Chapter 27
"ကောင်းပြီလေ...."
ကျန်းဟွေ့မိန်တွင် ရွေးချယ်စရာမရှိ၍ သူမကို ဦးထုပ်သာ ဆက်ဆောင်းခိုင်းလိုက်ရသည်။
"ဒါပေမဲ့... သမီး မသက်မသာခံစားရရင် ချွတ်ပစ်လိုက်နော်...."
ကျန်းရှောင်မန်လေးက ခေါင်းငြိမ့်ပြလိုက်သည်။
ကျန်းဟွေ့မိန်က အလုပ်သွားလုပ်သည့်အချိန်တွင် ကျန်းရှောင်မန်က အခန်းတံခါးရှေ့တွင် သူမဘာသာထိုင်စောင့်နေသည်။ သူမ၏ ဖတ်စာ စာအုပ်များကို ဒူးခေါင်းပေါ်တင်ပြီး စိတ်ထဲတွင် စနစ်နှင့်အတူ စကားပြောနေသည်။
ဆရာကရောက်မလာသေးသော်လည်း ကျောင်းသူကျောင်းသားများက စာသင်ခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့သည်။ သူတို့အားလုံးက အိပ်ချင်မူးတူးဖြစ်နေကြကာ အိပ်ငိုက်ရင်း နံရံကိုဝင်တိုက်ကာ 'အားယိုး'ဟုအော်ပြီး နံရံနှင့်တိုက်မိသောနေရာကို ပွကာ စာသင်ခန်းထဲဝင်သွားသော သူလည်းရှိသည်။
ကျန်းရှောင်မန်က မိုးရွာရွာ၊ လေထန်ထန် ကျောင်းသို့ရောက်အောင်လာခဲ့သည်။ သူမ၏ကျောင်းတက်ရက်မှန်မှုက ကျောင်း၏ တကယ့်ကျောင်းသားများထက်ပင် ပိုများနေသေးသည်။
ဆရာ၊ဆရာမတိုင်းက အစက သူမလေး ကျောင်းသို့ ဘယ်နှရက်လာမလဲ လောင်းကြေးစားကြေးထပ်ကြသည်။ သို့သော် ကလေးမလေးက အလွန်ဇွဲနပဲကြီးလှ၍ သူတို့အားလုံး အံ့ဩသွားကြရသည်။
တဖြေးဖြေး အတန်းချိန်ပြီး၍ အခန်းထဲမှထွက်ချိန်တိုင်း သူတို့က သူမကို နှုတ်ဆက်လာကြသည်။
"ရှောင်မန်လေး...ဒီနေ့ဘယ်လိုနေလဲ..."
"ရှောင်မန်က အရမ်းဉာဏ်ကောင်းတာပဲ..."
"ရှောင်မန်က ဒီနေ့ အရမ်းကိုချစ်စရာကောင်းနေတယ်နော်..."
သူတို့ထွက်မသွားခင် သူမ၏ကျားပုံ ဦးထုပ်လေးကို ဖျစ်ညှစ်သွားကြသည်။ ကျန်းရှောင်မန်လေးက သူမဦးထုပ်ကို ဖျစ်သွားကြသည်ကို မကြိုက်သော်လည်း သူမကို ဉာဏ်ကောင်းသည်၊ ချစ်စရာကောင်းသည်ဟု ချီးကျူးခံရခြင်းက သူမဘဝတွင် အပျော်ဆုံးအရာများဖြစ်ကြသည်။ ထိုသို့တွက်ကြည့်ပါက သူမ၏ဦးထုပ်လေး အဖျစ်ခံရသည်မှာ အဆင်ပြေပေသည်။
အရွယ်ရောက်ပြီးသူများက ရိုးစင်းကြပေသည်။
ပထမတန်းမှ ကလေးများအားလုံးက ကျန်းရှောင်မန်ကို လေးစားအားကျကြသည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်ဆိုလျှင် ဆရာများက သူတို့ကို မြှောက်ပင့်ခြင်းမရှိပဲ အလွန်စည်းကမ်းတင်းကြပ်ကြသည်။ ထို့ကြောင့် သူတို့က စာသင်ခန်းထဲတွင် အသံများစွာမလုပ်ကြပဲ စာသင်ချိန်ကို အနှောင့်အယှက်မလုပ်ကြခြင်းဖြစ်သည်။
မူလက သူတို့အားလုံးက ကျန်းရှောင်မန်၏ ကျားပုံဦးထုပ်က ရုပ်ဆိုးသည်ဟုထင်ကြပြီး ထိုကျား၏ပုံမှာ ကလေးသေးသေးလေးများသာ သဘောကျကြသော ပုံဖြစ်သည်ဟု ထင်ကြသည်။ သူတို့၏ မိဘ ဘိုးဘွားများက သူတို့ကို ထိုကျားပုံဦးထုပ်များ ဝတ်စေချင်ကြသော်လည်း သူတို့အားလုံးက ငြင်းဆန်ကြသဖြင့် ထိုဦးထုပ်အားလုံးက ဖုန်တောထဲ ရောက်နေကြပြီဖြစ်သည်။
ယခုတွင် ကျန်းရှောင်မန်က ဆရာများထံမှ ချီးကျူးခံရ၍ သူတို့အားလုံးလည်း သူမလို လိုက်လုပ်ကြသည်။
ရက်အနည်းငယ်အတွင်း ကလေးတစ်ယောက်က ကျန်းရှောင်မန်လို ကျားပုံဦးထုတ်လေးဆောင်းပြီး လာခဲ့သည်။
သူမက ဦးထုပ်ဆောင်းလာသည်သာမက ကျန်းရှောင်မန်ထံချဉ်းကပ်၍ ချီးကျူးခံရစေရန် မေးလိုက်သေးသည်။
"ကြည့်ကောင်းလားဟင်..."
ကျန်းရှောင်မန်လေးက အလွန်ဖော်ရွေသော ကလေးမျိုးဖြစ်ပြီး ခေါင်းလေးငြိမ့်ကာ ချီးကျူးမည်ဟု ပြင်လိုက်သည်နှင့် ရုတ်တရက် စနစ်ထံမှ တာဝန်တစ်ခုရလိုက်သည်။
[ တာဝန်: သူ့ကိုမချီးကျူးပါနဲ့... ဗီလိန်တွေမှာ သူငယ်ချင်းဆိုတာ မလိုအပ်ပါဘူး...
ဆုလဒ်: ၂မှတ်]
စနစ်က အခွင့်အရေးတိုင်းကို အသေအချာသုံးပြီး တာဝန်ကို အမိအရပေးခဲ့သည်။
၎င်းက အလွန်ခက်ခဲပေသည်။
ကျန်းရှောင်မန်က ထိုကလေးကိုကြည့်ကာ ပြုံးပြီးခေါင်းငြိမ့်ပြလိုက်သည်။
"ဦးထုပ်လေးက ကြည့်ကောင်းတယ်..."
ကလေးမလေးက ခဏမျှတခစ်ခစ်ရယ်မောပြီး စိတ်ကျေနပ်စွာ ထွက်ခွာသွားသည်။
စနစ်ခင်ဗျာ ပြောစရာစကားများပျောက်ရှသွားရသည်။
"..."
အရမ်းဉာဏ်ကောင်းလွန်းပါတယ်... ပိုင်ရှင်ရယ်...
စနစ်က သူမကို ချက်ချင်း ၂မှတ်ဆုချလိုက်ပြီး လက်ကျန်အမှတ်မှာ -၉၈၂မှတ်ဖြစ်သွားခဲ့သည်။
သူလိုချင်သည့်ပုံစံဖြင့် အောင်မြင်ခြင်းမရှိခဲ့သော်လည်း ပိုင်ရှင်က နည်းလမ်းကျကျ တာဝန်ပြီးဆုံးအောင် လုပ်ခဲ့၍ ၎င်းကိုလည်း အောင်မြင်သည်ဟု ဆုံးဖြတ်နိုင်ပေသည်။
ကျန်းရှောင်မန်လေးက အမှတ်မရသည်မှာ ကြာပြီဖြစ်၍ ၂မှတ်ရလာသောအခါ အလွန်ပျော်သွားခဲ့သည်။
ခဏမျှသေချာ စဉ်းစားတွေးတောပြီးနောက်တွင် ကျောင်းလာခြင်းက အတော်ကောင်းသောအရာဟု ခံစားမိလိုကိသည်။
ဘွားဘွားနှင့် ဦးဘေးအပါအဝင် အခြားလူများထံမှ နေ့တိုင်းချီးကျူးခံရရုံသာမက အမှတ်အချို့လည်း ရနိုင်သေးပေသည်။ သူမကျောင်းမတက်ခင်က ဘွားဘွားကသာ သူမနှင့်အတူ ပြောဆိုဆက်ဆံမှု အများဆုံးလူဖြစ်သည်။ ယေဘုယျအားဖြင့် သူမရလာသည့် အမှတ်များက ဘွားဘွားထံမှ အများဆုံးဖြစ်သည်။ သို့သော် ပေးသည့်အမှတ်များက အလွန်နည်းသည့်အပြင် ရရန်လည်း အလွန်ခက်ခဲပေသည်။
သို့သော် ယခုတွင် သူမကျောင်းတက်နေပြီဖြစ်ပြီး မတူတော့ပြီဖြစ်ရာ အခြားလူများထံမှလည်း အမှတ်များရနိုင်ကြောင်း သိလာခဲ့သည်။
ဤနေရာတွင်ရှိသော လူတိုင်းထံမှ သူမအမှတ်များ ရသင့်ပေသည်။
ကျန်းရှောင်မန်လေးတွင် ရည်မှန်းချက်တို့ပြည့်နေပြီဖြစ်သည်။ သင်ခန်းစာများကို နားထောင်ပြီးချိန်တွင် ဘွားဘွားကိုစောင့်ကာ အတူတူအိမ်ပြန်ခဲ့ကြသည်။
အိမ်အပြန်လမ်းတွင် သူမက မြစ်ထဲတွင် ငါးဖမ်းနေသော ကျိုးဟိုင်ယန် အရိုက်ခံနေရသည်ကို တွေ့လိုက်ရသည်။