်ထောင်တင်မကဘူး အမှတ်နှစ်ဆယ်တောင် ရမှာနော်..."
ကျန်းရှောင်မန်က ဘာမှမပြောချေ။
သူမ ခေါင်းလေးကိုထားပြီး သူမ၏ ကြက်တောင်စည်းလေး နှစ်ဖက်ကလည်း ငိုက်ကျနေသည်။ သူမ ဘာတွေစဉ်းစားနေလဲ မသိရပေ။
"ပိုင်ရှင်... ဘာတွေစောင့်နေတာလဲ.. ဒါက တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးနော်..."
သွားပြီး အမှတ်နည်းနည်းလောက် ယူစမ်းပါ ပိုင်ရှင်ရယ်...
ကျန်းရှောင်မန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ဦးဦးပြောတော့ အကြွေးပေးတယ်ဆိုတာ ဖြစ်သင့်တယ်ဆို... ပြန်မပေးတာကမှ အရှက်မရှိတာပါဆို..."
စနစ်က တည်ငြိမ်စွာ ပြောလာသည်။
"အဲ့တာက လူကောင်းတွေလုပ်တဲ့အလုပ်.... မင်းက သူတို့လို မလုပ်ရဘူး..."
ကျန်းရှောင်မန် အချိန်အတော်ကြာမျှတိတ်ဆိတ်သွားသည်။ အတော်တော်လေးကို ငြိမ်ကျသွားပြီးနောက်တွင် သူမ၏ လက်ချောင်းလေးများကို ယှက်ဖြာရင်း တိုးတိုးလေးပြောလိုက်သည်။
"ဒါဆို... သမီး ဦးဦးဆီကို အကြွေးတင်နေတဲ့ အမှတ်တွေကို မပေးလို့ရမလား..."
ဟမ်..?!?!?!?!?
စနစ်က လူတွေကြုံနေကြသော "တစ်ကိုယ်လုံးချွေးစေးများထွက်လာသည်" ဟူသောအရာမျိုးကို ခံစားလိုက်ရသည်။ ၎င်းက ချက်ချင်း ငြင်းဆိုလိုက်သည်။
"မရဘူး... ပြန်ပေးရမှာ..."
"ဘာလို့လဲ..."
ကျန်းရှောင်မန်က ခေါင်းလေးကုတ်ကာ ရိုးရိုးသားသားမေးလိုက်သည်။
"လူဆိုးတွေက မကောင်းတာလုပ်ဖို့ အကြောင်းပြချက်မလိုဘူးလေ... သမီးသာ မကောင်းတာတွေ နှစ်ဆလုပ်ရင် အမှတ်နှစ်ဆရမှာမလား.."
ဟုတ်တာပေါ့... အမှတ်နှစ်ဆရရုံတင်မကဘူး.... အကြွေးတွေပါကျေသွားမှာ... ဉာဏ်ပညာကြီးမားလှပါတယ်... ပိုင်ရှင်ရယ်...
"ဘာလို့လည်းဆိုတော့ ငါကမင်းရဲ့ သူငယ်ချင်းလေ... သူငယ်ချင်းတွေနဲ့ ဆက်ဆံရင်တော့ ကိုယ်ကျင့်တရား ကောင်းရတယ်..."
ကျန်းရှောင်မန်က ခဏမျှတိတ်ဆိတ်သွားပြီး အတွေးများကြား ရုန်းကန်ရင်း ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ဘေးအိမ်က ဘွားဘွားက သမီးဘွားဘွားရဲ့ သူငယ်ချင်းလေ...."
စနစ်ကလေးခင်ဗျာ တိတ်ဆိတ်သွားရပြီး အချိန်အတော့်အတော်ကြာအောင် ရုန်းကန်လိုက်ရသည်။ နောက်ဆုံးတွင် ၎င်းက သူ၏အမှတ်များကို ပြန်သိမ်းလိုက်သည်။
[မစ်ရှင် ပယ်ဖျက်လိုက်ပါပြီ]
[စနစ်က မင်းကို စိတ်နှလုံးသားတစ်ခုလုံးနဲ့ ဝန်ဆောင်မှုပေးပြီး ပိုင်ရှင့်စိတ်ကြိုက် တာဝန် များကိုချပေးပြီး... ဖြစ်နိုင်သမျှ မြန်အောင် အဆင့်မြှင့်ပေးပါ့မယ်...]
ကျန်းရှောင်မန်က ထပ်မေးလိုက်သည်။
"ဘာလို့လဲ..."
ဘာလို့လဲ... ဘာလို့လဲ... ဘာလို့လဲ... ထပ်ပြီးတော့ ဘာလို့လဲပြန်ပြီ... မကောင်းဆိုးဝါးကြီး...
စနစ်က အံကြိတ်ထားရသလို အေးစက်ကာ ကြမ်းတမ်းလှသည့် အသံဖြင့် ပြောလိုက်သည်။
"ဘာ.... ဘာလို့လဲဆိုတော့ ဒီစနစ်က ခဏလောက် စဉ်းစားစရာရှိပြီး... အလျှင်လိုရင် အလဟဿ ဖြစ်နိုင်ကြောင်း ဆုံးဖြတ်လိုက်လို့ပါ.."
"အလျှင်လိုရင် အလဟဿဖြစ်တယ် ဆိုတာဘာလဲဟင်...."
ကလေးတွေက ဘာလို့ ဒီလောက်တောင် စိတ်ရှုပ်ဖို့ ကောင်းတာလဲ... ဘာလို့လဲ ဘာလို့လဲနဲ့ ထပ်မမေးလို့များ ရမလား...
"အလျှင်လိုရင် အလဟဿဖြစ်တယ်(1)ဆိုတာ...."
စနစ်က ဝင်ပေါက်ကိုငေးရင်း ရှင်းပြလိုက်သည်။
"တစ်ခါတုန်းက... တစ်ယောက်ယောက်က ကောက်ပဲသီးနှံတွေကို စိုက်တာပေါ့... အပင်ပေါက်လေးတွေကို မြေဆီလွှာထဲ ထည့်စိုက်ပြီး ကာစဆိုပေမဲ့ သူက မြန်မြန်မကြီးထွားလာဘူးလို့ ခံစားလိုက်ရတယ်... အဲ့လိုနဲ့ အပင်ပေါက်တွေကို ဆွဲဆန့်လိုက်တယ်လေ... နောက်ကြတော့ အပင်ပေါက်လေးတွေက ကြီးထွားလာရမယ့်အစား ညှိုးခြောက်ပြီး သေသွားခဲ့ရတယ်... ဒါကြောင့် နောက်မျိုးဆက်တွေက 'ထမင်းတစ်နပ်စားပြီး ဝမလာနိုင်ဘူး'လို့ ပြောကြတာပေါ့... အရာတိုင်းက စနစ်တကျသွားဖို့လိုအပ်တယ်... မင်း ဥပဒေသတွေနဲ့ သဘာဝရားကို မလွန်ဆန်နိုင်ဘူး... ပြီးတော့ အလျှင်လိုတာက ကျရှုံးမှုဆီ ဦးတည်တယ်..."
ကျန်းရှောင်မန်က စနစ်ပြောသည်များကို ဆက်စပ်စဉ်းစားလိုက်ပြီး ခဏမျှစဉ်းစားပြီးသည့် နောက်တွင် မေးလိုက်သည်။
"ဒီတော့ ဦးဦးစနစ်က သမီးကို ရုတ်တရက်ကြီး ဗီလိန်မဖြစ်စေချင်ဘူးပေါ့နော်... သမီးက အချိန်ယူပြီး ကိစ္စသေးသေးလေးတွေ လုပ်ပြီး ဗီလိန်လေး အရင်ဖြစ်အောင် လုပ်ရမှာမလား..."
"အဲ့လို တွေးလို့ ရပါတယ်..."
ကျန်းရှောင်မန်က ချက်ချင်း လက်ခုပ်တီးလိုက်ပြီး ချီးမွမ်းလိုက်သည်။
"ဦးဦးစနစ်က ဉာဏ်အရမ်းကောင်းတာပဲ... အစေ့တွေကို ဆွဲဆန့်တဲ့ လူထက် ဉာဏ်ကောင်းတယ်..."
စနစ်၏ နှလုံးသားထဲတွင် "ဝူး ဝူး ဝူး...."
အဲ့လိုတွေ ချီးမွမ်းတာ မလိုချင်ဘူးလို့...
အဆုံးတွင်တော့ ယွမ်နှစ်ထောင်ကို ပြန်ဆပ်လိုက်ရသည်။
စနစ်က စိတ်အခြေအနေ မကောင်းမှန်းသိနေ၍ ကျန်းရှောင်မန်လေးက နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။
"ဦးဦးစနစ် စိတ်မကောင်းမဖြစ်နဲ့နော်... အိမ်ဘေးက ဘွားဘွားက သမီးကိုဝေါ်ဝေါ်ထို့နှစ်ခု ပေးထားတယ်..."
"မင်းကို ဝေါ်ဝေါ်ထို့ နှစ်ခုပေးတာ ငါနဲ့ ဘာဆိုင်လို့လဲ..."
"ဦးဦးမြင်ရအောင် သမီးက စားပြမယ်လေ..."
မင်း.... ဘာလို့ ဒီလိုဖြစ်နေရသေးတာလဲ....
စနစ်က သူ့ဘာသာသူ ပိတ်ချလိုက်သည်။
ကျန်းဟွေ့မိန်က ကျောင်းတွင် လုပ်စရာရှိနေသေး၍ ကျန်းရှင်းကို စောင့်ရှောင့်ပေးရန် ကျန်းရှောင်မန်ကို ထားခဲ့လိုက်သည်။
သူမ စောစောထရန် မလိုအပ်၍ ကျန်းရှောင်မန်လေးက ပျော်နေတော့သည်။ နောက်ဆုံးတွင် သူမ ကုတင်ပေါ်တွင် အပျင်းဆွဲကာ အိပ်ရေးဝမှ နိုးလာတော့သည်။
ဦးလေးကို နေ့တိုင်း အိပ်ရာနှိုးရသည်မှာ ပြဿနာကြီးပင်။ သူက သူမထက် အပျင်းကြီးပြီး တစ်ခါတစ်ရံ နေလုံးကြီးက ကောင်းကင်ပေါ် မြင့်လာသည်အထိ အိပ်လေ့ရှိသည်။ ၎င်းက သူမကို ခေါင်းကိုက်စေသည်။
နှစ်ရက်ကြာသောအခါကျန်းရှောင်မန်လေးက မပျော်မရွှင်ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်ဆိုလျှင် ဘွားဘွားက သူမ၏ဆံပင်ကို လှလှလေးစည်းပေးလေ့ ရှိသော်လည်း ဦးလေးစည်းပေးသည်က မလှ၍ဖြစ်သည်။
ပထမဆုံးနေ့က ကျန်းရှင်းက သူမဆံပင်ကို ဖြစ်သလို စည်းပေးပြီး ၎င်းကို မမလှလှတိုင်းက စည်းကြသည့် ပိုနီတေးမြင့်မြင့်စည်းနည်းဟု ချော့မြူ၍ပြောခဲ့သည်။
သို့သော် ကျန်းရှင်းက သူမကို အခြားလူများ၏ ပိုနီတေးကို ပိုနီတေးဟု ခေါ်ပြီး သူမ၏ ပိုနီတေးကို ကောင်းကင်သို့ ထိုးတက်နေသည့် ပိုနီတေးဟု မပြောခဲ့ပေ။ သူမ၏ဆံပင်က ကောင်းကင်သို့ တည့်တည့်ကြီး ထောင်နေအောင် အစည်းခံထားရသည်။ ၎င်းက အလွန်ကြမ်းတမ်းကာ ရှုပ်ထွေးနေသည်။
T/N -
1. 'အပင်ပေါက်များ ကြီးထွားအောင် ဆွဲဆန့်ခြင်း'ဟူသော တရုတ်ရိုးရာ စကားပုံဖြစ်သည်။