Chapter 28
ကျိုးဟိုင်ယန်၏အမေက ကျန်းရှောင်မန်လေး လွယ်အိတ်လွယ်ထားသည်ကို မြင်သောအခါ ပို၍ ဒေါသထွက်လာရသည်။ သူမဒေါသထွက်လွန်း၍ ကျိုးဟိုင်ယန်၏တင်ပါးကို အားပြင်းပြင်းနှင့် ရိုက်လိုက်ရာ သူ့ကို'အား... အား..'ဟု အော်သွားစေသည်။
သူတို့အားလုံးက တစ်ရွာတည်းတွင်နေသူများဖြစ်ကြ၍ သတင်းက ပျံ့နှံ့လွယ်လေသည်။ လူတိုင်းက ကျန်းရှောင်မန် ကျောင်းတွင် စာလိုက်နားထောင်နေပြီဖြစ်ကြောင်း သိကြသည်။
ကျိုးဟိုင်ယန်၏အမေကလည်း သူမ၏ကလေးကို ကျောင်းသွားပြီး စာသင်စေချင်သော်လည်း ကံဆိုးစွာဖြင့် သူမ၏ကလေးက အမြဲတမ်း ပြဿနာများသာ ရှာလေ့ရှိသည်။
အိမ်မှာနေရင်တောင် ငြိမ်ငြိမ်မနေပဲ အိမ်ပြောင်းပြန်ချင်တဲ့လူက ကျောင်းမှာ ငြိမ်ငြိမ်လေးနေဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဆရာတွေက ဆူညံလွန်းလို့ ကျောင်းအပြင်တောင် ထုတ်လိုက်ကြဦးမှာ...
ကျိုးဟိုင်ယန်အမေက အလွန်မနာလိုဖြစ်နေပြီး မုန်းတီးလှသော်လည်း အင်အားမဲ့သလို ခံစားနေရသည်။
"ကိုယ့်ကလေးကို အဲ့လောက်ကြီးရိုက်နေမှတော့... သူ့ကိုဒဏ်ရာရသွားစေမှာ မဟုတ်ဘူးလား..."
ကျန်းဟွေ့မိန်က မာနကြီးသလို ခပ်ကြွားကြွားပြုံးလိုက်ပြီး ကျန်းရှောင်မန်လေးကိုဆွဲကာ ကျိုးဟိုင်ယန်အမေဘေးက ဖြတ်လာခဲ့သည်။
ကျန်းဟွေ့မိန်က အညှိုးထားတတ်သူဖြစ်ပြီး ပါးစပ်မပိတ်နိုင်သော ထိုမိန်းမကို ဘယ်သောအခါမှ သဘောမကျခဲ့ပေ။ အရင်တစ်ခေါက်က ကျန်းရှင်းနှင့်ပတ်သတ်၍ အပြောခံရထားရသည်ကို မှတ်မိနေဆဲဖြစ်၍ ယခုသူမတွင် အခွင့်အရေးရှိတုန်း မတုန့်ဆိုင်းပဲ လက်စားချေလိုက်သည်။
"ကျွန်မကလေးကို ဘယ်လိုသင်ပေးပေး ရှင့်အပူပါလို့လား...."
ကျိုးဟိုင်ယန်အမေက နှာခေါင်းရှုံ့ကာ သရော်လိုက်သည်။
"ရှင့် မိသားစုကိစ္စအပေါ် ဘာလို့ဂရုစိုက်မနေရတာလဲ... ကျွန်မ မိသားစုကိစ္စကို ပူပန်နေရအောင် အလှည့်တောင်ကျသေးလို့လား..."
ကျန်းဟွေ့မိန်က ချက်ချင်းလက်ငင်း ခါးဆန့်လိုက်ကာ မောက်မောက်မာမာပြောလိုက်သည်။
"ငါ့ရှင်းရှင်းနဲ့ ပတ်သတ်ပြီး ဘာများ ပူစရာလိုလို့လဲ... သူ့ကို ရဲစွမ်းသတ္တိရှိပြီး တရားမျှတမှုကို လက်ကိုင်ထားသူလို့ ချီးကျူးခံရတာ နင်မှတ်မိသေးတာပဲလေ... ရွာလူကြီးကတောင် သူ့ကို လာချီးကျူးရသေးတာ...."
ထေ့လုံးငေါ့လုံးများဖြင့် ထိပ်တိုက် အပြောခံရချိန်က ကျန်းဟွေ့မိန် မည်ကဲ့သို့ ချေပရမည်မှန်း မသိခဲ့သော်လည်း ယခုတွင် အခြေအနေက မတူတော့ပေ။ သင့်တွင် ယုံကြည်ချက်ပြင်းပြနေသမျှ အရာရာတိုင်းက ကွဲပြားခြားနားသွားမည်သာဖြစ့သည်။
ကျိုးဟိုင်ယန်အမေကလည်း ခါးထောက်၍ ပြန်အော်လေသည်။
"အတိတ်ကအတိတ် ပစ္စုပ္ပန်က ပစ္စုပ္ပန်ပဲ.. ရှင်မသိဘူးလား.... အခုလေးတင် ရွာဝင်ပေါက်ကနေ လာတဲ့လူတွေက ရှင်တို့အိမ်ကို ဦးတည်ပြီးသွားတာကို မြင်လိုက်ရတယ်... တစ်ယောက်တည်းလာတာမဟုတ်ဘူး ခက်ထန်တဲ့ပုံနဲ့ ကြွက်သားတွေနဲ့လူနှစ်ယောက်ပါ ပါသေးတယ်... ရှင့်ရဲ့ကျန်းရှင်းက အပြင်က လူတစ်ယောက်ယောက်ကို ဆန့်ကျင်မိတာနေမှာပေါ့..."
ကျန်းဟွေ့မိန်၏ အသားအရေအရောင်က ပြောင်းလဲသွားပြီး သူမပြောသည်ကို ဆက်နားမထောင်တော့ပေ။ သူမ ကျန်းရှောင်မန်ကို ချက်ချင်းပွေ့ချလိုက်ပြီး အိမ်ကိုပြေးလေတော့သည်။
အခုရော ဘာဖြစ်ပြန်တာလဲ....
သူရန်ပွဲထဲမှာကြုံခဲ့တဲ့ သူ့ရဲ့ရန်သူတွေက လာရှာတာလား... ဒါမှမဟုတ် သူအရင်တစ်ခေါက်က တရားမျှတမှုယူပေးလိုက်တဲ့ အပြစ်သားတွေက လက်စားလာချေတာလား... ဒါမှမဟုတ် သူမရဲ့ အသုံးမကျတဲ့သားက အပြင်မှာအကြွေးတင်လာပြီး ပြန်မဆပ်နိုင်လို့ အကြွေးအတင်းအလာတောင်းကြတာလား...
ကျန်းဟွေ့မိန်၏ နှလုံးသားက အိုးကင်းပူပေါ်တွင် အလှိမ်ခံနေရသလိုဖြစ်နေစည်။ သူမ ဆိုးဝါးသည့်မြင်ကွင်းမျိုးစုံကို မြင်ယောင်ကြည့်ပြီး ကျန်းရှောင်မန်ကို လေးလေးနက်နက်ပြောလိုက်သည်။
"ရှောင်မန်.... ခဏနေလို့ ရန်ဖြစ်နေတာတွေ့ရင် ချက်ချင်းအကူအညီပြေးတောင်းရမယ်နော်..."
ကျန်းရှောင်မန်လေးက မှင်သက်သွားသည်။
"ဘွားဘွား ဘာလုပ်မလို့လဲဟင်..."
"ဘွားဘွားက သမီးရဲ့ဦးလေးနဲ့အတူရန်ဖြစ်မလို့..."
သူမ အိမ်တံခါးကို အလျှင်အမြန်တွန်းဖွင့်လိုက်သောအခါ အိမ်ထဲတွင် သူစိမ်းသုံးယောက်ကို မြင်လိုက်သည်။
သုံးယောက်ထဲမှတစ်ယောက်က ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး အခြားနှစ်ယောက်က အတော်လေးသန်မာလှသည်။ ထိုလူနှစ်ယောက်က ကြီးမားကာ ကြမ်းတမ်းခက်ထန်သည့်ပုံပင်။
ကျန်းဟွေ့မိန်က မီးဖိုချောင်ထဲသို့ ချက်ချင်းပြေးဝင်သွားပြီး မီးဖိုချောင်သုံးဓားကိုင်ကာ မေးလိုက်သည်။
"နင်တို့ဘာလိုချင်တာလဲ... ငါ့သားဆီက ဘာလိုချင်တာလဲ..."
သက်လတ်ပိုင်းအရွယ် အမျိုးသားက ဦးဆောင်၍ပြောလိုက်သည်။
"ဒါက..."
"ကျွန်တော့်အမေပါ... ကျွန်တော့်အမေ..."
ကျန်းရှင်းက ချက်ချင်းလက်ငင်း ကျယ်ကျယ်လောင်လောင်ပြောလိုက်သည်။
"အမေရယ် စိတ်လျော့ပါ... မစ္စတာယွီကသားကို ကျေးဇူးတင်ဖို့ လာနေတာပါ.. သူကလူဆိုးမဟုတ်ပါဘူး... ပြီးတော့ ကျွန်တော်ကလည်း မကောင်းတာ ဘာမှမလုပ်ထားပါဘူးဗျာ..."
သူမက သူ၏အမေဖြစ်ရန် လုံးဝထိုက်တန်လွန်းလှသည်။ သူမပုံစံကို မြင်သည်နှင့် ကျန်းရှင်းက သူမတွေးသည်ကို နားလည်သွားပေသည်။
မစ္စတာယွီက အရင်တစ်ခေါက်က သူကယ်ပေးခဲ့သော ကလေး၏အဖေဖြစ်သည်။ သူလာရှာစဉ်က ကျန်းရှင်းအံ့ဩသွားရသည်။
ယွီဝမ်ချန်းက ကျန်းဟွေ့မိန်ကိုကြည့်ပြီး ကျန်းရှောင်မန်လေးကို ကြည့်လိုက်သည်။ ထို့နောက် ကြင်နာစွာ ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်သည်။
"ရုတ်တရက်ကြီး လာလည်မိတာ ကျွန်တော့်အမှားပါ... ကျွန်တော် ကျေးဇူးတင်ဖို့ လာလည်တာပါ.. ကျွန်တော့်သားက ဆေးရုံမှာရှိနေသေးပြီး လူတွေနဲ့တွေ့ဖို့ အဆင်မပြေသေးလို့ပါ..မဟုတ်ရင် သူ့ကိုပါ ကျွန်တော်နဲ့ခေါ်ခဲ့ပါတယ်...."