Chapter 18
ကျန်းရှောင်မန်က မှန်ကို တိတ်တိတ်လေး ကြည်လိုက်သည်။ သူမ ကြည့်လေလေ ဤဆံပင်ပုံစံက နှစ်သစ်ပုံများတွင် ပေါ်လာသည့် အရုပ်များနှင့် တူလေလေဟု ခံစားနေရသည်။ သူမ ကြည့်လေလေ ရုပ်ဆိုးလေလေဖြစ်လာပြီး ငိုလုနီးပါးပင် ဖြစ်လာသည်။
ဒုတိယနေ့တွင် သူမ မပျော်တော့ပေ။
သူမ ဆူပုတ်ပုတ်ဖြင့် ပြောလိုက်သည်။
"ဦးလေး... သမီး ကျစ်ဆံမြီးလေးခု ကျစ်ချင်တယ်.."
"လေးခုတောင်... အဲ့လောက်များလား... သမီးရဲ့ ခေါင်းသေးသေးလေးမှာ ဆန့်ရော ဆန့်မှာလား...."
"ဆက်ပြီးဟန်ဆောင်နေလိုက်ပါ...."
ကျန်းရှောင်မန်က သူမ၏လက်ကလေးကို မြှောက်ကာ ရေတွက်ပြလိုက်သည်။
"အရင်တစ်ခေါက်က ဘွားဘွားက ကျစ်ဆံမြီးရှစ်ခုတောင် ကျစ်ပေးတာ...."
"အာ.. များလိုက်တာ..."
ကျန်းရှင်း အံ့ဩသွားသည်။ သူမ၏ ခေါင်းစည်းကြိုးများကို ပါးစပ်တွင်ကိုက်၍ လက်နှစ်ဖက်လုံးကိုသုံး၍ စတင်ပြီးကျစ်ဆံမြီး ကျစ်ပေးတော့သည်။
၎င်းက လွယ်ကူသည့် အရာလေးသာဖြစ်သော်လည်း သူက ချွေးပြိုက်ပြိုက်ကျနေရပြီး အလွန်ခက်ခဲနေဟန် ဖြစ်နေသည်။
ကျန်းရှင်းက ကျန်းရှောင်မန်ကို ဂရုတစိုက်ဖြင့် ဆံပင်စည်းပေးနေသော်လည်း ကောင်းကင်ဘုံက သူ့ကို ဆန့်ကျင်နေသည်။ သူမ၏ဆံပင်လေးများကို ကြိုးစားပမ်းစား ရှင်းပေးနေသော်လည်း ရှင်းလို့ကို မရပေ။
သူ ခေါင်းစည်းကြိုးကို အားကုန်သုံး၍ ဆွဲဖြည်သောအခါ ကျန်းရှောင်မန်လေးက သူလှုပ်လိုက်တိုင်း နာ၍အော်နေသည်။ 'ခချ'ဟူသော အသံဖြင့် ကတ်ကြေးယူကာ ထို ဆံပင်အထုံးကြီးကို ညှပ်ချလိုက်သည်။ သူ ကျန်းရှောင်မန်ကို စိတ်လှုပ်တရှားပြလိုက်သည်။
ကျန်းရှောင်မန်က အစကတည်းက တစ်ခုခုမှားနေပြီဖြစ်ကြောင်း သိသော်လည်း 'ခချ'ဟူသော အသံကို ကြားသည်နှင့် သူမမျက်နှာက မဲမှောင်သွားပြီဖြစ်သည်။
ကျန်းရှင်းလက်ထဲရှိ အညှပ်ခံထားရသော ဆံပင်များကို မြင်လိုက်သောအခါ သူမ၏ ခေါင်းထိပ်ကို ထိလိုက်ပြီး အနည်းငယ် စူးသလိုလို ခံစားလိုက်ရသည်။
သူဘယ်လောက်တိုအောင်တောင် ညှပ်ချလိုက်တာလဲ....
"!!!!"
ကျန်းရှောင်မန်လေး 'ဝါး'ကနဲ အော်ငိုလိုက်သည်။
"ကြက်ဥပုတ်... သမီးဆံပင်ကို ညှပ်ပစ်လိုက်တယ်... သမီး ဦးလေးနဲ့ ထပ်မဆော့ပေးတော့ဘူး... ဝူး ဝူး ဝူး... ကြက်ဥပုတ်ကြီး... ဦးလေးကို ဘယ်တော့မှ ဂရုမစိုက်တော့ဘူး... ဘွားဘွားနဲ့ တိုင်ပြောမှာ... ဝူး ဝူး ဝူး... ဦးလေးကို လုံးဝ စကားပြန် မပြောတော့ဘူး...."
ကျန်းရှောင်မန် အော်ငိုရင်း ကျောင်းသို့ ပြေးသွားသည်။ ကျန်းရှင်းက သူမ၏ကောင်းကင်နှင့် မြေပြင်ကိုပါ တုန်ခါစေသည့် ငိုသံကြီးကို အဝေးမှပင် ကြားနေရပြီး အော်ဟစ်၍ လိုက်ဖမ်းသော်လည်း ဖမ်းမမိပေ။
ကျန်းရှောင်မန်က သူမ၏ဘွားဘွားကို လာရှာသည့်လမ်းတစ်လျှောက်လုံး ငိုကြွေးလာသည်။ သူမ ဘွားဘွားကို ရှာတွေ့သောအခါ ဘာမှပြောစရာပင် မလိုတော့ချေ။ ကျန်းဟွေ့မိန်က ရှောင်မန်ခေါင်းပေါ်ရှိ ခွေးကိုက်ခံထားရသလို ဆံပင်ပုံစံကို ကြည့်ပြီး မျက်နှာကြီး မဲမှောင်သွားသည်။
သူမ ကျန်းရှောင်မန်၏ ဆံပင်ကို ကိုင်ထားရင်း ဒေါသတကြီး မေးလိုက်သည်။
"ဘယ်သူညှပ်လိုက်တာလဲ..."
"ဦးလေး ညှပ်လိုက်တာ... ဝူး ဝူး..."
"ဘွားဘွား အိမ်ပြန်တဲ့အထိ စောင့်ဦး... အိမ်ပြန်ရောက်တာနဲ့ သူ့ကို သင်ခန်းစာပေးပစ်မယ်... သူရုပ်ဆိုးတယ်ဆိုတိုင်း သမီးကို ရုပ်ဆိုးအောင် လုပ်စရာလား..."
ကျန်းရှောင်မန်က "ရုပ်ဆိုးတယ်"ဟူသော စကားလုံးကို ကြားသည်နှင့် သူမနှလုံးသားကို ဓားစိုက်သလို ခံစားလိုက်ရသည်။ သူမ၏ မျက်ရည်များက အထိန်းအကွပ်မရှိအောင် စီးကျလာပြီး အလွန်သနားစရာကောင်းအောင် ငိုကြွေးတော့သည်။
"ကောင်းပါပြီကွယ်... ဘွားဘွားက ချိုချဉ်ဝယ်ကျွေးမယ်နော်... ဘွားဘွားကို ခဏလေးစောင့် ကျောင်းပြီးတာနဲ့ အတူတူ အိမ်ပြန်ကြမယ်..."
ကျန်းဟွေမိန်က ကျန်းရှောင်မန်ကို ချိုချဉ်ကို အသုံးချ၍ ချော့မြူလိုက်ပြီး အလုပ်ဆက်လုပ်တော့သည်။
ကျန်းရှောင်မန်လေးက တုတ်ထိုးချိုချဉ်လေးကို လျက်ကာ မျက်ရည်မကျအောင် ထိန်းပြီး စိတ်ငြိမ်အောင် လုပ်နေသည်။ ယခုတွင် သူမ အိမ်ကို လုံးဝမပြန်ချင်ပေ။ သူမဦးလေးကို တွေးမိသည်နှင့် သူမ၏ ဆံပင်များကို သတိရလာကာ ထပ်ငိုချင်လာပြန်သည်။
ခဏမျှ လျှောက်ပတ်ကစားပြီးနောက်တွင် ကျန်းရှောင်မန်က စာသင်ခန်းအပြင်တွင် ထွက်ကစားရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ကျောင်းရှိ ဆရာအများစုနှင့် ကျောင်းသားအများစုက တစ်ရွာတည်းသား အိမ်နီးချင်းများ ဖြစ်ကြသည်။ သူတို့အားလုံးက သူမကိုသိကြပြီး သူမကို မြင်လိုက်သောအခါတွင်လည်း မောင်းမထုတ်ကြပေ။
ရွာကျောင်းတွင် အတန်းသုံးတန်းရှိပြီး ဆရာ၊ ဆရာမ သုံးယောက်ရှိသည်။ ဆရာ၊ ဆရာမတိုင်းက မည်သည့်အတန်းမဆို၊ မည်သည့် ဘာသာကိုမဆို သင်ပေးကြသည့် လူများဖြစ်သည်။ မည်သို့ပင်ဆိုစေ သင်ကြားပေးရန် ဆရာရှိသည်ကပင် ကောင်းမွန်လှပြီ ဖြစ်ပြီး သင်ကြားပေးရန် ဆရာအသစ်တစ်ယောက် ရှာရန်မှာ ခက်ခဲလှသည်။
ပထမထပ်မှ ကလေးများက ကျန်းရှောင်မန်ထက် အနည်းငယ်သာ ပိုကြီးသည့် ပထမတန်းကျောင်းသားများဖြစ်ကြသည်။ သူမ ထိုသို့သွား၍ ကစားချင်နေသည်။
ထိုစာသင်ခန်းကို ဘွားဘွားထက် ပိုအသက်ကြီးသော ဆရာထန်က သင်ကြားပေးနေသည်။ သူက ရွာထဲတွင် အလေးစားခံရဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ဘွားဘွားက သူစာသင်ပေးသည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီဖြစ်ကြောင်း ပြောပြဖူးသည်။
ယနေ့ ဆရာထန်က ကလေးများကို 'အလျှင်လိုလျှင် အလဟဿဖြစ်တတ်သည်'ဟူသော စကားပုံကို သင်ကြားပေးနေသည်။ ပုံပြင်ပြောပြပြီးနောက်တွင် ကလေးများဘက်လှည့်၍ မေးခွန်းမေးလိုက်သည်။
"ကောင်းပြီလေ.. ဒီပုံပြင်ရဲ့ အဓိပ္ပါယ်ကို ဆရာ့ကို ဘယ်သူပြောပြနိုင်လဲ.. ပုံပြင်လေးက ဆရာတို့ကို ဘာများ ပြောပြလဲ..."
ကလေးများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီး အချင်းချင်း၏မျက်နှာကလည်း စိတ်ရှုပ်ထွေးနေသော ပုံလေးများ ဖြစ်နေကြသည်။
ကလေးတစ်ယောက်က လက်မြှောက်၍ ဖြေလိုက်သည်။
"ဆရာ... ပုံပြင်လေးက သားတို့ကို လယ်ကွင်းထဲက အပင်ပေါက်တွေကို မနှုတ်ဖို့ ပြောပြပါတယ်..."
"အမ်း... လုံးဝကြီးတော့ မမှားပါဘူး...."
ဆရာထန်က ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။