အပိုင်း ၂၄
Viewers 14k

Chapter 24


ကျန်းရှောင်မန်က ဖတ်အုပ်ထဲမှ မည်သည့် စာလုံးကိုမှ မဖတ်နိုင်သည့် သူ့ကိုယ်သူ မြင်နေရဟန်ဖြင့် စနစ်ကို စာနာသလို ကြည့်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။

"အဆင်ပြေပါတယ်... လူတိုင်းမှာ သူတို့နားမလည်တဲ့ အရာတစ်ခုဆိုတာ ရှိကြတာပဲလေ...တစ်ခါတစ်လေကြရင် သမီးလဲ ဦးဦးတွေးတာတွေကို နားမလည်ပါဘူး.." 


"အင်း..."


ကျန်းရှောင်မန်က စနစ်နှင့်စကားပြောပြီးနောက်တွင် စိတ်သက်သာရာရသွားခဲ့သည်။ သူမ နှာခေါင်းလေး ရှုတ်ကာ ဆရာပြောနေသည်များကို နောက်တစ်ခါ အာရုံစိုက်၍ နားထောင်လိုက်သည်။


ဤတစ်ကြိမ်တွင် သူမ အတွေးများကရှင်းလင်းနေပြီဖြစ်၍ ဆရာပြောသမျှကို နားထောင်နေနိုင်ပြီ ဖြစ်သည်။ သို့သော် စာလုံးများကို ဖတ်ရန်က ခက်ခဲနေဆဲဖြစ်သည်။


အရင်က ကျန်းရှောင်မန်က စာသင်ခန်းအပြင်တွင်နေရင်း ပျင်းလာချိန်တွင် တုတ်တစ်ချောင်းကောက်ကာ အပြင်ဘက်ရှိ ပုရွက်ဆိတ်များကို သွားစမည်ဖြစ်သည်။ သူမ၏ နားရွက်များက ဆရာ၏စကားကို နားထောင်နေသော်လည့း သူမ၏ စိတ်က အခြားအရာများထံမှ နှောင့်ယှက်ခံနေရ၍ စကားလုံးများစွာကို မသင်ယူနိုင်ခဲ့ပေ။ သို့သော် ယခုတွင် သူမစိတ်နှလုံးသားတစ်ခုလုံးကို စာလုံးများ၏ ပုံသဏ္ဍာန်ပေါ်တွင် မြှုပ်နှံထားပြီး အသေအချာလိုက်မှတ်နေသော်လည်း အလွယ်ကူဆုံးတစ်ခုကိုပင် မမှတ်နိုင်ချေ။


စာသင်ချိန်တစ်ချိန်ပြီးသွားသောအခါ သူမအလွန်ပင်ပန်းလာပြီး အလွန်အမင်းချွေးထွက်လာသည်။


သူမပင်ပန်းနေ၍ အိပ်ချင်နေပြီဖြစ်သော်လည်း သူမတကယ်အိပ်လိုက်လျှင် ဆရာထန်က သူမကို ရယ်မောလိမ့်မည်ဟု ခံစားနေရသည်။ သူမ အနည်းဆုံး တစ်ရက်ပင် မခံနိုင်ပါက ရှက်စရာကောင်းလှချေသည်။


ကျန်းရှောင်မန် ထိတ်လန့်မှု၊ သက်တောင့် သက်သာမဖြစ်မှုတို့ကို တစ်နေ့လုံး ကြာအောင် ခံစားနေရသည်။ ကျောင်းဆင်းသည်နှင့် မျက်ရည်များဖြင့် ထွက်ပြေးတော့သည်။


စာအုပ်များကို ထုပ်ပိုးသိမ်းဆည်းပြီးနောက်တွင် ဆရာထန်၏ အဆောင်ခန်းသို့ ပြေးသွားပြီး သူ့ကို မြင်သည်နှင့် ငိုတော့သည်။


"ဆရာထန်.. သမီးထပ်မလာချင်တော့ဘူး...."

သူမ တစ်နေ့လုံး တည်ငြိမ်အောင် နေနေခဲ့တော့ ဆရာထန်က မရယ်လောက်ဘူးမလား....


ဆရာထန်က ဘာမှမပြောသလို ဒေါသလည်း မထွက်ပေ။ သူက သူမရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမကိုမေးလိုက်သည်။

"ဘာဖြစ်လို့လဲ...."


ကျန်းရှောင်မန်လေးက စိတ်သက်သက်သာရာရစွာ သက်ပြင်းချပြီး ငိုရင်းပြောလိုက့သည်။

"သမီး.... အဲ့တာတွေက အရမ်းခက်လွန်းလို့ပါ... သမီး မလုပ်နိုင်ဘူး..ပြီးတော့.. ဖတ်စာအုပ်ထဲက စာလုံးတွေက.... သူတို့သမီးကိုသိကြတယ်... ဒါပေမဲ့ သမီးက သူတို့ကို မသိဘူး..."


ပထမတန်းက စာသင်နှစ်တစ်ဝက်မျှကျိုးပြီဖြစ်၍ ကျန်းရှောင်မန်လေး ဘာအခက်အခဲမှမရှိပဲ လိုက်နိုင်မည်ဟု မျှော်လင့်၍ မရပေ။


ဆရာထန်ကလည်း သူမကို ထိုသို့လုပ်နိုင်ဖို့ မမျှော်လင့်ထားပေ။


"ရှောင်မန်.... စာလုံးတွေက မှတ်မိဖို့ အရမ်းခက်တယ်နော်... ဆရာက သမီးကို ဘာလို့ကျောင်းကို လာစေချင်တာလဲသိလား..."


ကျန်းရှောင်မန်လေးက မျက်ရည်သုတ်ရင်း ပြန်ဖြေလိုက်သည်။

"ဆရာထန်က အပင်ပေါက်ကို ကြီးထွားအောင် ဆွဲဆန့်ချင်လို့မလား..."


ဆရာထန် အံ့ဩသွားကာ ရယ်မောမိသွားသည်။


သူရယ်လေလေ ကျန်းရှောင်မန်လေးက ငိုလေလေဖြစ်သည်။ နောက်ဆုံးတွင် ဆရာထန်က အရယ်ရပ်အောင် မနည်းလုပ်လိုက်ရသည်။ ဤကလေးမလေးက အတော်လေး ဉာဏ်ကောင်းသည်ဟု ထင်နေမိသည်။ သူမလေးက သင်ယူခဲ့ဖူးသည့် အရာကို ချက်ချင်း အသုံးချနိုင်ပေသည်။ သူမက ထိုစကားလုံးများကို လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ သင်ယူပြီးဖြစ်သော်လည်း ယခုတွင် သူမ၏ဗဟုသုတကို လက်တွေ့ဘဝတွင် ချက်ချင်း အသုံးချနေပြီဖြစ်သည်။


"အပင်ပေါက်လေးကို ပိုကြီးထွားအောင်လို့ဆိုပြီး ဆွဲဆန့်တာ ကောင်းတဲ့ အရာမဟုတ်ဘူးလေ... ဆရာတို့က ဒီစကားကို အခုလိုမျိုး တစ်စုံတစ်ခုကို မလုပ်မိအောင် သတိပေးတဲ့နေရာမှာ သုံးရမယ်..."

ဆရာထန်က ရိုးရိုးသားသားပြောလိုက်သည်။

"ဆရာ သမီးကို ကျောင်းကို လာခိုင်းတယ်ဆိုတာက... စာသင်ကြားခြင်းကနေ ရတဲ့ ပျော်ရွှင်မှုကို ရှာတွေ့အောင်လို့ပဲ...."


"ဒါပေမဲ့ စာသင်ရတာ ပျော်ဖို့မှမကောင်းတာ... သမီးအိမ်ပြန်ပြီးအိပ်ပဲ အိပ်ချင်တယ်...."


"ဒါပေါ့ စာသင်ရတာ ဘယ်ပျော်စရာကောင်းမလဲ... ဒါပေမဲ့ သမီး စာသင်ပြီးတဲ့နောက်မှာ သင်ယူမိတဲ့ တစ်စုံတစ်ခုကတော့ ပျော်စရာကြီးပဲလေ...."

ဆရာထန်က ဥပမာတစ်ခု ပြင်ဆင်လိုက်ပြီး သူမကို မေးလိုက်သည်။

"ဆရာက 'အလျှင်လိုရင် အလဟဿဖြစ်တယ်'ဆိုတဲ့ စကားပုံအကြောင်းမေးတော့ သမီးက ဖြေနိုင်တယ်လေ... သမီးဖြေနိုင်တော့ ဆရာက ဉာဏ်ကောင်းတယ်ဆိုပြီး ချီးကျူးလိုက်တယ်... သမီး ပျော်မသွားဘူးလား...."


"ပျော်တယ်လေ...."

ကျန်းရှောင်မန်လေးက ခေါင်းငြိမ့်ပြလိုက်သော်လည်း အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲသာဖြစ်သည်။


စနစ်က သူမနှင့် ပေါင်းစပ်ခဲ့စဉ်က သူမက ရွာထဲတွင် ဉာဏ်အကောင်းဆုံး ကလေးတစ်ယောက်ဟု ပြောခဲ့ဖူးသည်။ သူမက တိတ်တိတ်ကလေး အလွန်စိတ်လှုပ်ရှားခဲ့သော်လည်း မည်သူမှ ထိုအကြောင်း မသိခဲ့ပေ။


 သူမဉာဏ်ကောင်းကြောင်း သိသည့်လူမှာ သူမတစ်ယောက်တည်းသာ ဖြစ်ပါက အဓိပ္ပါယ်မရှိတော့ပေ။ အခြားလူများက သူမကို ချီးကျူးချိန်တွင်သာ သူမအပျော်ဆုံးဖြစ်သည်။


အခြားလူများက သူမကို ဉာဏ်ကောင်းသညမဟု ချီးကျူးကြသည်ကို ကြားရခြင်းက သူမအတွက် အပျော်ဆုံးအရာဖြစ်သည်။


ဆရာထန်က သူမကို ဆက်လက်အကြံပေးရင်း ပြောလိုက်သည်။

"ဒါဆိုရင် သမီးပျော်ချင်ရင် စာလေ့လာဖို့ မလိုဘူးလား... ဆရာပြောတာ အမှန်ပဲ ဟုတ်တယ်ဟုတ်.... စာသင်ယူရတာက ပျော်ဖို့ကောင်းပါတယ်.... သမီးကတော့ အခုထိအဲ့လို မခံစားရသေးတော့... ဆရာက သမီးကို လမ်းညွှန်ပေးချင်တာ...."


ကျန်းရှောင်မန် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။


သူမ၏ လက်ချောင်းလေးများကို ဆော့ကစားရင်း ငြင်းခုန်ရန် ကြိုးစားနေဆဲပင်။

"ဒါပေမဲ့ သမီးက အခုထိ ငယ်ငယ်လေးရှိသေးတာလေ.. သမီးက အခုမှ သုံးနှစ်ခွဲပဲရှိသေးတာ... ပထမတန်းက ကလေးတွ အကုန်လုံးက သမီးထက် အသက်ကြီးတဲ့လူတွေပဲဆိုတော့ သမီးက စာလိုက်နိုင်ဖို့ခက်တယ်လေ... သမီးနည်းနည်းလောက် အသက်ပိုကြီးတော့မှ ပြန်လာလို့မရဘူးလား....."