မြို့တော်သို့
အံ့ဩစရာသိပ်မရှိဘဲ ယန်ကျင်းဇီသည် စီရင်စုစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။
ဤအချိန်တွင် သူသည် တောင်ဘက်၌ အလွန်ကျော်ကြားနေပြီးဖြစ်ကာ သူဟာ လူသိများသော ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် အကယ်ဒမီအထူးတာဝန်ရှိသူက သူ့ကို / jieyuan / အဖြစ် သတ်မှတ်ပေးလိုက်သည်အား အံ့အားမသင့်ကြချေ။
ဝေ့လင်းရှိူ့သည် စီရင်စုစာမေးပွဲတွင် ဝင်မဖြေခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူသည် အသိပညာလိုအပ်နေဆဲ ဖြစ်သည်။
စီရင်စုစာမေးပွဲအပြီးတွင် ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့သည် ဖူချန်၌ အချိန်အတော်ကြာ နေထိုင်ခဲ့ကြပြီး အခြားသော Juren များနှင့် အသိပညာများ ဆွေးနွေးခဲ့ကြကာ များစွာသင်ယူခဲ့ကြသည်။
ဤနှစ် စက်တင်ဘာလတွင် ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့သည် လာမည့်နွေဦး၌ ကျင်းပမည့် နိုင်ငံ့စာမေးပွဲတွင် ပါဝင်ဖြေဆိုရန်အတွက် မြို့တော်သို့ သွားရန် ပြင်ဆင်နေကြသည်။ စကားမစပ် ဝေ့လင်းရှိူ့၏ ကျိုးမိသားစုထံတွင် မွေးစားခြင်းကိစ္စကလည်း ပြီးပြည့်စုံသွားပြီဖြစ်သည်။ သုံးနှစ်တာ အကယ်ဒမီစီမံခန့်ခွဲခြင်း လုပ်ပိုင်ခွင့် ပြည့်သွားပြီးနောက် ကျိုးစုန်သည် သူတို့ မသွားခင်ကတည်းက မြို့တော်တွင် ပြန်ရောက်နေပြီဖြစ်၏။
မူလက ယန်ကျင်းဇီသည် နောက်မှသာ မြို့တော်သို့ သွားချင်ခဲ့သည်။ ဝေ့လင်းရှိူ့သည် Juren စာမေးပွဲကို မအောင်သေးဘဲ စီရင်စုစာမေးပွဲကို ဇာတိမြို့တွင် သေချာပေါက် ဖြေဆိုရမည်ဖြစ်သည်။ သူသာ မြို့တော်တွင် Jinshi အရာရှိတစ်ဦး ဖြစ်လာလျှင် ဝေ့လင်းရှိူ့က စီရင်စုစာမေးပွဲ ဖြေဆိုရန် ရွာပြန်သွားသောအခါ သူတို့ဟာ အနာဂတ်တွင် အချိန်အကြာကြီး ခွဲနေရပေလိမ့်မည်။
သို့သော် ကျိုးစုန်က ပြောပြလာသည်။ ကျိုးမိသားစု၏ ဘိုးဘေးအိမ်သည် မြို့တော်အနားတွင် တည်ရှိသောကြောင့် ဝေ့လင်းရှိူ့၏ မွေးစားခြင်းကိစ္စ ပြီးသွားသည်နှင့်တပြိုင်နက် ဝေ့လင်းရှိူ့က အနာဂတ်တွင် မြို့တော်အနီး၌ စီရင်စုစာမေးပွဲကို ဖြေဆိုနိုင်လိမ့်မည်။
ဤသို့သိလိုက်ရပြီးနောက် ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို မြောက်ဘက်သို့ ခေါ်သွားသည်။
သူတို့ ထွက်ခွာချိန်မှာ စက်တင်ဘာ ဖြစ်သည်။
ကျန်းနန်၏ စက်တင်ဘာလတွင် ကောင်းကင်က အေးနေပြီဖြစ်သော်ငြား ရာသီဥတုက အမှန်တကယ်ပင် ကောင်းမွန်ပြီး အထူးသက်တောင့်သက်သာ ရှိသည်။ သို့ရာတွင် မြောက်ဘက်အရပ်တစ်လျှောက်လုံး အခြေအနေမှာ ကွဲပြားသည်။
သူတို့သည် အခြားသော Juren များနှင့် မြောက်ဘက်သို့ အတူသွားကြသည်။ အချိန်အများစုတွင် သူတို့သည် လှေတစ်စင်း ငှားလေ့ရှိပြီး အချို့နေရာများတွင် လူစီးလှည်းတစ်စင်း ငှား၏။ မြောက်ဘက်သို့ သူတို့ ခပ်ဝေးဝေး ရောက်လေလေ၊ ရာသီဥတုက ပိုအေးလေလေ ဖြစ်လာသည်။
“ ဥတုရာသီက သန့်စင်ကြည်ရှင်းနေတယ်၊ ဆီးနှင်းခဲတွေကလည်း ကျဆင်းနေတယ်၊ မနက်ခင်းမှာ ကြက်ဖတွေက တွန်လေရဲ့၊ ဘဲငန်းတွေကတော့ တောင်အရပ်ကို ပျံသွားလေတယ်... ” Juren တစ်ဦးသည် လှေဦးတွင် ထိုင်ပြီး မြစ်ကမ်းနားမှ တောင်များအကြောင်း ရေးသီသော ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေသည်။ သို့သော်လည်း သူသည် စကားပြောပြီးသည်နှင့် နှာချေလိုက်ရပြီး ချက်ချင်းပင် သူ့အဝတ်အစားများကို တင်းတင်းကြပ်ကြပ် ထွေးပတ်ကာ လှေအခန်းငယ်ထဲတွင် ပုန်းလိုက်သည်။
လှေပေါ်မှ လေဟာ အလွန်ပြင်းလွန်းသောကြောင့် ဝေ့လင်းရှိူ့သည် လေတိုက်ခံရကာ ကဗျာတစ်ပုဒ် ဖွဲ့သီမည့် အကြံကို ပယ်ဖျက်လိုက်၏။
လှေတစ်စင်းလုံးတွင် ယန်ကျင်းဇီကသာ လုံးဝ မထိခိုက်ဘဲ လှေကို ရွက်လွှင့်နည်းအား သင်ယူရန်ပင် စိတ်လှုပ်ရှားနေသည်။
“ အစ်ကိုဝေ့၊ အစ်ကိုယန်က တကယ်... ကွဲပြားတာပဲ! ” ဝမ်မျိုးနွယ် Juren တစ်ဦးက ဝေ့လင်းရှိူ့ကို ပြောလာသည်။
ဝမ် Juren သည် အသက်သုံးဆယ်ကျော်ပြီဖြစ်သည်။ သူက အသက်သိပ်မကြီးသေးသော်ငြား သိပ်လည်း မငယ်တော့ပေ။ သူသည် အလွန်လည်း ချမ်းသာသည်။ သို့သော် မြောက်ဘက်သို့သွားရာ လမ်းတစ်လျှောက်လုံးတွင် သူ့ချမ်းသာမှုက တရွေ့ရွေ့ လျော့နည်းလာသည်။
“ အစ်ကိုယန်က သာမန်လူတွေနဲ့ ကွာခြားတာ ပုံမှန်ပါပဲ။ ” လီ Xiucai... မဟုတ်သေး၊ ယခု သူ့ကို လီ Juren ဟု ခေါ်သင့်သည်။ သူသည် ယန်ကျင်းဇီကို အလွန့်အလွန် လေးစားသည်။ သူသည် ယန်ကျင်းဇီကို နေ့စဉ်နေ့တိုင်း ချီးမွမ်းလေ့ရှိပြီး ကြုံကြိုက်သူတိုင်းကို သူနှင့် ယန်ကျင်းဇီတို့တွင် အလွန်ကောင်းသော ဆက်ဆံရေး ရှိကြောင်း ပြောပြတတ်သည်။
“ အစ်ကိုယန်ရဲ့ ခန္ဓာကိုယ်က အရမ်းကောင်းတယ်။ ” ဝေ့လင်းရှိူ့သည် အခြားသူများထံမှ ယန်ကျင်းဇီကို ချီးကျူးသံအား ကြားလိုက်ရသောအခါ အနည်းငယ် ဂုဏ်ယူသွားသည်။
ဤခရီးစဉ်ဟာ အတော်လေး ပင်ပန်းစေသည်။ ခရီးသွားဖော် Juren တို့အနက် အချို့ဆိုလျှင် လမ်းတစ်ဝက်တွင် ဖျားနာပြီး ရောဂါသက်သာရန် နေစရာတစ်နေရာကိုပင် ရှာခဲ့ကြရသည်။ ယန်ကျင်းဇီကတော့ မတူပေ... ဒီအချိန်မှာတောင် သူ့ကို လူးလှိမ့်ဖို့ အင်အားရှိနေသေးတယ်!
ဝေ့လင်းရှိူ့သည် သူ ပြိုလဲတော့မည်ဟု ခံစားနေရသည်။
ကံကောင်းတာကတော့ သူတို့ မြို့တော်ကို ရောက်ခါနီးပြီ!
ဆောင်းရာသီအစကတည်းက မြို့တော်တွင် ရာသီဥတုက တစ်နေ့ထက်တစ်နေ့ ပိုပိုအေးလာသည်။
သို့သော်ငြား အချို့သော စားသောက်ဆိုင်များ၏ လေထုမှာ အလွန်နွေးထွေးနေသည်။
နိုင်ငံ့စာမေးပွဲကို လာမည့်နှစ်၏နွေဦးတွင် ကျင်းပမည်ဖြစ်သည်။ ယခုဆိုလျှင် နိုင်ငံတစ်ဝှမ်းမှ Juren အားလုံးနီးပါးက မြို့တော်တွင် စုရုံးနေကြပြီဖြစ်၏။
ထိုလူများအနက် အကျော်ကြားဆုံးမှာ ချိုက်ရှောင်ကျန်းဟု ခေါ်သော Juren တစ်ဦး ဖြစ်သည်။
ချိုက်ရှောင်ကျန်းသည် မိသားစုကြီးတစ်စုတွင် မွေးဖွားခဲ့ပြီး ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်သားအရွယ်တွင် လူအများအား အံ့အားသင့်စေသော ကဗျာတစ်ပုဒ်ကို ရေးဖွဲ့ခဲ့သည်။ ထို့နောက်တွင်တော့ သူ့ကျော်ကြားမှုဟာ နှစ်တိုင်း ပိုပိုပြီး ကြီးသထက်ကြီးလာသည်။
သူသည် Juren စာမေးပွဲကို အောင်မြင်ပြီးဖြစ်ကာ Jieyuan (*ကျဲယွမ်) အဆင့်ကို ရရှိခဲ့ဖူးသည်။ ဤအချိန်တွင် သူသည် မြို့တော်သို့လာ၍ နိုင်ငံ့စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး Huiyuan (*ဟွေ့ယွမ်) အဆင့်ကို ရရှိရန် ရည်ရွယ်ထားသည်။
လတ်တလောတွင် သူ့ကျော်ကြားမှုဟာ မြို့တော်၌ ပျံ့နှံ့နေပြီး သူ့ကဗျာများကို ရေမတွက်နိုင်သော လူများက ရှာဖွေနေကြသည်။
ချိုက်ရှောင်ကျန်းသည် ယနေ့ စာပေတွေ့ဆုံပွဲ၌ ပါဝင်ခဲ့ပြီး နောက်ထပ်ကဗျာတစ်ပုဒ် ရေးခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ကို ချီးကျူးသည် : “ ကောင်းလိုက်တဲ့ ကဗျာ! နောက်နှစ်နွေဦး စာမေးပွဲမှာ အစ်ကိုခုန်လင်းက ရွှေစာရင်းအတွက် ရွေးချယ်ခံရမှာ သေချာတယ်။ ”
ချိုက်ရှောင်ကျန်း၏ လောကဝတ်အမည်မှာ ခုန်လင်း ဖြစ်ပြီး ဤအချိန် အခြားသူများ၏ ချီးမွမ်းစကားများကို ကြားရသောအခါ သူ့မျက်နှာတွင် တည်ကြည်သော အပြုံးတစ်ခု ပေါ်လာသည်။
အခြားတစ်ယောက်က ဆိုသည် : “ အစ်ကိုခုန်လင်းက Jieyuan ကိုတောင် ရရှိနိုင်လောက်တယ်။ ”
“ Jieyuan အထိ အောင်မြင်ဖို့က အရမ်းခက်ခဲတယ်။ မင်းရဲ့အမြင်က မြင့်မားနေတယ်။ ” ချိုက်ရှောင်ကျန်းက ပြောသည်။ ထိုသို့ပြောသော်လည်း သူ့မျက်နှာတွင် ဂုဏ်ဝင့်ကြွားမှုအချို့ကို ပြသနေသည်။
လူတစ်ယောက်သည် ချိုက်ရှောင်ကျန်းကို ဤပုံစံဖြင့် တွေ့မြင်ရခြင်းအား မနှစ်သက်ဘဲ ရုတ်တရက် ပြောလိုက်သည် : “ အစ်ကိုခုန်လင်းက အရမ်းထက်မြက်ပေမယ့် လူတစ်ယောက်နဲ့ မယှဉ်နိုင်မှာကိုတော့ စိုးရိမ်မိတယ်။ ”
ဤလူ၏စကားများကို ကြားရသောအခါ လူတိုင်းက သိချင်ကြသွားသော်ငြား ချိုက်ရှောင်ကျန်းက မျက်မှောင်ကြုံ့သွားသည်။
ဤလူက ဆက်ပြောသည် : “ ငါ စာမေးပွဲဖြေဖို့ မြို့တော်ကို အပြေးအလွှား လာတုန်းက ငါ ကျန်းနန်မှာ နေခဲ့ပြီး ယန်ကျင်းဇီလို့ခေါ်တဲ့ အမျိုးသားတစ်ဦးက ဘယ်တော့မှ မမေ့တဲ့ အရည်အချင်း ရှိတဲ့အပြင် သူ့ရဲ့ စုတ်ချက်တွေကလည်း ယခင်မင်းဆက်တွေနဲ့တောင် ပိုပြီး နှိုင်းယှဉ်နိုင်သေးတယ်လို့ ကြားသိခဲ့ရတယ်။ ”
ကျန်းနန်သည် မြို့တော်နှင့် အလွန်ဝေးလွန်းသည်။ ယန်ကျင်းဇီသည် ကျန်းနန်တွင် ဂုဏ်သတင်းအချို့ ရှိသော်လည်း မြို့တော်တွင် သူ့ကို သိကြသူ အများအပြား မရှိချေ။
“ သူက ဘယ်တော့မှ မမေ့နိုင်ဘူးလို့ ပြောတယ်။ လူတော်တော်များများက အချိန်တိုအတွင်း တစ်ခုခုကို မှတ်မိနိုင်ကြပေမယ့် ရက်နည်းနည်းကြာသွားရင် မေ့သွားလိမ့်မယ်။ ဒါက ဘာမှမဟုတ်ပါဘူး။ ” ချိုက်ရှောင်ကျန်းက ပြောလာသည်။
အမှန်ပင်၊ အလွယ်တကူ မှတ်သားနိုင်သော လူများ ရှိကြသည်။ သို့သော် တော်ဝင်စာမေးပွဲတွင် ထိုသူတို့က အရေးသာနေကြောင်းမှာ မသေချာချေ။
အဘယ့်ကြောင့်ဆိုသော် ထိုလူအများစုဟာ အချိန်တိုစာလေးသာ မှတ်မိနိုင်ပြီး ရက်အနည်းငယ် ကြာလျှင် မေ့လျော့သွားကြသောကြောင့်ပင်။
သို့သော် ချိုက်ရှောင်ကျန်းက ထိုသို့ပြောသော်ငြား လူများစွာက ယန်ကျင်းဇီကို ချီးကျူးနေကြဆဲ ဖြစ်သည် : “ ငါလည်း ဒီလူရဲ့နာမည်ကို ကြားဖူးတယ်။ ”
“ သူက တစ်ခါမှ စာမဖတ်တတ်ခဲ့ဘဲ ၁၈ နှစ် အရွယ်မှ စာစလေ့လာခဲ့တယ်။ ဒါပေမယ့် တစ်နှစ်ထဲမှာတင် သူက Xiucai စာမေးပွဲကို အောင်ပြီး Anshou ဖြစ်လာတယ်! ”
“ ငါ သူ့လက်ရေးကို မြင်ဖူးတယ်။ ငါ တကယ် သက်ပြင်းချမိတယ်။ ”
…
ကျန်းနန်မှ Juren အများစုဟာ ယန်ကျင်းဇီ၏နာမည်ကို ကြားဖူးကြသည်။ သူတိူ့သည် ယခင်က မပြောဖြစ်ခဲ့ကြသည်မှာ သူတို့အားလုံးက စာပေပညာရှင်များ ဖြစ်ကြပြီး အခြားသူများကို မချီးမွမ်းချင်ကြသောကြောင့် ဖြစ်သည်။
ယခုမူ ထိုချိုက်ရှောင်ကျန်းက အလွန်နာမည်ကြီးလာသဖြင့် လူအချို့က ယန်ကျင်းဇီနာမည်ကို ထုတ်ပြောလာကြသည်။
ချိုက်ရှောင်ကျန်းက လုံးဝ မယုံပေ : “ သူက အသက်ဆယ့်ရှစ်နှစ်မှာ စာစဖတ်ပြီး စာစလေ့လာတယ်။ ပြီးတော့ တစ်နှစ်ထဲနဲ့ သူက Xiucai စာမေးပွဲကို အောင်လာတယ်လား? ရယ်စရာပဲ! ”
“ အစ်ကိုခုန်လင်း၊ // ဘယ်သူမဆို ကိုယ့်ထက်သာတဲ့လူ ရှိနေတာပဲ။ // ”
“ ကြောင်လား ကျားလား ဆိုတာ ငါ သူ့ဆီရောက်တဲ့အခါ စောင့်ကြည့်ကြတာပေါ့! ”
ယန်ကျင်းဇီသည် မြို့တော်ထဲသို့ မဝင်ရသေးသော်လည်း သူ့အကြောင်း တွေးနေသော လူများ ရှိနေပြီဖြစ်သည်။ သို့ရာတွင် သူက ဘာမှမသိပေ။
သူတို့ လှေပေါ်တွင် ရှိနေစဉ် လေပြင်းလွန်းသဖြင့် သူတို့ အမြဲတမ်း အေးနေသည်။ သို့သော် ခရီးစဉ်၏ နောက်ဆုံးအပိုင်းမှာ လှည်းစီးရသောကြောင့် နွေးထွေးသွားသော်ငြား လမ်းက ကြမ်းလွန်းသည်။
ဝေ့လင်းရှိူ့ ပိုမိုအဆင်ပြေစေရန်အတွက် ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ပြီး သူ့ကိုယ်ပေါ်တွင် ထိုင်ခိုင်းထားသည်။
သူတို့နှစ်ယောက်သည် လှည်းရထားတစ်စီးကို သီးခြားစီ ငှားထား၏။ ဤအကြောင်းကို ဘယ်သူမှ မသိချေ။ သို့သော် လမ်းတွင် ခဏတဖြုတ် အနားယူနေကြစဉ် ဝမ် Juren က အမြန်ပြေးလာပြီး လိုက်ကာကို မလိုက်သည်...
လူသုံးဦးသည် အချင်းချင်း ကြည့်နေကြသည်။ ယန်ကျင်းဇီသည် တည်ငြိမ်စွာဖြင့် ဝေ့လင်းရှိူ့၏လက်ကို လွှတ်လိုက်သော်ငြား ဝေ့လင်းရှိူ့ကို ဆက်လက်ပွေ့ဖက်ထားသည် : “ အစ်ကိုဝမ်၊ တစ်ခုခုဖြစ်လို့လား? ”
ဝမ် Juren က ရှက်ရွံ့စွာ ပြုံးလိုက်သည် : “ ဘာမှမဟုတ်ဘူး။ ” သူသည် ယခင်က ဖတ်ဖူးသော စာအုပ်တစ်အုပ်၏ အကြောင်းအရာကို ရုတ်တရက် မမှတ်မိတော့သောကြောင့် ယန်ကျင်းဇီကို မေးချင်ခဲ့သည်။ သို့ရာတွင် သူသည် ဤအဖြစ်မျိုး ကြုံရမည်ဟု မထင်ထားပေ။
သူ တွေးဖူးသည်။ ဘာလို့ ယန်ကျင်းဇီနဲ့ ဝေ့လင်းရှိူ့တို့က အချင်းချင်း အရမ်းကောင်းနေကြတာလဲ... ဒါက ဒီလိုကိုး!
ဝေ့လင်းရှိူ့ကို လူတစ်ယောက်က ရုတ်တရက် မြင်တွေ့သွားသည်။ လှည်းပေါ်မှ ဆင်းပြီး အနီးအနားရှိ လက်ဖက်ရည်ဆိုင်တွင် အနားသွားယူသောအခါ သူသည် အလွန်အဆင်မပြေဖြစ်နေသည်။ ဝမ် Juren က သူ့ကို ခိုးကြောင်ခိုးဝှက် ကြည့်နေသည်အား တွေ့လိုက်ရသော် ယင်းကား ပို၍ပင် ရှက်စရာကောင်းသည်။ ထို့ကြောင့် သူသည် လီ Juren နှင့်သာ စကားပြောနေလိုက်သည်။
ယန်ကျင်းဇီကမူ လက်ဖက်ရည်ဆိုင်၏ လူများထံမှ မီးဖိုချောင် ငှားပြီး စားစရာတစ်ခုခု လုပ်ရန် စီစဉ်နေသည်။
မီးဖိုချောင်ထဲမှ စွဲမက်ဖွယ်ကောင်းသော ရနံ့တစ်ခု ထွက်ပေါ်လာပြီး အထဲတွင် ချက်ပြုတ်နေသော ယန်ကျင်းဇီကို သူတို့ တွေ့မြင်နိုင်သည်... ဝမ် Juren သည် ဝေ့လင်းရှိူ့ထံသို့ ချဉ်းကပ်ကာ မေးလိုက်သည် : “ အစ်ကိုဝေ့၊ မင်း အစ်ကိုယန်ကို ဘယ်လိုစိတ်ကျေနပ်စေလိုက်တာလဲ? ”
ဝေ့လင်းရှိူ့ မျက်နှာပြောင်းသွားသည်။
ဝမ် Juren က ထပ်ပြောပြန်သည် : “ အစ်ကိုယန်က ငါ့ကို ကြည့်နိုင်မလား မသိဘူး... ”
ဝေ့လင်းရှိူ့သည် ဝမ် Juren ၏ ခြေထောက်ပေါ်သို့ တက်နင်းလိုက်သည်။
ယန်ကျင်းဇီက ဒီဝတုတ်ကောင်ကို မကြည့်နိုင်ဘူး!
ဝမ် Juren ၏ စကားကို ကြားလိုက်ရသော လီ Juren : “ ... ” အစ်ကိုဝမ်၊ မင်း ဒီလိုမပြောခင် အရင်မှန်ကြည့်လိုက်တာ ပိုကောင်းလိမ့်မယ်။
“ အစ်ကိုဝေ့၊ ငါ့ကို ခွင့်လွှတ်ပါ... ငါက အစ်ကိုယန်နဲ့ နေ့ရောညပါ အသိပညာဆွေးနွေးနိုင်ချင်ရုံလေးပါ... ” ဝမ် Juren က ပြောလာသည်။ သူ့အနားမှာ သူ့မေးခွန်းတွေကို အချိန်မရွေး ဖြေနိုင်တဲ့သူ ရှိမယ်ဆိုရင် သူ သူ့ခန္ဓာကိုယ်ကို ရောင်းဖို့ ဆန္ဒရှိတယ်!
ဝေ့လင်းရှိူ့သည် သူ့ခြေထောက်အားကို တိုးလိုက်သည်။
ဝမ် Juren : “ ... ” သူ မှားသွားပြီ!
ဝမ် Juren သည် အမှန်ပင် မှားသွားသည်။
ယခင်ခရီးစဉ်တွင် သူသည် ယန်ကျင်းဇီကို ချဉ်းကပ်ပြီး မေးခွန်းများ မေးလေ့ရှိခဲ့ကာ ယန်ကျင်းဇီက အမြဲဖြေကြားခဲ့သည်။ သို့သော် ထိုနေ့မှစ၍ ယန်ကျင်းဇီက သူ့ကို လျစ်လျူရှုလိုက်သည်။
ယန်ကျင်းဇီလို ယောက်ျားကြီးတစ်ယောက်က သူ့မိန်းမကို ကြောက်မယ်လို့ တကယ် မထင်ထားဘူး!
ဝမ် Juren အလွန်ဝမ်းနည်းသွားသည်။
မြို့တော်သို့ ရောက်သောအခါ သူတို့ လမ်းခွဲလိုက်ကြသည်။
ဤ Juren များတွင် မတူညီသော မိသားစုနောက်ခံများ ရှိကြသည်။ ချမ်းသာသူများသည် တည်းခိုခန်းကောင်းကောင်းများတွင် နေထိုင်နိုင်ပြီး သာမန်လူများသည် လူနေအိမ်များကိုသာ ငှားရမ်းနေထိုင်နိုင်သည် သို့မဟုတ် ဘုရားကျောင်းများတွင်ပင်သာ နေထိုင်နိုင်သည်။
ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့အတွက်မူ ကျိုးစုန်သည် သူတို့အတွက် သေးငယ်သော ခြံဝန်းတစ်ခုကို ကြိုတင်ပြင်ဆင်ပေးထားရာ သူတို့ နေထိုင်ရန် အသင့်ပင်။
ကျိုးစုန် ပြင်ဆင်ထားသော အိမ်သည် မကြီးဘဲ အထဲတွင် အခန်းများစွာလည်း မရှိချေ။ သို့သော် ခြံဝန်းက မသေးငယ်ဘဲ ခြံထဲတွင် ပန်းပင်များနှင့် အပင်များစွာကို စိုက်ပျိုးထားသည်။
ဝေ့လင်းရှိူ့သည် ရောက်ရောက်ချင်း သဘောကျမိပြီး ယန်ကျင်းဇီလည်း သဘောကျသည်။ သူတို့သည် ကျိုးစုန် သူတို့အတွက် ပို့ထားသော အစေခံများကို စတင်ညွှန်ကြားပြီး အိမ်ကို စီမံသည်။
ခြံထောင့်ရှိ ထင်းပုံကို မြင်ရသောအခါ ယန်ကျင်းဇီသည် စမ်းကြည့်ချင်စိတ် ပြင်းပြလာပြီး နောက်ဆုံးတွင် မနေနိုင်ဘဲ ထင်းခုတ်တော့သည်။
ဝေ့လင်းရှိူ့ : “ ...အစ်ကိုယန်၊ အစေခံတွေကို ထင်းခုတ်ခိုင်းလိုက်ပါ။ ” ကျိုးစုန်က သူတို့အတွက် အစေခံမိသားစုတစ်စုကို ပြင်ဆင်ပေးထားပြီး အသက်သုံးဆယ်ကျော် သက်လတ်ပိုင်း စုံတွဲတစ်တွဲနှင့် သူတို့၏ သားနှစ်ယောက်၊ သမီးတစ်ယောက်တို့ ဖြစ်ကြသည်။
သက်လတ်ပိုင်း အမျိုးသားသည် အလွန်ပင် အလုပ်ကြိုးစားနိုင်သေးသည်။
“ ကိုယ့်ခန္ဓာကိုယ်ကို လေ့ကျင့်ချင်တယ်။ ” ယန်ကျင်းဇီက ပြောသည်။ သူသည် တစ်ချိန်လုံး လမ်းပေါ်တွင် ရှိနေခဲ့သည်။ လေ့ကျင့်ခန်းလုပ်ရန် အခွင့်မသာခဲ့ချေ။ ရံဖန်ရံခါတွင် သူသည် ဝေ့လင်းရှိူ့ကို ပစ်မြှောက်ပြီး ဖမ်းလေ့ရှိခဲ့သည်... သူ၏ ကြွက်သားများနှင့် အရိုးများက တင်းတောင့်နေသည်ဟု အမြဲခံစားနေရသည်။
ကောင်းပြီ... ဝေ့လင်းရှိူ့ သူ့ကို မတားတော့ပေ။
ယန်ကျင်းဇီ ထင်းခုတ်ခြင်းက သူ့ကို ပစ်မြှောက်ပြီး ပြန်ဖမ်းခြင်းထက်တော့ ပိုကောင်းသည်။
သူသည် ငယ်ငယ်ကလေးအရွယ်၌ပင် ပစ်မြှောက်ခံရပြီး အဖမ်းမခံခဲ့ဖူးပေ။ အရွယ်ရောက်လာသောအခါ ကြုံတွေ့ရလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးချေ။ အစတုန်းက သူ ကြောက်နေတာ!
သူ အော်ပင် မအော်နိုင်ပေ – လှေပေါ်မှာ အသံသိပ်မလုံဘူး!
သူ့အတွက် တကယ် အရမ်းခက်ခဲခဲ့တယ်!
ဝေ့လင်းရှိူ့သည် ဘာမှလုပ်စရာမရှိသဖြင့် စာရွက်အချို့ကိုသာ ယူလိုက်ပြီး ယန်ကျင်းဇီကို ပန်းချီဆွဲရန် ပြင်ဆင်လိုက်သည်။
သူသည် ယခုတလော ပန်းချီဆွဲခြင်းကို အလွန်နှစ်သက်နေပြီး လမ်းတစ်လျှောက်တွင် ယန်ကျင်းဇီအား မည်မျှပန်းချီဆွဲခဲ့ကြောင်းကိုပင် မသိတော့ပေ။
ဝေ့လင်းရှိူ့သည် အလွန်ဂရုတစိုက် ပန်းချီရေးဆွဲခဲ့သည်။ ပန်းချီရေးဆွဲပြီးနောက် သူသည် ကဗျာရေးလိုက်သည် : “နွေဦးတောင်တန်းတွေဟာ ခပ်ဖျော့ဖျော့ မီးခိုးတွေကို ဂရုမစိုက်လေဘဲ မြူအတိဖုံးလွှမ်းတဲ့ လျှိုမြောင်မှာလည်း ထင်းခုတ်သံတွေ ပြည့်နေလေရဲ့။”
မင်တံကို ချလိုက်သော ဝေ့လင်းရှိူ့သည် သူ့ကိုယ်သူ အလွန့်အလွန် ကျေနပ်သွားပြီး ပန်းချီကို ယူကာ ယန်ကျင်းဇီကို ပြသသည် : “ ငါ ကောင်းကောင်းဆွဲထားတယ်လို့ မင်း ထင်လား? ”
“ ရှုပ်ပွနေတာပဲ! ” အသံတစ်သံက ရုတ်တရက် ပြောလာသည်။
ဝေ့လင်းရှိူ့ အေးခဲသွားပြီး ဤအခါမှသာ သူသည် လူတစ်ယောက်က တကယ်ပင် သူ့ဘေးတွင် ကြည့်နေကြောင်း သိသွားရသည်။
၎င်းတို့မှာ အသက် ၂၀၊ ၃၀ အရွယ် ပညာရှင်အနည်းငယ်တို့ ဖြစ်ကြသည်။ ရှေ့မှလျှောက်လာသူမှာ အရပ်မြင့်မြင့်နှင့် လူငယ်တစ်ယောက် ဖြစ်သည်။ ဤအချိန်တွင် သူက ပန်းချီကို ဆွဲယူကာ ပြောသည် : “ ဒီပန်းချီက ကလေးတစ်ယောက် ဆွဲထားသလိုပဲ။ စကားလုံးတွေကတော့... ဒါက အရင်မင်းဆက်ရဲ့ ဆရာတွေနဲ့ နှိုင်းယှဉ်နိုင်တဲ့ လက်ရေးလှ ဆိုတာလား? ”
စကားပြောသူမှာ အခြားသူ မဟုတ်ဘဲ ချိုက်ရှောင်ကျန်း ဖြစ်သည်။
ယန်ကျင်းဇီ မြို့တော်သို့ ရောက်ရှိလာကြောင်းကို သိရှိပြီးနောက် သူသည် ယန်ကျင်းဇီကို ရှာရန် အထူးတလည် လူခေါ်ခဲ့သည်။ သူ ယန်ကျင်းဇီကို အနည်းငယ် သိချင်သည်။
ခြံတံခါးကို ဖွင့်ထားပြီး အစေခံများက သန့်ရှင်းရေးလုပ်နေကြကာ ပန်းချီဆွဲနေသော ဆံထိုးသရဖူ ဝတ်ဆင်ထားသည့် ပျော့ပျော့ညံ့ညံ့ပုံစံဖြင့် အမျိုးသားတစ်ဦးလည်း ရှိနေသည်... ချိုက်ရှောင်ကျန်းသည် ဤလူက ယန်ကျင်းဇီဟု သဘဘာဝကျစွာပင် ထင်လိုက်သည်။
ဤလူ၏ လက်ရေးလှနှင့် ပန်းချီကို သူ မြင်ပြီးနောက်...
ရိုးရိုးသားသား ပြောရလျှင် ဤလူ၏ ပန်းချီဟာ ကျွမ်းကျင်မှုမရှိသော်လည်း စိတ်ခံစားချက်များ ပြည့်နှက်နေသည်။ သူက သစ်ခုတ်နေသော အမျိုးသားကို နှစ်သက်မှုများစွာဖြင့် ရေးဆွဲထားသည်။
သို့သော် ၎င်းက ထိုမျှသာ ဖြစ်သည်။ သူ ဆယ်နှစ်လောက်တုန်းက ဒီလိုပန်းချီမျိုး ဆွဲနိုင်ခဲ့လောက်တယ်!
လက်ရေးအတွက်မူ ၎င်းက မဆိုးသော်ငြား သာမန်သာ ဖြစ်သည်။ အနည်းဆုံးတော့ သူ့လက်ရေးက ဒီလူထက် ပိုကောင်းတယ်!
“ မင်းက ဘယ်သူလဲ? ” ဝေ့လင်းရှိူ့ မျက်မှောင်ကြုံ့လိုက်သည်။
“ ချိုက်ရှောင်ကျန်း ” ချိုက်ရှောင်ကျန်းက ဆိုသည် : “ မင်း ငါ့နာမည် ကြားဖူးလောက်တယ်။ ”
“ တစ်ခါမှ မကြားဖူးဘူး။ ” ဝေ့လင်းရှိူ့က ပြောသည် : “ ငါ့ကို ပန်းချီပြန်ပေး။ ”
“ ဒီလိုပန်းချီမျိုး၊ ငါ လူတွေကို ပြရမှာတောင် ရှက်တယ်။ ” ချိုက်ရှောင်ကျန်းသည် လက်လွှတ်ပြီး အထင်သေးစွာ ပြောလိုက်သည် : “ မင်းက တကယ်ပဲ... မင်းနာမည်နဲ့ မထိုက်တန်ဘူး! ”
သို့သော်ငြား သူသည် စကားပြောပြီးနောက် သူ့ပခုံးကို ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရကာ ယိမ်းယိုင်ပြီး လဲကျလုမတတ်ပင် ဖြစ်သွားရသည်။
ချိုက်ရှောင်ကျန်းသည် ခေါင်းမော့ကြည့်လိုက်သောအခါ ထင်းခုတ်နေသော အရပ်ရှည်ရှည် အစေခံကို တွေ့လိုက်ရ၏။ ထိုအစေခံက ယခု သူ့ဘေးတွင် ရပ်နေပြီး သူ့ကို မကျေနပ်သော အမူအရာနှင့် ကြည့်ကာ ပြောလာသည် : “ မင်းကသာ လိုက်ရှုပ်နေတဲ့လူ! ”
ယန်ကျင်းဇီသည် ချိုက်ရှောင်ကျန်းကို စိုက်ကြည့်ပြီးနောက် ဝေ့လင်းရှိူ့ကို ကြည့်လိုက်သည် : “ လင်းရှိူ့၊ မင်း ဒီလူယုတ်မာကို ဂရုစိုက်စရာမလိုဘူး! မင်း ဆွဲတာ အရမ်းအရမ်း ကောင်းတယ်။ ကိုယ် အရမ်းကြိုက်တယ်။ ”
သူ့လင်းရှိူ့က သူ့ကိုယ်ပိုင်အိမ်မှာ အပျော်သဘောနဲ့ ပန်းချီဆွဲနေတာ၊ သူက သူများတွေရဲ့ မှတ်ချက် လိုသေးလို့လား? ဒီလူက တကယ် စိတ်ရှုပ်စရာပဲ။
ချိုက်ရှောင်ကျန်းသည် တစ်စုံတစ်ယောက်၏ “ရိုက်နှက်ခြင်း” ကို ခံရပြီး ရုတ်တရက် ဒေါသထွက်လာကာ ဝေ့လင်းရှိူ့ကို ပြောသည် : “ ယန်ကျင်းဇီ၊ ဒါက မင်းပုံစံလား၊ မင်း မင်းရဲ့အစေခံတွေကို ငါ့ကို ရိုက်ခွင့်ပြုတယ်လား? ”
ချိုက်ရှောင်ကျန်းနှင့် အတူလိုက်ပါလာသူများထဲတွင် ချိုက်ရှောင်ကျန်းကို မကျေနပ်သူအချို့ တကယ် ရှိသော်လည်း ဤအချိန်တွင်မူ “ယန်ကျင်းဇီ” က မှန်မှန်ကန်ကန် လုပ်ဆောင်မနေဟု သူတို့လည်း ခံစားလိုက်ရသည်။
ချိုက်ရှောင်ကျန်းက ပညာရှိတစ်ယောက်ပဲလေ၊ ဘယ်လိုလုပ် သူက သူ့အစေခံကို ဒီလိုဆက်ဆံခွင့်ပြုနိုင်ရတာလဲ?
“ ဘယ်သူ့ကို မင်းက အစေခံလို့ ခေါ်နေတာလဲ? ” ဝေ့လင်းရှိူ့က ဒေါသတကြီး ဆိုသည်။
ယန်ကျင်းဇီကလည်း ဆို၏ : “ မင်း အထင်မှားနေတာလား? ငါက ယန်ကျင်းဇီ။ ”
ချိုက်ရှောင်ကျန်းနှင့် အခြားသူများ : “ ... ”
____
*Jieyuan (ကျဲယွမ်) - စီရင်စုစာမေးပွဲတွင် ပထမရသော Juren
*Juren (ဂျူရန်) - သုံးနှစ်တစ်ကြိမ် စီရင်စုစာမေးပွဲကို အောင်မြင်ပြီးသော အဆင့်မီ ဘွဲ့ဂုဏ်ထူးရရှိသူ
*Huiyuan (ဟွေ့ယွမ်) - နိုင်ငံ့စာမေးပွဲတွင် ပထမ
ရသော Gongshi
*Gongshi (ကုန်းရှီ) - သုံးနှစ်တစ်ကြိမ် နိုင်ငံ့စာမေးပွဲကို အောင်မြင်ပြီးသော အသိအမှတ်ပြုခံပြီး စာပေဘွဲ့ထူး အောင်မြင်ရရှိသူ