Chapter 19
သူ နောက်ထပ် အကြိမ်ရေ အနည်းငယ်မျှ ဆက်မေးသော်လည်း အဓိပ္ပါယ်မရှိသည့် အဖြေများသာ ထွက်လာသည်။ အဖြေမျိုးစုံ ဖြေကြသော်လည်း တစ်ခုမှ မမှန်ပေ။
ထိုအချိန်တွင် တံခါးနားတွင် တိတ်တဆိတ် ရပ်နေသော ကျန်းရှောင်မန်လေးက ခေါင်းလေး ပြူထွက်လာကာ လက်မြှောက်လိုက်သည်
"သမီးသိတယ်... ဆရာ... သမီးဖြေလို့ရလား..."
ဆရာထန်က ခဏမျှ အံ့ဩသွားပြီးမှ ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။
"ရှောင်မန်လေးပဲ.. ဆက်ပြောပါဦး..."
"ပုံပြင်လေးက သမီးတို့ကို အရာတိုင်းမှာ အစဉ်အတိုင်းရှိပြီး... ထမင်းတစ်နပ်စားပြီး ဝမလာသလို တစ်ဆင့်ပြီး တစ်ဆင့် လုပ်ရမယ်လို့ ပြောပြပါတယ်..."
"အဖြေမှန်ပဲ..."
ဆရာထန်က အလွန်စိတ်ကျေနပ်သွားသည်။ ကျန်းရှောင်မန် ထိုသို့ ပြောပြီးနောက်တွင် သူစာဆက်သင်နေသော်လည်း သူ၏စိတ်က လွင့်နေကာ အခြားအရာကို စဉ်းစားနေသည်။
ကျောင်းဆင်းခေါင်းလောင်း ထိုး၍ ဆရာထန် စာသင်ခန်းထဲမှ ထွက်လာသောအခါ ကျန်းရှောင်မန်က မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကြောင်း တွေ့လိုက်ရသည်။ သူမက မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်လေးများကို သစ်ချောင်းနှင့် ထိုးနေပြီး မြက်ပင်လေးများကိုလည်း ခဏခဏ ဆွဲနှုတ်နေသည်။
ဆရာထန်က သူမကို မေးလိုက်သည်။
"သမီး ဘွားဘွားဘယ်မှာလဲ..."
"ဘွားဘွားက စားသောက်ခန်းထဲမှာ...."
ဆရာထန်က ခေါင်းငြိမ့်ပြလိုက်ပြီး ကျန်းရှောင်မန်လေး၏ လက်ကိုဆွဲ၍ ပြောလိုက်သည်။
"သမီးရဲ့ ဘွားဘွားကို သွားရှာရအောင်..."
ကျန်းရှောင်မန်က သူ့ကိုကြည့်ပြီး လိုက်ရနိုးနိုး မလိုက်ရနိုးနိုး ဖြစ်နေသော်လည်း လိမ်လိမ်မာမာလေး ခေါင်း ငြိမ့်ပြလိုက်သည်။
"ဟုတ်ကဲ့..."
ဆရာထန်က ကြင်နာတတ်သော အပြုံးလေးနှင့် ငြင်သာသည့် လူတစ်ယောက် ဖြစ်သည်။ ကျန်းရှောင်မန်က သူ့ကို သဘောကျသည်။ ဘွားဘွားက သူမတွင် အချိန်ရှိလျှင် ဆရာထန်နှင့်အတူ စကားသွားပြောရန် ပြောထားသေးသည်။ သူက ပညာတတ်တစ်ယောက်ဖြစ်ပြီး သူ၏လွှမ်းမိုးမှုကြောင့် အနာဂတ်တွင် သူမလည်း ပညာတတ်တစ်ယောက် ဖြစ်လာမည်ဟု ပြောခဲ့သည်။
ကျန်းဟွေ့မိန်က သူတို့နှစ်ယောက် စားသောက်ခန်းထဲသို့ ရောက်လာသောအခါ အံ့ဩသွားခဲ့ပြီး ဆရာထန်က ဘာကြောင့် ကျန်းရှောင်မန်ကို ခေါ်လာသလဲ သိချင်နေသည်။
"ရှောင်မန် သမီးက ဒီနှစ်ဆို အသက်ဘယ်လောက်လဲ.."
ကျန်းရှောင်မန်က သူမ၏အသက်ကို စိတ်ထဲတွင် ရေတွက်လိုက်ပြီး လက်သုံးချောင်း ထောင်ပြလိုက်သည်။
"သမီးက ဒီနှစ်ဆို လေးနှစ်ရှိပြီ..."
ကျန်းဟွေ့မိန်က ဖြတ်ပြောလာသည်။
"အခုထိ လေးနှစ်မပြည့်သေးပဲနဲ့များ..."
ဆရာထန်က ရယ်မောလိုက်ပြီး ကျန်းရှောင်မန်၏ ခေါင်းလေးကို ပုတ်လိုက်သည်။
"အတော်လေး ငယ်သေးတာပဲ... ပြီးတော့ ကျောင်းတက်ရမယ့် အရွယ်နဲ့ အတော်လေး ကွာသေးတယ်..."
"ဆရာထန်.. ဒါ... ဘာတွေဖြစ်နေတာလဲ... ကျွန်မတို့မိသားစုက ရှောင်မန်လေးက ပြဿနာရှာပြီး ဆရာ့အတန်းကို နှောင့်ယှက်မိလို့လား..."
ကျန်းဟွေ့မိန် မေးလိုက်သည်။
"ကျွန်တော်က ကျန်းရှောင်မန်က အရမ်းဉာဏ်ကောင်းပြီး တော်တယ်လို့ ထင်မိလို့ပါ...သူက မြေတောက်မြှောက်ပေးရမယ့် အလားအလာရှိတဲ့ ကျောင်းသူလေး တစ်ယောက် ဖြစ်လာလိမ့်မယ်..."
ဆရာထန်၏ မျက်နှာတွင် ဂုဏ်ယူနေသော ပုံပေါက်နေသည်။
"ကျွန်တော် ဒီနေ့ အတန်းထဲမှာ မေးခွန်းနည်းနည်းလောက် မေးလိုက်သေးတယ်... အတန်းထဲက ဘယ်သူကမှ မဖြေနိုင်ပေမဲ့ ရှောင်မန်လေးကတော့ ဖြေနိုင်တယ်လေ..."
"တကယ်ကြီးလား..."
ဆရာထန်ပင် သူမဆီ လာရောက်၍ ချီးမွမ်းနေသည်ကို ကြည့်ခြင်းဖြင့် သူမမိသားစု၏ ရှောင်မန်လေးက အမှန်တကယ် ဉာဏ်ကောင်းသည့် ပုံပင်။
ကျန်းဟွေ့မိန်က သွားများပင် ပေါ်လာအောင် အပြုံးကြီးကြီး ပြုံးလိုက်သည်။
ဆရာထန်က ခဏမျှ တုန့်ဆိုင်းနေပြီးမှ ဆက်ပြောလိုက်သည်။
"ကျွန်တော့်မှာ ခင်ဗျားနဲ့ ဆွေးနွေးစရာလေးရှိလို့ပါ..."
ဘာသာပြန်သူမှာ ပြောစရာရှိပါတယ် -
ဒီအပိုင်းက websiteမှာ errorတက်သွားလို့ တိုသွားရတာလို့ E tranကပြောပါတယ် (o^▽^o)