အပိုင်း ၂၂
Viewers 14k

Chapter 22


ကျန်းမိသားစုက ကြမ်းတမ်းခက်ထန်ကာ မာကျောလှသော ပုံစံရှိသော်လည်း ကြင်နာမှုကို ပြန်ပေးဆပ်တတ်သော မိသားစုကောင်းလေးဖြစ်သည်။


သူတို့က ကျန်းယွဲ့နှင့် ကျန်းရှောင်မန်ကဲ့သို့သော ကလေးကောင်းလေးများကို ပျိုးထောင်နိုင်ခဲ့ကြသည်။


"အရင်ထိုင်ပါဦး... ဆရာ့မှာ ရှောင်မန်လေးကို ပေးစရာတစ်ခုရှိလို့ပါ..."


ကျန်းရှင်းက ထိုနေရာတွင် လှုပ်ရှားမှုမရှိပဲ ရပ်နေလိုက်သည်။ သူ ငယ်ငယ်ကတည်းက ကောင်းကင်ရော မြေပြင်ကိုပါ မကြောက်သည့် လူဖြစ်သည်။ အရိုက်ခံရလျှင်ပင် ဒဏ်ရာများ ပျောက်ကင်းသွားပါက နာကျင်မှုကို မေ့သွားသည်သာဖြစ်သည်။ သူအကြောက်ဆုံးလူက ဆရာထန်သာဖြစ်သည်။


ဆရာထန်က ရွာထဲရှိ ကလေးတိုင်းကို စာသင်ပေးဖူးသူဖြစ်ပြီး ကျန်းရှင်းကိုပါ သင်ပေးဖူးသည်။ ဆရာထန် သူ့ကိုဆူတိုင်း အချိန်အကြာကြီးပြောဆိုလေ့ရှိပြီး သူ့ကို ငိုအောင်လုပ်လေ့ရှိသည်။


ခဏအကြာတွင် ဆရာထန်က မှတ်စုစာအုပ်အသစ်ကလေးတစ်အုပ်ကို ထုတ်လာကာ ကျန်းရှောင်မန်ကို ပေးလိုက်သည်။ သူပြုံး၍ ပြောလိုက်သည်။

"ဒါကို ပြန်ယူသွားပြီး ကစားနော်... ဒါက ဆရာပေးတဲ့ လက်ဆောင်လေးပါ..."


ကျန်းရှောင်မန် မျက်တောင်လေးခတ်လိုက်ကာ ကျန်းရှင်းကို ငေးကြည့်နေပြီး မယူရဲသေးပေ။


ဘွားဘွားက သူမကို ဆရာထန်ပေးသည့်အရာများကို ပေါ့ပေါ့ဆဆမယူသင့်ဟု ပြောခဲ့သည်။


"ဒါကို လက်ဆောင်ပေးလို့ ပြန်ပေးတယ်လို့ ခေါ်တယ်... ဒါကလောကဝတ်တစ်မျိုးလေ..."

ဆရာထန်က ပြောလိုက်သည်။

"ဆရာက သမီးရဲ့ လက်ဆောင်ကို လက်ခံလိုက်ပြီလေ... ဒီတော့ သမီးကလည်း ဆရာ့ရဲ့ လက်ဆောင်ကို လက်ခံရမယ်...အဲ့လိုမှပဲ ဆက်ဆံရေးကို တည်မြဲစေမှာ..."


ကျန်းရှင်းက ပြောလိုက်သည်။

"ရှောင်မန် ဆရာထန်ကို မြန်မြန်လေး ကျေးဇူးတင်လိုက်လေ..."


ကျန်းရှောင်မန်က လက်နှစ်ဖက်သုံး၍ လက်ခံလိုက်ပြီး ကျေးဇူးတင်လိုက်သည်။


ကျန်းရှင်းက ကလေးမဟုတ်တော့သော်လည်း ဆရာထန်မှ သင်ကြားပေးခြင်းခံရသည်မှာ သူ့ကို အလွန်ကိုးရိုးကားယားနိုင်သလို ခံစားရစေသည်။ နောက်ထပ်တစ်ကြိမ် ကျေးဇူးတင်လိုက်ပြီးနောက်တွင် ကျန်းရှောင်မန်ကို ချီကာ အိမ်ကို ပြန်ပြေးလေတော့သည်။


လမ်းတစ်ဝက်အထိ ချီပြေးပြီးနောက်တွင် ရှောင်မန်ကို အောက်ပြန်ချပြီး သူ့ဗိုက်သူ အုပ်ကိုင်လိုက်သည်။ ထို့နောက် ကျန်းရှောင်မန်လေးက သူ့ကိုတွဲကူပေးရင်း အိမ်ပြန်လိုက်သည်။

"ဖြေးဖြေး... ဖြေးဖြေး... ဦးလေး ကိုယ့်ဗိုက်ကိုယ် ဆွဲဆန့်မိသလို ဖြစ်သွားလို့..."


ကျန်းရှောင်မန်လေးက အလွန်ကြောက်လန့်သွားပြီး အသက်ပင်မရှူရဲပဲ ကျန်းရှင်း၏လမ်းလျှောက်တုတ်ကလေးအဖြစ် နာနာခံခံလေးပြုမူကာ သူတို့နှစ်ယောက် တစ်လှမ်းချင်း ဖြေးဖြေးချင်း လမ်းလျှောက်ကြသည်။


ဦးလေးနှင့်တူမအတွဲလေး အိမ်ပြန်လာသည်ကို မြင်သောအခါ ကျန်းဟွေ့မိန်က စိတ်သက်သာရာရသလို သက်ပြင်းချလိုက်ပြီး အိမ်ထဲပြန်ဝင်လိုက်သည်။


ကံကောင်းစွာဖြင့် သူတို့နှစ်ယောက်လုံး အိမ်ပြန်လာခဲ့သည်။ မဟုတ်ပါက ထိုတုတ်ချောင်းကျန်းရှင်းက ထပ်မံထွက်ပြေးပြီး ကြက်မအိုကို သူ့ဘာသာစားပစ်ပြီဟု စတင်တွေးမိတော့မည်ဖြစ်သည်။


ညစာက ရိုးရိုးရှင်းရှင်းသာဖြစ်သော်လည်း ကျန်းဟွေ့မိန်က သူမ အရေးကြီးသည့်အလုပ်တစ်ခု ပြီးသွားသလို စိတ်လက်ပေါ့ပါးနေသည်။


နောက်တစ်နေ့ မနက်တွင် ကျန်းရှောင်မန်လေးက သူ့အလိုလိုနိုးလာသည်အထိ အိပ်ရာထဲတွင် အပျင်းကျောဆွဲမနေတော့ချေ။ သူမ စောစောထကာ ဘွားဘွားနှင့်အတူ ကျောင်းသို့ သွားရပေမည်။


သူမ ကြောင်တောင်တောင်လေး ထလာပြီးနောက်တွင် ထိုင်ခုံလေးပေါ်တွင် ထိုင်ကာ ခေါင်းဖြီးပြီး ဘွားဘွားသူမကို ဆံပင်စည်းပေးမည်ကို စောင့်နေလိုက်သည်။ သို့သော် သူမ၏ထိုးထိုးထောင်ထောင်ဖြစ်နေသော ဆံပင်များဆီ လက်ရောက်သွားသည်နှင့် မျက်ရည်များ ကျလာတော့သည်။


သူမ ဒေါသတကြီးထလာပြီး ကျန်းရှင်းအိပ်ခန်းထဲ ဝင်ကာ သွားနှိုးလိုက်သည်။

"အိပ်မနေနဲ့တော့... ဘွားဘွားကပြောတယ် ဦးလေးက သမီးတို့မွေးထားတဲ့ ဝက်တွေထက် အပျင်းကြီးတယ်တဲ့... ဝက်တွေကမှ ဦးလေးထက် တက်ကြွသေးတယ်... ဦးလေး အိပ်ရာထပြီး ဝက်စာကျွေး၊ ထင်းခုတ်၊ ကြမ်းပြင်ကို တံမြက်စည်းလှည်းပြီး အဝတ်တွေလျှော်ရမယ်..."


ကျန်းရှင်းက သူ့မျက်လုံးပွင့်လာသည်နှင့် ထိုကဲ့သို့ ကိုယ်ရေးကိုယ်တာဆန်ဆန် တိုက်ခိုက်သည့် စကားများကို ကြားလိုက်ရသည်။ သူ အလွန်ဒေါသထွက်သွားကာ နှုတ်ခမ်းတင်းတင်းစေ့လိုက်သော်လည်း ပြန်ပြီးစိတ်မဆိုးနိုင်ဖြစ်နေရသည်။


"ဟုတ်ပါပြီ ဟုတ်ပါပြီ... မငိုပါနဲ့တော့.. မင်းရဲ့ ဆံပင်လေးကြောင့်ပဲမလား... ငါနားမလည်ဘူး မထင်နဲ့နော်... ဒီလောက်ငယ်ငယ်လေးနဲ့ ဘာလို့ အဲ့လောက်တောင် လှချင်နေရတာလဲ..."

ကျန်းရှင်းက ခက်ခက်ခဲခဲထလိုက်ရပြီး ဗီရိုထဲ လှန်လှောရှာဖွေလိုက်သည်။ ခဏအကြာတွင် ကျားပုံ ဦးထုပ်လေးကို ရှာတွေ့သွားသည်။

"ဒါက ဦးလေး ငယ်ငယ်ကတည်းက ရတနာတစ်ပါးလို ကိုင်တွယ်ခဲ့တဲ့ အရာပဲ... ဒါကိုဆောင်းလိုက်တာနဲ့ ကတုံးတုံးထားတယ်ဆိုရင်တောင်မှ ဘယ်သူမှ သိတော့မှာမဟုတ်ဘူး... ပြီးတော့ အရမ်းလည်းလှသွားပြီး လူတိုင်းက လှလို့ဆိုပြီး မင်းကို ချီးကျူးကြလိမ့်မယ်..."


ကျားပုံဦးထုပ်လေးက ကျန်းဟွေ့မိန် ချုပ်ပေးထားတာဖြစ်ပြီး အလွန်ချစ်ဖို့ကောင်းပေသည်။


ကျန်းရှောင်မန်က ခဏမျှ တုန့်ဆိုင်းသွားပြီးမှ ထိုဦးထုပ်ကို ဆောင်းလိုက်သည်။

"ကြည့်လို့ကောင်းရဲ့လား...."


"အရမ်းလှတာပဲ...."


ကျန်းဟွေ့မိန်က နှာမှုတ်လိုက်ကာ ကျန်းရှင်းကို တွန့်ဆုတ်စွာ ယုံလိုက်သည်။ ထို့နောက် ထိုဦးထုပ်ကိုဆောင်း၍ ကျောင်းသွားလိုက်သည်။


အာ မဟုတ်သေးဘူး... ဘွားဘွားကပြောတယ် သူမက ကျောင်းကိုတရားဝင်တက်တာ မဟုတ်ဘူးတဲ့... ဒါပေမဲ့ ဒီနေ့ကစပြီး စာကို လေးလေးနက်ကြိုးစားရမယ်တဲ့...


ထို့အပြင် ရိုးရာဓလေ့အရ ကျန်းဟွေ့မိန်က သူမ၏ဟင်းသီးဟင်းရွက် စိုက်ခင်းထဲမှ ကြက်သွန်မြိတ် လက်တစ်ဆုပ်ခူးကာ ကျန်းရှောင်မိန်ကို ကိုင်ခိုင်းလိုက်သည်။ ရေသစ်ချသီးများ(1) လိုသေးသော်လည်း ရှာမရ၍ သူတို့တွင်ရှိသည့် အရာများဖြင့်သာ လုပ်လိုက်ရတော့သည်။


ကျန်းရှောင်မန်က ကြက်သွန်မြိတ်၏ ရနံ့ကို မကြိုက်၍ နှာခေါင်းရှုံ့၍ မေးလိုက်သည်။

"ဘွားဘွား... ဒီကြက်သွန်မြိတ်တွေသုံးပြီး ပေါက်ဆီလုပ်မလို့လား..."


"သယ်လို့ပြောရင် သယ်လာလိုက်စမ်းပါ.. မစားနဲ့နော်..."


"အိုး... ဟုတ်ကဲ့ပါ..."


T/N -

1. တရုတ်မှာ ကြက်သွန်မြိတ်နဲ့ ရေသစ်ချသီးက ဉာဏ်ကောင်းတယ်/တော်တယ်ဆိုတဲ့ စကားလုံးတွေနဲ့ အသံတူ စာကြောင်းကွဲပါတယ်။