အပိုင်း ၃၀
Viewers 14k

Chapter 30


ကျန်းရှောင်မန်က ဘွားဘွားကိုကြည့်လိုက်ပြီး ဦးလေးကိုကြည့်လိုက်သည်။ မည်သူမှသူမကို မဆူကြောင်း သိလိုက်ရ၍ သူမ၏ မဲ့ကျနေသော နှုတ်ခမ်းလေးက လျော့ရဲသွားသော်လည်း အနည်းငယ်မျှကြောက်နေသေးကာ ငိုချင်နေသေးပေသည်။


ယွီဝမ်ချန်းက သူမကိုမေးလိုက်သည်။

"ဦးဦးဆီက ဘာလို့ ပိုက်ဆံယူလို့မရတာလဲ..."


"ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့ ဦးဦးရဲကြီးတွေက သူ့ကို ဆုပေးပြီးပြီမလို့ပါ..."


ကျန်းရှောင်မန်က အကြောက်အလန့်ကင်းစွာ ဆက်ပြောလိုက်သည်။

"ပြီးတော့... ပြီးတော့ သမီးရဲ့ဦးလေးက မလိမ္မာဘူး... ဘွားဘွားက သူ့ပိုက်ဆံအိတ်ထဲမှာ အပေါက်ရှိသလို ပိုက်ဆံမမြဲဘူးလို့ အမြဲတမ်းပြောတယ်... သူသာ အိမ်ပြန်မလာရင် ဘွားဘွားကလည်း သူ့ကို မရှာနိုင်ဘူး.."


ကျန်းရှောင်မန်က ကျန်းရှင်းအိမ်တွင် မရှိချိန်တွင် ကျန်းဟွေ့မိန် ပြောခဲ့သော ထိုစကားများကို မှတ်မိပေသည်။


ကျန်းရှောင်မန်က သူမ၏လက်ချောင်းများကို ထပ်မံဆော့ကစားချင်နေသေးသည်။ သူမရှေ့ရှိဦးဦးက ပြုံးနေသော်လည်း သူမ အတော်လေးဖိအားများနေရသည်။


၎င်းက ဆရာထန်က သူမ မဖြေနိုင်သည့် မေးခွန်းကို မေးသည့်အချိန်တွင် ခံစားရသည့် ခံစားချက်နှင့်တူနေသည်။


ယွီဝမ်ချန်း အနည်းငယ် အံ့ဩသွားရသည်။ 


မိသားစုထဲမှ လူကြီးနှစ်ယောက်က သူမကို ဘာမှမပြောပေ။ သူက ကလေးများက ဤကဲ့သို့သော စကားဝိုင်းမျိုးကို နားမထောင်ဟု ထင်ခဲ့သည်။ 

သူတို့ပြောတာတွေနားထောင်ပြီး နားလည်တယ်ဆိုရင်တောင် ကလေးတစ်ယောက်က ဒီလိုဝင်ပြောဖို့ ဘယ်ကသတ္တိတွေ ရှိနေရတာလဲ...


သူ့ရှေ့က ကလေးမလေးက သုံး၊လေးနှစ်မျှသာ ရှိသေးသည်။ သူမလေးက သူ့သားအရွယ်လောက်သာရှိသေးသော်လည်း ပိုမိုပိန်ပါးပြီး ငယ်ရွယ်ပေသည်။ သူမ၏မျက်နှာလေးကလည်း သူ့လက်ဖဝါးလောက်သာကြီးမားပြီး မျက်လုံးများကလည်း ရေထဲနှစ်ထားသော စပျစ်သီးလေးများနှယ် ရွှန်းစိုနေလျက်ရှိသည်။ ထိုမျက်လုံးလေးများက ဝိုင်းစက်နေကာ လှပနေသည်။


ကျန်းမိသားစုဝင်များက တောင့်တင်းကာ ခိုင်မာသော အသွင်တို့ရှိကြပြီး ကျန်းဟွေ့မိန်နှင့် ကျန်းရှင်းတို့ တူညီကြသည်ကို တွေ့နိုင်ပေသည်။ သို့သော်လည်း ဤကလေးမလေးက အသက်ငယ်ငယ်လေးနှင့်ပင် အလွန်လှပပြီး နူးညံ့သိမ်မွေ့နေလေပြီ။ သူမက မျိုးရိုးဗီဇပြောင်းလဲသွားသည့်အလား အလှလေးတစ်ယောက်ဖြစ်နေပြီး အလွန်ချစ်ဖို့ကောင်းလှသည်။ 


ယွီဝမ်ချန်းက သူမကိုကြည့်သောအခါ မထင်မှတ်ထားစွာဖြင့် သူမကလည်း သူ့ကိုပြန်ကြည့်ရဲလေသည်။


အလွန်ရဲရင့်လှသည်။


အိမ်မှ သူ့သားလေးအကြောင်းတွေမိသည်နှင့် ယွီဝမ်ချန်းက မနေနိုင်ပဲ သက်ပြင်းချမိသွားသည်။


သူ့သားလေးသာ ဤကလေးမလေး၏ တစ်ဝက်မျှတက်ကြွမည်ဆိုလျှင်...


ယွီဝမ်ချန်းက ကျန်းရှောင်မန်ကို ပိုမိုသဘောကျလာပြီး အလေးအနက်ထားပြီး ပြောလိုက်သည်။

"ဒီပိုက်ဆံတွေက သမီးတစ်ဘဝလုံး ကောင်းကောင်းနေနိုင်လောက်တဲ့အထိ လုံလောက်တယ်... သမီးအနာဂတ်မှာ အလုပ်မလုပ်ရင်တောင် အစားအသောက်ကော အဝတ်အစားပါ ပူစရာမလိုတော့တာမျိုးနော်..."


ဘယ်သူကမှ သူဒီလိုသွေးဆောင်တာမျိုးကို မငြင်းဆန်နိုင်ဘူးမလား...


ဒီမိသားစုက ချမ်းသာသည့်ပုံမပေါ်၍ သူတို့၏နေထိုင်မှုက အလွန်ခက်ခဲပေလိမ့်မည်။ ကလေးမလေးက ချစ်စရာကောင်းသော်လည်း အဝတ်အစားများက ဟိုနေရာဖာ ဒီနေရာစပ်ထားနေသည်။ ဤပိုက်ဆံက သူမလိုသည့်အရာ ဖြစ်ပေလိမ့်မည်။


ယွီဝမ်ချန်းက သူလုံလောက်အောင် ပေးခဲ့ပြီးပြီဟု ခံစားနေရသည်။


"အဲ့တာ ပိုတောင်ဆိုးသေးတယ်..."

မူလက ကျန်းရှောင်မန်က စနစ်၏ တာဝန်အရ ငြင်းဆိုခြင်းဖြစ်သော်လည်း ယခုတွင် သူမလုံးဝလက်မခံသင့်တော့ဟု ခံစားနေရသည်။


သူမ စိုးရိမ်တကြီးပြောလိုက်သည်။

"ဦးဦးကဘာလို့ အဲ့လောက်ပိုက်ဆံအများကြီး ပေးရတာလဲ.... ဦးလေးက အစကတည်းက ပျင်းနေပြီးသားလေ... သူအနာဂတ်မှာ ပိုပျင်းသွားရင် ဘယ်လိုလုပ်မလဲ... ပိုက်ဆံတွေအကုန်ကုန်သွားရင် ဘယ်လိုလုပ်မလဲ..."


ဟုတ်တယ်လေ... အဲ့ထဲမှာပိုက်ဆံဘယ်လောက်များများ တစ်နေ့ကြရင် အကုန်သုံးလို့ ကုန်သွားမှာပဲမလား...


ကျန်းဟွေ့မိန်က မူလက ကျန်းရှောင်မန်လေး ဘာလုပ်နေလဲမသိပေ။ သို့သော် သူမပြောသည်ကို ကြားပြီးနောက်တွင် ချက်ချင်း ဉာဏ်အလင်းပွင့်သွားရသည်။


ရှောင်မန်ပြောတာ အဓိပ္ပါယ်ရှိတယ်...


ကျန်းရှင်းက အစကတည်းက ထိန်းချုပ်မရတဲ့လူလေ... သူ့လက်ထဲမှာသာ ပိုက်ဆံရှိရင် နေ့တိုင်း အိမ်ပြင်ထွက်နေမှာမလား... ပြီးတော့ ပိုက်ဆံတွေ အကုန်သုံးပြီးသွားရင် သူတို့က ဘယ်မျက်နှာနဲ့ သွားတောင်းရဲမှာလဲ...


ကောင်းကင်ပေါ်က ရုတ်တရက် ငွေထုတ်ကြီးပြုတ်ကျလာရင်တောင် အလုပ်မလုပ်ပဲနေရင် ဘယ်လိုလုပ် အကြာကြီးခံမှာလဲ... ရွှေတောင်နဲ့ ငွေမြစ်ကြီးရှိနေရင်တောင် ကုန်သွားမှာပဲလေ...


ကျန်းဟွေ့မိန်က သူ့သားကဘယ်သောအခါမှ မကြိုးစား၍ ယခုအချိန်တွင်တော့ သူမ သည်းမခံနိုင်တော့ဟု ခံစားလိုက်ရသည်။ သူမ ကျန်းရှောင်မန်ဘက်တွင်ရပ်၍ ကျယ်လောင်စွာပြောလိုက်သည်။

"ဟုတ်တယ်.. ဟုတ်တယ်.. ဟုတ်တယ်....ရှောင်မန်လေးပြောတာ အမှန်ပဲ... အန်တီတို့ မင်းရဲ့ပိုက်ဆံကို မယူနိုင်ဘူး... အန်တီတို့က ရဲတွေဆီက ဆုရပြီးပြီ... ထပ်ပြီး လက်မခံနိုင်တော့ဘူး..."


ယွီဝမ်ချန်းက သူတို့က ကလေးတစ်ယောက်၏စကားကို နားထောင်မည်ဟု မထင်ခဲ့ပေ။ သူခဏမျှ အံ့ဩသွားပြီးမှ မငြင်းဆန်တော့ပဲ မေးလိုက်သည်။

"ဒါဆို ဘာများအလိုရှိလဲမသိဘူး...ကျွန်တော့်လုပ်ပိုင်ခွင့်အတွင်းမှာရှိရင် ကူညီပေးပါ့မယ်..."


ကျန်းရှင်းက သူ့လက်ထဲရှိ ဘဏ်ကတ်ကို စိတ်လေးလေးဖြင့် ကိုင်တွယ်ထားသည်။ မူလက ဤကျေးဇူးတင်လက်ဆောင်အကြောင်း အများကြီးမတွေးခဲ့ပေ။ သို့သော် ယွီဝမ်ချန်းက သူချမ်းသာလာပြီး ပူပန်စရာမရှိတော့မည်ဟု ပြောလိုက်သောအခါ အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေဖြင့် အနည်းငယ် စိတ်လှုပ်ရှားခဲ့သည်။


သို့သော်


သူ့အမေက သူ့ကိုကြည့်နေသလို သူ့တူမလေးကလည်း သူ့ကိုကြည့်နေသည်။


ကျန်းရှင်း အံတင်းတင်းကြိတ်ကာ ဘဏ်ကတ်ကို ပြန်ပေးလိုက်သည်။

"ကျွန်တော့်ကို မမေးနဲ့... ရှောင်မန့်ကိုသာမေး..."