Chapter 29
အထင်လွဲမှုကိုဖြေရှင်းပြီးနောက်တွင် ကျန်းဟွေ့မိန်၏ ယွီဝမ်ချန်းအပေါ် ရန်လိုနေမှုက ပျောက်ကွယ်သွားသည်။ သူမ ရှက်ရွံ့စွာပြောလိုက်မိသည်။
"ကျွန်မတောင်းပန်ပါတယ်...ကျွန်မသားက လူကိုအမြဲစိုးရိမ်အောင် လုပ်တတ်လို့ပါ... ရယ်စရာကြီးတစ်ခုလိုဖြစ်သွာတာ အားနာပါတယ်..."
ယွီဝမ်ချန်းက အတော်လေးဖော်ရွေသူဖြစ်ပြီး ခေါင်းခါကာ ပြဿနာမရှိကြောင်း ပြေပြလိုက်သည်။
သူက တောက်ပနေသည့် သားရေဖိနပ်ကိုစီးထားပြီး ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည်။သူက အရေးပါအရာရောက်သော လူတစ်ယောက်ဖြစ်ဟန်တူသော်လည်း ထိုသို့ပုံစံပေါက်မနေပေ။ အထင်အမြင်သေးမှုမရှိပဲ အလွယ်တကူဆက်ဆံ၍ရသည့်လူပုံစံ ပေါ်နေသည်။
"ကျွန်တော် မကြာခင်ပြန်ရတော့မှာမလို့... လိုရင်းပဲပြောလိုက်တော့မယ်..."
ယွီဝမ်ချန်းက သူလာရသည့် အကြောင်းပြချက်ကို ရှင်းပြလိုက်သည်။
"မစ္စတာကျန်းက ကျွန်တော့်ကို အတော်လေးအကူအညီပေးခဲ့ပြီး ကျွန်တော့်သားကို ကယ်တင်ပေးခဲ့တယ်... ယွီမိသားစုက ဘယ်သောအခါမှ ဒီကြင်နာမှုကို မမေ့ပါဘူး... ဒါက ကျွန်တော်တို့ရဲ့ ကျေးဇူးတင်စိတ်ကိုပြတဲ့ လက်ဆောင်လေးပါ ကျေးဇူးပြုပြီး လက်ခံပေးပါဦး...."
ကျန်းရှင်းအတွက် ဖြစ်ပျက်ခဲ့သည်များက ကမ္ဘာမြေတုန်ဟီးစေသော အတွေ့အကြုံဖြစ်သော်လည်း အဆုံးတွင် သူအသက်ရှင်ခဲ့သည်။ ဖျားနာခြင်းပျောက်ကွယ်သွားသည်နှင့် အများကြီးမစဉ်းစားတော့ပဲ ၎င်းကို စိတ်ဝင်စားစရာကောင်းပြီး စိတ်လှုပ်ရှားစရာအတွေ့အကြုံဟုသာ သတ်မှတ်လိုက်တော့သည်။ သူကငယ်ရွယ်ကာ သန်မာဆဲဖြစ်ပြီး သူ့ဗိုက်မှ ဒဏ်ရာက ပျောက်ကွယ်လုနီးနီးဖြစ်နေလေပြီ။ နောက်တစ်ဖန် ဒူပေနာပေခံနိုင်သော ကြမ်းတမ်းသည့် ယောက်ျားတစ်ယောက် ပြန်ဖြစ်လာခဲ့သည်။ ဆုလဒ်အဖြစ် ရဲများက သူ၏လုပ်ရပ်ကို မှတ်တမ်းတင်ပေးထားပြီး ဆုငွေယွမ် ၁၀၀၀၀၀ကိုလည်း ရခဲ့သည်။ ၎င်းက ကလေးဘဝကတည်းက သူ့ဘဝတွင် အကြီးဆုံးသော ဆုကြီးဖြစ်၍ အလွန်ကျေနပ်နေပြီဖြစ်သည်။
ပုံမှန်ဆိုလျှင် ရွာထဲမှ အိမ်နီးချင်းများက တစ်ယောက်နှင့်တစ်ယောက် ကူညီလျှင် အချင်းချင်း အစားအသောက်များ၊ အသီးအနှံများနှင့် သူတို့ကိုယ်တိုင်မွေးထားသော ကြက်များ ဘဲများကို ပေးလေ့ရှိသည်။ ကျန်းရှင်းက အပြင်တွင် လျှောက်သွားရတာကိုကြိုက်သော်လည်း စိတ်ထားရိုးရှင်းသူဖြစ်သည်။ ဤသည်က လူတစ်ယောက်က သူ့အိမ်ကို ကိုယ်တိုင်ကိုယ်ကျပိုက်ဆံလာပေးသည်ကို ကြုံရခြင်းဖြစ်၍ လက်မခံရဲချေ။
ကျန်းရှင်းက သူတကယ်မလိုချင်နေသလို လက်ခါပြရင်း ငြင်းလိုက်သည်။
သို့သော် ကျန်းဟွေ့မိန်က အသေအချာစဉ်းစားပြီး သူမသား၏ဒဏ်ရာအတွက် ရဖို့ထိုက်တန်သည်ဟု ထင်လိုက်မိသည်။ ထို့ကြောင့် အံတင်းတင်းကြိတ်ရင်း ပြောလာသည်။
"ရှင်းရှင်း...အရင်ဆုံးယူထားလိုက်ပါ... မစ္စတာယွီက ဒီကိုလာရတာ မလွယ်ဘူး သူ့ကို အကျိုးမရှိပဲ လာမိစေတာမျိုး မဖြစ်စေနဲ့...
သူမပြောပြီးသည်နှင့် ယွီဝမ်ချန်းဘက်လှည့်၍ မေးလိုက်သည်။
"အများကြီးတော့ မဟုတ်ဘူးမလား... ဒါလေးက ထည့်တွက်စရာ မလိုပါဘူး... အခုကလေးက အဆင်ပြေသွားပြီဆိုတော့ တော်သေးတာပေါ့ရှင်... ကျွန်မတို့မိသားစုကလည်း ကလေးတစ်ယောက်ကို ပျိုးထောင်နေတာပါ ဒီတော့ ကလေးတစ်ယောက်ကို ဆုံးရှုံးရတာ ဘယ်လိုခံစားရလဲ နားလည်ပါတယ်... အဲ့ဒီ့ ပြန်ပေးဆွဲသမားတွေက သေဖို့ပဲထိုက်တန်တယ်.. သူတို့က လူတွေအကုန်လုံးဆီက ဆဲခံရပြီး ရိုက်သတ်ခံရသင့်တဲ့ ဆန်ကုန်မြေလေးကောင်တွေပဲ..."
ယွီဝမ်ချန်း ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်သည်။
"အဲ့လောက် ပိုက်ဆံအများကြီးမဟုတ်ပါဘူး..."
ကျန်းဟွေ့မိန် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားခဲ့သည်။
ကျန်းရှင်းက ဘဏ်ကတ်ယူလိုက်စဉ်တွင် ကလေးတစ်ယောက်က ရုတ်တရက်ထွက်ပေါ်လာပြီး သူ့လက်ကို ကိုင်ထားလိုက်သည်။
ကျန်းရှောင်မန်လေးက လေးနက်သော မျက်နှာလေးဖြင့် ပြောလိုက်သည်။
"ဦးလေး... သမီးတို့ ဒီဘက်က ဦးဦးဆီက ပိုက်ဆံယူလို့ရမဘူးနော်..."
ထိုစကားလေးတစ်ကြောင်းက လူကြီးအားလုံး၏ မျက်လုံးများက သူမအပေါ်ကျရောက်သွားစေသည်။
ကျန်းဟွေ့မိန်က သူမကို ကြည့်ပြီး ကျန်းရှင်းကလည်း ကြည့်လာကာ ယွီဝမ်ချန်းအပါအဝင် သူ့နောက်က လူကြီးနှစ်ယောက်ပါ ကျန်းရှောင်မန်ကို ကြည့်လာကြသည်။
ထိုသို့ အကြည့်ခံလိုက်ရ၍ ကျန်းရှောင်မန်က အတော်လေး ဖိအားများသွားရသည်။ သူမ၏ နှုတ်ခမ်းလေးများ တုန်ယင်သွားကာ ငိုလုနီးနီးဖြစ်သွားသည်။
သူမ အတော်လေး ကြောက်သွားခဲ့သည်။
သူမ ထိုသို့မလုပ်ချင်သော်လည်း စနစ်က သူမကို တာဝန်ပေးခဲ့သည်။
[တာဝန်: ယွီဝမ်ချန်း၏ လက်ဆောင်ကိုငြင်းဆန်ပါ... ဒါက အဓိကတာဝန်ကြီးနဲ့ ပတ်သတ်လို့ ကျေးဇူးပြုပြီး လေးလေးနက်နက်လုပ်ဆောင်ပေးပါ ပိုင်ရှင်...
ဆုလဒ်: ၅၀မှတ်]
ကျန်းရှောင်မန်လေးက ဘဝအတွေ့အကြုံ နည်းပါးသော်လည်း အတော်လေး ထိတ်လန့်တုန်လှုပ်သွားရသည်။
သူမ အဓိကတာဝန်ဆိုသည်ကို နားမလည်သော်လည်း ဤမျှများပြားသည့် အမှတ်များကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
အမှတ် ၅၀တောင်...