Chapter 21
ဆရာထန်က သူတို့မိသားစုနှင့် ဆက်ဆံရေးကောင်းသည်။ နှစ်သစ်ကူးနှင့် အခြားပွဲတော်နေ့များတွင် နှုတ်ဆက်လက်ဆောင်များ လဲလှယ်ကြလေ့ရှိသည်။
"ဒါ ကျေးဇူးတင်လက်ဆောင် မဟုတ်ဘူး... ဆရာထန်က ငါ့မှာအချိန်ရှိရင် ရှောင်မန်လေးကို ကျောင်းပို့ပေးဖို့ပြောတယ်... ငါတို့ရှောင်မန်လေးက တရားဝင်ကျောင်းတက်ဖို့ အသက်အရွယ်မရောက်သေးသလို ကျူရှင်ခလည်း ပေးစရာမလိုဘူးလေ... ဒီတော့ သူ့ရဲ့ ကြင်နာမှုကို ဒီအတိုင်းကြီး လက်ခံလိုက်လို့မရဘူး... မင်းအစ်မရှိတုန်းကတောင် ဒီလိုအခွင့်အရေးမရခဲ့ဘူး ရှောင်မန်လေးမှာ ရလာပြီဆိုတော့ သင့်တော်တာတစ်ခုခုတော့ လုပ်ပေးရမယ်လေ... အရင်ခေတ်က ပညာတော်သင်တွေဆိုတာ သူတို့ရဲ ဆရာကို အရမ်းအရိုအသေပြုရတယ်... အခုတော့ ဒီလိုအရာတွေ မရှိတော့ဘူးလေ... ငါတို့က ပိုပြီး ယဉ်ကျေးမှုတွေ တိုးတက်လာတော့ အဲ့လို ရိုးရာဟောင်းတွေကို လုပ်စရာမလိုတော့ပါဘူး..."
ကျန်းရှင်းက ဘာတွေဖြစ်နေလဲ နားလည်သွားပြီး ကျန်းရှောင်မန်ကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ငါဘာလို့ အစ်မကြီးနဲ့ နည်းနည်းလေးတောင်မတူရတာလဲကွာ.."
အရင်ကလည်း ဆရာထန်က ယခုလိုသာဖြစ်ပြီး အထူးသဖြင့် ကျန်းယွဲ့ကို သဘောကျလေသည်။
ကျန်းဟွေ့မိန်က သူ့ကို ဒေါသတကြီးကန်လိုက်သည်။
"ဟုတ်ပါ့... နင်က ဘာကိစ္စကြောင့် နင့်အစ်မနဲ့ နည်းနည်းလေးတောင် မတူရတာလဲ... ငါတော့ နင်က နင့်အဖေနဲ့ လုံးဝကို ချွတ်စွပ်တူတယ်လို့ ထင်တာပဲ..."
"ကျွန်တော်က အမေနဲ့တူတာလားလို့ပါ..."
ကျန်းရှင်းက တိုးတိုးလေးပြောလိုက်သည်။
"အရိုက်ခံချင်နေတာလား...."
ကျန်းဟွေ့မိန်က အလွန် ဒေါသထွက်သွားကာ တံမြက်စည်းကောက်ပြီး သူ့ကို ရိုက်ချင်သွားရသည်။
ကျန်းရှောင်မန်လေးက သူတို့ပြောသည်ကို ကြားပြီးနောက်တွင် မျက်တောင်လေးခတ်လိုက်ပြီး ရုတ်တရက် အနည်းငယ် ဝမ်းနည်းသွားရသည်။
သူမငယ်စဉ်ကတည်းက သူမတွင် အမေမရှိဘဲ ဘွားဘွားနှင့် ဦးလေးတို့ကသာ သူမကို ပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။ သူမတွင် ဘာကြောင့်အမေမရှိသလဲဟု တစ်ခါမှ မမေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အမေဆိုတာ ဘာလည်းမသိသော်လည်း ဘွားဘွားကလည်း အတော်လေးကောင်းသည်ဟု ထင်၍ဖြစ်သည်။
ဘွားဘွားက ဒေါသကြီးသော်လည်း သူမက ဘွားဘွားကို အများကြီးအများကြီးချစ်သည်။ သူမ မဆိုးပေလျှင် ဘွားဘွားက ရိုက်လေ့မရှိပဲ ဦးလေးကိုတော့ မကြာခဏ အတော်လေးကိုရိုက်လေ့ရှိသည်။
အမေတစ်ယောက် လုပ်နိုင်သမျှကို ဘွားဘွားကလည်း လုပ်နိုင်၍ အမေမရှိခြင်းက အနည်းငယ် ဝမ်းနည်းစရာ အရာဟုသာ ခံစားရသည်။
စနစ်နှင့် ချိတ်ဆက်ပြီးနောက်တွင် ကျန်းရှောင်မန်က ထိုအကြောင်း တွေးမိသည်မှာ ပိုနည်းလာသည်။
ဘွားဘွားက သူ့ကို မကြည့်ပေးနိုင်လျှင် စနစ်က သူမနှင့်အတူရှိပေးပြီး သူမတို့နှစ်ယောက်က ခန္ဓာကိုယ်နှင့် အရိပ်လို ခွဲခွာ၍မရပေ။ စနစ်က သူမမေးသမျှကို ဖြေပေးပြီး သူမ၏ဆန္ဒတိုင်းကို ဖြည့်စည်းပေးသည်။ ကျန်းရှောင်မန်လေးက သူမတွင် အမေရှိလျှင်လည်း စနစ်နှင့် သိပ်ကွာမည်မဟုတ်ဟု ခံစားမိသည်။
သို့သော် ယနေ့တွင် ဘွားဘွားနှင့် ဦးလေးက သူမအမေအကြောင်း ပြောသောအခါ သူတို့၏ ဂုဏ်ယူနေကာ တမ်းတမ်းတတဖြစ်နေသော စကားသံများအရ သူမ၏အမေက အံ့ဩစရာကောင်းသည့်လူတစ်ယောက်ဖြစ်ပြီး သူမထက်ပင် ဉာဏ်ကောင်းသည့်လူဟု သတိထားမိလိုက်သည်။
ကျန်းရှောင်မန်က သူမ၏အမေက အလွန်နွေးထွေးပြီး လှပသော လူတစ်ယောက်ဖြစ်လောက်သည်ဟု ရုတ်တရက်ကြီး ခံစားလိုက်ရသည်။
သူမတွင် အမေတစ်ယောက်ရှိရန် လိုချင်လာမိသည်။
စနစ်က ရုတ်တရက် ပြောလိုက်သည်။
"ပိုင်ရှင် ဝမ်းနည်းစရာမလိုပါဘူး... မင်းရဲ့ မိဘအရင်းတွေက မင်းကို အိမ်မှာစောင့်နေကြတုန်းပါ..."
ကျန်းရှောင်မန်က ထိုသည်ကို လျစ်လျူရှုကာ ပိုမိုစိတ်ဓာတ်ကျလာရသည်။
စနစ်ကပြောသည့် မိဘအရင်းများက ကောင်းမည်ဟု သူမ မထင်ပေ။
မဟုတ်ရင် ဘာလို့များ အခုအချိန်အထိ သူမကို လာမရှာရသေးတာလဲလို့...
သူတို့က ဘွားဘွားနှင့် ဦးလေးလောက်ပင် ကောင်းမည်ဟု မထင်ပေ။ သူတို့က သူတို့တစ်ခုခုစားတိုင်း သူမအတွက် ကောင်းသည့် အပိုင်းကို ချန်ထားပေးလေ့ရှိသည်။
"ပိုင်ရှင်သာ အလုပ်ကြိုးစားပြီး တာဝန်တွေကို ပြီးအောင် လုပ်နေသမျှ မင်းရဲ့ မိဘတွေနဲ့ မြန်မြန်ပြန်ဆုံနိုင်မှာပါ..."
စနစ်က သူမကို ဆက်လက်၍ လမ်းညွှန်ရန် ကြိုးပမ်းနေသည်။
ကျန်းရှောင်မန်က နှာမှုတ်လိုက်ကာ တိုးတိုးလေးပြောလိုက်သည်။
"ဦးဦး နောက်ဆုံးတစ်ခေါက်က ပြောတာ အဲ့လိုမှမဟုတ်တာကို...."
"...."
သူနောက်ဆုံးအခေါက်က ဘာပြောလိုက်လို့လဲ...
"နောက်ဆုံးတစ်ခေါက်က ကြတော့ တာဝန်တွေကို ကောင်းကောင်း လုပ်ပြီး မြန်နိုင်သမျှမြန်အောင် အဆင့်မြှင့်ပြီးတာနဲ့ မိသားစုရဲ့ စည်းစိမ်တွေအတွက် တိုက်ခိုက်ဖို့ ပြန်သွားရမယ်ဆို..."
စနစ်လေးခင်ဗျာ ပါးစပ်သာ ပိတ်လိုက်ရတော့သည်။
ကျန်းရှောင်မန်က မျက်ရည်များကို သုတ်ရင်း ခပ်တိုးတိုး ရှိုက်လေသည်။
"သမီးက စည်းစိမ်တွေအတွက် မတိုက်ခိုက်ချင်ဘူး... သမီးက မိဘတွေကိုပဲ လိုချင်တာပါ..."
ကျန်းရှောင်မန်လေး ငိုနေ၍ ကျန်းဟွေ့မိန်ရော ကျန်းရှင်းပါ စကားများနေသည်ကို ရပ်လိုက်ပြီး သူမကို ကြည့်လာကြသည်။
"ရှောင်မန်လေး... ဘာလို့ငိုနေတာလဲ.."
"ဝူး ဝူး ဝူး..."
ကျန်းရှောင်မန်လေး၏ မျက်နှာတွင် မျက်ရည်တို့ ပြည့်လာသည်။
"သမီး ဖေဖေနဲ့မေမေကို လိုချင်တယ်..."
ကျန်းဟွေ့မိန်၏ မျက်နှာ ပြောင်းလဲသွားကာ ကျန်းယွဲ့အကြောင်း ပြောနေသည်ကို ရပ်ချလိုက်သည်။ သူမ ကျန်းရှောင်မန်လေးကို ပွေ့ချီလိုက်ကာ ချော့မြူလိုက်သည်။
ကလေးတစ်ယောက်ကို ချော့ရသည်မှာ လွယ်ပေသည်။ ကျန်းဟွေမိန်က သူမ၏ခေါင်းလေးကို ပွတ်ပြီးပြောလိုက်သည်။
"ဦးလေးနဲ့အတူ ဆရာထန်ရဲ့ အိမ်ကိုလိုက်သွားလိုက်နော်..."
ရှောင်မန် နာနာခံခံလေး ခေါင်းငြိမ့်လိုက်သည်။
ဆရာထန်က ကျောင်းအဆောင်တွင်နေပြီး သူ၏ မိန်းမက သူ၏အစားအသောက်နှင့် နေ့စဉ် နိစ္စဓူဝလိုအပ်ချက်များကို ဂရုစိုက်ပေးသည်။ ကျောင်းတွင် သူ၏ ပျဉ်ခင်းထားသည့် ယာယီနေထိုင်ရာနေရာကို တည်ဆောက်ပြီးဖြစ်သည်။ ကျန်းရှင်းလက်ထဲတွင် အမွေးနှုတ်ထားသည့် ကြက်တစ်ကောင်ကို မြင်လိုက်သောအခါ ဘာဖြစ်နေလဲ ခန့်မှန်းမိလိုက်သည်။