Chapter 25
ဆရာထန်ကအလွန်စိတ်ရှည်ပြီး ပြန်ဖြေပေးလိုက်သည်။
"သုံးနှစ်ခွဲဆိုတာက အရမ်းမငယ်တော့ဘူးလေ... မြို့မှာဆိုရင် သမီးရဲ့အသက်အရွယ်နဲ့ဆိုရင် မူကြိုတက်လို့ရနေပြီ... ဒါကလည်း ကျောင်းတက်လို့ရတဲ့ အရွယ်ပဲလေ... ကံဆိုးစွာနဲ့ ဆရာတို့ရဲ့ရွာမှာက အဲ့လို အရာတွေမရှိဘူး... ဒီတော့ဆရာက သမီးကို ပါရမီကို အခြေခံပြီး သင်ပေးဖို့ပဲ တတ်နိုင်တာ..."
ဒီတော့.. သူမလို အသက်ငယ်ငယ်လေးနဲ့ ကျောင်းအတင်းတက်ရတဲ့ ကလေးတွေလည်း ရှိသေးတယ်လို့ ပြောတာလား...
ကျန်းရှောင်မန်လေး နောက်ဆုံးတွင် ခံစားရသက်သာသွားကာ အငိုရပ်သွားတော့သည်။
ဆရာထန်က သူမစိတ်ငြိမ်သွားပြီဖြစ်ကြောင်း မြင်လိုက်၍ ဆက်ပြောလိုက်သည်။
"ဆရာတို့တွေမှာ ကွန်ဖြူးရှပ်ဆိုတဲ့ ဆရာတစ်ယောက်ရှိတယ်... သူစိတ်ဝင်စားမှုဆိုတာက အကောင်းဆုံးဆရာတစ်ပါးပဲတဲ့... ဗဟုသတတွေဆိုကလည်း အဆုံးမရှိဘူးတဲ့... ဆရာက သမီးကို အတင်းစာလေ့လာခိုင်းလို့ စာလုပ်ရတာနဲ့ သမီးဘာသာ သမီးရဲ့စိတ်ဆန္ဒအရ စာလုပ်တာနဲ့က မတူဘူးလေ... ဆရာက သမီးကို စာလေ့လာဖို့တိုက်တွန်းလို့ရတယ်... ဒါပေမဲ့ ဆရာလိုချင်တာက သမီးကို ကိုယ့်ဆန္ဒနဲ့ကိုယ် စာလေ့လာစေချင်တာပဲ..."
"ဘာလို့လဲဟင်..."
ကျန်းရှောင်မန်လေးတွင် အတောမသတ်သော မေးခွန်းများရှိသည်။ ဆရာထန်၏ သင်ခန်းစာများက သူမကို ဘာလုပ်ပါဟု တိုက်ရိုက်ပြောသော စနစ်နှင့်မတူပေ။ ထို့အပြင် သူမ၏ ရိုးရှင်းသောအဖြေရှာနည်းများကလည်း ယခုအခါတွင် အသုံးမဝင်ပေ။ ထို့ကြောင့် မေးခွန်းများ ဆက်မေးဖို့သာတတ်နိုင်တော့သည်။
ဆရာထန်က လုံးဝစိတ်မရှည်မဖြစ်ပဲ ဆက်ရှင်းပြလိုက်သည်။
"အနာဂတ်မှာ... ဆရာကသမီးဘေးမှာမရှိနိုင်တော့ပဲ သမီးကို ထပ်မသင်ပေးနိုင်တော့ရင် သမီးက ကိုယ့်ကိုယ်ကိုယ် ကိုယ့်ရဲ့ဆရာတစ်ယောက်လိုသဘောထားပြီး မလျော့တဲ့ဇွဲလုံ့လနဲ့ စာဆက်လေ့လာနိုင်အောင် ကြိုးပမ်းရမယ်... ဆရာက သမီးကို တတိယတန်းအထိပဲ သင်ပေးနိုင်မှာ... အဲ့တာပြီးရင် သမီးက ရွာအပြင်ဘက်က ကျောင်းတစ်ခုခုမှာ သွားတက်ရတော့မှာပဲ... အပြင်ဘက်မှာ ပိုကောင်းတဲ့ကျောင်းနဲ့ ပိုကောင်းတဲ့ဆရာတွေရှိတယ်... အဲ့ဒီ့မှာဆိုရင် ဆရာတို့လိုက်မမီနိုင်တဲ့ အပိုအကြောင်းအရာတွေလည်း သင်ရတော့မှာ... ဒါပေမဲ့ သမီးသာ သမီးရဲ့ စိတ်နှလုံးသားတစ်ခုလုံးနဲ့ စာလေ့လာရင် အဆင်ပြေမှာပါ..."
ကျန်းရှောင်မန်လေးက ထပ်မေးလာပြန်သည်။
"ဆရာထန်က သမီးကိုဘာလို့ ဆက်မသင်ပေးနိုင်တော့တာလဲဟင်...."
၎င်းက သူ ကလေးများနှင့် မဆွေးနွေးချင်သည့် လေးနက်သည့် အကြောင်းအရာပင်ဖြစ်သည်။
အတိတ်တုန်းက ကျောင်းတွင် ဆဌမတန်းအထိ ရှိခဲ့သည်။ ထိုအချိန်က ကျောင်းတွင် လူများစွာရှိခဲ့ပြီး အိမ်နီးချင်းရွာများကလည်း သူတို့၏ကလေးများကို စာသင်ရန် ပို့လေ့ရှိသည်။ သူတို့က အတန်းခြောက်တန်းကို ထိန်းနိုင်ရုံမျှသာဖြစ်ခဲ့သည်။ ယခုတွင် လူကနည်းသည်ထက် နည်းလာပြီး စီနီယာအတန်းများကလည်း မရှိတော့ပေ။ တတိယတန်းပြီးသည်နှင့် လူတိုင်းက အခြားနေရာတွင် စာသွားသင်ရတော့သည်။
ဆရာထန်က ပြုံးရင်းပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ဆရာ့ရဲ့ ဗဟုသုတတွေက အကန့်အသတ်ပဲရှိလို့လေ... ဆရာကသမီးက နည်းနည်းပဲသင်ပေးနိုင်မှာ... သမီးက အဆုံးထိအောင် တစ်ယောက်တည်း သင်ယူရတော့မှာလေ...."
ရှောင်မန်လေး မှင်သက်သွားသည်။
သူမစိတ်ထဲရှိ ဆရာထန်မှာ အလွန်အံ့ဖွယ်ကောင်းလှသည့် လူတစ်ဦးဖြစ်သည်။ ဘွားဘွားက သူ့အကြောင်းပြောလျှင်လည်း သူမ၏လေသံက ပြောမပြတတ်လောက်အောင် သိမ်မွေ့သွားတတ်သည်။ ဘွားဘွားက သူမကို ဆရာထန်ကို လေးစားရန် လေးလေးနက်နက်ပြောခဲ့ပြီး သူက ကိုယ်ကျင့်တရားကောင်းမွန်ပြီး ဂုဏ်သိက္ခာရှိသော လူတစ်ယောက်ဟုလည်း ပြောခဲ့ဖူးသည်။
ကျန်းရှောင်မန်က ကိုယ်ကျင့်တရားကောင်းမွန်ပြီး ဂုဏ်သိက္ခာရှိသည်ဟူသော အဓိပ္ပါယ်ကို နားမလည်သော်လည်း ဆရာထန်က ရွာထဲတွင် အဖော်ရွေဆုံးနှင့် အနူးညံ့ဆုံးလူဖြစ်ကြောင်းကိုတော့ သိပေသည်။ သူက အရာရာတိုင်၏ နောက်ကွယ်မှ အဓိကအချက်ကို ရှင်းပြနိုင်ပြီး ရှုပ်ထွေးလှသော အရာများကိုလည်း နားလည်လွယ်အောင် ရှင်းပြပေးနိုင်သည်။ သူမက သူနှင့်စကားပြောရသည်ကို အတော်လေး သဘောကျသည်။
ဥပမာအားဖြင့် ယခုတွင်လည်း ကျန်းရှောင်မန်က မနက်ဖြန်တွင် ကျောင်းထပ်မလာတော့ရန် အစီအစဉ်ဆွဲထားခဲ့သည်။ သို့သော် ဆရာထန်နှင့် စကားပြောပြီးနောက်တွင် ထိုသို့ မဆုံးဖြတ်မိတော့ပေ။
သူမက ဆရာထန်ဝမ်းနည်းသွားမည်ကိုစိုးရိမ်၍ တိုးတိုးလေးပြောလိုက်သည်။
"သမီး အဲ့လိုမလုပ်ချင်ဘူး... သမီးက ဆရာထန်ဆီကနေ စာသင်ပြီးရင် လုံလောက်ပါပြီ..."
ဆရာထန်က ရယ်ရခက်ငိုရခက်ဖြစ်သွားသည်။ ခဏမျှစဉ်းစားပြီးနောက်တွင် လှည့်ပတ်ပြောမနေတော့ရန် ဆုံးဖြတ်လိုက်သည်။
"ရှောင်မန်... အရင်တစ်ခေါက်သမီးကို အလျှင်လိုရင်အလဟဿဖြစ်တတ်တယ် ဆိုတဲ့ စကားပုံကို ဘယ်ကနေ သင်ခဲ့တာလဲ..."
"သမီး.. သမီး သူငယ်ချင်းပြောတာပါ...."
အိုး... ဒီတော့ ရှောင်မန့်သူငယ်ချင်းပေါ့လေ...ကလေးတစ်ယောက်ရဲ့ သူငယ်ချင်းက အခြားကလေးပဲ ဖြစ်လောက်တော့ သူမလေး တစ်ဝက်တစ်ပျက်ပဲ နားလည်တာ မဆန်းတော့ပါဘူး..
ဆရာထန်က ပြောလိုက်သည်။
"သမီးနားလည်ထားတဲ့ ထဲမှာ ပြဿနာသေးသေးလေးရှိနေတယ်... ဆရာ သမီးကို ဒီနေ့ နောက်တစ်ကြိမ်ရှင်းပြပေးမယ်... ပြီးတော့ နောက်ထပ် ပုံပြင်တစ်ပုဒ်ကိုလည်း ပြောပြပေးမယ်... အဲ့တာကို နားထောင်ပြီးသွားတာနဲ့ ဘာကြောင့် သမီးဘာသာသမီး စာလေ့လာသင့်လဲဆိုတာကို နားလည်သွားလိမ့်မယ်.."
ကျန်းရှောင်မန်က ပုံပြင်နားထောင်ရသည်ကို သဘောကျပေသည်။
"ဘာပုံပြင်လဲ..."
"လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် သူ့ကိုတစ်နေ့စာ ကျွေးမွေးတာဖြစ်ပေမဲ့ လူတစ်ယောက်ကို ငါးဖမ်းနည်းသင်ပေးလိုက်တာက သူ့ကို ဘဝတစ်သက်စာလုံး ကျွေးမွေးတာပဲဆိုတဲ့ ပုံပြင်လေး...."