Chapter 20
ကျန်းရှောင်မန်က ဉာဏ်ကောင်းရုံမျှမက စူးစမ်းလေ့လာအားလည်း ကောင်းလှသည်။ တစ်စုံတစ်ခုဖြစ်လာတိုင်း မေးခွန်းများမေးရန် သဘောကျလေသည်။ သူမက သူမ၏အမေအတိုင်း အလွန်ဉာဏ်ကောင်းလှ၍ အနာဂတ်တွင် ထူးချွန်သည့် ကျောင်းသူတစ်ယောက် ဖြစ်လာမည်မှာ မလွဲပေ။
ဆရာထန်က ရွာထဲတွင် စာသင်ပေးနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။ ထို့ကြောင့် စာသင်ယူရာတွင် စိတ်မရှည်ဖြစ်တတ်သော ကလေးများစွာကို တွေ့ပြီးခဲ့ပြီး ဖြစ်သည်။ ဆင်းရဲသော မိသားစုတစ်စုတွင် ထူးချွန်သည့် ကလေးတစ်ယောက် ရှိလာရန် ခက်ခဲလှပြီး ကျန်းရှောင်မန်လို သမီးမျိုးရှိရန်မှာ ပိုခက်လှသည်။
ရွာထဲမှ မိဘအများစုက သူတို့၏ သမီးများကို ကျောင်းမထားကြပေ။ ကျန်းမိသားစုတွင် သမီးတစ်ယောက်ကို ကျောင်းထားပေးခဲ့သော်လည်း ကံဆိုးစွာဖြင့် ကောင်းမွန်စွာ ပြီးဆုံးခြင်းမရှိပေ။ ဆရာထန်က ကျန်းဟွေ့မိန် ကလေးကို ကျောင်းမထားမည်ကို စိုးရိမ်နေမိသည်။
"ဟူနျိုက ဒီနှစ်မှာ ကျောင်းတက်လို့ရတဲ့ အသက်ရောက်သွားပြီဆိုပေမဲ့ ကျောင်းလာမအပ်ခဲ့ဘူး... ကျွန်တော် သူတို့အိမ်သွားတော့ သူ့မိဘတွေက ဟူနျိုကို သူ့မောင်လေးကိုစောင့်ရှောက်တဲ့နေရာမှာ အနှောင့်အယှက်မဖြစ်အောင်လို့ ကျောင်းမထားဘူးလို့ပြောတယ်... "
ဆရာထန်က နောင်တရနေသော စိတ်မကောင်းသော အမူအယာဖြစ်သွားသည်။ ထို့နောက် ရိုးရိုးသားသား ဆက်ပြောလာသည်။
"စကားလုံး နည်းနည်းလောက် ဖတ်တတ်ရေးတတ်ပြီးမှ ကျောင်းထွက်မယ်ဆိုရင်တောင် ..ကျောင်းထားတယ်ဆိုတာက ဖြစ်သင့်တဲ့ အရာမျိုးလေ ... ရှောင်မန်လေးက သူ့အမေလိုပဲ ဉာဏ်ကောင်းတော့ စာလုပ်တဲ့နေရာမှာလည်း တော်မှာပါ...."
ဆရာထန်က သူမသမီးအကြောင်းကို ပြောလိုက်၍ ကျန်းဟွေ့မိန် ခဏမျှ ငြိမ်ကျသွားသည်။ ထို့နောက် သူမ၏ မျက်လုံးများက တဖြေးဖြေး နွေးထွေးလာရသည်။
သူမ၏သမီးလေး ကျန်းယွဲ့က ဤနယ်မြေတစ်လျှောက်တွင် အလှဆုံးကောင်မလေးဖြစ်ပြီး စာလေ့လာရာတွင်လည်း အရမ်းတော်သည်။ သူမက ရွာထဲတွင် ကောလိပ်တက်ရသည့် ပထမဆုံးလူပင်။ ထိုအချိန်က လူတိုင်းက သူမကို အံ့ဩစရာကောင်မလေးဟု ပြောလေ့ရှိကြသည်။ အိမ်နီးချင်းများကလည်း သူမကို သူတို့မိသားစု၏ ဖီးနစ်လေးဟုပြောပြီး သူတို့ဘဝက ပိုကောင်းလာတော့မည်ဟု ပြောကြသည်။
သို့သော် ကျန်းယွဲ့၏ ကံကြမ္မာက မကောင်းရှာပေ။ သူမ၏ ကံကောင်းမှုများအတွက် မပျော်ရွှင်ရသေးမီ အသက်ငယ်ငယ်လေးဖြင့် ကြွေလွင့်ခဲ့ရသည်။
ထိုအချိန်က သူတို့၏ဘဝက ယခုထက် ပိုမိုခက်ခဲလှသော်လည်း ကျန်းဟွေ့မိန်က အံတင်းတင်းကြိတ်၍ သူမ၏သမီးလေးကို ကျောင်းထားခဲ့သည်။ ထို့ကြောင့် ယခုဆိုလျှင် မေးစရာပင် မလိုတော့ချေ။ အခြားမိသားစုများက သူတို့၏သားများကိုသာ စာသင်ကြားခိုင်းသော်လည်း သူမမိသားစုတွင် ထိုသို့သော စည်းမျဉ်းမျိုးမရှိပေ။
ဆရာထန်က ကျန်းယွဲ့ကိုလည်း တစ်ခါသင်ကြားပေးဖူးပြီး သူ့အတွက် ဂုဏ်အယူရဆုံးကျောင်းသားမှာ သူမသာဖြစ်သည်။ ယခုတွင် သူကိုယ်တိုင်က ကျန်းရှောင်မန်ကို ခေါ်လာပြီး ပြောပြသဖြင့် ကျန်းဟွေ့မိန်တွင် ငြင်းစရာအကြောင်းပြချက်ပင် မရှိ၍ ခေါင်းသာတွင်တွင် ငြိမ့်လိုက်သည်။
"ဆရာထန်... စိတ်မပူပါနဲ့... ကျွန်မမှာ အချိန်ရှိတာနဲ့ ကျန်းရှောင်မန်လေးကို ကျောင်းကို လာပို့ပေးမှာပါ... ကျွန်မက ရှင့်ကို ပြဿနာဖြစ်စေမိမှာ ကြောက်မိလို့ပါ..."
သူမက ရှောင်မန်လေးကို သုံးနှစ်တာမျှ စောင့်ရှောင့်ပေးခဲ့ပြီးဖြစ်၍ ရှောင်မန်လေးက သူမမျက်လုံးထဲတွင် အဖိုးတန်ကလေးလေးဖြစ်လေသည်။
"ပြဿနာလုံးဝမရှိပါဘူး...."
ဆရာထန် နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားခဲ့သည်။
ဆရာထန် အိမ်ပြန်သွားသည်နှင့် ကျန်းဟွေ့မိန်က အိမ်ရှိ ကြက်မအိုတစ်ကောင်ကို ဖမ်းလိုက်ကာ ရေနွေးဖျောပြီး ကျန်းရှင်းကို အမွှေးနှုတ်ခိုင်းလိုက်သည်။
ကျန်းရှင်းက သွားရည်ယိုလုနီးနီးဖြစ်နေကာ ကြက်မအိုကြီး၏ အတွင်းပိုင်းကလီစာများကို အသေအချာ သန့်ရှင်းရေးမလုပ်ပဲ ကျန်းဟွေ့မိန်ကိုသာ စကားပြောနေသည်။
"ရှောင်မန်လေး ဦးလေးပြောပြမယ်... ဘွားဘွားရဲ့ ကြက်သားက အရမ်းစားကောင်းတာ... ဒီနေ့ ဦးလေးတို့ ကြက်စွပ်ပြုတ်သောက်ရတော့မှာ... ဦးလေးသာ ဒဏ်ရာမရပဲ ဆေးရုံမတက်ရဘူးဆိုရင် ရှောင်မန်လေးမှာ စားရကံကြုံမှာ မပါဘူးနော်..."
ကျန်းရှောင်မန်လေးကလည်း တံတွေးမျိုချရင်း ခေါင်းငြိမ့်ပြလိုက်သည်။
သူတို့မွေးထားသည့် ကြက်မအိုကြီးက ဘွားဘွား၏ ရတနာလေးဖြစ်သည်။ သူမက သူတို့ကို ထိုကြက်ကိုကောင်းကောင်းကျွေးရန် ပြောပြီး ဥဥရန်အတွက် မွေးထားသည်ဖြစ်၍ မည်သူမှ လက်ပင်မရွယ်နှင့်ဟု ပြောခဲ့သည်။
ကျန်းရှောင်မန်က ထိုကြက်မအိုကြီး သူမနောက်တစ်ကောက်ကောက် လိုက်သည်ကို ကြုံခဲ့ဖူးသည်ဖြစ်ရာ ၎င်းအပေါ်တွင်ခံစားချက် အချို့ရှိသော်လည်း မကြာခင်အသားစားရတော့မည်ဟု တွေးမိသောအခါ ထိုခံစားချက်များက အဝေးသို့ လွင့်သွားသည်။
ဦးလေးနှင့်တူမအတွဲလေးက ဖြူဖွေးသည်ထက် ဖြူဖွေးလာသော ကြက်မအိုကို ငေးကြည့်နေရင်း တစ်ယောက်တစ်ချက်ဆီ ခေါင်းခေါက် ခံလိုက်ရသည်။
ကျန်းဟွေ့မိန်က ပြောလိုက်သည်။
"ဒါက နင်တို့အတွက်မဟုတ်ဘူး... ကျန်းရှင်း... ခဏနေရင် ရှောင်မန်လေးကို ခေါ်ပြီး ဆရာထန်ဆီ ဒါကိုသွားပို့ချေ..."
၎င်းက ဆရာထန်၏ လက်အောက်တွင် ပညာသင်ကြားရ၍ ကျေးဇူးတင်သည့် လက်ဆောင်ဟု မှတ်ယူ၍ရသည်။ ကျန်းဟွေ့မိန်က ဆရာထန် ၎င်းကို လက်မခံမည်ကို စိုး၍ သူမကိုယ်တိုင် ခုတ်ထစ်ကာ သန့်ရှင်းပေးလိုက်ရသည်။
"နှစ်သစ်ကူးကော အခြားပွဲတော်တွေကော မရောက်သေးပါဘူး... အမေက ဘာလို့ ဆရာထန်ကို လက်ဆောင်ပေးနေရတာလဲ..."
ကျန်းရှင်း အံ့အားသင့်သွားသည်။