အပိုင်း ၁၄၉ ( Rogue Champion 25 - Extra 1 )
Viewers 10k

အလိမ်ပေါ်ခြင်း


ကျိုးစုန်သည် ဘေးစီရင်စု၌ အကယ်ဒမီ၏ အထူးတာဝန်ရှိသူ အဖြစ် အလုပ်လုပ်နေပြီး Xiucai စာမေးပွဲများကို တာဝန်ယူထားသည်။ သို့သော် သူသည် စီရင်စုစာမေးပွဲကို တာဝန်မရှိချေ။ အမှန်တော့ သူက အရာရှိကြီးတစ်ဦးပင် မဟုတ်ဘဲ သုံ့ကူကောင်တီကိုလည်း လက်မရောက်နိုင်ပေ။


သို့သော်လည်း သူက အရာရှိတစ်ဦး ဖြစ်နေဆဲပင်။


ထို့ကြောင့် သူနှင့် ဝေ့မိသားစုတို့ ဆက်ဆံရေးပြတ်တောက်ပြီးသည့်အချိန်မှစ၍ သုံ့ကူကောင်တီတွင် ရှိသော ဝေ့မိသားစုအတွက် နေ့ရက်တစ်ရက်က နောက်ဆုံးနေ့ထက် ပိုဆိုးလာသည်။


ပထမဆုံးအနေဖြင့် ဝေ့ကျီယွမ် စာသင်ကြားနေသော အကယ်ဒမီက ဝေ့ကျီယွမ်ကို မလိုချင်တော့ချေ။


အကယ်ဒမီတွင် စာသင်ကြားရခြင်းမှာ နေ့စဉ် တစ်ရက်စာ အတန်း၏ တစ်ဝက်မျှသာ အများဆုံး ရှိပြီး အားလပ်ရက် အများအပြား ရှိကာ လစဉ်ဝင်ငွေ ငွေတုံးဒါဇင်များစွာ ဖြစ်၏။ သူတို့သည် အကယ်ဒမီတွင် နေ၍ အခြားစာပေပညာရှင်များနှင့် ဗဟုသုတများလည်း ဆွေးနွေးနိုင်သည်... လူဘယ်လောက်တောင်က ဒီလိုအလုပ်မျိုးကို လိုချင်လိုက်သလဲ?


ဝေ့ကျီယွမ်က တစ်စုံတစ်ဦးကို စော်ကားမိသဖြင့် သူ့နေရာကလည်း ပြောင်းသွားသည်။


ယခင်က ဝေ့ကျီယွမ်တွင် ဤဝင်ငွေ ရှိခဲ့စဉ်၌ ၎င်းက သူ၏ ဖူချန်တွင် နေထိုင်စရိတ်များ ပေးရန်ပင် မလုံလောက်သေးချေ။ ယခု ဤဝင်ငွေ မရှိတော့သောအခါ သူသည် သုံ့ကူကောင်တီသို့ ပြန်ရန် တွန့်ဆုတ်နေသည်။ သို့မဟုတ် သူက သုံ့ကူကောင်တီသို့ ပြန်ရန် မလိုလားဘဲ ရှက်‌ရွံ့နေသည်ဟုလည်း ပြောသင့်သည်။ သူသည် လစဉ်လတိုင်း သူ့အိမ်ထံမှ ငွေတုံးများ တောင်းနေရသည်။


ထို့အပြင် ဝေ့မိသားစုမှ မျိုးနွယ်စုဝင်များက သူတို့ကို အပြစ်တင်ပြီး လီမိသားစုက သူတို့ကို ဖယ်ထုတ်ပစ်သည်။ သုံ့ကူကောင်တီမှ လူရမ်းကားများကတောင် ဝေ့မိသားစု၏ စီးပွားရေးကို ပြဿနာရှာရသည်အား အထူးနှစ်သက်နေကြသည်။


ဝေ့မိသားစုရဲ့ဘဝက ပိုပိုပြိး မခက်ခဲပဲနေမလား?


ဤကိစ္စအားလုံးကို ယန်ကျင်းဇီ သိသည်။ တစ်ချိန်က သူဟာ လူမိုက်များ၏ ခေါင်းဆောင် ဖြစ်ခဲ့ဖူးသည်လေ။


သုံ့ကူကောင်တီ လူမိုက်များက ဝေ့မိသားစုကို ပြဿနာသွားရှာပြီးနောက် သူ့ဆီကို လာကြကာ တင်ပြကြသည်...


ယခု သူက Xiucai ဖြစ်လာသောအခါ ဤလူမိုက်များ၏ သူ့အပေါ် သဘောထားမှာ ကွဲပြားသွားသည်။ သူတို့က သူ့ကို လေးစားပြီး ကြောက်လည်း ကြောက်ရွံ့ကြသည်။ ယန်ကျင်းဇီသည်လည်း သူတို့ကို ပြဿနာရှာခြင်း ရပ်တန့်ရန် အကြံပေးလိုက်သော်ငြား ကံမကောင်းစွာဖြင့် သူတို့၏မိဘများက သူတို့ကို ကောင်းစွာ မအုပ်ထိန်းနိုင်ရာ သဘာဝကျစွာပင် သူလည်း မကူညီနိုင်တော့ပေ။  


ထို့ပြင် သူ့တွင် နေထိုင်ရမည့် သူ့ကိုယ်ပိုင်ဘဝ ရှိပြီး အခြားသူများကို အစဉ်မပြတ် တာဝန်ယူထားရန်မှာ မဖြစ်နိုင်ချေ။


ယခု သူသည် ရှင်းအန်းကျေးရွာတွင် ဝေ့လင်းရှိူ့နှင့်အတူ သူ့ကိုယ်ပိုင်ဘဝလေးကို နေထိုင်နေသည်။ သူသည် ဝေ့စာအုပ်ဆိုင်သို့ ရက်အနည်းငယ်မှသာ တစ်ခါသွားပြီး စာအုပ်အနည်းငယ်ကို ငှားရမ်း၍ သူ့လက်ရေးလှကို လဲလှယ်ရောင်းချသည်။


ဤဘဝမျိုးမှာ သူ့အတွက် ရိုးရှင်းသော ဆန်းကြယ်လှပသည့် နေ့ရက်များ ဖြစ်ပြီး အထူးသဖြင့် သူနှင့် ဝေ့လင်းရှိူ့တို့ဟာ ယခုအခါ တကယ့်စုံတွဲ ဖြစ်နေသောကြောင့် ဖြစ်သည်။


ဤကမ္ဘာမှ အမျိုးသားများက အသက်ကြီးလာသောအခါ ဇနီးတစ်ဦးနှင့် လက်ထပ်ချင်ကြသည်ကို မအံ့ဩတော့ချေ။ ည‌ဘက်တွေမှာ အိပ်ရာကို ပူနွေးစေမယ့် လူတစ်ယောက် ရှိတာနဲ့ အိပ်ရာကို ပူနွေးစေမယ့်လူ မရှိတာက တကယ် ကွာတယ်!


မနေ့ညက ဝေ့လင်းရှိူ့သည် “ကြိမ်ဒဏ်ပေးခံခဲ့ရပြီး” ယန်ကျင်းဇီသည် နောက်တစ်နေ့တွင် အားအင်များ ပြည့်နေသည်။


“ ဒီနေ့ မင်း ဥပဒေအကြောင်း ငါ့ကို လာမပြောနဲ့! ” ဝေ့လင်းရှိူ့ အနည်းငယ် နုံးနေသည် : “ ငါ ကဗျာရေးရတာ ကြိုက်ပေမယ့် မင်းကို ငါနဲ့ ကဗျာတွေ အတင်းလာမရေးခိုင်းဘူး! ”


ယန်ကျင်းဇီ : “ ... ” အင်းပါ! မင်းအမိန့်တွေ အကုန်လိုက်နာမယ်!


ယန်ကျင်းဇီသည် ရုတ်တရက် တစ်ခုခုတွေးမိသွားသည် : “ အိမ်မှာ စားစရာတွေ ကုန်ခါနီးပြီ။ ဒီနေ့ ဈေးသွားရမယ့်နေ့ပဲ။ စျေးဝယ်ထွက်ကြမလား? ”


ဝေ့လင်းရှိူ့သည် မနေ့ညက များစွာ “ဒဏ်ပေးခံလိုက်ရသည်”... သူ အနည်းငယ် အဆင်မပြေဖြစ်နေသည်။ သူသည် မသွားချင်သော်လည်း အိမ်တွင် တစ်ယောက်တည်း မနေချင်သောကြောင့် နောက်ဆုံးတွင် သဘောတူလိုက်သည် : ” ကောင်းပြီ။ ”


“ အဆင်ပြေတယ်။ ငါတို့ လှေနဲ့သွားမှာဆိုတော့ မင်း မပင်ပန်းပါဘူး။ ” ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့၏ အတွေးများကို သိပြီး ထပ်ပြောလာသည်။


ဝေ့လင်းရှိူ့သည် ပို၍ပင် သွားချင်မိသွားသည်။


သူက အခု Xiucai ဆိုတော့ အပြင်ထွက်ရင် လေးလေးစားစား ဆက်ဆံခံရတယ်! ခံစားချက် အရမ်းကောင်းတယ်!


ယနေ့ဟာ ဈေးသွားရမည့်နေ့ ဖြစ်ပြီး ရှင်းအန်းကျေးရွာတွင် ဈေးသွားချင်သော လူများအတွက် ကောင်တီနယ်‌မြေသို့ ရောက်ရှိမည့်လှေတစ်စင်းကို အထူးတည်ဆောက်ပေးထားသည်။ 


ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့ ဖြတ်လျှောက်သွားသည်နှင့်တပြိုင်နက် လူများက လမ်းဖယ်ပေးကြသည်။ သို့သော် ယခုအကြိမ်မှာ အကြောက်တရားကြောင့် မဟုတ်ဘဲ လေးစားမှုကြောင့် ဖြစ်သည်။


“ Xiucai လူကြီးမင်း ရောက်နေတယ်! Xiucai လူကြီးမင်း အလယ်မှာ ထိုင်ပါ။ အလယ်မှာ ပိုပြီး သက်တောင့်သက်သာ ရှိတယ်။ ”


“ မင်းလည်း ဈေးသွားရတာပဲ! ”


“ Xiucai လူကြီးမင်း၊ မင်း ဘာဝယ်မှာလဲ? ”




ရှင်းအန်းကျေးရွာမှ လူများသည် ဝေ့လင်းရှိူ့ကို တစ်ယောက်ပြီး တစ်ယောက် မေးမြန်းကြသည်။


ယန်ကျင်းဇီက ယခုအချိန်တွင် လူမရိုက်တော့ဘဲ လူများအပေါ်တွင် ကြင်နာသော်ငြား သူတို့က သူ့ကို အနည်းငယ် ကြောက်နေကြသေးသည်။ ဝေ့လင်းရှိူ့ကမူ... ဟိုးအစကတည်းက ဝေ့လင်းရှိူ့ကို ဘယ်သူကမှ မကြောက်ခဲ့ကြချေ။


ဝေ့လင်းရှိူ့က အားလုံးကို ဖြေကြားပေးသည်။


ရွာသားများသည် သူနှင့် စကားပြောနေစဉ်တွင် အားမကျမိဘဲ မနေနိုင်ပေ။


သူနှင့်ယန်ကျင်းဇီအကြောင်း လူတိုင်း သိကြသည်။


သူက သနားစရာကောင်းသည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း ယခုမူ ထိုသို့မထင်ကြတော့ပေ။ ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့က သူတို့နောက်တွင် ရှိနေသောအခါ လူအချို့က တိတ်တဆိတ် နောင်တရကြသည် – ယန်ကျင်းဇီက “လက်ထပ်”ပြီးတော့ အရမ်းပြောင်းလဲသွားပြီး လူမိုက်ကောင် လုံးဝ မဟုတ်တော့မှန်း သူတို့ ကြိုသိခဲ့မယ်ဆိုရင် အဲ့ကတည်းက သူတို့သမီးကို ယန်ကျင်းဇီနဲ့ လက်ထပ်ခိုင်းမိခဲ့မှာ!


လူတစ်ဦးက ထိုသို့ပြောနေသည်ကို ယန်ကျင်းဇီ တစ်ကြိမ်တစ်ခါ မတော်တဆ ကြားဖူးသည်။ သူသည် တော်တော်လေး ဆွံ့အသွားရသည်။ ဒီလူတွေက သူ ယောက်ျားတွေ ကြိုက်တဲ့ကိစ္စကို လုံးဝ မတွေးကြဘူးလား?


လှေသည် မြစ်ကြောင်းတစ်လျှောက် လှော်ခတ်ပြီး ကောင်တီနယ်မြေသို့ အချိန်တိုအတွင်း ရောက်ရှိသွားသည်။


ယနေ့ဟာ ဈေးနေ့ ဖြစ်ပြီး သုံ့ကူကောင်တီ၏ လမ်းဘေးနှစ်ဖက်စလုံးတွင် အဆာပြေမုန့်မျိုးစုံမှအစ ကိရိယာမျိုးစုံအထိ ပုံမှန်အားဖြင့် မရရှိနိုင်သော ဈေးဆိုင်ငယ်အချို့တို့ပင် ရှိနေသည်။


ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့သည် ပစ္စည်းအများအပြား ဝယ်ယူပြီးနောက် စားသောက်ဆိုင်သို့ အတူတူသွားကြသည်။


သူတို့နှစ်ဦးသည် စားစရာများ မှာလိုက်ကြသော်ငြား သူတို့ ခဏစောင့်ရမည်ဖြစ်သည်... ယန်ကျင်းဇီက ဝေ့လင်းရှိူ့ကို ကြည့်လာသည် : “ လင်းရှိူ့၊ ကိုယ် တစ်ခုဝယ်ဖို့ မေ့သွားလို့ အခု ထွက်လိုက်ဦးမယ်။ ”


ဝေ့လင်းရှိူ့က ခေါင်းညိတ်ပြသည် : “ ကောင်းပြီ။ ”


ယန်ကျင်းဇီသည် ပြုံးပြီး သူ့လက်ကို ထိကာ ထွက်သွားသည်။


ယခင်က သူသည် ဝေ့လင်းရှိူ့ကို ချော့မြှူရန် တွေးမိပြီး ကောင်တီရုံးနယ်မြေမှ ငွေပန်းထိမ်ဆရာအား သူ ရရှိထားသော အရည်အသွေးကောင်းသည့် ငွေထည်ပိုင်းနှင့် ဆံထိုးသရဖူတစ်ခုကို လုပ်ခိုင်းခဲ့သည်။ သူသည် ၎င်းကို ယခု သွားယူပြီး အိမ်ပြန်ရောက်သောအခါ ဝေ့လင်းရှိူ့ကို ပေးရန် စီစဉ်ထားသည်။


ယန်ကျင်းဇီက မကြာခင် ထွက်သွားသည်။ ဝေ့လင်းရှိူ့သည် လှုပ်ရှားရန် ပျင်းရိလွန်းသောကြောင့် အစေခံကောင်လေး သူ့ကို လာပေးသော ဂန္ဓမာလက်ဖက်ရည်ကို ဖြည်းညှင်းစွာ သောက်နေလိုက်သည်။ လက်ဖက်ရည်သောက်နေစဉ် သူသည် အသက် ၂၀ ကျော်၊ ၃၀ ကျော် အမျိုးသား ခုနစ်ဦး၊ ရှစ်ဦးတို့က စားသောက်ဆိုင်ထဲသို့ ဝင်လာကြသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။


ဝေ့လင်းရှိူ့သည် မသိစိတ်ဖြင့် ခေါင်းငုံ့မိလိုက်သည် – သူ ဒီလူတွေကို မှတ်မိတယ်!


ဒီလူတွေက လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က သူ့ကို ရိုက်နှက်ပြီး သူ့ငွေတွေ လုသွားလို့ ယန်ကျင်းဇီ ရိုက်နှက်လွှတ်လိုက်တာကြောင့် ထွက်ပြေးသွားရတဲ့ လူတွေပဲမလား?


ဤလူများကြောင့်သာ သူသည် ယန်ကျင်းဇီကို သိခဲ့ရသည်။


ဝေ့လင်းရှိူ့သည် အနည်းငယ် ကြောက်ရွံ့မိသော်လည်း သူက ယခု Xiucai တစ်ဦး ဖြစ်နေပြီး ဤလူများက မည်သည့်နည်းနှင့်မျှ သူ့ကို မထိရဲကြကြောင်း မကြာမီ တွေးမိသွားသည်။


ဤကဲ့သို့တွေးမိသော် ဝေ့လင်းရှိူ့သည် စိတ်သက်သာရာရသွားပြီး တစ်ချိန်တည်းတွင်ပင် ထိုလူများက သူ့အနောက်ရှိ ထောင့်ဖြတ်ကျသော ခုံများ၌ ဝင်ထိုင်လိုက်ကြသည်။


သူတို့ကြားတွင် ခန်းဆီးတစ်ခု ရှိပြီး ထိုနေရာရှိ လူများက သူ့ကို မမြင်နိုင်ကြချေ။ ဝေ့လင်းရှိူ့သည် ပိုပြီး စိတ်အေးလက်အေး ဖြစ်သွားကာ တစ်ချိန်တည်းမှာပဲ ထိုလူများ၏ စကားဝိုင်းကို စတင်နားထောင်လိုက်သည်။


ထိုလူများ၏အဆိုအရ သူတို့သည် ယခုလေးတင် ငွေပမာဏအချို့ကို အကြွေးပြန်တောင်းလာခဲ့ကာ ဆုငွေရရှိခဲ့ပြီးနောက် စားသောက်ဆိုင်သို့ လာစားကြခြင်း ဖြစ်သည်။


စကားပြောဆိုနေစဉ်တွင် ထိုလူများထဲမှ တစ်ဦးက ရုတ်တရက် ပြောသည် : “ ကံမကောင်းတာက အစ်ကိုယန် ဒီအလုပ်ကို မလုပ်တော့တာပဲ။ ငါတို့ ငွေတောင်းတဲ့အချိန်မှာ ပိုပြီးအားထုတ်နေရပြီ။ အစ်ကိုယန်သာ ရှိရင် လူတွေကို ရေထဲပစ်ချလိုက်မှာ၊ ဘယ်သူက ငွေမပေးပဲနေမလဲ? ”


“ ဟုတ်ပါ့၊ အစ်ကိုယန်မှာ အကောင်းဆုံးစွမ်းရည်တွေ ရှိတယ်။ ”


“ သူ Xiucai စာမေးပွဲကို အောင်လိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး! ” နောက်တစ်ယောက်က ပြောသည်။


ဝေ့လင်းရှိူ့ အံ့အားသင့်သွားသည်။


စစချင်း ထိုသူတို့၏ စကားများထဲမှ “အစ်ကိုယန်” ဟု ကြားလိုက်ရသောအခါ သူသည် သိပ်မတွေးမိပေ။ အဘယ့်ကြောင့်ဆိုသော် ရှင်းအန်းကျေးရွာတွင် မျိုးရိုးနာမည်တူသူ အများအပြား ရှိနေသောကြောင့် ဖြစ်သည်။ သို့သော် ယခုမူ သူတို့က Xiucai ဟု ပြောလိုက်လေရာ... ဒီအစ်ကိုယန်က ယန်ကျင်းဇီ ဟုတ်တယ်မလား?


ဝေ့လင်းရှိူ့သည် နေမထိထိုင်မထိ ဖြစ်မိပြီး ဂရုတစိုက် နားထောင်လိုက်သည်။


“ အစ်ကိုယန်က တကယ်ပဲ ဘာမဆို အောင်မြင်အောင် လုပ်နိုင်တယ်! သူ လိုချင်တာမှန်သမျှ ရအောင် ယူနိုင်တယ်။ ဝေ့မိသားစုရဲ့ သခင်လေးလိုမျိုးပေါ့၊ သူ သဘောကျပြီးတော့ သူ ရသွားတာပဲမလား? ”


“ ဟုတ်တယ်၊ ငါတို့လည်း အဲ့တုန်းက သူ့ကို ကူညီပြီး သရုပ်ဆောင်ပေးခဲ့ဖူးတယ်! ”


“ အစ်ကိုယန်က အဲ့တုန်းက ဝေ့မိသားစုရဲ့ သခင်လေးကို ရသွားတဲ့အချိန်ကစပြီး သူ့လက်က အများကြီး ပိုပြီး ရက်ရောလာတယ်! ” 


“ ဟုတ်တယ်... ငါ အဲ့တုန်းက သူ ဝေ့သခင်လေးကို ကစားနေတယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် တကယ့်အစစ် ဖြစ်လိမ့်မယ်လို့တော့ မထင်ထားမိဘူး။ ”




အစပိုင်းတွင် ယန်တက ဝေ့လင်းရှိူ့ကို ဖျက်ဆီးရန်အတွက် အခြားသူများထံမှ ငွေလက်ခံခဲ့သော်ငြား သူက အတော်လေး နှုတ်လုံနေဆဲဖြစ်ပြီး ဘယ်သူ့ကိုမှ မပြောပြခဲ့ပေ။


ထို့အပြင် နောက်ပိုင်းတွင် ဝေ့လင်းရှိူ့က သူ့အား ငွေများစွာ ပေးခဲ့သည်... ဤလူမိုက်များ ထိုအချိန်၌ သုံးဖြုန်းခဲ့ကြသော ငွေများအားလုံးမှာ ယန်တ၏ ဝေ့လင်းရှိူ့ကို လှည့်ဖြားလာမှုမှ ဖြစ်သည်။


အမှန်ပင်၊ ယခုလက်ရှိတွင် သူတို့၌ ထိုအတွေးများ ရှိနေခြင်းမှာ ယန်ကျင်းဇီ၏ ဤနှစ် သဘောထားကြောင့် ဖြစ်သည်...


ဤအခိုက်အတန့်၌ လူတစ်ယောက်က ဤကိစ္စကို ပြောပြီးနောက် နောက်တစ်ယောက်က ချက်ချင်း ပြောလာသည် : “ မင်း အသက်မရှင်ချင်တော့ဘူးလား? ဘယ်လိုတောင် မင်း အဲ့လိုပြောရဲတာလဲ၊ အစ်ကိုယန်‌ဆီက အရိုက်ခံရမှာကို သတိထား! နောက်ဆုံးတစ်ခေါက်တုန်းက ဟိုတစ်ယောက် သခင်လေးနဲ့ပတ်သက်ပြီး မကောင်းပြောတာ၊ သူ ဘာဖြစ်သွားလဲ မင်း မေ့သွားပြီလား? ”


“ မှန်တယ်... အဲ့တုန်းက အစ်ကိုယန် ပြောခဲ့တာတွေ၊ သတင်းနည်းနည်းလေးတောင် ထွက်လို့မဖြစ်ဘူး။ ”


“ မပြောနဲ့။ မပြောနဲ့။ ”


" သောက်၊ သောက်ကြမယ်! "


…...


ဤလူများသည် စားသောက်ပြီး အလယ်တွင် အခြားကိစ္စအချို့ကိုလည်း ပြောကြကာ ၎င်းတို့အားလုံးက လောင်းကစားဝိုင်းနှင့်သာ ဆက်စပ်သည်။


ဝေ့လင်းရှိူ့ : “ ... ”


အရင်တုန်းက အစ်ကိုယန်က တကယ်ပဲ လောင်းကစားဝိုင်း လူမိုက် ဖြစ်ခဲ့တာလား?


သူတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုကိုလည်း ယန်ကျင်းဇီက တမင်စီစဉ်ခဲ့တာလား?


ဝေ့လင်းရှိူ့ ဤအကြောင်း စဉ်းစားနေစဉ် အစေခံကောင်လေး ရောက်လာပြီး အစားအစာများကို ချပေးကာ တစ်ချိန်တည်းတွင် ယန်ကျင်းဇီလည်း ပြန်ရောက်လာသည်။


“ လင်းရှိူ့... ” ယန်ကျင်းဇီသည် ပြန်ရောက်ရောက်ချင်း ဝေ့လင်းရှိူ့ကို ပြုံးပြကာ နှုတ်ဆက်သည်။ တစ်ချိန်တည်းတွင်ပင် သူ၏ မြင့်မားသော အရပ်ကြောင့် သူသည် ဝေ့လင်းရှိူ့ နောက်ကွယ်ရှိ ခန်းဆီး၏အနောက်တွင် ထိုင်နေသော အသိတစ်ယောက်ကို တွေ့လိုက်ရသည်။


ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့၏အမူအရာကို အမြန်ကြည့်ကာ ဝေ့လင်းရှိူ့၏ မျက်နှာအမူအရာက ယခင်နှင့် အတူတူသာ ဖြစ်ကြောင်း သိလိုက်ရသည်။ ယခုမှ သူသည် စိတ်သက်သာရာရသွားပြီး သူ့ကို မြင်သွားသော ခန်းဆီးနောက်ကွယ်မှ လူကို မျက်စိမှိတ်ပြလိုက်သည်။


လောင်းကစားဝိုင်း လူမိုက်များ : “ ...... ” သူတို့ သူတို့ခေါင်းဆောင်ကို တွေ့လိုက်ပြီး ဟိုဝေ့သခင်လေးရဲ့ နာမည်ကို ခေါ်နေတာ ကြားလိုက်ရလားလို့?


အဲ့ဝေ့သခင်လေးက သူတို့နားမှာ ထိုင်နေတာ၊ သူ သူတို့ရဲ့စကားတွေကို ကြားလိုက်သေးလား?


၎င်းကား သူတို့ခေါင်းဆောင်က သူတို့ကို ထုတ်မပြောရန် မှာထားသော ကိစ္စ ဖြစ်သည်...


ထိုလူမိုက်များအားလုံး အံ့အားသင့်သွားကြသည်။ တစ်ယောက်ကို တစ်ယောက် ကြည့်မိပြီးနောက် ဟင်းပွဲများကို လာမချရသေးသည်အား တွေ့လိုက်ရသောအခါ သူတို့သည် ချက်ချင်း ထွက်လာကြသည်။


ယန်ကျင်းဇီသည် လျင်မြန်စွာ ထရပ်လိုက်ပြီး ဝေ့လင်းရှိူ့၏မြင်ကွင်းကို ပိတ်ဆို့လိုက်သည်။


“ မင်း ဘာလုပ်နေတာလဲ? ” ဝေ့လင်းရှိူ့သည် နားမလည်ဟန်ဆောင်လျက် ယန်ကျင်းဇီကို ကြည့်လိုက်၏။


“ ဘာမှမဟုတ်ဘူး... ငါ မင်းအတွက် လက်ဆောင်ဝယ်လာတယ်။ ” ယန်ကျင်းဇီသည် စကားပြောပြီးနောက် ယခုလေးတင် သူ ဝယ်လာသော ဆံထိုးသရဖူကို ဝေ့လင်းရှိူ့အား ပေးလိုက်သည် : “ ဒီဆံထိုးက မင်းအတွက် အထူးသင့်တော်တယ်လို့ ငါ ထင်တယ်။ ”


ဝေ့လင်းရှိူ့သည် တစ်ချက်ကြည့်ပြီး အတွင်းတွင် စကားလုံးများ ရေးထွင်းထားသည်ကို အံ့ဩစရာကောင်းစွာ တွေ့လိုက်ရသည် : “ ဝယ်လာတာလား? ”


“ မဝယ်ဘူး။ သီးသန့်မှာထားတာ။ ” ယန်ကျင်းဇီ ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။


ဝေ့လင်းရှိူ့က ပြုံးကာ ဆံထိုးသရဖူကို လှမ်းယူလိုက်၏ : “ ငါ အရမ်းကြိုက်တယ်။ ”


ဤအချိန်တွင် လူမိုက်များ ထွက်သွားပြီးဖြစ်ကာ ယန်ကျင်းဇီသည်လည်း အဆုံးတွင် စိတ်အေးသွားပြီး ထိုင်ချကာ စားရန် အသင့်ပြင်လိုက်သည်။


ဤအချိန်တွင် ဝေ့လင်းရှိူ့က မေးသည် : “ အစ်ကိုယန်၊ မင်း ဘယ်တုန်းက ငါ့ကို ကြိုက်ခဲ့တာလဲ? ”


ယန်ကျင်းဇီက ဖြေသည် : “ မင်းကို ပထမဆုံး တွေ့တဲ့အချိန်မှာ ကိုယ် မင်းကို အရမ်းသ‌ဘောကျမိတော့ မင်းက ကိုယ့်ဇနီးလေး ဖြစ်သင့်တယ်လို့ တွေးခဲ့တယ်! ”


ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီကို စိုက်ကြည့်ကာ တိတ်တခိုး သက်ပြင်းချလိုက်သည်။


သူသည် ယန်ကျင်းဇီဟာ ယခင်က လောင်းကစားဝိုင်း လူမိုက် မဟုတ်ခဲ့ဟု အခိုင်အမာ ယုံကြည်ခဲ့သော်လည်း မထင်မှတ်စွာဖြင့် ယန်ကျင်းဇီက တကယ်ပင်...


သူ ဘာလုပ်နိုင်သေးလဲ? မသိချင်ယောင်ပဲဆောင်နေနိုင်တယ်။


သို့ရာတွင်... သူ ‌သဘောကျရသူက တုံးအလွန်းသည်။ ဤလူက သူ့ကို အချိန်အကြာကြီး သဘောကျခဲ့သော်ငြား စောစောမပြောပြခဲ့ချေ။


ဤသို့တွေးနေစဉ် စားသောက်ဆိုင်၏ ပင်ကိုလက်ရာမွန် ဘဲကင် ရောက်လာပြီး ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီအတွက် ဘဲခြေထောက်တစ်ချောင်းကို ဆွဲဖြုတ်လိုက်သည် : “ အစ်ကိုယန်၊ မင်းရဲ့ဦးနှောက်ကို အားဖြည့်ဖို့ များများစားရမယ်။ ”


“ ငါ့ဦးနှောက်က အရမ်းကောင်းတယ်။ ”


“ အဲ့ဒါကြောင့် ပြန်ဖြည့်ဖို့ ပိုကြိုးစားရမှာပေါ့! ” ဝေ့လင်းရှိူ့က ပြောသည်။


ယန်ကျင်းဇီသည် ဘဲခြေထောက် နောက်တစ်ချောင်းကို ဝေ့လင်းရှိူ့အတွက် ဆွဲဖြုတ်လိုက်သည် : “ မင်းလည်း စားပြီး အားပြန်ဖြည့်ပါ။ ”


ဝေ့လင်းရှိူ့ : “ ... မင်းက ငါ့ဦးနှောက် မကောင်းဘူးလို့ ထင်တာလား? ”


ယန်ကျင်းဇီက အမြန်ပြန်ဖြေရှာသည် : “ မဟုတ်ဘူး! လုံးဝ မဟုတ်ဘူး! ကိုယ့်လင်းရှိူ့က ဉာဏ်အကောင်း‌ဆုံးပဲ! ”


ထိုအခါမှသာ ဝေ့လင်းရှိူ့က စစားသည်။


ဝေ့လင်းရှိူ့၏ သူ့အပေါ် သဘောထားက ယခင်အတိုင်းသာ ဖြစ်ကြောင်း တွေ့ရသောအခါ ယန်ကျင်းဇီသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဝေ့လင်းရှိူ့သည် မူလပိုင်ရှင်၏ ယခင်က “ညီငယ်လေးများ” ကို မတွေ့လိုက်လောက် သို့မဟုတ် တွေ့လိုက်သော်လည်း ထိုလူများက ဘာမှမပြောခဲ့ကြခြင်း ဖြစ်လောက်သည်။


ကောင်းတယ်!


သူသည် အများအပြား စားခဲ့သည်။ တစ်ချိန်တည်း၌ သူသည် ဝေ့လင်းရှိူ့၏အရှေ့တွင် ဝေ့လင်းရှိူ့ နှစ်သက်သော ဟင်းလျာများကို ထားပေးထားသည်။ သူဟာ အစားအသောက် ဇီဇာကြောင်သူ မဟုတ်သဖြင့် သူတို့ မှာထားသော ဟင်းလျာများ အားလုံးမှာ ဝေ့လင်းရှိူ့၏ အကြိုက်ဆုံးများသာ ဖြစ်သည်...


ဝေ့လင်းရှိူ့ : “ ...... ” သူ့စားပွဲတစ်ဝက်လောက်က စုပြုံမတတ်ပဲ!


အခြားတစ်ဖက်တွင်မူ လောင်းကစားဝိုင်း လူမိုက်များသည် စားသောက်ဆိုင်အပြင်သို့ ရောက်လာကြပြီး အားလုံးက ချွေးအေးများ ထွက်နေကြသည်။


“ ဘယ်လိုလုပ်မလဲ? ”


“ သေပြီ၊ သေပြီ... ”


“ အစ်ကိုယန် ငါတို့ကို ရိုက်တေ

ာ့မှာလား? ”


သူတို့သည် ၎င်းကို တွေးမိပြီး နောက်ဆုံးတွင် လူတစ်ယောက်က ပြောလာသည် : “ ငါတို့ ဝေ့မိသားစုကို ဒုက္ခရောက်အောင် လုပ်ကြရင်ရော ဘယ်လိုလဲ? အစ်ကိုယန်က အဲ့ဒါကို တွေ့ရင် စိတ်ပျော်သွားလိမ့်မယ်... ”


ဝေ့မိသားစု : “ ....... ”