Chapter 23
ဆရာထန်က အရင်နှစ်များမှ ဖတ်စာအုပ်အဟောင်းများကို စုစည်းပြီး ကျန်းရှောင်မန်ကို ပေးခဲ့သည်။
ထိုစာအုပ်များ အားလုံးက အရင်နှစ်များစွာမှ ကျောင်းသားဟောင်းများထံမှ ကျန်ခဲ့သည့် အရာများ ဖြစ်ကြသည်။ အချို့စာအုပ်များက ခြစားသည်ကို ခံထားရ၍ အပိုင်းအချို့ပျောက်နေပြီဖြစ်ကာ ဖုန်တသောသောဖြစ်နေသော်လည်း ဆရာထန်က ၎င်းတို့ကို ရတနာများနှယ် သဘောကျပေသည်။ သူက ထိုစာအုပ်များကို သေတ္တာထဲထည့်ထားပြီး အားလပ်သော အချိန်များတွင်လည်း နေထုတ်လှမ်းလေ့ရှိသည်။
ကျောင်းတက်ရန် တတ်နိုင်ကြသည့် ကလေးများတွင် ထိုကဲ့သို့သော ဖတ်စာအုပ်များက ချို့တဲ့မနေပေ။ ဆရာထန်က ထိုစာအုပ်များကို ပေးကမ်းပြီး မျိုးစေ့ကောင်းလေးတစ်စေ့ကို စိုက်ပျိုးနိုင်ပါက ကောင်းသည်ဟု တွေးနေခဲ့သည်။
ပထမတန်းမှ ကလေးများက သင်ရိုးညွှန်းတမ်းကို တစ်ဝက်မျှသင်ယူပြီးသားဖြစ်သည်။ သူတို့က အခြေခံဗဟုသုတများဖြစ်ကြသည့် အခြေခံအက္ခရာများနှင့် စာဖတ်ခြင်း၊ ရေတွက်ခြင်းတို့ကို အကြမ်းဖျင်းအထိ သင်ပြီးသွားပြီဖြစ်ကြသည်။ သို့သော် ကျန်းရှောင်မန်က မသင်ရသေးသဖြင့် သူတို့နှင့်အတူ တစ်တန်းတည်း စာမလိုက်နိုင်သေးပေ။ ဆရာထန်ကလည်း သူမကို ထိုကလေးများနှင့် တန်းတူဖြစ်ရန် သို့မဟုတ် ပို၍သာလွန်စေရန် မမျှော်လင့်ပဲ သူမကို စာသင်ခြင်းဟူသော အဓိပ္ပါယ်ကို ပြသပြီး စိတ်ဝင်စားလာစေရန်သာ မျှော်လင့်ပေသည်။
ဆရာထန်၏ ကျန်းရှောင်မန်အပေါ် ရည်ရွယ်ချက်က စာသင်ယူရာတွင် ပိုမိုစိတ်ဝင်စားစေရန်သာဖြစ်ပြီး အတင်းအကြပ်စာလေ့လာစေရန် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူမလေးက အလွန်ငယ်ရွယ်ပြီး တရားဝင်ကျောင်းတက်ရမည့် အသက်အရွယ်ရောက်ရန်ပင် အတော်လေး လိုသေးသည်။
သူမကို ဖတ်စာအုပ်များ ပေးပြီးနောက်တွင် ဆရာထန်က ပြောလိုက်သည်။
"ဆရာက သမီးအတွက် စာသင်ခန်းအပြင်မှာထိုင်ပြီး အထဲကို နားထောင်ဖို့အတွက် ထိုင်ခုံရှာပေးမယ်နော်.... သမီး ဘာမှနနားမလည်လည်း ကိစ္စမရှိဘူး... အတင်းအကျပ် ကြီး လုပ်စရာမှ မလိုပဲလေ.... အတန်းပြီးတာနဲ့ သမီးသိချင်တာမှန်သမျှ ဆရာ့ကိုမေးလို့ရတယ်နော်... ဆရာကို မေးဖို့ မကြောက်နဲ့ သိလား...."
ကျန်းရှောင်မန်လေးက အလွန်ပျော်သွားသည်။ သူမက အကြိမ်ရေအနည်းငယ်မျှ ခုန်ဆွခုန်ဆွလုပ်ပြီး ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာထန်... ကျေးဇူးတင်ပါတယ် ဆရာထန်...."
အသစ်အဆန်းများအပေါ် သင်ယူရန် ပျော်ရွှင်သော ကလေးတစ်ယောက်က အမေးအမြန်းထူသူတစ်ယောက်ဖြစ်တတ်သည်။ သူမ ပျော်ရွှင်နေသည်ကို မြင်ပြီး ဆရာထန်ပါ ပြုံးလိုက်မိကာ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ထိုင်ခုံပြင်ပေးလိုက်သည်။
သူထွက်သွားပြီးနောက်တွင် ကျန်းရှောင်မန်က ဖတ်စာအုပ်ကို စိတ်လှုပ်တရှားဖွင့်ပြီး ကြည့်လိုက်သည်။ ခဏမျှ ကြောင်စီစီလေးဖြစ်ပြီးနောက်တွင် ပိတ်လိုက်ကာ ပြန်ဖွင့်၍ သေချာထပ်ကြည့်လိုက်ပြန်သည်။
ဘွားဘွားက သူမကို ဉာဏ်ကောင်းသည်ဟု ချီးကျူးသည်။ ဦးလေးက သူမကို ဉာဏ်ကောင်းသည်ဟု ချီးကျူးသည်။ ဆရာထန်ကလည်း သူမကို ဉာဏ်ကောင်းသည်ဟု ချီးကျူးသည်။ စနစ်ကပင် သူမက သူပျိုးထောင်ပေးဖူးသည့် ပိုင်ရှင်များထဲတွင် ဉာဏ်အကောင်းဆုံးနှင့် အတော်ဆုံး ပိုင်ရှင်ဖြစ်သည်ဟု တစ်ခါတစ်ရံတွင် ချီးကျူးပြီး သူမကို မြင့်မြင့်မြှောက်လေ့ရှိသည်။ ထို့ကြောင့် ကျန်းရှောင်မန်က အမြဲတမ်း သူမ၏ IQအပေါ် ဂုဏ်ယူလေ့ရှိသည်။ သူမက ဤဖတ်စာအုပ်လေးများကို နားလည်မည်ဟု ထင်ခဲ့သည်။ သို့သော် သူမ မထင်မှတ်ထားသည်မှာ...
ဝူး ဝူး ဝူး... သူမ စာလုံးလေး နည်းနည်းတောင် မဖတ်နိုင်ဘူး....
သူမက "အမှတ်များ"၊ "ချိုချဉ်များ"နှင့် "လက်ကျန်အမှတ်"ဟူသော စာလုံးများကိုသာ အများဆုံးတွေ့ခဲ့ဖူးပြီး အားလုံးထဲတွင် "လက်ကျန်အမှတ်"က အထိမခံနိုင်ဆုံးသော အရာဖြစ်သည်။ သူမက ထိုအရာများကို သဘာဝကျစွာဖြင့် စနစ်၏ လွှမ်းမိုးမှုအောက်မှသာ သင်ယူခဲ့ခြင်းဖြစ်သည်။
ယခုအချိန်အထိ သူမ သင်ယူခဲ့ရသည့်အရာများမှာ စနစ်ထံမှ သင်ခန်းစာများသာဖြစ်သည်။ သူမက စာသင်ခန်းရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး စာသင်ခန်းထဲမှ ကျောက်သင်ပုန်းပေါ်ရှိ စာလုံးအချို့ကို ကြည့်ရင်း သင်ယူရသည်ကို သဘောကျသည်။ သို့သော် တစ်ချိန်တည်းတွင် သူမ၏စိတ်က ခြံဝန်းထဲမှ ပုရွက်ဆိတ်အသိုက်ကို တုတ်နှင့်သွားထိုးရန်လည်း တွေးနေတတ်သည်။ သူမ၏စိတ်က ဤသို့ နှစ်မျိုးကွဲနေ၍ သူမအသေအချာသင်ယူနိုင်သည်ဆိုပါက အတော်လေးထူးဆန်းပေလိမ့်မည်။
ပုံမှန်ဆိုလျှင် စနစ် သူမကိုသင်ပေးသော ရှင်းလင်းကာ အကျိုးအကြောင်းဆီလျော်သော ရှင်းပြချက်များကို ခပ်မြန်မြန် နားလည်သော်လည်း ယခုအကြိမ်က ကျန်းရှောင်မန်လေး အရေးအဖတ်ကို လေးလေးနက်နက်သင်ယူသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
သူမ ဖတ်စာအုပ်များနှင့် ဗလာဖြစ်နေသည့် မှတ်စုစာအုပ်များကို မှင်တက်စွာကြည့်နေမိသည်။ ပုံမှန်ဆိုလျှင် ဆရာသင်ပေးသမျှကို သင်ယူရသည်ကို သဘောကျသော်လည ယခုတွင် ဆရာထန်ပြောသမျှ တစ်လုံးမှ သူမခေါင်းထဲ မဝင်ချေ။
ရှောင်မန်လေး ပြင်းပြင်းထန်ထန်ထိုးနှက်ခံလိုက်ရပြီး ကျောင်းမှမပြန်ခင် မျက်ရည်များ ကျဆင်းလာတော့သည်။
စနစ်က သူမကို နှစ်သိမ့်သည်။
"စာသင်ယူတယ်ဆိုတာက တစ်ဆင့်ပြီး တစ်ဆင့်သွားရတယ်... တစ်နပ်တည်းစားပြီး မဝလာဘူးလေ... မင်းက လမ်းလျှောက်နည်းတောင် မသင်ရသေးပဲ ပြေးချင်လို့ရပါ့မလား...."
"ဦးဦးပြောချင်တာ အလျှင်လိုတာ အလဟဿဖြစ်စေတယ်လို့ ပြောချင်တာလား..."
"အဲ့လိုမျိုးပဲပေါ့... ပိုင်ရှင်ရယ်... မင်းက အခုလက်ရှိမှာ ကျောင်းတက်ဖို့ အရမ်းကိုငယ်နေသေးတယ်... စာသင်ခန်းထဲက ကလေးတွကို ကြည့်ဦး... အားလုံးက မင်းထက် အသက်ကြီးမနေဘူးလား... "
ကျန်းရှောင်မန် ဂရုတစိုက်ကြည့်လိုက်သောအခါ ၎င်းက မှန်ကန်နေကြောင်း တွေ့လိုက်ရသည်။
သူမ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဒါဆို... ဆရာထန်က ဘာလို့ သမီးကို အခုချက်ချင်း ကျောင်းလာစေချင်နေရတာလဲ.."
စနစ်က ပြောလာသည်။
"ငါလည်းမသိဘူး... တစ်ခါတစ်ရံ ငါတို့စနစ်တွေဆိုတာက လူသားတွေ ဘာတွေးနေလဲဆိုတာကို နားမလည်နိုင်ကြဘူးလေ..."